Breaking News

လေခဏီ - ကြောင်သူတော်မိတ်ဆွေများ

လေခဏီ - ကြောင်သူတော်မိတ်ဆွေများ

(မိုးမခ) မေ ၂၄၊ ၂၀၂၄

ခံတွင်းချဉ်တာလား၊ ဖင်ယားတာလားတော့ ကွဲမှ။ တခြားမှာ မကွဲရင် ရမယ်၊ တော်လှန်ရေးမှာတော့ မရဘူး။

ဗိုလ်ချုပ်ထွန်းမြတ်နိုင်က "ကြောင်သူတော်မိတ်ဆွေများ" တဲ့၊ ပြောပြီ။ ကိုကျော်ပြောတာဆို အရေးမဟုတ်ဖူး။ တပ်တော်ဗိုလ်ချုပ်ပြောနေတာ။ နဂိုကထဲက အနီဘဲဖြစ်ဖြစ် အစိမ်းဘဲဖြစ်ဖြစ် ဘယ်ဒုတ်နဲ့ရိုက်ရိုက် နာတယ်ပြောခဲ့သူ။ အပြင်မှာချည်းနေလို့ အပြင်ဆက်ဆံရေးကောင်းဖို့ချည်းမကြည့်နဲ့။ အတွင်းမှာက သွေးနဲ့အသက်ဘဲရှိတာ။

"ထိုက်တန်သောနိုင်ငံရေးအနာဂတ်တွင် နေပျော်စေရန်ဆုတောင်းပါတယ်" ဆိုတာက ဘယ်ထိ ရည်ညွှန်းသလဲ။ တော်လှန်ရေးအစီအစဉ်တွေ ထိပါးသွားနိုင်လား။ တော်လှန်သူတွေ စစ်ရှောင်တွေ စစ်ပြေးတွေ ဘယ်လောက်အားပျက်သွားမလဲ။ အရင်မြောက်ပိုင်းအပစ်ရပ်ထဲက အိမ်ပြန်လမ်း မျှော်လင့်ချက်တွေချေမွခံထားရတဲ့ဒုက္ခသည်တွေကိုလဲ ကြည့်ကြအုံး။ ကိုယ်နေနေရတဲ့အခြေအနေက ခံတွင်းလဲချဉ် ဖင်လဲယားလို့ရပေမယ့် မြေပြင်ရှေ့တန်းကတော့ ဘာမှမရ။ စစ်ဥထမ်းဥနဲ့အတင်းဇွတ်ခေါ်သွားခံရလဲ အဲဒီလူဟာ လက်ထဲသေနတ်နဲ့ရှေ့တန်းရောက်လာရင် ရန်သူဘဲလေ။ သူမသတ် ငါသေ၊ ငါမသတ် သူသေ။ ကြားမရှိ။ ငါသေ တော်လှန်ရေးရှုံး။ ငါမသတ် ငါ့တော်လှန်ရေးသေ။

"ကျိုးကြောင်းဆီလျော်သောအမှန်တရားထက် အလှူရှင်များအကြိုက် မျက်နှာပြောင်တိုက်ကြ" တဲ့၊ ပြောလဲ ပြောစရာ။ တချို့လဲ ပါးစပ်ကစားစရာမျိုဖို့အတွက် စကားအသပြာဆိုရသကိုး။ ဒါပေလို့လဲ လူ့အသက်ချည်းရင်းနေကြရတဲ့ မမြင်ကွယ်ရာက ရှေ့တန်းကိစ္စတွေကို မျက်မမြင်ဆင်စမ်းသလို မမြင်ချင်းမှန်းပြော အကန်းချင်းပင်းယုံပေးနေတာမျိုးတော့ မလုပ်နဲ့လေ။ သွေးစီးချောင်းဘေးရပ်ကြည့်နေတာဘဲ၊ လေနဲ့ စိုးရိမ်ရတဲ့အာသာကလဲ ပြေချိန်တန်ပေါ့။

AA က "စစ်ကောင်စီနဲ့ပူးပေါင်းဆောင်ရွက်နေတဲ့ ဘယ်အဖွဲ့အစည်းမဆို၊ ဘယ်သူမဆို ရှင်းလင်းပစ်မယ်" လို့ ပြောထားသားဘဲ။ ဒါက သူမှ မဟုတ်ပါဘူး၊ အားလုံးလုပ်နေကြရတဲ့ တော်လှန်‌ေရးရဲ့အလုပ်ဘဲ။ ပြည်မမှာ ဒလန်တောင် မထားတာ။ Non-CDMတောင် သူ့အလုပ်ထက်ပိုလာရင် ရှင်းပစ်နေကြရတာ၊ အုပ်ကြီးကတော့မပြောနဲ့၊ "လုံးဝ အုပ်ချုပ်၍မရစေရ" ဆိုတဲ့ တော်လှန်ရေးရဲ့မွေးရာပါပစ်မှတ်။ ဒီတော်လှန်ရေးက စကထဲက ဓမ္မ အဓမ္မမူနဲ့စခဲ့တာ။ ဘယ်လူမျိုး ဘယ်ဘာသာ ဘယ်အတန်းအစားမှ ချွင်းချက်မရှိ။ ဘုံရန်သူတိကျပြီးသား၊ မင်းဘယ်ဘက်လဲဘဲ။ ဘက်မတူရင် ရန်သူဘဲ။ ဘုန်းကြီးလဲမရ၊ လူလဲမရ၊ နတ်လဲမရ၊ ဗြဟ္မာလဲမရ၊ ဘာလူမျိုးမှမရ၊ ဘယ်သူမှမရ။ စစ်ဥမှာ အတင်းဆွဲခေါ်ခံရတာနဲ့ အတင်းတွန်းပို့တာနှစ်မျိုးရှိ။ ပအိုဝ်းတွေကနမူနာဘဲ။ လူကြီးပိုင်းက နောက်ဆက်တွဲရည်ရွယ်ချက်နဲ့ တွန်းထိုးထည့်ကြ။

ဘက်မတူရင် ရန်သူလို့သတ်မှတ်တာက ရှင်းတယ်၊ အဓမ္မဘက်မှာနေလို့။ အဓမ္မဘက်ကနေ သေနတ်ပါကိုင်ထားရင်တော့ ဘယ်သူမှ အချိန်ပေးစည်းရုံးဟောပြောနေလို့မရ။ ပြောစရာအကြောင်းမရှိ။ လက်နက်ပါမချရင်တော့ သူ့ထိုက်နဲ့သူ့ကံ အပြတ်နှံဘဲ။

နွေဦးက သေခြင်းနဲ့သတ်ခြင်းဘဲရှိတဲ့တံတားလေးပေါ်မှာ မျက်နှာချင်းဆိုင်ထားကြတာ။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar