မောင်သော်တာ - စစ်ဘေးစစ်ဒဏ်တွေကိုမေ့ရာမေ့ကြောင်း
စစ်ဘေးစစ်ဒဏ်တွေကိုမေ့ရာမေ့ကြောင်း
မောင်သော်တာ
(မိုးမခ) မေ ၁၅၊ ၂၀၂၄
စျေးပေါပေါနဲ့ချခင်းထားတဲ့ နေရောင်ခြည်ကို ရွံရှာသလိုမျိုး စစ်ပွဲတွေကို ငါလှမ်းကြည့်မိတယ်
ချစ်တီးခေတ်ရဲ့လဟ်သမားတစ်ယောက်လို
ကျောပြောင်ကြီးနဲ့ ကိုင်းနေတဲ့ပေါက်ပင်ကို ငါဆွဲနှုတ်လိုက်တယ်
သူပစ်ချခဲ့တဲ့ ရိက္ခာထုပ်တွေထဲ သူ့မျက်လုံးတွေပါသွားတဲ့ရဟတ်ယာဉ်ဟာ ဗျိုင်းတစ်ကောင်
ဟုတ်ပါ့မလား ငါ့သံသယ
ကြေးစားရဲ့လက်ထဲက ကော်စေ့သေနတ်ဟာ ကပေါက်ကချာ ရယ်သံတွေလေ
ရေတွေ ပန်းထွက်လာသလို
ဓားစာခံဒုက္ခသည်တွေဟာ ဗုံးခိုကျင်းကို ဆက်မတူးနိုင်ကြတော့ဘူး
မီးခိုးချင်း တိမ်တွေထဲပေါင်းဆုံကြသလို ကိုယ့်ယာတောကိုယ်မီးရှို့ကြပုံ
သရက်ပင်စိုက်နေတဲ့အဖိုးအိုဟာ သရက်ပင်ပေါက်ကိုလွှင့်ပစ်လိုက်ပြီ
သူ့ရင်ဘတ်ကိုသူ ကန္တာရထဲ ထိုးနှစ်ပြီး
နေ့တာဟာ တဖြည်းဖြည်းရှည်လာတယ်
နေ့တစ်နေ့ဟာ ၂၅ နာရီ ဖြစ်လာတော့မယ်
အိပ်မက်တွေ မရှိတော့ဘူးတဲ့
အဲဒါဆို ဘာပြောချင်ပါသလဲ မာတင်လူသာကင်း
သေပြီးသားလူတွေကို မဲဆန္ဒရှင်စာရင်းထဲ ဆွဲထည့်ထားရင် စစ်ပွဲတွေ တဖန်သေပေးကြမလားပေါ့
ဒီကနေ့ မိုးလေဝသဟာ သေနတ်ဟောင်းတစ်လက်ကို နံရံမှာချိတ်ထားတဲ့ဧည့်ခန်းပဲ
ပစ်လို့လည်းမရ ပစ်ပလိုက်လို့လည်းမဖြစ်တဲ့ရှေးဟောင်းလူသားတွေကို ငါမြင်နေရသေးတယ်
အဲဒါတွေက
ငါ့ကို စစ်ပွဲရဲ့ပေါက်ကွဲသံတွေကို ပြန်ပြန်ပြီးအောင်းမေ့စေတယ်
ငိုနေတဲ့ပါးစပ်ကို ထိုးမပိတ်နိုင်တော့ဘူးစစ်ချီတေးတွေဟာလည်း
ကျူးလစ်ပန်းတွေကို မြို့ကြီးထဲ နေရာအနှံ့ စိုက်ထားပြီး စစ်ပွဲကို ခဏတာ လျစ်လျူရှုလို့ရရဲ့လား
ပြီးရင် ဆက်ပြီး နာကျင်ကြဖို့
တရားရပြီးရင်းရနေတဲ့ တရားတွေကို ရှာဖွေလို့
အဲဒီလိုနိုင်ငံမှာ အတားအဆီးတွေ စစ်ကြောမေးမြန်းမှုတွေ လူ့ဂုဏ်သိက္ခာတွေ ဘယ်လိုဖူးပွင့်နေကြမလဲ
ကဗျာရေးလို့ ဖြောင့်မယ်ဆိုရင်လေ
ညသန်းခေါင် ပေတစ်ရာလမ်းဘေးမှာဂစ်တာခေါက်နေတဲ့လူငယ်လေးတွေ
ပြန်လာကြပြီဆိုရင်လေ
ပေါ့ပါးရွှင်လန်းတဲ့မျက်နှာပေါ်မှာ သနပ်ခါးလူး သပြေပန်း ပန်လာတဲ့မိန်းမငယ်တွေလို
လှလှပပ ရောက်လာကြရင်လေ
နေရောင်ခြည်ဟာ စစ်ဘေးစစ်ဒဏ်တွေကြောင့် သူကိုယ်တိုင်အနာတရဖြစ်ခဲ့ကြောင်း
ငါ့ကို သိစေ ကြားစေလိုလို့များလား
may 14.2024
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar