အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၆၂ )
တနင်္ဂနွေနေ့က မြို့ထဲခဏထွက်ဖြစ်။ လမ်းမှာ ဓာတ်ဆီ တန်းစီနေတဲ့ ကားတန်းတွေကို တွေ့ရတယ်။ ဓာတ်ဆီ ဈေးပြန်တက်စပြုနေပြီတဲ့။ အိမ်ပြန်ရောက်တော့ တကိုယ်လုံးကိုက်ခဲ။ တုပ်ကွေး ထင်ပါရဲ့။ ဆရာဝန်ဆီ သွားရတယ်။ သောက်ဆေး ပေးပါတယ်။ စိန တိုင်းထုတ်ဆေးတွေပါ။ ကျပ်နှစ်သောင်းခွဲကျပါတယ်။ အိမ်က မိသားစုလည်း တုပ်ကွေး ဖြစ်ပါတယ်။ ဒီလ မိသားစု ဆေးခန်းပြခ တသိန်းနီးပါး ထိသွားပါတယ်။
တကယ်တော့ ကျွန်တော်ဟာ နိုင်ငံတော်ကြီးနဲ့အတူ တုပ်ကွေးနေပြီလေ။
ကိုးကန့်ကျားဖြန့် ခေါင်းဆောင်ပယ်ရှောက်ချိန်နဲ့ အဖွဲ့ကို စစ်ကောင်စီက တရုတ်လက်အပ်လိုက်တဲ့အကြောင်း လူမှုကွန်ရက်ပေါ်က ရုပ်သံတွေမှာ မြင်လိုက်ရတယ်။ တရုတ်က တရားခံကို နေပြည်တော်မှာ လာဖမ်းတာပါ။ ကိုးကန့် ကျားဖြန့်ခေါင်းဆောင် ပယ်ရှောက်ချိန်ကို VIP အပြစ်သား အကြီးစား တယောက်လို တရုတ်ရဲနှစ်ယောက်က ချုပ်ကိုင်ပြီး လေယဉ်ပေါ်ဆွဲခေါ်သွားတာပါ။ သူ့ လည်ပင်းမှာလည်း စာတန်းချိတ်ဆွဲထားပါတယ်။ ရုပ်ပျက်ဆင်းပျက်ပါ။ တကယ်တော့ သူဟာ မင်းအောင်လှိုင် ကာချုပ်ဖြစ်ရေးမှာ အဓိက ကျေးဇူးရှင်ပါ။ ခုတော့ မင်းအောင်လှိုင်က သူ့ကိုဖမ်းပြီး တရုတ်လက် အပ်လိုက်ရပါပြီ။ ခေါင်းမာတဲ့ မင်းအောင်လှိုင်ကို တရုတ်က ထမင်းတလုတ် ဒုတ်တချက် နည်းဗျူဟာသုံးပြီး ဆုံးမနေပုံရပါတယ်။
စစ်ရေးသတင်းတွေကတော့ အဆက်မပြတ် တက်နေပါတယ်။ မိုးမိတ်၊ ဆီဆိုင်မြို့တွေမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေဟာ ဘတပြန် ကျားတပြန် တိုက်ခိုက်နေကြပါတယ်။ ရခိုင်မှာတော့ စစ်ကောင်စီတပ်စခန်းတွေ အတော်များများ အေအေ လက်ထဲကျကုန်ပါတယ်။ ရခိုင်မြို့ရွာတွေကိုတော့ စစ်ကောင်စီလေတပ်နဲ့ရေတပ်က ပစ်မှတ်ထားတိုက်ခိုက်လာတာတွေ့ရပါတယ်။ အေအေ ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြင့်နိုင်နဲ့ ဘီဘီစီ အင်တာဗျူးကိုနားထောင်လိုက်ရတယ်။ ခေါင်းဆောင်တစ်ယောက်ရဲ့ အမျှော်အမြင်ရှိရှိ၊ ဆင်ဆင်ချင်ချင်ဖြေကြားထားတာကို နားထောင်လိုက်ရပါတယ်။ လွန်ခဲ့သော ဆယ်နှစ်ကထက်အများကြီးရင့်ကျက်တည်ငြိမ်မှုကို တွေ့ရပါတယ်။ သူ့မျက်နှာပေါ်မှာ နုပျိုမှုထက် ရင့်ကျက်မှုက ပိုထင်ရှားလာတယ်။ ကြီးလေးတဲ့တာဝန်နဲ့ ပြင်းထန်တဲ့တိုက်ပွဲတွေက သူ့ကို ပိုမို ခိုင်မာပြတ်သားသူအဖြစ် မြှင့်တင်လိုက်ဟန်တူပါတယ်။ နွေဦးတော်လှန်ရေးအတွင်း သူ့စွမ်းရည်ကို ပိုမိုရှင်းရှင်းလင်းလင်း မြင်လာရတယ်။
စစ်အာဏာရှင်တွေရဲ့ ဖိနှိပ်မှုကို အောင်အောင်မြင်မြင် တွန်းလှန်နိုင်မည့် တိုင်းရင်းသားခေါင်ဆောင်ကောင်း တယောက်အဖြစ် တော်လှန်ရေးထောက်ခံသူတွေက မြင်လာကြပါတယ်။ တိုင်းရင်းသားခေါင်းဆောင်ကောင်းများ ထွက်ပေါ်လာခြင်းဟာ အနာဂတ်မြန်မာနိုင်ငံအတွက် အားတက်စရာပါ။
ပြင်းထန်တဲ့ ဖိနှိပ်မှုတွေဟာ စွမ်းရည်ထက်မြက်တဲ့ ခေါင်းဆောင်တွေကို မွေးဖွားပေးစမြဲ ဖြစ်တယ် ဆိုတဲ့စကား မှန်လိုက်တာ။
👉အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ...
3/2/24
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar