Breaking News

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်က ရိုဟင်ဂျာတွေနဲ့ အာရက္ခတပ်တော်


မြန်မာနွေဦး ခရိုနီကယ် - မေ ၂၂ မြင်ကွင်း
(မိုးမခ) မေ ၂၃၊ ၂၀၂၄

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်က ရိုဟင်ဂျာတွေနဲ့ အာရက္ခတပ်တော်

လတ်တလော ရခိုင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ၊ စစ်ဆင်ရေးတွေအတွင်း အထူးသဖြင့် ရခိုင်ပြည် နယ် ဘူးသီးတောင်ဒေသမှာ ဖြစ်ပွားနေတဲ့စစ်ဆင်ရေးတွေ တိုက်ခိုက်မှုတွေအတွင်း အရပ်သားပြည်သူတွေကို အကာအကွယ်ပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ချက် တစောင်ထုတ်ပြန်ခဲ့ပြီး အဆိုပါ ထုတ်ပြန်ချက်ရဲ့ ရည်ရွယ်ချက်က စစ်ကောင်စီ လက်နက်ကိုင်တပ်တွေကို သာရည်ရွယ်တာမဟုတ်ပဲ၊ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာလှုပ်ရှားနေတဲ့ အာရက္ခတပ်တော်ကိုလည်း ရည်ရွယ်ထားတာ တွေ့ရပါတယ်။ ရခိုင်ပြည်နယ် ဘူးသီးတောင်ဒေသမှာရှိတဲ့ ရခိုင်၊ ရိုဟင်ဂျာ၊ ဟိန္ဒူလူမျိုးတွေရဲ့ နေအိမ်တွေ ဖျက်ဆီးခံရတာ၊ အတင်းအဓမ္မရွှေ့ ပြောင်းဖို့ တိုက်တွန်းမှုတွေ လေကြောင်းတိုက်ခိုက်မှုတွေကိုကြားသိရပြီး NUG အနေနဲ့ စိုးရိမ်ရတဲ့အကြောင်းနဲ့ ကလေးသူငယ်၊ အသက်ကြီးသူတွေ ထိခိုက်လွယ်သူတွေကို အကာအကွယ်ပေးဖို့ နယ်စပ်ဖြတ်ကျော် အကူ အညီအပါအဝင် လူသားချင်းစာနာမှု အကူအညီရယူပိုင်ခွင့်ကို တောင်းဆိုလိုက်ကြောင်း ထုတ်ပြန်ချက်မှာ ဖေါ်ပြထားတာတွေ့ ရပါတယ်။

ဒီထုတ်ပြန်ကြေညာချက်အပေါ် အာရက္ခတပ်တော် AA အနေနဲ့ တော့ ၄င်းတို့ကို စစ်ကောင်စီနဲ့ တတန်းထည်းထားပြီး ရည်ရွယ်ပြောဆိုတဲ့သဘောမျိုးလို့ နားလည်ပြီး ဒီကြေညာချက်ကို တုံ့ပြန်ပြောဆိုတယ်လို့ ယူဆရတဲ့ AA စစ်ဦးစီးချုပ်ဖြစ်သူက ဆိုရှယ်မီဒီယာမှာ ရေးသားမှုတခုလည်း တွေ့ရပါတယ်။ “ကြောင်းကျိုးဆီလျှော်သော အမှန်တရားထက်၊ အလှူရှင်များအကြိုက် မျက်နှာပြောင်တိုက်ကြလေသော ကြောင်သူတော်မိတ်ဆွေတို့အတွက် ၄င်းတို့နှင့်ထိုက်တန်သောနိုင်ငံရေး အနာဂတ်မှာ စံပျော်ရပါစေကြောင်း ဆုတောင်းလိုက်ပါသည်” ဆိုသည့် စာသား ရေးသားနဲ့ တုံ့ပြန်ခဲ့တာ တွေ့ရပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရနဲ့ AA တို့အကြားဆက်ဆံရေးက အခြားသောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့စာရင် အနည်းငယ်အလှမ်းဝေးတယ်လို့ ဆိုမယ်ဆို ဆိုနိုင်ပါတယ်။ AA အနေနဲ့ မြောက်ပိုင်းညီနောင် လက်နက်ကိုင်အခြား ၂ ဖွဲ့ဖြစ်တဲ့ တအန်းပလောင်အဖွဲ့နဲ့ ကိုးကန့်အဖွဲ့တို့နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိပြီး ကျန်လက်နက် ကိုင်အဖွဲ့တွေနဲ့ ဒိလောက်ရင်းနှီးတဲ့ ဆက်ဆံရေးမတွေ့ရသလို NUG နဲ့ ဆွေးနွေး ပြောဆိုမှု အကြိမ်ရေ အနည်းငယ်ရှိတာကလွဲလို့ ပူးပေါင်းလုပ်ဆောင်မှုတွေ မရှိခဲ့ပါဘူး။ ပြီးခဲ့တဲ့နှစ်ကာလတွေမှာ AA အနေနဲ့ ရိုဟင်ဂျာ လူ မျိုးစုတွေနဲ့ပတ်သက်ပြီး ကောင်းမွန်တဲ့ဆက်ဆံရေးရှိခဲ့တယ်လို့ အပြင်ပန်းအားဖြင့်ဆိုနိုင်ပြီး မကြာသေးခင်လတွေအတွင်းစစ်ကောင်စီက ဒုက္ခသည်စခန်းက ရိုဟင်ဂျာတွေကို အကြပ်ကိုင်ဖိအားပေးကာ စစ် သားစုဆောင်းခဲ့ရာက AA နဲ့ ရိုဟင်ဂျာတွေအကြား ပဋိပက္ခဖြစ်စေနိုင်တဲ့အကြောင်းအရာတခု စတင်ခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ အဲဒီနောက် စစ်ကောင်စီက ရိုဟင်ဂျာတွေကို AA ဆန့်ကျင်ရေးဆန္ဒပြပွဲတွေလုပ်ဖို့ စေခိုင်းခဲ့တာတွေကလည်း AA နဲ့ ရိုဟင်ဂျာလူမျိုးတွေအကြား နားလည်မှုလွဲမှားစေဖို့ဖြစ်လာခဲ့တာပါ။ အဲဒီနောက် ဘူးသီးတောင်မြို့ ပေါ်က နေအိမ်တွေ မီးရှို့ဖျက်ဆီးတာ၊ နေအိမ်တွေက တန်ဖိုးရှိတဲ့ပစ္စည်းတွေ ယူဆောင်တာတွေဖြစ်ပွားလာပြီး ရခိုင်လူထုနဲ့ ရိုဟင်ဂျာ လူထုအကြားမှာပါ နားလည်မှုလွဲမှားစရာဖြစ်လာစေတာ တွေ့ရပါတယ်။

AA လက်နက်ကိုင်အဖွဲ့အနေနဲ့ ရခိုင်ပြည်နယ်မှာ အချိန်တိုတိုကာလအတွင်း မြို့ရွာတွေ၊ စစ်တပ်စခန်းတွေ၊ ဗျူ ဟာစခန်းတွေကိုသိမ်းယူနိုင်လာပြီး ထပ်မံပြီးသိမ်းယူဖို့စိတ်စောနေသလို မြို့တွေမှာနေထိုင်နေကြတဲ့သူတွေကိုလည်း ရွှေ့ပြောင်းကြဖို့ နှိုးဆော်တာတွေ လုပ်နေတာဖြစ်ပါတယ်။ ဒီလို မြို့သိမ်းတိုက်ပွဲတွေဆင်နွှဲဖို့အတွက် မြို့နေလူထုကို ရွှေ့ပြောင်းဖို့ သတိပေးချက်ထုတ်တဲ့အခါ အချိန်တိုအတွင်း ရွှေ့ပြောင်းခိုင်းတာတွေအတွက်လည်း AA အပေါ် ဝေဖန်မှုတွေရှိနေပြီး အဓမ္မရွှေ့ပြောင်းမှုအဖြစ် ဝေဖန်ပြောဆို ကြတာလည်း ဖြစ်ပါတယ်။

NUG ရဲ့ ထုတ်ပြန်ချက်ထုတ်ပြန်ပြီးနောက်ရက်မှာ အရပ်ဖက်အဖွဲ့အစည်း ၁၉၅ ဖွဲ့ ကလည်း လက်နက်ကိုင် တပ်တွေအနေနဲ့ အရပ်သားတွေကိုအကာအကွယ်ပေးကြဖို့ တိုက်တွန်းတဲ့ ကြေညာချက်တစောင် ထပ်မံထွက်ပေါ်လာပါတယ်။ အနောက်နိုင်ငံအစိုးရအဖွဲ့အချို့၊ ကုလသမဂ္ဂလူ့အခွင့်အရေးအဖွဲ့နဲ့ ရိုဟင်ဂျာအဖွဲ့အစည်းတွေကတော့ ၂၀၁၇ ခုနှစ်တုန်းက စစ်တပ်က ကျူးလွန်ခဲ့တဲ့လူမျိုးတုန်းသတ်ဖြတ်မှုတွေကြောင့် လတ်တလော လက်နက်ကိုင်တိုက်ပွဲတွေ စစ်ဆင်ရေးတွေအကြား အရပ်သားတွေကို လူမျိုး၊ ဘာသာရေးအစွဲနဲ့ သတ်ဖြတ်တာတွေဖြစ်ပွားလာမှာကို စိုးရိမ်ကြတာ ဖြစ်ပါတယ်။ လက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ ရန်သူ၊ မိတ်ဆွေ သတ်မှတ်မှုအပေါ်မှာမူတည်ပြီး တိုက်ခိုက်ကြတာ၊ သတ်ဖြတ်ကြတာတွေကဖြစ်နိုင်ခြေရှိတာကြောင့် အရပ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ စိုးရိမ်ပူပန်ကြတာ ဖြစ်ပါတယ်။

ဒီနေရာမှာ AA ကိုဆန့်ကျင်တဲ့အမြင်ရှိတာကြောင့် အခုလိုနှိုးဆော်တဲ့ ထုတ်ပြန်ချက်မျိုးထုတ်ပြန်တာဆိုတဲ့ အမြင်တွေလည်း ပေါ်ထွက်လာပြီး၊ အနောက်နိုင်ငံက အကူအညီတွေကိုမှီခိုပြီး အလှူရှင်နိုင်ငံတွေရဲ့အလိုကျ အခုလို ထုတ်ပြန်ချက်မျိုးထုတ်ပြန်တာလို့ယူဆချက်တွေလည်း AA အဖွဲ့နဲ့ အချို့ရခိုင်လူမျိုးတွေက ရှုမြင်ကြပါတယ်။ စစ်အာဏာရှင်စနစ်နဲ့ အာဏာရှင်တွေကိုတော်လှန်ပြီး ဖက်ဒရယ်၊ ဒီမိုကရေစီစနစ်တွေဆီ ဦးတည်သွားကြမယ့် စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးမှာ စစ်ရေးအင်အားကအရေးကြီးပြီး အဓိကကျတာမှန်သော် လည်း လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ လူ့အခွင့်အရေးနဲ့ အရပ်သား၊ လက်နက်ကိုင် ခွဲခြားပြုမူဆက်ဆံကြဖို့လည်း အရေးကြီးတာ ဖြစ်ပါတယ်။
-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar