အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၄၁ )
အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၄၁ )
(မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၂၃
14/11/23
Diary in the darkness
မိုးကုတ်က ဧည့်သည်တွေ လာလည်တယ်။ မိုးကုတ်မှာ ရုရှားစစ်သားတွေ ရောက်နေတယ်။ ဈေးထဲ လျှောက်သွားနေတယ်။ စစ်ကောင်စီတပ်တွေကို အမြောက်ပစ်သင်ပေးနေတယ်။ TNLA မြို့ထဲဝင်ရင် မြို့ကို အမြောက်နဲ့ပစ် ဖျက်ဆီးမယ်လို့ မြို့မိမြို့ဖတွေကို စစ်ကောင်စီတပ်က ခြိမ်းခြောက်တယ်။ မြို့မိမြို့ဖတွေက မြို့ကို စစ်မြေပြင်မဖြစ်ရေးအတွက် TNLA နဲ့ ညှိနှိုင်းနေရတယ်လို့ဆိုတယ်။ စစ်ကောင်စီတပ်က လူသားဒိုင်းလုပ်ပြီး စစ်တိုက်လေ့ရှိတာ မြို့ခံတွေက သိထားလို့ စိုးရိမ်နေကြတယ်။ နိုင်ကျဉ်းတစ်ယောက် သတိပေးတာက အာဏာရှင်စစ်တပ်ဟာ သူတို့ အာဏာ လက်လွတ်ရရင် တနိုင်ငံလုံးကို မီးလောင်တိုက်သွင်းမယ်လို့ ခြိမ်းခြောက်လေ့ရှိတာမို့ သတိထားကြ၊ ကြိုတင်ပြင်ဆင်ထားကြဖို့ ပြောပါတယ်။
ဆရာကြီးရွှေဥဒေါင်း ဘာသာပြန်တဲ့ ပဲရစ်မီးလောင်ပြီလား စာအုပ်ကို သတိရမိတယ်။ ဒုတိယ ကမ္ဘာစစ်မှာ ဟစ်တလာ စစ်ရှုံးတော့ ပဲရစ်မြို့ကို မီးလောင်တိုက်သွင်းဖို့ကြိုးစားခဲ့တယ်။ ဒါပေမဲ့ မဟာမိတ်တွေရဲ့ တန်ပြန်ထိုးစစ်ဟာ စနစ်ကျပြီး မြန်ဆန်လွန်းတာကြောင့် ပဲရစ် မီးလောင်တိုက်သွင်းရေး ဟစ်တလာရဲ့ အစီအစဉ်ပျက်ခဲ့တဲ့ အကြောင်း ရေးသားထားတဲ့ စာအုပ်ပါ။
မိုးကုတ်မြို့ဝန်းကျင်ရွာတွေမှာတော့ နေ့တိုင်း တိုက်ပွဲတွေဖြစ်နေတယ်လို့ သူတိုကပြောပါတယ်။
၁၁ ရက်နေ့က စစ်ကောင်စီတပ်တွေရဲ့ လေကြောင်း တိုက်ခိုက်မှုတွေ အရှိန်မြှင့်မယ် ဆိုတဲ့သတင်းတွေတက်လာပြီး မကြခင် နေရာအနှံမှာ ဗုံးကြဲနေပြီဆိုတဲ့ သတင်းတွေတက်လာပါတယ်။ ကယားမှာ စစ်လေယာဉ်တစ်စင်း ပျက်ကျတဲ့သတင်း တက်လာတယ်။ လွိုင်ကော်အကျဉ်းထောင်နဲ့ တက္ကသိုလ်ကို တော်လှန်ရေးတပ်ပေါင်းစုက ထိန်းထားနိုင်ပြီလို့ လူမှုကွန်ရက်ပေါ်မှာ ရေးထားတာတွေ့ရတယ်။ စစ်ကောင်စီပြန်ကြားရေး ဇော်မဲလုံးကတော့ မျက်စိမှိတ် ငြင်းနေတယ်။
စစ်ကောင်စီလော်ဘီ ကျော်မျိုးမင်းကတော့ နောက် သုံးရက်လောက်ဆို ကယားပြည်နယ် တခုလုံး တော်လှန်ရေး ရဲဘော်တွေ လက်အောက်ရောက်တော့မယ်လို့ စိတ်ပျက်လက်ပျက်ပြောသွားရှာတယ်။
မနေ့က မနက်ပိုင်းကတည်းက ရခိုင်မှာ တိုက်ပွဲတွေစဖြစ်နေပြီ၊ ဘူးသီးတောင် မောင်တောနဲ့ ဘင်းဂလားဒက်ရှ် နယ်စပ်တလျှောက်က ရဲစခန်းတွေကို ရခိုင်တပ်တော် AA ကစခန်းသိမ်းတိုက်ပွဲတွေ ဆင်နွှဲနိုင်ခဲ့တယ်။ တချို့စခန်းတွေက စစ်မတိုက်ပဲ AA ဆီမှာ စခန်းလိုက်လက်နက်ချလိုက်ကြတယ် လို့သိရတယ်။ ရခိုင်ရွာတွေကို စစ်ကောင်စီ ရေတပ်က အမြောက်နဲ့ပစ်နေတယ်လို့သိရတယ်။ စစ်ကောင်စီဗျူဟာက စစ်ရှုံးရင် လူထုကို နှိပ်စက်ပြီး တဖက်တပ်ကို အပစ်ဖို့လေ့ရှိတယ်ဆိုတာ ပြည်သူအားလုံးက သိထားပြီးသားပါ။ ဒီလိုကောက်ကျစ်ယုတ်မာမှုကြောင့် လည်း စစ်ကောင်စီကို လူထုက ရွံမုန်းပြီး ဆန့်ကျင်ကြတာပါ။
မြန်မာပြည်အနောက်ဖက် အိန္ဒိယနယ်စပ်က မြို့ငယ်အချို့ကိုလည်း ချင်းပြည်သူလွတ်မြောက်ရေးသိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ် ဗိုလ်မှူးတစ်ဦးနဲ့တပ်သားတွေ အိန္ဒိယနယ်စပ်မှာ အဖမ်းခံထားရတဲ့ ပုံတွေ တက်လာပါတယ်။
လောက်ကိုင်မြို့ကို တရုတ်အထူးရဲတွေ ဝင်လာတယ်။ လောင်းကစားသူဌေးတွေကို ရှာဖွေဖမ်းဆီးဖို့လို့သိရတယ်။ သူတို့ကို လောင်းကစားလုပ်တဲ့ငွေနဲ့တကွ ဖမ်းဖို့ကြိုးစားနေတယ်။ ဒါကြောင့်မို့ လောက်ကိုင်ကို တော်လှန်ရေးမဟာမိတ်တွေက မသိမ်းသေးတာ ဖြစ်ပုံရတယ်။ စစ်ကောင်စီတပ် မှူးတယောက် ကတော့ သူဇနီးနဲ့ သမီးကို ငွေထုတ်နဲ့အတူ လားရှိုးကို ပြီးခဲ့တဲ့ လကုန်ပိုင်းကတည်းက ပို့ထားပြီပြီလို့ အရပ်သားတွေက ပြောနေကြတယ်။
ရန်ကုန်မှာလည်း မကြာခင် စစ်ပွဲတွေ ဖြစ်လာမယ်လို့ အရပ်သားတွေက ခန့်မှန်းနေကြတယ်။ ရန်ကုန်ပြောက်ကျားအဖွဲ့တွေကလည်း စစ်ကောင်စီတပ် တွေ၊ ဒလန်တွေ၊ ရဲစခန်းတွေနဲ့ ဝေးဝေးနေဖို့၊ ဆန်၊ ဆီ၊ ဆေး၊ ရိက္ခာတွေ စုဆောင်းထားဖို့ သတိပေးတဲ့ စာတွေထုတ်ထားတယ်။
ကျနော့်မိန်းမကတော့ ဆန်ဝယ်၊ ဆီဝယ်၊ လက်နိပ်ဓါတ်မီးဝယ်၊ ရိက္ခာခြောက်တွေဝယ် ။ ပြေးဖို့ အသင့်ပြင်ထား။ ဒါပေမဲ့ ပြေးစရာနေရာတော့ မရှိ။ စစ်ကောင်စီက ဗုံးကြဲရင်လည်း နေရာမှာပဲ အသေခံရမလို ဖြစ်နေတယ်။
သေမယ့်အတူတူတော့ ခြေထောက်အညောင်းမခံတော့ဘူးလို့ ဆုံးဖြတ်ပြီး အောင်ပွဲသတင်းတွေ နားထောင်ရင်း အေးအေးဆေးဆေး သေတော့မယ်လို့စိတ်ကို တုံးတုံးချထားပါတယ်။ အင်တာနက် လိုင်းကလေး ကောင်းသေးရင်ပေါ့။
အန်ကယ် တူမီး
၁၄ ၁၁ ၂၃
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar