Breaking News

မျိုးသန့်ထွန်း(စစ်ကိုင်း) - ဆော့ခရတ္တိရဲ့ လူလုပ်ပြဋ္ဌာန်းဥပဒေ


မျိုးသန့်ထွန်း(စစ်ကိုင်း) - ဆော့ခရတ္တိရဲ့ လူလုပ်ပြဋ္ဌာန်းဥပဒေ

(မိုးမခ) မေ ၁၄ ၊ ၂၀၂၄

ဒေါက်တာမြင့်ဇံရဲ့ ထိုစာအုပ်အမည်က "ဆော့ခရတ္တိရဲ့ လူလုပ်ပြဋ္ဌာန်းဥပဒေလိုက်နာရေးနှင့်တမလွန်အယူအဆ"ကိုလေ့လာသုံးသပ်ခြင်း ဖြစ်ပါတယ်။ ဒီစာအုပ်ကို ၂၀၁၆ ဧပြီလ၊ ရှင်မ‌တောင်စာပေတိုက် ထုတ်‌တယ်။ ရောင်းမကောင်းတဲ့စာအုပ် ဖြစ်နေတယ်။ စာအုပ်ဆိုင်မှာ ၅ အုပ်တင်ရင်း ၂ အုပ်လောက် ရောင်းရရင် ကံကောင်းတဲ့ စာအုပ်မျိုး။ ဗမာပြည်က လူတိုင်းဟာ တွေးခေါ်ရမှာကြောက်ကြတယ်။ အချို့ကို‌ ပြောပါတယ်။ မကြောက်ပါနဲ့။ ဒီစာအုပ်ကို ဖတ်ကြည့်ပါ။ ကမ္ဘာကျော်အတွေးအခေါ်ပညာရှင်ကြီးဆော့ခရတ္တိရဲ့ အမှန်တရားအတွက် အသက်ကို စွန့်လွှတ်ခဲ့ရတယ်။ဒီစာအုပ်မှာ "ဆော့ခရတ္တိရဲ့ဘဝနိဂုံး"ကို သေသေချာချာ စေ့စေ့စပ်စပ် သုံးသပ်ထားပါတယ်။ ဆော့ခရတ္တိအကြောင်း ရေးသားတဲ့ အင်္ဂလိပ်စာအုပ် ၃ အုပ်ကိုလည်း စာရေးသူက ဝေဖန်သုံးသပ်ပြထားပါတယ်။ ဆော့ခရတ္တိရဲ့ တမလွန်အယူအဆကို ဒီစာအုပ်မှာ ဆွေးနွေးထားတာတွေ့ရတယ်။ တမျိုးဆန်းသစ်တဲ့ ဆော့ခရတ္တိရဲ့ အယူအဆကို ဝေဖန်ထားတာလည်း ထည့်ရေးသားထားတယ်။

ဒီစာအုပ်ကိုဖတ်မှ ဂရိနိုင်ငံ၊ အေယ်သင်မြို့က အာဏာပိုင်တွေက ဆော့ခရတ္တိကို ဘာကြောင့်တရားစွဲတယ်ဆိုတာသိရမယ်။ ဆော့ခရတ္တိကို အယ်သင်လူ့အဖွဲ့အစည်းကို နှောင့်ယှက်ဖျက်ဆီးလိုမှုနဲ့တရားစွဲတယ်။ ဒါပြင် အယ်သင်မြို့က လူငယ်တွေရဲ့ အတွေးအခေါ်တွေကို ဖောက်လွှဲဖောက်ပြန်ပျက်စီးစေမှုနဲ့ စွဲချက်တင်တယ်။‌ ဒါကြောင့် ဆော့ခရတ္တိကို အယ်သင်ဂျူရီလူကြီး ၅၀၀က တရားစွဲရုံးတင်တယ်။ ဂျူရီလူကြီး ၅၀၀ ထဲက ၂၈၀ က အပြစ်ရှိ မဲပေး ဆုံးဖြတ်ခဲ့တယ်။ ဂျူလူကြီး ၂၂၀ က အပြစ်မရှိ မဲပေးခဲ့ကြတယ်။ အဲဒီခေတ်က ဂရိနိုင်ငံတော်ဟာ ဒီမိုကရေစီနိုင်ငံတော်ကြီး ဖြစ်နေပါတယ်။ ဆော့ခရတ္တိရဲ့ နောက်ဆုံးချိန်တရားစွဲပြီး အဆိပ်ရည်(Hemlock)ကို သောက်စေခြင်း ကွပ် မျက်ခဲ့ပုံဟာ စိတ်ဝင်စားစရာကောင်းပါတယ်။ ဒေါက်တာမြင့်ဇံ ရေးတဲ့ ဆော့ခရတ္တိ စာအုပ်ဟာ ဝေဖန်မှုတွေ ဆန်းစစ်မှုတွေ များပြားလှပါတယ်။ 

ဒီအပြင် ဆော့ခရတ္တိနဲ့ ဆက်နွှယ်ပြီး အာဏာရှင်ဟောင်းဗိုလ်ချုပ်ကြီးနေဝင်း၊ ဒေါက်တာဘမော်၊ ဒဿနပညာရှင် ဘာထရန်ရပ်ဆယ်၊ တရားရေးဝန်ကြီးချုပ်ဦးမြင့်သိန်း စတဲ့ ပုဂ္ဂိုလ်ကျော်တွေ ကို ဆက်စပ်ပြတဲ့ အတွေးအခေါ်တွေးဟာ စာဖတ်သူများအတွက် တန်ဖိုးထားရမယ့် အရာတွေဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။ဆော့ခရတ္တိ ဆိုတဲ့ ရာဝင်အိုးအထဲကို ဒေါက်တာဘမော်၊ ဗိုလ်ချုပ်ကြီးနေဝင်း၊ ပလေတို၊ ဝန်ကြီးချုပ်ဦးနု၊ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးသိန်းစိန်၊ အမတ်ကြီးဦးပေါ်ဦး စတဲ့ပုဂ္ဂိုလ်တွေကို ရောသမမွှေပြီး ထည့်ထားပြီး ဆက်စပ်သုံးသပ်ပြသွားတာဟာ စာရေးသူရဲ့ ချစ်စရာဓလေ့လို ဖြစ်နေပါတယ်။ စိတ်ဝင်းစရာနောက်တစ်ခုက ဆော့ခရတ္တိရဲ့ မယားပြိုင်ထားမှု ဆိုတဲ့အချက်ပါပဲ။ ဆော့ခရတ္တိဟာ မယားနှစ်ယောက်ယူထားတာ ထိုစာအုပ်မှာ ဖတ်ရတာ စိတ် ဝင်စားစရာ ဖြစ်နေပါတယ်။



ဒီစာအုပ်ရဲ့ ထူးခြားချက်က ဆော့ခရတ္တိရဲ့ တမလွန်အယူအဆကို ဆွေးနွေးတင်ပြထားတယ်။မြန်မာ‌တွေ ဖတ်ဖူးတဲ့ ဆရာဇော်ဂျီရဲ့ 'ပလေးတိုးနိဒါန်း' စာအုပ်‌မှာလည်း ဆော့ခရတ္တိရဲ့ တမလွန်အယူအဆကို အနည်းငယ်ပဲ ပါရှိတယ် ထင်တယ်။

ဒေါက်တာမြင့်ဇံရဲ့စာအုပ်မှာ ထိုအပိုင်းကို သေသေချာချာ စူးစမ်းထားပါတယ်။ အခုနေအခါတော့ "ဆော့ခရတ္တိရဲ့ လူလုပ်ပြဋ္ဌာန်းဥပဒေလိုက်နာရေးနှင့် တမလွန်အယူအဆ" (၂၀၁၆) စာအုပ်ဟာ စာ အုပ်ဆိုင်တွေမှာ ရှိ၊ မရှိ အာမမခံပါ။ဒီစာအုပ်ဖတ်ကြည့်သင့်တယ်လို့ အကြံပြုပါရ‌စေ။

မျိုးသန့်ထွန်း(စစ်ကိုင်း)

၁၃-၅-၂၀၁၄

-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar