Breaking News

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၂၇

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၂၇

(မိုးမခ) ဖေဖော်ဝါရီ ၆ ၊ ၂၀၂၄


ကျင်နိုင်ငံနဲ့ သမိုင်းရဲ့ သုတ၊ ရသ

နွေဦးဆောင်းဦးကာလ (Spring and Autumn Period) ရဲ့ ထူးခြားတဲ့ ဖွဲ့စည်းပုံဖြစ်တဲ့ ကျို့ဧကရာဇ် လက်အောက်က ဘုရင်ခံ (hegemony) နေရာအတွက် ချီ (Qi) နိုင်ငံဘုရင် နဲ့ စုန့်နိုင်ငံ ဘုရင် တို့ အကြားမှာ ပဋိပက္ခဖြစ်ပွားခဲ့ပြီး အဲဒီပဋိပက္ခက နှစ်နိုင်ငံလုံးရဲ့ အင်အားကို လျော့နည်းကျဆင်းစေခဲ့ပါတယ်။ ဒါကြောင့်မို့ ဘီစီ ၆၄၃ နဲ့ ဘီစီ ၆၃၇ ကြားမှာ ကျို့အင်ပါယာအတွင်း တရားဝင် ဘုရင်ခံ ခန့်ထားနိုင်ခြင်း မရှိခဲ့ပါဘူး။ 

အဲဒီလိုအခြေအနေမှာ ပွဲလန့်တုန်း ဖျာခင်းနိုင်ခဲ့တာကတော့ ကျင် (Jin) နိုင်ငံရဲ့ ဘုရင် ဝမ် (文Wen) ဖြစ်ပါတယ်။ ကျင်နိုင်ငံကို ထန် (Tang) နိုင်ငံလို့လည်း သိကြပါတယ်။ ရှေ့ပိုင်းကာလတွေမှာ ကျင်နိုင်ငံဟာ ထီးနန်းလုတဲ့ကိစ္စတွေနဲ့ သူ့တိုင်းပြည်ထဲမှာပဲ ရှုပ်ထွေးမှုတွေ အများကြီး ဖြစ်နေခဲ့ပြီး၊ အင်အားကြီးနိုင်ငံ တစ်နိုင်ငံ မဟုတ်ခဲ့ပါဘူး။

နွေဦးဆောင်းဦးကာလရဲ့ ကျို့နန်းတော်နဲ့ ဘုရင်ခံစနစ် အကြောင်း ပြောတဲ့အခါ ကျင်နိုင်ငံရဲ့ ဇာတ်လမ်းကို ချန်လှပ်ထားခဲ့မယ်ဆိုရင် ချန်လှပ်ထားခဲ့လို့ ရပါတယ်။ ဒါပေမဲ့ အဲဒီဇာတ်လမ်းမှာ လူသားဆန်မှု၊ အလိုလောဘ၊ မိဘနဲ့ သားသမီးရဲ့ ချစ်ခြင်းမေတ္တာ အတိမ်အနက်၊ လူတစ်ယောက်ရဲ့ သမိုင်းကို ဘယ်လိုရေးထိုးမလဲ စတဲ့ တွေးတောစရာ၊ သက်ဝင်ခံစားကြည့်စရာတွေ အများအပြား ပါဝင်နေတာမို့ ကျင်နိုင်ငံရဲ့ သမိုင်းပြကွက်လေးတစ်ခုကို ထုတ်နုတ် တင်ပြလိုပါတယ်။

ဇာတ်လမ်းက ဘုရင်ဝမ် ရဲ့ ခမည်းတော် ဘုရင် ရှန်း (献Xian) က စပါတယ်။ 

ကျင်ဘုရင် ရှန်း မှာ မိဖုရား ၆ ယောက်ရှိပြီး သားတော်ငါးပါး မွေးဖွားပါတယ်။ မိဖုရားခေါင်ကြီးက ချီကျန်း (齊姜Qi Jiang) ဖြစ်ပြီး၊ သူကမွေးတဲ့ သားဖြစ်တဲ့ ရှန်းရှန့် (Shensheng申生) အကြီးဆုံးသားတော်မို့ ထီးနန်းအရိုက်အရာကို ဆက်ခံရမယ့်သူ ဖြစ်ပါတယ်။ 

မိဖုရားတွေထဲမှာ ကိုယ်လုပ်တော်ဘဝကနေ မိဖုရားဖြစ်လာတဲ့ လိကျီ (Li Ji驪姬) ဆိုတဲ့ မိဖုရားလည်း တစ်ပါးအပါအဝင်ပါ။ ဘုရင်ရဲ့ မြတ်နိုးမှုကို ခံရတာမို့ မိဖုရားခေါင်ကြီးနေရာကို တောင်းဆိုပါတယ်။ ကျင်ဘုရင်က ချီကျန်း ကို မိဖုရားခေါင်ကြီး အရာကချပြီး လိချီကို မိဖုရားခေါင်ကြီး မြှောက်ပါတယ်။

လိကျီကနေ သားတော် ရှီချိ (Xi Qi 奚齐) ကို မွေးပါတယ်။ လိကျီ ဟာ သူကမွေးတဲ့သားတော် ရှီချိ ကို ထီးနန်းအမွေ ဆက်ခံစေချင်လွန်းသူပါ။ ဒါပေမဲ့ ထုံးတမ်းအစဉ်အလာအရ ချီကျန်းရဲ့ သားတော် ရှန်းရှန့် အကြီးဆုံးသားတော် ဖြစ်တာမို့ ရှီချိ ဟာ ဘယ်လိုမှ ဘုရင်ဖြစ်မလာနိုင်ပါဘူး။ ဒါကြောင့် လိကျီဟာ အခြားသားတော်တွေကို ချောက်တွန်းတဲ့အလုပ်တွေ လုပ်ဆောင်ပါတယ်။ သူ့ကြောင့်ဖြစ်တဲ့ နန်းတွင်း မငြိမ်သက်မှုတွေကို လိကျီ မငြိမ်သက်မှု (骊姬之乱 Li Ji Unrest) လို့ သမိုင်းမှတ်တမ်းတင်ကြပါတယ်။ 

လိကျီက နန်းတော်ထဲက ဩဇာကြီးတဲ့ အမတ်ကြီး ၂ ယောက်နဲ့ ပေါင်းပြီး ကျန်းတဲ့သားတော်တွေကို နန်းတော်ထဲက ပထုတ်ဖို့ လုပ်ပါတယ်။ အဲဒီအမှတ်ကြီး ၂ ယောက်ကလည်း နိုင်ငံကို ကျူးကျော်သူတွေ ရှိလာနိုင်တာကြောင့် နယ်စပ်တွေမှာ သားတော်တွေကို အစောင့်ထားဖို့ ဘုရင်ကို တိုက်တွန်းပေးပါတယ်။ ဒါကြောင့် လိကျီရဲ့သား ရှီချိ ကလွဲလို့ ကျန်တဲ့ အရွယ်ရောက်ပြီး သားတော် ၃ ပါးကို နယ်စပ်မြို့တွေကို ပို့ထားပါတယ်။ (အငယ်ဆုံးသား ကျော့ဇီ မင်းသားကို မမွေးသေးပါဘူး။) 

အဲဒီလို သားတော်လေးပါး နန်းတော်နဲ့ အလှမ်းကွာဝေးပြီဆိုတော့မှ လိကျီဟာ ရှန်းရှန့် ကို အပြုတ်တိုက်မယ့် ဇာတ်လမ်းကို စတင်ပါတယ်။ 

ရှန်းရှန့် နယ်စပ်ကို ရောက်နေချိန်မှာ သူ့ရဲ့မိခင် မိဖုရားချိကျန်း ကွယ်လွန်ပါတယ်။ လိကျီ က ရှန်းရှန့်ဟာ သူ့မိခင်အတွက် ရည်စူးပြီး သားကောင်ယဇ်ပူဇော်သင့်တယ်လို့ အကြံပေးပါတယ်။ တပြိုင်နက်တည်းမှာ ရှန်းရှန့် မသိရဘဲ၊ လိကျီက ရှန်းရှန့် ပို့လိုက်တာဆိုပြီး ယဇ်ပူဇော်တဲ့အသားနဲ့ အရက်ကို ဘုရင့်ဆီ ဆက်သပါတယ်။ အသားထဲမှာ အဆိပ်ခတ်ထားတာပါ။ အသားထဲမှာ အဆိပ်ပါမှန်း သိအောင်လည်း ဘုရင်ကို ကုန်းတိုက်ပါသေးတယ်။ အဲဒီအသားကို လိကျီ နဲ့ ပေါင်းထားတဲ့ အမတ်ကြီးတစ်ယောက်က ခွေးကို ကျွေးတဲ့အခါ ခွေးသေသွားလို့ အဆိပ်ပါမှန်းသိရတယ်လို့ ဆိုပါတယ်။ အသားကို ခွေးမကျွေးမီမှာ လိကျီကို နေပြည်တော်ကို ပြန်ခေါ်ထားလိုက်ပါသေးတယ်။ ချက်ချင်း ဖမ်းဆီးနိုင်အောင် အကွက်ချထားတာပါ။ 

လိကျီ ဇာတ်လမ်းဆင်ထားတဲ့အတိုင်း ဘုရင်ရှန်း ဟာ သားတော် ရှန်းရှန့် အပေါ် အထင်လွဲပြီး အမျက်ထွက်ပါတော့တယ်။ ချက်ချင်း ဖမ်းဆီးဖို့ အမိန့်ပေးပါတယ်။ ရှန်းရှန့် လည်း သူ့ကို လာဖမ်းတယ် ဆိုတာကို သတင်းကြားတာနဲ့ သူ တာဝန်ယူထားရတဲ့ နယ်စပ်မြို့ကို ထွက်ပြေးရပါတယ်။

ဒီအခါ ရှန်းရှန့် ရဲ့ ဖအေတူမအေကွဲ ညီတော်တစ်ပါးဖြစ်တဲ့ ချွန်းအာ (Chong'er) မင်းသားဟာ ရှန်းရှန့်ဆီ အရောက်လာပြီး ဖခင်ကို အဖြစ်မှန်တွေ ရှင်းပြသင့်ကြောင်း အကြံပေးပါတယ်။ 

ချွန်းအာ ဆိုတာက မိဖုရား ဟူကျိ  (狐姬Hu Ji) ကမွေးတဲ့ သားတော်ပါ။ သူကလည်း ရှန်းရှန့် လိုပဲ အခြားနယ်စပ်မြို့တစ်မြို့ကို အပို့ခံထားရတာပါ။

ချွန်းအာ က အဲဒီလို အကြံပေးပေမယ့် ရှန်းရှန့် ကတော့ လိကျီ ရဲ့ ယုတ်မာတဲ့ အကြံအစည်နဲ့ ဇာတ်လမ်းကြီးကို အဖြစ်မှန်အတိုင်းသာ သူ့ရဲ့ဖခင် ဘုရင်ရှန်း သိသွားရင် ရင်ကွဲနာကျလိမ့်မယ်လို့ တွေးပါတယ်။ သူ့ဖခင်ဟာ မိဖုရားလိကျီ ကို မြတ်နိုးလွန်းလှတယ် မဟုတ်ပါလား။ 

အဲဒါဆိုရင်လည်း အဖြစ်မှန်ကို မဖော်ထုတ်ဘဲ လွတ်ရာကို အချိန်မီ ရှောင်ပြေးသင့်ကြောင်း ချွန်းအာ က ရှန်းရှန့် ကို အကြံပေးပြန်ပါတယ်။ ဒီအခါ ရှန်းရှန့် စဉ်းစားတာက လွတ်ရာကို ရှောင်ပြေးရင်လည်း သူက ဖခင်ဘုရင် ကို အမှန်တကယ် လုပ်ကြံခဲ့လို့သာ ထွက်ပြေးသွားတာဖြစ်တယ် လို့ သတ်မှတ်ခံရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ထွက်ပြေးတဲ့နည်းလမ်းကလည်း ရှန်းရှန့် အတွက် အဆင်မပြေပြန်ပါဘူး။ 

အဲဒီလို ခက်ခဲတဲ့ အခြေအနေမှာ ရှန်းရှန့် ဟာ ဘီစီ ၆၅၆ မှာ သူ့ကိုယ့်သူ သတ်သေသွားပါတယ်။ ရှန်းရှန့် ကို နောက်ပိုင်း မျိုးဆက်တွေက ကုန်းရှီးဇီ (恭世子Gong Shizi) လို့ ခေါ်ဝေါ်ကြပါတယ်။ “လေးစားအတုယူဖွယ် အိမ်ရှေ့စံ” လို့ အဓိပ္ပာယ်ရပါတယ်။ 

ရှန်းရှန့် သေဆုံးသွားပြီးတဲ့နောက် လိကျီ ဟာ ကျန်တဲ့ သားတော်နှစ်ပါး က ဘုရင်ကို ပြန်ပုန်ကန်လိမ့်မယ် ဆိုပြီး ကုန်းတိုက်တာကြောင့် ဘုရင်ဟာ သားအရင်းတွေကို နှိမ်နှင်းဖို့ တပ်တွေကို စေလွှတ်ပါတယ်။ ချွန်းအာ နဲ့ နောက်ထပ် သားတော်တစ်ပါးဖြစ်တဲ့ မင်းသား ယီဝူ (Yiwu) တို့ဟာ သူတို့အစောင့်ကျတဲ့ နယ်စပ်မြို့တွေမှာတောင် နေလို့ မရတော့ဘဲ နီးစပ်ရာတိုင်းပြည်တွေဆီ ပြေးရပါတော့တယ်။ ချွန်းအာ ဟာ အခြားတိုင်းပြည်တွေကို လှည့်လည်သွားလာ နေထိုင်နေခဲ့ရပါတယ်။ 

ရှန်းရှန့် သေဆုံးပြီး နောက် ၅ နှစ်လောက်အကြာ၊ ဘီစီ ၆၅၁ မှာ ဘုရင်ရှန်း သေဆုံးပါတယ်။ လိကျီဟာ သူ့ရဲ့သား ရှီချိ ကို နန်းတင်လိုက်ပါတယ်။ အဲဒီအချိန်မှာ ရှီချိရဲ့အသက်က ၁၅ နှစ်သားပဲ ရှိပါသေးတယ်။ ဒါပေမယ့် နန်းသက် ၁ နှစ်တောင် မပြည့်လိုက်ပါဘူး။ ဘီစီ ၆၅၁ နှစ်ကုန်ပိုင်းမှာ လီခက် (里克Li Ke) ဆိုတဲ့ ဝန်ကြီးတစ်ပါးက ရှီချိ ကို လုပ်ကြံသတ်ဖြတ်လိုက်ပါတယ်။ 

ရှီချိ သေဆုံးသွားတဲ့အခါ လိကျီ ဟာ နန်းတော်မှာကျန်နေတဲ့ တစ်ဦးတည်းသော မင်းသား ဖြစ်တဲ့ ကျော့ဇီ (卓子 Zhuozi) ကို ထီးနန်းတင်ပြန်ပါတယ်။ ကျော့ဇီ ဟာ ဘုရင်ရှန်း နဲ့ ရှောက်ကျိမိဖုရား (少姬Shao Ji) နဲ့ တို့က မွေးတဲ့ သားဖြစ်ပြီး မင်းသားငါးပါးအနက် အငယ်ဆုံးပါ။ ထီးနန်းဆက်ခံချိန်မှာ ရင်ခွင်ပိုက်အရွယ်ပဲ ရှိပါသေးတယ်။ 

ထူးခြားတာက ရှောက်ကျိမိဖုရား ဟာ လိကျီရဲ့ ညီမ ဖြစ်ပါတယ်။ ဒါကြောင့် ကျော့ဇီ ဟာ လိကျီရဲ့ တူတော်ပါတယ်။

ကျော့ဇီ ဆိုတဲ့ ကလေးငယ်လေး ပုလ္လင်ပေါ်ရောက်တာ တစ်လ အကြာမှာပဲ ဝန်ကြီး လီခက် က ထပ်ပြီး လုပ်ကြံလိုက်ပါတယ်။ ဒီတစ်ခါမှာတော့ ကျော့ဇီသာ မကပါဘဲ၊ သူ့အဒေါ် လိကျီ ကိုပါ သတ်ပစ်လိုက်တာပါ။ ကျော့ဇီ ရဲ့ အမေဖြစ်တဲ့ ရှောက်ကျိမိဖုရားကိုတော့ ထောင်ထဲ ထည့်ထားလိုက်ပါတယ်။ 

ပြည်ပြေးဘဝနဲ့ အခြားနိုင်ငံမှာ လှည့်လှည်သွားလာရင်း ချီ နိုင်ငံမှာ ရောက်ရှိနေတဲ့ မင်းသားချွန်းအာ ကို ကျင်နိုင်ငံဆီ ပြန်လာဖို့ ဝန်ကြီး လီခက်က ဖိတ်ကြားလိုက်ပါတယ်။ ချွန်းအာ ဟာ ကျင်နိုင်ငံကို ပြန်လာပြီး ဝမ် (文  Wen) အမည်နဲ့ ဘုရင် ဖြစ်လာပါတယ်။ 

ဘုရင်ဝမ် ဟာ တိုင်းပြည်ကို စနစ်တကျဖြစ်အောင် စီမံခန့်ခွဲခဲ့သလို၊ အင်အားတောင့်တင်းအောင် တည်ဆောက်ခဲ့တယ် လို့ ဆိုပါတယ်။ အထူးသဖြင့် စစ်တပ်ကို ပြုပြင်ပြောင်းလဲရေး လုပ်ခဲ့ပါတယ်။ အနီးအနားမှာရှိတဲ့ တိုင်းငယ်၊ ပြည်ငယ်တွေကို သိမ်းပိုက်ပြီး ကျင်နိုင်ငံကို ချဲ့ထွင်ခဲ့ပါတယ်။

အင်အားကြီးမားလာပေမယ့် ဘုရင်ဝမ်က ကျို့အင်ပါယာ ကို လေးလေးစားစား ဆက်ဆံပါတယ်။ တချိန်တည်းမှာ ချီဘုရင်ခံ နိုင်ငံ အင်အားကျဆင်းလာပြီး၊ စုန့်နိုင်ငံက ဘုရင်ခံနိုင်ငံ ဖြစ်ရေး ကျိုးပမ်းမှုကို သူက ထောက်ခံအားပေးပါတယ်။ ဒါကလည်း ကျင်ဘုရင်ဝမ် ရဲ့ နိုင်ငံရေးစတန့် တစ်ခု ဖြစ်နိုင်ပါတယ်။ သူက ဘုရင်ခံ ဆိုတဲ့ အဆင့်အတန်းကို စိတ်ဝင်စားပုံမပြဘဲ အင်အားကိုပဲ စုစည်းနေခဲ့ပါတယ်။ ဒါကြောင့် အင်အားကြီးတွေရဲ့ ဖိအားကို ရင်ဆိုင်စရာ မလိုတော့ပါဘူး။ 

ဘီစီ ၆၃၃ မှာ စုန့်နိုင်ငံကို တောင်ပိုင်းသား ချူ (Chu) တွေ ဝင်တိုက်ပါတယ်။ ကျင်ဘုရင် ဝမ် က ချီ၊ ချင်၊ စုန့် သုံးနိုင်ငံနဲ့ ပူးတွဲပြီး ချူ တွေကို တိုက်ပါတယ်။ တိုက်ပွဲကို အဓိက ဦးဆောင်သူက ကျင်ဘုရင် ဝမ် ပါ။ ဘီစီ ၆၃၂ မှာ ချူ တွေရဲ့ ရန်ကနေ ကင်းလွတ်သွားပါတယ်။ တောင်ပိုင်းက ကျို့အင်ပါယာကို ဆယ်စုနှစ်အတော်ကြာအောင် ခြိမ်းခြောက်နိုင်ခဲ့တဲ့ ချူ တွေဟာ ချန်ဖူးတိုက်ပွဲ (Changpu) မှာ  ဘုရင်ဝမ် ဦးဆောင်တဲ့ မြောက်ပိုင်းမဟာမိတ်တပ်တွေကို ရှုံးနိမ့်သွားတာပါ။ 

အဲဒီတိုက်ပွဲကြောင့် တောင်ပိုင်းမှာရှိတဲ့ ကျို့လက်အောက်ခံ နိုင်ငံအတော်များများက ဘုရင်ဝမ် ကို လေးစားလာကြပါတယ်။ ကျင်နိုင်ငံရဲ့ အင်အားအပေါ်မှာလည်း သတိထားမိသွားကြပါတယ်။ ဒါနဲ့ပဲ ဘီစီ ၆၃၁ မှာ အစည်းအဝေးခေါ်ယူပြီး ကျင်နိုင်ငံကို ဘုရင်ခံနိုင်ငံအဖြစ် သတ်မှတ်ခဲ့ပါတယ်။ ကျင်ဘုရင် ဝမ် ဟာ ကျို့အင်ပါယာရဲ့ ဝူပါး လို့ခေါ်တဲ့ ဘုရင်ခံငါးဦးအနက် တစ်ဦးဖြစ်လာပါတော့တယ်။ 

သမိုင်းဆိုတာ သင်ခန်းစာ ထုတ်ယူဖို့ လို့ ဆိုကြပါတယ်။ မအအောင် သမိုင်းသင်ရတယ်လို့လည်း ပြောကြပါတယ်။ သမိုင်းကို ဘာသာရပ်တစ်ခုအနေနဲ့ လေ့လာရင် ဦးနှောက်ကို အကျိုးများစေမှာပါ။

သမိုင်း ဖြစ်စဉ်ဖြစ်ရပ်တွေကို လေ့လာစရာ ဘာသာရပ်တစ်ခုအနေနဲ့သာမကဘဲ၊ ရင်နဲ့ခံစားစရာ ရသမြောက် ဝတ္ထုတွေအနေနဲ့လည်း ဖတ်ရှု့ကြည့်သင့်ပါတယ်။ ဒါဆိုရင်တော့ နှလုံးသားကို အကျိုးများစေနိုင်ပါတယ်။ 

လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၆၀၀ ဝန်းကျင်က ကျင်နိုင်ငံရဲ့ ဇာတ်လမ်းက ဦးနှောက်အတွက် သုတ၊ နှလုံးသားအတွက် ရသတွေ ပြည့်နှက်နေတယ်လို့ ယုံကြည်မိကြောင်းပါ။ 

~~~~~~~~~~~~~~~~~~~~

👉ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတိုများ (၁ — ၂၆) 


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar