Breaking News

စက်မှုတက္ကသိုလ် ကျောင်းသားဟောင်း ဆရာဦးလှမင်းအကြောင်း

စက်မှုတက္ကသိုလ် ကျောင်းသားဟောင်း ဆရာဦးလှမင်းအကြောင်း

မောင်ရစ် (မိုးမခ) အောက်တိုဘာ ၃၁၊ ၂၀၂၃


ဆရာဦးလှမင်းအကြောင်းကို ဘယ်လို စသိသလဲ မေးရင် သူ၏ အီးမေး အာရ်အိုင်တီသတင်းလွှာတွေကနေ သိတယ် ဆိုရမှာပါပဲ။ အင်တာနက်ပေါ်ပြီး များမကြာမီမှာ (၁၉၉၀ နှောင်းပိုင်းနှစ်များ) AIT ကျောင်းတော်ကြီးဟာ မြန်မာအင်ဂျင်နီယာကျောင်းသားတွေရဲ့ မဟာဘွဲ့ယူတဲ့ အများကြိုက်ကျောင်းတော်ကြီး ဖြစ်လာတယ်။ အဲသည်ကနေ စက်မှုတက္ကသိုလ်ဆင်း ကျောင်းသားတွေက အီးမေးတွေနဲ့ ဆက်ကြတယ်။ နောက် စက်မှုကျောင်းသားဟောင်းတွေက စင်ကာပူကို ပညာရေး ခြေဆန့်မှု ကျယ်လာတော့ အဲသည်မှာလဲ အီးမေးဂရုတွေ ဘာတွေနဲ့ ချိတ်ကြ ဆက်ကြဖြစ်လာတယ်။ ဒါက ၈၈ နောက်ပိုင်း မျိုးဆက်တွေ၏ အနေအထား။ အာအိုင်တီကျောင်းသားဟောင်းတွေက စင်ကာပူက (NUS) အင်န်ယူအက်စ်တို့ (NTU) အင်တီယူတို့ တက္ကသိုလ်ကြီးတွေမှာ မဟာဘွဲ့တွေ လာယူကြ၊ ခြေစကြာတွေ ဖြန့်လာကြတယ်။

အဲသည်မတိုင်ခင်ကတည်းက ၈၈ မတိုင်ခင် ဆယ်စုနှစ်တွေကတည်းက အမေရိကားအခြေစိုက် အာအိုင်တီကျောင်းသားဟောင်းတွေ ရှိနှင့်ပြီးသား ဖြစ်တယ်။ အင်တာနက်ပေါ်ပြီး အီးမေးခေတ် ရာဟူး အီးမေးဂရုခေတ်လောက်ကတည်းက ဦးလှမင်းက အီးမေးသတင်းလွှာနဲ့ သူတို့အသိုင်းအဝိုင်း မျိုးဆက်တွေကြား ချိတ်ဆက် သတင်းဖြန့်ချိတဲ့ ရွာဆော်ကြီးတဦးပေါ့။ အဲသည် ၂၀၀၀ ခုနှစ်အကူးမှာ ex-RIT ဝက်ဆိုက်လည်း ရှိတယ်။ ဦးလှမင်း၏ သတင်းလွှာလည်း ရှိတယ်။ ၂၀၀၀ နောက်ပိုင်းမှာ ဦးလှမင်း သတင်းလွှာကို လူကြီးပိုင်းကော လူငယ်ပိုင်းကပါ ချိတ်ဆက် မျှဝေယူကြတယ်။ ဦးလှမင်းကလည်း သူ သိသမျှ မိတ်ဆက်လာသမျှ ကျောင်းသားဟောင်း ဆရာဟောင်းများအကြောင်းကို ဖြန့်ဝေပေးတယ်။

သည်လိုနဲ့ ဦးလှမင်း သတင်းလွှာကနေ ဦးလှမင်းကို သိလာတယ်။ နောက် စာရေးတာ ပြန်ကြားရေးလုပ်တာ ဝါသနာပါသူ မျိုးဆက်သစ်တွေကြားမှာ ဦးလှမင်းက ရှေ့ဆောင်သူတဦးလို့ သဘောထားရမယ်ထင်ပါတယ်။ အခုအချိန်ထိ ဦးလှမင်း၏ သတင်းလွှာပေါင်း ၃၀၀၀ ကျော် ရေးခဲ့တယ်လို့ ဆိုပါတယ်။ သူ့ တသက်တာမှတ်တမ်းတင်ထားမှုတွေကြောင့် ရှေ့က ကျောင်းသားကြီးများ၊ ကျောင်းဆရာများ၊ RIT ၏ မူလအစကနေ လက်ရှိအချိန်အထိ အမှတ်တရမှတ်တမ်းများ၊ ဖြစ်ရပ်များကို ပြန်လည် ရှာဖွေ ဖတ်ရှုနိုင်တာ ဖြစ်ပါတယ််။ အီးမေးသတင်းလွှာကနေ ဝက်ဆိုက်ခေတ်၊ ပြီးတော့ ဘလောက်ခေတ်၊ နောက် ဖေ့စ်ဘွတ်ခေတ်အထိ သူ နေ့တိုင်းစာရေးပြီး သတင်းပို့နေတုန်းပဲ။ သူ ပြောတာကတော့ သူအဲသလိုမှ မရေးနိုင်တော့ရင် မှတ်တမ်းမပြုစုနိုင်တော့ရင် သူ့ဘ၀အတွက် အဓိပ္ပာယ်မရှိတော့သလိုပဲလို့ ဆိုပါတယ်။ အခု သူ့စာတွေကို hlamin.com မှာ သိမ်းထားတာ တွေ့နိုင်တယ်။ ဦးလှမင်း ဖေ့စ်ဘုတ်မှာလဲ ခု ရှိတယ်။

ဆရာနဲ့ ကိုယ်တိုင်တွေ့ကြတာက ၂၀၀၃ ဖြစ်မယ် ထင်တယ်။ သူ နေထိုင်တာ ဆီလီကွန်တောင်ကြားမြို့တော်က အိမ်မှာ။ အဲသည်တုန်းက သူ့အသက်က ၅၅ သန်တုန်း မြန်တုန်း။ အခု ၂၀၂၃ ဆိုတော့ အနှစ် ၂၀ ကြာခဲ့ပြီ။ ဆရာဦးလှမင်းလည်း အခုတော့  အသက် ၇၅ ဝန်းကျင် ဖြစ်နေပါပြီ။ ကျနော်လည်း သူ့နဲ့တွေ့တုန်းက အသက်လောက်  ကြီးပြီပေါ့။ ကိုယ်ကတော့ သူ့လောက် သန်မြန်သူ မဟုတ်ပါ။ ကိုယ်ကတော့ သူ့ထက်တောင် အိုတာမြန်သေးတယ်လို့ ထင်မိပါသည်။

ဆရာဦးလှမင်း မှတ်တမ်းတင်ထားလို့ မြန်မာကွန်ပြူတာတက္ကသိုလ် အစ UCC အကြောင်းကို အကျယ်တဝင့် သိကြရတာ ဖြစ်ပါတယ်။ သူက အဲသည်မှာ ကျောင်းဆရာလုပ်ခဲ့တယ်။ သူ့နောက်က စက်မှုကနေ ကွန်ပြူတာကို ကူးပြောင်းလာသူတွေထဲမှာ ကျနော့်ဦးလေး အော်တိုကက်ဆရာ (ကွန်ပြူတာတက္ကသိုလ်တိုးချဲ့တခုမှာ ပါချုပ်ဟောင်း) ဦးစိုးမြင့်၊ ကျနော့်ကွန်ပြူတာဆရာ ဦးရှိန်စိုးမြင့်တို့အကြောင်း ဆရာမှတ်တမ်းတင်ထားလို့ တခါတလေ ရှာဖွေ ဖတ်ဖြစ်တယ်။ နောက်ပြီးတော့ ကွန်ပြူတာကျောင်းကနေ ဆက်ကူးသွားလို့ရတဲ့ ၆ မိုင်ခွဲက စွန်းလွန်းဂူကျောင်းမှာ ကွန်ပြူတာနဲ့ စက်မှုက ကျောင်းသားတွေ သွားလာ လုပ်အားပေးကြတာ၊ တရားထိုင်ကြတာ၊ ပြီးတော့ စက်မှုကျောင်းသားဟောင်းတဦးက ဆရာတော် ဦး၀ရ အဖြစ် ၆ မိုင်ခွဲ စွန်းလွန်း ကျောင်းထိုင်ဆရာတော်အဖြစ် နောက်ဆုံးပျံလွန်တော်မူသည်အထိ ဖြတ်သန်းသွားတာ၊ ဒါမျိုး အမှတ်တရတွေလည်း သူ့ဆီက ကြားနိုင်တယ်၊ ဖတ်ရနိုင်တယ်။ အမှတ်အသား အများကြီးကောင်းတယ်။

နောက်ပိုင်း ပွင့်လင်းလာတဲ့ ၂၀၁၀ နောက်ပိုင်းမှာ အာရ်အိုင်တီကျောင်းကြီး ကမ္ဘာအဆင့်မီရေးအတွက် အစွမ်းကုန် ကျောင်းသားဟောင်းတွေ ကြိုးစားကြတော့ ဦးလှမင်းလဲ တတပ်တအား ပါပြန်တာပါပဲ။ လူငယ်တွေ လူရွယ်တွေ နောက်တက်လာတဲ့ မျိုးဆက်တွေနဲ့လည်း ချိတ်ဆက်လုပ်တာ ဆက်ဆံရေးထူထောင်တာကို သူလုပ်ပါတယ်။ သူ လုပ်တယ်ဆိုတာက ဆရာကြီးလို အိမ်က ထိုင်ပြီး တပည့်တွေ လာအောင် ဆင့်ခေါ်တာမျိုး၊ ခေါ်ခိုင်းတာမျိုး မဟုတ်ပါဘူး။ သူကိုယ်တိုင်က သူ့နောက်က လူငယ်၊ လူရွယ်၊ လူကြီးတွေဆီ အရောက် ဆက်သွယ်ပြီး သူတတ်နိုင်သလောက် ပြောဆိုလုပ်ကိုင် အကြံပေးတာ ကူညီတာ လုပ်အားပေးတာမျိုး လုပ်သူ ဖြစ်ပါတယ်။ အခု နောက်ကျောင်းသားဟောင်းတွေ ထူထောင်ကြတဲ့ Nor Cal RIT Alumni အသင်းမှာလည်း သူက အတတ်နိုင်ဆုံး မပျက်မကွက် တက်ရောက် အားပေးသူ ဖြစ်လာပါတယ်။ 

ဦးလှမင်းက ပညာရေး၊ သမိုင်း၊ ဗဟုသုတနဲ့ ကျောင်းအကြောင်း ကျောင်းသားကျောင်းသူများအကြောင်း မှတ်တမ်းတင်သူ၊ မျှဝေသူဆိုတော့ တခု သတိထားမိတာက နိုင်ငံရေးနဲ့ပတ်သက်ရင် အတတ်နိုင်ဆုံး သတိထားပြီး ခံစားချက်ကို ထိန်းသိမ်းပြီး မှတ်တမ်းတင်တာ ဖြစ်ပါတယ်။ အဲသည်အတွက် မြန်မာနိုင်ငံအရေးအခင်းတွေ အရေးတော်ပုံတွေကိုလည်း စာနဲ့ ပုံနဲ့ သိမ်းဆည်းထားတာတွေ တွေ့နိုင်ပါတယ်။ သည်နေရာမှာ ကြုံလို့ပြောရရင် - စက်မှုတက္ကသိုလ်ကျောင်းသားဟောင်းတွေက နိုင်ငံရေးတက်ကြွလှုပ်ရှားမှုတွေမှာ တသီးပုဂ္ဂလ ပါဝင်ကြပေမယ့် အာအိုင်တီကျောင်းသားဟောင်းအသင်းအဖွဲ့တွေအနေနဲ့ ပါဝင်ကြတာမျိုး လှုံဆော်ကြတာမျိုးကတော့ (ကျောင်းမှာဖွဲ့တဲ့ ကျောင်းသားသမဂ္ဂက လွဲရင်) စက်မှုကျောင်းသားဟောင်းတွေက ထင်ထင်ရှားရှား မလုပ်ကြဘူးလို့ ထင်ပါတယ်။

တလက်စတည်း ဦးလှမင်းလိုမျိုး အမှတ်အသားကောင်းသူ၊ စာရေးမှတ်တမ်းတင်သူ၊ မိတ်ဆွေကျောင်းသားအသိုင်းအဝိုင်းကို တန်ဖိုးထားသူ စက်မှုကျောင်းသားဟောင်းတွေ ကိုယ့်မျက်စိရှေ့မှာ ဖြတ်သန်းသွားလာ မြင်ဖူးသလားလို့ စဉ်းစားကြည့်ပါတယ်။ နောက် ဦးလှမင်းလိုမျိုး RIT သတင်းလွှာတွေ အီးမေးဂရုတွေ လုပ်ခဲ့ကြသူတွေ ရှိသလားလို့ ပြန်တွေးကြည့်တယ်။

ကိုယ့်ရှေ့ စီနီယာတွေထဲမှာ ၈၈ တုန်းက ကျောင်းဆရာ၊ စာရေးဆရာ အဖြစ် ရပ်တည်လှုပ်ရှားသူ နိုင်ငံရေးအကျဉ်းသားဟောင်း၊ ဆရာ ကိုသီဟလတ် ရှိပါတယ်။ ဆရာလေးလို့ သူ့ကို ခေါ်ကြတယ်။ သူလည်း အစုအဆောင်း အမှတ်အသားကောင်းပါတယ်။ RIT ကနေ စာပေနယ်ထဲ ကူးသွားပြီး စက်မှုနယ်နဲ့ စာပေနယ်မှာ ချစ်ခင်လေးစားသူ မိတ်ဆွေများသူ ဆရာတဦးဖြစ်လာပါတယ်။ ကာတွန်းဘောက်စ်ကိုလည်း သူကိုယ်တိုင် မှတ်တမ်းတွေ ပြန်တင်တယ်၊ ပြန်ပြုစုပေးတယ်။ နောက် ၈၈ အရေးတော်ပုံတုန်းက သူတို့တွေ ထုတ်ဝေခဲ့ကြတဲ့ စက်မှုအားမာန်လိုမျိုး ဂျာနယ်ဟောင်းတွေကို သိမ်းဆည်းထားတယ်။ ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသားသမဂ္ဂ ကျောင်းဝင်းတွင်း အလံစိုက်တော့ သူ စုဆောင်းထားတာတွေ ကျောင်းသားသမဂ္ဂရုံးကို သွားပြီး မျှဝေပေးအပ်ထားတာတွေ တွေ့ရပါတယ်။

နောက်တဦးကတော့ စက်မှုကျောင်းသားဟောင်း ကိုဇော်အောင်ပါ။ ဇော်အောင်(မုံရွာ)လို့ စာရေးပြီး၊ မြစ်ကြီးနားသားလို့လဲ ဆိုပါတယ်။ ၈၅မှာ ကျောင်းပြီးတယ် ထင်ပါတယ်။ စင်ကာပူမှာ သူနေထိုင်စဉ် အတိတ်ကစက်မှုကျောင်းသားတွေ၏ နှစ်စဉ်အောင်စာရင်းတွေ ကျောင်းဝင်ခွင့်စာရင်းတွေကို digital version ပြုစုပြီး အားလုံးအတွက် အွန်လိုင်းတင်ပေးခဲ့ပါတယ်။ ၂၀၀၀ ခုနှစ် အစောပိုင်းလို့ ဆိုနိုင်ပါတယ်။ ဆရာကန်တော့ပွဲတွေ မိတ်ဆုံပွဲတွေ ဆော်ဩသူ လုပ်အားပေးသူလည်း ဖြစ်ပါတယ်။ သူ က စာရေးလည်း ဝါသနာပါပြီး အခါအားလျော်စွာ မိုးမခမှာလည်း စာရေးပါတယ်။ လျှပ်စစ်မီးနဲ့ ပတ်သက်ပြီး မိုးမခစာပေကနေ စာအုပ် ထုတ်ဖူးပါတယ်။ 

အဲသည်ထဲမှာ ၉၀ နောက်ပိုင်း ဘွဲ့ရ လူရွယ်ပိုင်း ကျောင်းသားဟောင်း ရွာဆော်တွေကတော့ ဝင်းခိုင်ဌေးနဲ့ ဉာဏ်လင်းသိန်းကို မှတ်တမ်းရေးထားရမယ် ထင်ပါတယ်။ ဝင်းခိုင်ဌေးက စက်မှုနဲ့ ၉၃ ပြီး ပြီး ဉာဏ်လင်းသိန်းကတော့ ၉၅ လောက်မှာ လျှပ်စစ်နဲ့ ကျောငိးပြီးခဲ့ပုံရပါတယ်။ AIT Myanmar email group တခု စတင်ရာမှာ ကိုဝင်းခိုင်ဌေးလည်း ပါဝင်ခဲ့ပုံရပါတယ်။ အခုတော့ ကွယ်ပျောက်သွားပြီ ထင်ပါတယ်။ ဉာဏ်လင်းသိန်းကတော့ ၁၉၉၉ ဝန်းကျင်လောက်မှာ RIT Burma Yahoo email group လုပ်ခဲ့ဖူးပါတယ်။ အတော်အသင့် လူသိများပြီး နောက်တော့ ရေရှည် မထိန်းသိမ်းနိုင်ပါ။ ကိုဉာဏ်လင်းသိန်းကတော့ ၂၀၁၀ နှောင်းပိုင်းမှာ ကွယ်လွန်သွားတယ် ကြားပါတယ်။ ကြားထဲမှာ စကားမစပ် မောင်ရစ်လည်း စင်ကာပူမှာ ခိုလှုံစဉ် RIT YIT YTU Reunion email group ကို လုပ်ဖူးပါတယ်။ RIT Burma နဲ့ အပြိုင်လောက်ပါပဲ။ မောင်ရစ်က ထုံးစံအတိုင်း ပညာရေး၊ ဆရာ တပည့် ဆက်ဆံရေးတို့ ဘာတို့ မလုပ်ပါဘူး။ နိုင်ငံရေးတွေ ဝေဖန်ရေးတွေ သတင်းဖြန့်ချိရေးတွေ လုပ်တာပါ။ သူ စက်မှုကျောင်းသားတွေ ကြားထဲ မအောင်မြင်တာ မထူးဆန်းပါဘူး။ (ဟဲဟဲ)

အမရိကန်ဘက်အခြမ်း ရွာဆော်တဦးကတော့ ကိုစံလင်း (ကလောင်အမည် မောင်လူပေ) ဖြစ်မယ် ထင်ပါတယ်။ ၂၀၀၈ နောက်ပိုင်း ဖေ့စ်ဘုတ်ခေတ်မှာ စာရေးတာ ထင်ရှားလာတယ်။ ရပ်ရွာ သာရေးနာရေးမှာ တက်ကြွတယ်။ ၈၇ ဘက်ချ်လောက် ဖြစ်မယ် ထင်ပါတယ်။ သူလဲ ရှေ့မီနောက်မီ အမှတ်အသားကောင်း စာရေးကောင်းပါပဲ။ လက်ရှိ Nor Cal RIT Alumn လှုပ်ရှားမှုတွေ စိတ်ဝင်စားပါတယ်။ သူ့ကို ဆရာဦးလှမင်းက အာရ်အိုင်တီ သတင်းလွှာလိုမျိုး ရေးဖို့ ချိတ်ဆက် မျှဝေဖို့ ဆန္ဒရှိသော်လည်း သူလည်း ဦးလှမင်း ခြေရာတော့ မနင်းနိုင်သေးပါဘူး။ ဘယ်သူမှ မနင်းနိုင်သေးပါဘူး။

ဆရာကို့ ကျနော် ဆရာ့အကြောင်း စာရေးမယ်လို့ ပြောတာ ၄ လ လောက် ကြာပြီ ထင်ပါတယ်။ ဦးမြတ်ထူး (ex-RIT) ၈၀ ပြည့် မွေးနေ့တုန်းကပါ။ ဆရာက မင်း ရေးတာ ငါ ဖတ်ရတာပေါ့လို့ ဝမ်းသာအားရ ပြောပါတယ်။ သူက RIT ကျောင်းသားဟောင်းတွေအတွက် စာရေးသူဖြစ်ပြီး ကျနော်ကတော့ တွေးချင်ရာတွေး ရေးချင်ရာရေးသူမို့ ဘယ်ပရိသတ်က ဖတ်မယ်တော့ မသိပါဘူး။ သူကတော့ စက်မှုကျောင်းသားဟောင်းတွေထက် မင်းတို့ မိုးမခအွန်လိုင်းကနေ တင်ရင် ပိုဖတ်ကြမလား မသိဘူးလို့ ပြောပါတယ်။ တကယ်တန်းကတော့ အခုခေတ်ကြီးမှာ သူများတွေ ပတ်ဝန်းကျငိတွေအကြောင်း ပြောကြတာထက် ကိုယ့်အကြောင်းကိုယ်ပြောပြကြတဲ့ ဆိုရှယ်မီဒီယာခေတ်ဆိုတော့ ဘယ်သူတွေ ဖတ်နေကြလဲတောင် မောင်ရစ်ကိုယ်တိုင် မသိတော့ပါဘူး။  စက်မှုကျောင်းသားဟောင်းတွေ စာကော ဖတ်ကြသေးသလား၊ မိုးမခအွန်လိုင်းတောင် ဘယ်ရောက်နေမှန်းမသိလို့ လာမေးနေတဲ့ စာဖတ်သူဟောင်းတွေတောင် တော်တော် များနေပါပြီ။ မိုးမခမီဒီယာက ဖေ့စ်ဘုတ်မှာလည်း ရှိပါတယ် (စကားမစပ်)။ 

သည်လိုနဲ့ အခု အောက်တိုဘာလကုန် ရောက်လာတယ်။ အမေရိကန်ပြည် ဆန်ဖရန်စစ္စကိုဘေးဧရိယာနေ စက်မှုကျောင်းသားဟောင်းအသင်း Nor Cal RIT Alumn ၏ နှစ်ကုန် ညစာစားပွဲသာ ရောက်လာတယ် ၊ သည်စာမူက မပြီးသေးဘူး။ အဲသည် ညစာစားပွဲမှာ ၁၉၇၀ ဘက်ချ်ကစလို့ ၂၀၀၀ ခုနှစ် ဘက်ချ် အထိ ကျောင်းသားတွေ မိသားစု ၁၀၀ နီးပါးလောက် တက်ရောက်ကြပါတယ်။ အဲသည်မှာ မျိုးဆက်ဟောင်းတွေကနေ မျိုးဆက်သစ် ကျောင်းသားဟောင်းတွေကို လက်ဆင့်ကမ်းပြီး အသင်းကြီးလှုပ်ရှားမှုတွေ သယ်ဆောင်ကြဖို့အကြောင်း ပြောကြတယ်။ နိဂုံးချုပ်မှာ အပျင်းပြေအောင် မောင်ရစ်ကို စကားပြောခိုင်းတယ်။ ကြံကြံဖန်ဖန်။ အဲသည်မှာ cartoon box တို့ စွယ်တော်ရိပ်တို့ စတဲ့ ကျောင်းတော်ကြီး၏ အမှတ်တရတွေ ပရိသတ်ကို သိကြ၊ ကြားဖူးကြလားလို့ မေးကြည့်တော့ အငယ်တွေကသာ သိကြတာ၊ လူကြီးတွေက သိပ်မသိကြဘူး။ အခုလည်း ရန်ကုန်က ကျောင်းတော်ကြီးမှာ ဒါတွေလဲ မရှိသလောက် ဖြစ်နေပါပြီ။ အခုက ကျောင်းကြီးလဲ နွေဦးတော်လှန်ရေးလှိုင်းထဲမှာ စီးနင်းနေပြီကိုး။ ဆရာဦးလှမင်း ရေးသားခဲ့တဲ့ နှစ်ပေါင်းများစွာ RIT Alumn Newsletter တွေကော သိကြသလား ပဟေဠိထုတ်ပြန်တော့လဲ အများက မျက်နာသေတွေနဲ့ ပြန်ကြည့်ကြပြန်တယ်။ သည်လိုနဲ့ မိမိ၏ စကားကို နိဂုံးချုပ်ပြီး ဆရာဦးလှမင်းနားကို ခပ်ကုပ်ကုပ် ပြန်ထိုင်ရတော့တယ်။

ဆရာက ကျနော့်ကို ပြန်အားပေးပါတယ်။ မောင်ရစ်ရ … ဒါကို ကျနော် ပြောချင်တာဗျ။ ကျနော်တို့ကို ဘယ်သူမှ မသိကြတော့ပါဘူး တဲ့။ ခင်ဗျားပြောတဲ့ စာပေ အနုပညာမှတ်တိုင်တွေ ၊ ကျောင်းကြီး၏ နောင်တော် အမတော် ကျောင်းသားဟောင်းတွေ ကျောင်း၏ သမိုင်းမှတ်တိုင်တွေ ဆိုတာ မျိုးဆက်တွေ တဆက်ပြီး တဆက် ပြောင်းသွားတိုင်း တဖြေးဖြေး ပျောက် ကွယ်သွားကြတယ်။ မှိန်ဖျော့သွားကြတယ် … တဲ့။ နောက် ၁၀ နှစ်ဆို ကျောင်းကြီးအကြောင်းက အသစ်တွေနဲ့ အစားထိုးသွားမှာပဲ တဲ့။ အင်း ဟုတ်ပါတယ်။ ကျနော်တို့က legacy လို့ခေါ်တဲ့ အစဉ်အလာ အမွေအနှစ်တွေကို ထိန်းသိမ်း လက်ဆင့်ကမ်းကြသလို မျိုးဆက်သစ်တွေကလည်း သူတို့နှစ်သက်ရာ ရွေးချယ် သယ်ဆောင်ကြမှာ ဖြစ်ပါတယ်။ မြန်မာပြည်လို မတည်ငြိမ်တဲ့ နိုင်ငံရေးမိုးလေဝသအောက်မှာ ကျောငိးတွေ ကျောင်းသားဟောင်းတွေဟာလည်း ပြောင်းလဲမှုတွေနဲ့အတူ ဆက်သွားကြရမှာမို့ မထိန်းသိမ်းနိုင်တဲ့ အရာတွေလည်း ပျောက်ကွယ်ကြမှာ ဖြစ်ပါတယ်။

ရေးနေတာက ဆရာဦးလှမင်း အကြောင်းပါ။ အဆုံးသတ်တော့ ကိုယ်စာက ဘယ်ရောက်နေသည် မသိပါ။ သို့သော် သမိုင်းနဲ့  ကွန်မြူနီတီ ဖြတ်သန်းမှုတွေကို မှတ်တမ်းတင်သူ ဖြန့်ချိဝေငှသူတွေကတော့ ကျနော်တို့နောက်မှာလည်း ဆက်လက် ပေါ်ပေါက်တည်ရှိနေကြဦးမှာပါပဲ။ သူတို့ပြောတဲ့ သမိုင်းမှတ်တမ်းတွေကိုလည်း စိတ်ဝင်စားသူများ ဖတ်မိ မှတ်မိကြရင် ရှေးလူတွေ ဖြတ်သန်းခဲ့ကြတဲ့ ဘ၀နဲ့ သင်ခန်းစာတွေက သူတို့အတွက် အကျိုးရှိပါစေကြောင်း ဆုတောင်းပေးရုံသာ ရှိတာပါပဲ။ 


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar