လက်နက်ကြီး ထိမှန်သေဆုံးမှုတွေ၊ စစ်ဘေးရှောင်သူတွေ ရိက္ခာအခက်အခဲနဲ့ နိုင်ငံအနှံ့အပြား ရင်ဆိုင်နေကြရတဲ့ ဒုက္ခပင်လယ်
မြန်မာနွေဦး ခရိုနီကယ် - မေ ၁၄ မြင်ကွင်း
(မိုးမခ) မေ ၁၅၊ ၂၀၂၄
လက်နက်ကြီး ထိမှန် သေဆုံးမှုတွေ၊ စစ်ဘေးရှောင်သူတွေ ရိက္ခာအခက်အခဲနဲ့ နိုင်ငံအနှံ့အပြားရင်ဆိုင်နေကြရတဲ့ ဒုက္ခပင်လယ်
နေ့စဥ်သတင်းတွေ ဖတ်ရှု၊ နားဆင်တဲ့ အခါ လက်နက်ကိုင် တပ်ဖွဲ့အချင်းချင်း တိုက်ခိုက်မှုရလဒ်၊ လက်နက်၊ နယ်မြေတွေ သိမ်းယူရရှိခြင်း၊ အနိုင်ရခြင်း၊ ဆုတ်ခွာခြင်း စတဲ့ သတင်းတွေက ပုံမှန်ပါရှိနေတာဖြစ်ပြိး အရပ်သားတွေ ဖမ်းဆီးခံရတဲ့သတင်းတွေ၊ စစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသတ်ဖြတ်တာ၊ လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားရာဒေသတွေ တစတစ ပိုမိုကျယ် ပြန့်လာတာ၊ မြို့တွေရွာတွေ မီးရှို့ခံရတာ၊ တနယ်နဲ့တနယ် ကုန်ပစ္စည်းသယ်ယူရာမှာ ကြီးမားတဲ့ ပမာဏနဲ့ အခွန်အကောက်တွေ ပေးဆောင်ကြရတာတွေကိုလည်း နေ့စဥ်တွေ့မြင်နေကြရတာ ဖြစ်ပါတယ်။
အလားတူသတင်းတွေအပြင် လက်နက်ကြီး ကျည်ထိမှန်သေဆုံးရတဲ့အဖြစ်အပျက်တွေ နိုင်ငံအနှံ့ အပြားမှာဖြစ်ပွားနေသလို စစ်ဘေးရှောင်အရေအတွက် လျင်မြန်စွာတိုးမြင့်လာနေသလို စစ်ဘေးရှောင်သူတွေရဲ့ ရိက္ခာ အခက်အခဲ၊ ပြင်းထန်တဲ့ရာသီဥတုအခြေအနေအောက်မှာ မကျန်းမမာဖြစ် လာခဲ့ရင် ဆေးရုံ ဆေးခန်းတွေမရှိတဲ့ ပြဿနာ အစရှိတဲ့ပြဿနာတွေက တခုပေါ် တခုဆင့်ကာ အသက်ရှင်သန်နေထိုင်ဖို့ အခက်ခဲဆုံးကာလလို့ဆိုရင်မှားမယ် မထင်ပါဘူး။
အခုလိုအချိန်မှာ စစ်ဘေးရှောင်တွေ ရိက္ခာအခက်အခဲရှိနေတဲ့သတင်းမျိုးကလည်း မြန်မာနိုင်ငံရဲ့ နေရာအများစုမှာ ကြုံတွေ့နေကြရတာမျိုး ဖြစ်လို့ မထူးဆန်းတော့တဲ့သတင်းဖြစ်နေတဲ့သဘောလည်းဖြစ်ပါတယ်။ အလားတူလက်နက်ကြီးကျည်က ကျေးရွာတွေလူနေအိမ်တွေအပေါ် ထိမှန်ပြီး အသက်ဆုံးရှုံးကြရတဲ့ဖြစ်စဥ်တွေကလည်း သတင်းတွေထဲ နေ့စဥ်လိုလိုပါရှိနေတာဖြစ်ပါတယ်။ စစ်ပွဲတွေဖြစ်ပွားလာတဲ့အခါ အသက်အန္တရာယ်မကျရောက်ဖို့ရာ နေအိမ်၊ အလုပ်အကိုင်၊ အသက် မွေးဝမ်းကျောင်းအလုပ်တွေအားလုံးကိုချန်ထားခဲ့ရပြီး တိမ်းရှောင်တဲ့အခါ အထိုက်အလျောက်ယူဆောင်ဖို့အချိန်ရတဲ့အခြေအနေတွေရှိသလို မျှော်လင့်မထားတဲ့အခြေအနေမျိုးမှာ ရုတ်တရက် နာရီပိုင်းအတွင်း တိမ်းရှောင်ရတာမျိုးလည်း ရှိကြတာဖြစ်ပါတယ်။
ကျေးရွာတွေမှာ ရုတ်တရက် စစ်ကြောင်းဝင်လာတယ်ဆိုတဲ့အခြေအနေမျိုးမှာ အဝတ်တထည် ကိုယ်တခုနဲ့ထွက်ပြေးကြရတာမျိုးဖြစ်ပါတယ်။ ထွက်ပြေးတဲ့နောက် နေအိမ်တွေမီးရှို့ခံရတဲ့အဖြစ် အပျက်တွေကလည်း တွဲလျက်ဖြစ်ပွားတတ်တဲ့အရာဖြစ်လို့ နေအိမ်၊ အသုံးအဆောင်၊ ဆန်စပါး၊ ရိက္ခာတွေအားလုံးဆုံးရှုံးကြရတာမျိုး ဖြစ်ပါတယ်။ မြို့တွေမှာ ဖြစ်ပွားတဲ့တိုက်ပွဲလိုမျိုးမှာတော့ အချိန်အထိုက်အလျောက်ရရှိကြပြီး မိမိနဲ့ တပါထည်း ယူနိုင်သလောက်သယ်ဆောင်ပြီး တိမ်း ရှောင်ကြရတာမျိုးဖြစ်ပါတယ်။ သို့ပေမယ့်လည်း မြို့နေလူထု အနေနဲ့ စားသောက်ဖို့ ရိက္ခာတွေ များများစားစား မသယ်ဆောင်နိုင်ကြပါဘူး။ စတင်တိမ်းရှောင်စဥ်က ရက်အနည်းငယ်လောက်လို့ ယူဆခဲ့ရာက လနဲ့ချီကြာမြင့်တဲ့အဖြစ်အပျက်တွေ အများအပြားဖြစ်ပွားနေကြတာ သတင်း၊သတင်းဆောင်းပါးတွေမှာ ဖတ်ရှုကြားသိနေရတာ ဖြစ်ပါတယ်။ မိမိတို့ မွေးမြူထားတဲ့ တိရစ္ဆာန်တွေကို အစာကျွေးဖို့ ရွာကို ခေတ္တပြန်ကြည့်ရင်း ပစ်ခတ်ခံရပြီး အသက်ဆုံးရှုံးတာ၊ ရိက္ခာပြန်ယူရင်း အသက်ဆုံးရှုံးတာတွေ မကြာခဏ သတင်းတွေထဲ တွေ့နေရတာ ဖြစ်ပါတယ်။
ဆီဆိုင်မြို့က စစ်ဘေးရှောင်သူတွေ ရိက္ခာပြန်ယူဖို့ မြို့ကို ခေတ္တသွားရောက်စဥ် ဒရော့ပ်ဗုံးချခံရတာကြောင့် အသက်ဆုံးရှုံးရတာ၊ ပြင်းထန်တဲ့ ဒဏ်ရာရတဲ့ ဖြစ်စဥ်တွေလည်း တခုမကရှိခဲ့တာ ဖြစ်ပါတယ်။ လက်နက်ကိုင် မဟုတ်တဲ့ အရပ်သားတွေကိုလည်း ပစ်မှတ်ထားကာ တိုက်ခိုက်နေကြရာမှာ စစ်ဘေးရှောင်တွေ အဖို့ ငတ်သေမလား၊ ရိက္ခာပြန်ယူတဲ့အခါ လက်နက်၊ ဗုံးတွေကြောင့် အသက်ဆုံးရှုံးမလားဆိုတဲ့ ခက်ခဲတဲ့ ရွေးစရာလမ်းတွေသာ ရှိကြတာ ဖြစ်ပါတယ်။
ဘယ်မြို့ ဘယ်နယ်၊ ဘယ်ဒေသမှာ စစ်ဘေးရှောင်တွေ ရိက္ခာအခက်အခဲရှိနေတယ် ဆိုတဲ့သတင်းဟာ ထူးဆန်းတဲ့အများအဖို့တော့ သတင်းမဟုတ်တော့သလိုဖြစ်နေတာကြောင့် ကူညီနိုင်စွမ်း သိ သိသာလျောသာ့နည်းလာနေပြီး အများသိအောင် သတင်းတွေမှာဖေါ်ပြပေမယ့်လည်း ပုံမှန်အခြေ အနေတွေတုန်းကလို ကူညီမယ့် အဖွဲ့အစည်း၊ လှူဒါန်းမယ့်သူတွေ များများစားစား မရှိကြတော့ပါဘူး။ မြို့တိုင်းနယ်တိုင်း ဒုက္ခနဲ့ ကြုံတွေ့နေကြရသူချည်းဖြစ်လို့ အခြားနယ်တွေ အခြားရွာတွေ အခြားမြို့တွေကို ကူညီနိုင်ဖို့မလွယ်ကူကြတော့ပါဘူး။ တဖက်မှာလည်း လက်နက်ကိုင် တိုက်ပွဲတွေ၊ စစ်ဆေးရေး ဂိတ်တွေ၊ ပိတ်ဆို့မှုတွေနဲ့ နိုင်သလောက် ကူညီနိုင်ဦးတော့ သယ်ယူပို့ဆောင်ပေးမယ့်သူတွေ နယ်မြေ တခုနဲ့တခု သယ်ဆောင်ရာမှာ အတားအဆီးတွေမှာ သိမ်းယူခံရမယ့်အရေး၊ အဆင်မသင့်ရင် အဖမ်းခံရမယ့်အရေးတွေကြောင့် နယ်ကျော်ပြီး ကူညီတာမျိုး သိပ်မတွေ့ရတော့ပါဘူး။
အခုကာလဟာ ပြည်သူလူထုတွေအဖို့ မိမိတို့ ဒုက္ခကို မိမိတို့ဘာသာ ခါးစည်းခံစားကြရမယ့်အချိန်ကာလလို့ဆိုရင် မှားမယ်မထင်ပါ။ လူမှုအသိုင်းအဝိုင်းအချင်းချင်းကူညီကြတဲ့ အကူအညီမျိုးတွေ မရနိုင်ကြတော့သလို အစိုးရဆိုတာလည်း ကူညီဖို့ ထက် အာဏာခိုင်မြဲအောင် လူထုကိုအသုံးချဖို့သာရှုမြင်ထားကြတာမို့လို့ မြန်မာနိုင်ငံက ပြည်သူလူထုအနေနဲ့ အခက်ခဲဆုံးကာလတွေကို ကျော်ဖြတ်နေရတဲ့အနေအထားလို့ဆိုရင် မှားမယ်မထင်ပါ။ နိုင်ငံတကာအနေနဲ့ လူသားချင်းစာနာမှု အကူ အညီတွေပေးအပ်နိုင်ဖို့ စစ်ကောင်စီကို အာဆီယံအဖွဲ့အနေနဲ့ တိုက်တွန်းထားတဲ့ မူ ၅ ချက်မှာ ပါရှိပြီးဖြစ်ပေမယ့် စစ်ပွဲတွေ ဖြစ်ပွားနေတဲ့ကာလမှာ ဘယ်လက်နက်ကိုင်အဖွဲ့ကမှ လူသားချင်းစာနာမှု အကူအညီအတွက် လမ်းကြောင်းဖွင့်ပေးတာမျိုး ခွင့်မပြုကြပါဘူး။ ရန်သူကို လက်နက်နဲ့ တိုက် ခိုက်နေစဥ်မှာ ရိက္ခာ၊ အဆက်အသွယ်တွေဖြတ်တောက်ပိတ်ဆို့တာမျိုးကို ကျင့်သုံးကြတာကြောင့် လက်နက်ကိုင်တိုက်ပွဲနယ်မြေက လူထုအဖို့ ရိက္ခာ၊ လူသားချင်းစာနာမှုအကူအညီတွေရဖို့ အလှမ်း ဝေးသွားရတဲ့ အကြောင်းအချက်တရပ်ဖြစ်ပါတယ်။
လက်ရှိ မြန်မာနိုင်ငံမှာ လက်နက်ကိုင် တိုက်ပွဲမဖြစ်ပွားသေးတဲ့ နယ်မြေဒေသတွေက တနိုင်ငံလုံးရဲ့ ၅၀ ရာနှုန်းအောက်သာ ရှိတော့မယ့် အနေအထားမျိုးဖြစ်ပြီး လက်နက်ကိုင်တိုက်ပွဲ မဖြစ်သေးတဲ့ ဒေသတွေမှာလည်း တရားဥပဒေ မစိုးမိုးတာ၊ ရာဇဝတ်မှု မြင့်တက်လာတာ၊ ပုံမှန်အချိန်ကာလမျိုးမှာမပေးဆောင်ရတဲ့ စစ်ပွဲနဲ့ဆက်နွှယ်တဲ့အခွန်အကောက်တွေကို ပေးဆောင်ရတာ၊ အလုပ် အကိုင် ဝင်ငွေအခွင့်အလမ်း ကျဆင်းလာတာတွေ ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။ လက်နက်ကိုင် တိုက် ပွဲမဖြစ်သေးတဲ့ဒေသတွေက ဒုက္ခထက် လက်နက်ကိုင်တိုက်ပွဲဖြစ်ပွားနေတဲ့ ဒေသက ပြည်သူ လူ ထုရဲ့ ဒုက္ခက ဆယ်ဆမက ဆိုးရွားပြီး အသက်ဆုံးရှုံးမယ့်အန္တရာယ်နဲ့ အသက်မဆုံးရှုံးသည့်တိုင် ဆက်လက်ရှင်သန်ဖို့ ခက်ခဲလွန်းတဲ့ အခြေအနေတွေအောက်မှာ နေ့စဥ်ရေတွက် ဖြတ်သန်းနေကြရတာ ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar