ဆယ်ပေါင်တူ - သို့... ဘဘပုကြင်
ဆယ်ပေါင်တူ - သို့... ဘဘပုကြင်
(မိုးမခ) ဇွန် ၉ ၊ ၂၀၂၄
နေရာက နေပြည်တော်ဟု အမည်ရသော ပျက်လုလု မြို့ကြီးတမြို့၏ ဗီဗီဗီဗီအိုင်ပီ ရပ်ကွက်တခု။ အချိန်က ညီအကိုမသိတသိဟု ဆိုနိုင်ရုံသာမက သမီးယောက်ဖ၊ သမက်ယောက္ခမချင်းလည်း တဦးနှင့်တဦး မှတ်မိဖို့ရာ မလွယ်ကူသည့် မှောင်နှင့်မည်းမည်း မသဲမကွဲ၊အလွန်တရာမှ လမိုက်လေသော ညတည။
သဘာဝတရားသည် ကိုယ့်ဘက်တွင် ရှိသော်လည်း သတိ ဆိုတာက ပိုသည် မရှိ။ အနက်ရောင် သက္ကလပ် ဦးထုပ်ကို ခပ်ငိုက်ငိုက် ပြင်ဆောင်းလိုက်ပြီး အပေါ်မှ ခြုံထားသော လူကုံထံသုံး အမှတ်တံဆိပ် မိုးကာအင်္ကျီအမည်း ဖားဖားကြီး၏ ဘယ်ဘက်အတွင်းအိတ်ကပ်ထဲသို့ သူ၏ ညာဘက်လက်ဖြင့် အသာအယာ နှိုက်လိုက်သည်။
အီတလီနိုင်ငံဖြစ် သားရေအစစ် လက်အိတ် အနက်ရောင်စွပ်ထားသည့်လက်ကို တဖြည်းဖြည်းချင်း ပြန်ဆွဲထုတ်လိုက်သောအခါတွင်မူ လက်ထဲတွင် တွေ့လိုက်ရသည်က ဘာလက်နက်မျှမဟုတ်။ ဟောလိဝုဒ် အက်ရှင်ကားများထဲတွင် မာဖီးယားဂိုဏ်းသားများ တပ်ဆင်လေ့ရှိသော တန်ဖိုးကြီး နေကာမျက်မှန် အမည်းတလက်။
လမိုက်ည ကိုယ်နှိုက်က ပိန်းပိတ်အောင် မှောင်မည်းနေပြီးသား ဆိုလေကာမှ၊ နေကာ မျက်မှန်အမည်းကို ညအချိန်တွင် ထုတ်တပ်လိုက်သောအခါတွင်မူ ထိုသူသည် ဘာဆိုဘာမျှ မြင်ရတော့ဟန်မတူ။ မိမိက မြင်ခြင်း၊ မမြင်ခြင်းထက် ဘယ်သူကမှ ကိုယ့်ကို မှန်းဆလို့ မရဖို့ ပိုအရေးကြီး၍ အဝတ်အစား အရောင်အသွေး၊ ပင်ကို အသားအရောင်နှင့် ညအမှောင်ထု လွယ်ကူစွာ ရောယှက်သွားနိုင်မှုကို ထိုသူက အခွင့်ကောင်းယူထားပုံရသည်။
လမ်းဘေးရှိ သစ်ပင်ကြီးတပင်၏ နောက်တွင် ရုတ်တရက် ကွယ်ရပ်လိုက်သည့်အခါတွင်မူ ပုပု ပျပ်ပျပ် မဲမဲလုံးလုံး သဏ္ဌာန်နှင့် အဆိုပါသူသည် အမေရိကန် မရိန်းအထူးတပ်ဖွဲ့သုံး ညကြည့်မှန်ပြောင်း ရှစ်လက်ဖြင့် အရပ်ရှစ်မျက်နှာမှ ထောင့်စုံအောင် ကြည့်ရင်တောင်မှ လူလား၊ မီးသွေးပုံလား၊ ကတ္တရာစေးပုံးလား၊ တပ်အပ်ခွဲခြား၍ ရနိုင်မည် မဟုတ်တော့။
နောက်ယောင်ခံလိုက်သူ ရှိ မရှိ မသိမသာ အကဲခတ်လိုက်ပြီးနောက် မည်သူမျှ လိုက်ပါလာခြင်း မရှိတာ သေချာမှ၊ လမ်းတဖက် မျက်စောင်းထိုးရှိ နှစ်ဆောင်ပြိုင် အိမ်ကြီးရှိရာဆီသို့ ခြေသံလုံလုံဖြင့် သူက ဖြတ်ကူးလိုက်သည်။ ခြံတံခါးရှေ့ရောက်သည်နှင့် အလှတပ်ဆင်ထားဟန် ရှိသည့် အစိမ်းရောင် ခြင်္သေ့ရုပ်၏ပါးစပ်ကို လက်ဖြင့် အသာဟပြီး ‘အဟမ်း အဟမ်း’ဟု ရက်ပ်သီချင်း ရွတ်သံလိုလို၊ ချောင်းဟန့်သံလိုလိုဖြင့် လျှို့ဝှက်တပ်ဆင်ထားသော စပီကာမှတဆင့် အသံပြုသည်။
‘စကားဝှက်’ဟု အက်ကွဲကွဲ ဗလုံးဗထွေး စက်ရုပ်ဂြိုလ်သား၏ လေသံမျိုး ဖြင့် လှမ်းမေးသံကို အကြားတွင် ‘အာ့ကျကျ’ ဟု ပြန်၍အဖြေပေးသံ ကြားရသည်။
သူပြန်ဖြေပြီးပြီးချင်း ခြင်္သေ့ရုပ်၏မျက်လုံးများဆီမှ ကင်မရာမှန်ဘီလူးများ ရွေ့လျားလာသည်ကို သတိထားမိ သည့်အတွက် တပ်ဆင်ထားသော နေကာမျက်မှန်ကို ကမန်းကတန်း ဖြုတ်ပေးလိုက်သည်။ မျက်ကြည်လွှာကို ဓါတ်ပုံရိုက်သော လုံခြုံရေးစစ်ဆေးမှု ခံယူပြီးသည်နှင့် တပြိုင်နက်၊ ပိတ်ထားသည့် ပထမဆင့် ကျည်ဆန်ကာ တံခါးက မြေကြီးအောက်သို့ ဖျတ်ခနဲ ဝင်သွားသည်။ ထို့နောက် ဒုတိယဆင့်ဒုံး ကျည်ဒဏ်ခံ သံမဏိတံခါးက မိုးပေါ် သို့ ထောင်တက်သွားသည်။
ထို့နောက် လေဆာရောင် ခြည်များ လွန်းထိုးဖြတ်သန်းနေသော တတိယဆင့် တံခါးချပ်ရှေ့ရပ်လိုက်သည်နှင့် သူ၏ ကိုယ်လုံးကိုယ်ထည် အရွယ်အစား ကွက်တိ သူ့တကိုယ်စာ ကောင်းစွာ ဖြတ်ဝင်နိုင်အောင် တွက်ချက်ထားသည့် လေဆာရောင်ခြည် ကင်းမဲ့ဇုန် ပေါ်လာပြီး ထိုနေရာမှ ခြံဝင်းအတွင်းသို့ သူ လှမ်းဝင်လိုက်သည်။
ထိုနေရာမှ ခြေလှမ်း ၂၂ လှမ်းတိတိ လှမ်းပြီးသည့်နောက်တွင်မူ ခမ်းနားထည်ဝါသည့် အိမ်တံခါးမကြီး တခုရှေ့သို့ သူရောက်သွားသည်ကို သတိထားမိသည်။ လေဆိပ်များတွင် ခရီးသည်များကို စစ်ဆေးလေ့ရှိသည့် အိပ်ဇ်ရေး ကိရိယာများကြားမှ ဖြတ်သန်းပြီး သကာလ၊ ဧည့်ခန်းတွင်းရှိ ကျောက်စီဆုံလည် ကုလားထိုင်ပေါ်တွင် သူ့ကို ကျောပေး၍ ထိုင်နေသူတဦးကို တွေ့လိုက်ရသည်။
ကုလားထိုင်ကို ၁၈၀ ဒီဂရီလှည့်လိုက်သည်နှင့် ပုတ်သိုးသိုး ရှုတည်တည် မျက်နှာပိုင်ရှင်က ဧည့် သည်၏ ရှေ့တည့်တည့်သို့ ရောက်လာသည်။ မလှမ်းမကမ်းရှိ လုံခြုံရေးများကို ထွက်သွားကြဖို့ လက်ဟန်ဖြင့် ပြလိုက်ကာ ‘ငါ့ကို မင်းက ဘာကြောင့် တွေ့ချင်ရတာလဲ’ဟု တလောကလုံး သူ့လုပ်စာ ထိုင်စားနေရသော အမူအရာဖြင့် မေးလိုက်သည်။
‘ကျနော် အဘလက်ဖက်ခြောက်ကို တိုးတိုးတိတ်တိတ် လျှို့ဝှက်စကား ပြောစရာရှိလို့ပါ’
အဘလက်ဖက်ခြောက် ဆိုသူက ရုပ်ရှင်ထဲက လူကြမ်းများကဲ့သို့ မထီမဲ့မြင်ဟန်ဖြင့် နှုတ်ခမ်းတဖက်ကို အသာကွေးကြည့်လိုက်သော် လည်း သရုပ်ဆောင်တတ်သူ မဟုတ်သည့်အတွက် စတိုင်ကျမသွားဘဲ အာရွဲ့လျှာရွဲ့ ပုံစံသာ ဖြစ်သွားသည်။
ဤသည်ကို မြင်လိုက်ရသည့်အခိုက် ပေါ်လာသည့် ရယ်ချင်စိတ်ကို အသာထိန်းလိုက်ပြီးနောက် ‘ ကျနော်တို့ ဒီအတိုင်းဆက်သွားလို့တော့ ဘယ်လိုမှ မဖြစ်တော့ဘူး၊ အဘလက်ဖက်ခြောက် ဦးဆောင်ပြီး တခုခုလုပ်ဖို့ အချိန်ကျ ပြီ ဆိုတာ ပြောပြချင်လို့’
ခပ်ညံ့ညံ့ မြန်မာပေါကားထဲမှ ခပ်ချာချာ သရုပ်ဆောင်တယောက်၏ ခပ်ကြောင်ကြောင် ဟန်အမူအရာကဲ့သို့ လေ့ကျင့်ထားပုံရသည့် လက်ဖက်ခြောက်က ‘အဟက်’ဟု လှောင်သံတချက်ထွက်ကာ သူ၏ ဆုံလည်ကုလားထိုင်ကို ၃၆၀ ဒီဂရီ တပတ် ပြန်လှည့်လိုက်ပြီးဟန်ပါပါနှင့် အနှီဧည့်သည်ကို လက်ညှိုးထိုးလိုက်ပြီး စကားစရန် ပြင်လိုက်သည်။
သို့သော် မဲမဲလုံးလုံးနှင့်လူက ရုတ်တရက်နေရာရွှေ့ပြီး ရပ်လိုက်သည်နှင့် ကြုံသွားသည့်အတွက် ဟန်ချက်ပျက် သွားရပြီး ၆၀ဒီဂရီတိတိနောက်သို့ ကုလားထိုင်ကို ပြန်လှည့်လိုက်မှသာ အဆင်ပြေသွားတော့သည်။
ထို့နောက် လက်ညှိုးဖြင့် ထပ်မံချိန်ရွယ်ပြီး ‘ မဲလုံး၊ မင်းက သူ့တပည့်ရင်းပဲ၊ မင်းကို ငါက ဘာ့ကြောင့် ယုံကြည်ရမှာလဲ၊ လာပြီး အကွက်ဆင် ချောက်ချဖို့ ကြံမနေနဲ့၊ လက်ဖက်ခြောက်ဆိုတာ တခြောက်ပဲ ရှိတယ်၊ ဘာမှတ်သလဲ’ဟု လေသံခပ်မာမာဖြင့် ပြောချလိုက်သည်။ တပြိုင်နက်တည်းလိုလို ဧည့်ခန်းအပြင်မှ စောင့်ကြပ်နေသူများထံမှ သေနတ်မောင်းတင်သံများ ဆက်တိုက်ကြားလိုက်ရသည်။
ဤတွင် တုန်တုန်ရီရီ ဖြစ်သွားသော မဲလုံးဆိုသူက ‘တခြောက်ပဲ ရှိတယ်’ ဆိုသည့်စကား အကြားတွင်မူ တစုံ တခုကို သတိရသွားပြီး ‘ အဘလက်ဖက်ခြောက် ယုံကြည်မှုရဖို့၊ ဘပုတောင် မသိတဲ့ ကျနော့်လျှို့ဝှက်ချက်ကို ပြောပြပါ့မယ်’ ဆိုကာ သူဝတ်ထားသော ဘောင်းဘီရှည်ကို ဆတ်ကနဲ ချွတ်ချပြီး လက်ဖက်ခြောက်၏ မျက်နှာရှေ့ တွင် သူ၏မည်းပြောင်ပြောင် တင်ပါး နှစ်ဖက်ကို ကုန်းပြလိုက်လေသည်။
ရုတ်တရက်မို့ လက်ဖက်ခြောက် ကြောင်သွားသည်။ သို့သော် မဲလုံးထံမှ ‘တင်ပါးပေါ်က ကျနော်ထိုးထားတဲ့ တက်တူးကို အဘလက်ဖက်ခြောက် သေချာကြည့်’ ဟု ပြောလိုက်သည့်အသံကို ကြားသောအခါ တင်ပါးမည်းမည်းပေါ်က တက်တူးမည်းမည်းကို သူ အသေအချာ စူးစိုက်ကြည့်မိသည်။
ခပ်မှိန်မှိန် မီးရောင်အောက်တွင် ခပ်ဝါးဝါး မြင်ရသော တက်တူးကို အားယူ၍ကြည့်ပြီးနောက် ‘အင်း၊ ဒါ ပန်းဂေါ်ဖီပုံပဲ’ ဟုလက်ဖက်ခြောက်က ပြောလိုက်သည်။ ‘နှင်းဆီပန်းပါ အဘလက်ဖက်ခြောက်ရဲ့’ ဟု မဲလုံးပြင်ပေး ကာ ဘောင်းဘီကို ပြန်ဝတ်လိုက်သည်။
‘ဒါဆို အဘ သဘောပေါက်ပြီပေါ့၊ နှင်းဆီပန်းတက်တူးအကြောင်း အဘ သိပါတယ်။ ကျနော် ဒေါ်စိန်အေး ကျောင်းမှာ ပထမနှစ်ကတည်းက အထိုးခံထားရတာ၊ ကျနော် နှင်းဆီဂိုဏ်းသားတယောက်ပါ၊ ရှက်လွန်းလို့ ဘယ်သူ့ ကိုမှ ပေးမသိဘူး၊ အခုတော့ အဘ လက်ဖက်ခြောက် ယုံကြည်အောင် ကျနော့်လျှို့ဝှက်ချက်ကို ရှက်ရှက်နဲ့ ဖွင့်ပြောရတာ။ ကဲ အဘ ကျနော့်ကို ယုံကြည်ပြီလား’
ဒေါ်စိန်အေးကျောင်းထွက်ပီပီ နှင်းဆီဂိုဏ်းအကြောင်း နောကျေအောင် သိထားသည့် လက်ဖက် ခြောက်က မဲလုံးကို အတော်လေး ကရုဏာသက်သွားသည်။ နှင်းဆီဂိုဏ်းသို့ အဓမ္မသွပ်သွင်းခံရသူများသည် သူတို့၏ နာကျင်စရာ အတိတ်ကို ပြန်ပြောင်းသတိရစေသည့် နှင်းဆီတက်တူးအကြောင်း တော်ရုံယုံကြည်မှုဖြင့် ပြန်ပြောပြ လေ့မရှိ။ အခုလို မဲလုံး သူ့ကိုပြောပြသည်မှာ သူ့ကိုယုံကြည်၍ ဖြစ်သလို၊ သူ၏ယုံကြည်မှုကို တန်ပြန်လိုချင်၍ ဖြစ်ကြောင်း လက်ဖက်ခြောက် ကောင်းကောင်း သဘောပေါက်လိုက်သည်။
လက်ဖက်ခြောက်သည် ထိုင်နေရာမှ ထရပ်လိုက်ကာ မဲလုံးပုခုံးနှစ်ဖက်ပေါ် လက်တင်ပြီး ခပ်ဖွဖွပုတ်ရင်း အသာအယာဖက်ကာ နှစ်သိမ့်သည်။ တကယ်တော့ သူ၏အကြောင်းကိုလည်း ပြန်ပြောပြရင်း မဲလုံးကို အားပေးလိုသော်လည်း မဲလုံးကဲ့သို့ သူ၏တင်ပါးပေါ်မှ နှင်းဆီပန်းတက်တူးကို ပြသဖို့ သူ့မှာ သတ္တိမရှိ။ စင်စစ် လက်ဖက် ခြောက်သည်လည်း ဒေါ် စိန်အေးကျောင်း အပတ်စဉ် ၂၂ ၏ နှင်းဆီဂိုဏ်းသားတဦးပင် ဖြစ်ပေတော့သည်။
‘အေး ငါ အခု မင်းကို ယုံသွားပြီ၊ မင်း ပြောချင်တာ လွတ်လွတ်လပ်လပ် ပြောကွာ’
‘အဘလက်ဖက်ခြောက် သိတဲ့အတိုင်း ဘပုက သူများတွေ ပြောကြသလို ရွှေကိုကိုင်ရင်တောင် ချီးဖြစ်တဲ့သူ၊ သူလုပ်သမျှ ဘာမှအဖြစ်မရှိဘူး။ သူ့လက်ထက်မှာ တပ်တွေ နေရာတကာက ပြန်ဆုတ်နေရလွန်းလို့ ဗိုလ်ဆုတ်မှူး ကြီးလို့တောင် ဝိုင်းလှောင်နေကြပြီ’
‘မင်းက သူနဲ့အနီးဆုံးမှာ ရှိတဲ့သူပဲ၊ အခြေအနေမှန်ကို သိအောင် ရိပ်ဖမ်းသံဖမ်း မပြောပြဘူးလား’
‘ကျနော်လည်း ကြိုးစားကြည့်ပါတယ်၊ အခုပိုဆိုးသွားတာက ဟိုဘက်ရပ်ကွက်က ဆူဆူညံညံ ဖြစ်သွားတဲ့ ကဗျာရှည်ကြီးကြောင့် သူ့ကို နားချဖို့ ပိုခက်သွားတယ်’
လက်ဖက်ခြောက်က အသာမျက်မှောင်ကြုတ်လိုက်ပြီး ‘ဒါ ဟိုဘက်ရပ်ကွက်က ကိစ္စပဲ၊ သူနဲ့ဘာဆိုင်လို့လဲ’
‘ဒီလို အဘလက်ဖက်ခြောက်ရ၊ သူက လိုရာကို ဆွဲတွေးပြီး ဟိုဘက်ရပ်ကွက်မှာ ရေးနိုင်သားနိုင်တဲ့သူတွေ ဒီလောက် များကြတာတောင်မှ အခုလို မနည်းမနော ကဗျာရှည်စာရှည်ကြီးတွေနဲ့ သူ့ကို မတိုက်ခိုက်ကြဘူး၊ သူတို့ အချင်းချင်းကိုပဲ ဝေဖန်နေကြတယ်။ ဒါ ဘာ့ကြောင့်လဲဆိုတော့ သူက ပြစ်မျိုးမှဲ့မထင် စင်းလုံးချောကြီး မို့လို့တဲ့၊ အဲဒါကြောင့် သူ့ကိုဟန့်ဖို့ပြုဖို့ အတော်ခက်သွားပြီ’
‘အဲဒီတော့ ငါတို့ ဘာလုပ်ကြမလဲ’
မဲလုံးက ဧည့်ခန်းအတွင်းဟိုကြည့်ဒီကြည့်ဖြင့် လူသူအရိပ်အခြည်ကိုအကဲခတ်လိုက်ပြီး လက်ဖက် ခြောက်၏ နားနားသို့ကပ်ကာ သူ၏ အကြံအစည်ကို လေသံတိုးတိုးဖြင့် ပြောပြလိုက်သည်။ လက်ဖက်ခြောက်က ခေါင်းတဆတ်ဆတ် ညိတ်ရင်း မင်းအကြံမဆိုးဘူး၊ ငါတို့လုပ်ကြတာပေါ့ဟု မဲလုံး၏ အကြံကို သူသဘောတူကြောင်း ပြန် ပြောလိုက်သည်။
ဤတွင် လက်ဖက်ခြောက်နှင့် မဲလုံးတို့ ပေါင်းကာ ဘာတိုင်းမူး၊ ညာတိုင်းမူး၊ ဘာသောက်မူး၊ ညာသောက်မူးများကို စည်းရုံးသိမ်းသွင်းပြီး ကြင်စိုးထံမှ ထပ်ဆင့် အာဏာသိမ်းလိုက်ကြသည်ဟူ၍တော့ အတွေးပေါက်မသွားကြစေလို။ ကြီးနိုင်ငယ်ညှင်း ဒေါ်စိန်အေး ကျောင်းဆင်းများသည် ထိုလောက် သတ္တိမရှိကြ၊ သတ္တိလည်းရှိ၊ ဆင်ခြင်နိုင်စွမ်းလည်း ရှိကြသူများက ပြည်သူများဘက်သို့ ကူးပြောင်းရပ်တည်ခဲ့ကြပြီး ဖြစ်သည်။
အခု သူတို့အလွန်ဆုံး ကြံစည်လိုက်ကြသည်က ကြင်စိုးထံသို့ အလားတူ အိတ်ဖွင့်ပေးကဗျာရှည်ကြီး ရေးသားပြီး သူတို့ ပြောချင်သည်များကို ဝေဖန်ပြောကြည့်ဖို့၊ ကြင်စိုးကို နိုးတဝက်အိပ်မက်မှ လှုပ်နှိုးလိုက်ကြဖို့ ဖြစ်သည်။
အခုလာရင်းကိစ္စက လက်ဖက်ခြောက်ထံလာပြီး ထိုအကြံကို လာ၍တင်ပြခြင်းပင်။ မဲလုံး၏ မဟာ့မဟာ အကြံ အစည်တော်ကြီးမှာ ဟိုဘက်ရပ်ကွက် ကဗျာရှည်ကြီးကို ပုံတူကူးချပြီး ကြင်စိုးကို မထိတထိ ဝေဖန်သလိုလို၊ မဝေဖန်သလိုလို၊ တိုက်ခိုက်သလိုလို၊ မတိုက်ခိုက်သလိုလို၊ထောက်ပြသလိုလို၊ မထောက်ပြသလိုလို မမဆောင်း ကဗျာပုံစံ ရေးသားပြီး၊ ကြင်စိုးသူ့ကိုယ်သူ အထင်ဘဝဂ် အထက်ဘဝင်ရောက်နေရာမှ ပြန်ဆွဲချကြဖို့ ဖြစ်သည်။
ရေးသားနိုင်မည့်သူကလည်း သူတို့ဘက်မှာ များများစားစားမရှိလေတော့၊ မဲလုံးကိုယ်တိုင် ရေး သားဖို့ စိတ်ကူးထားသည်။ သူရေးမှန်း မသိစေလိုသော်လည်း သူများလေလားလို့ ရိုးတိုး ရိပ်တိပ် တွေးမိသွားနိုင်မည့် ‘မဟူရာနက်မှောင် (ရေနံချောင်း)’ ဆိုသည့် ကလောင်နာမည်ကိုလည်း သွယ် ဝိုက်ရွေးချယ်ပြီး ဖြစ်သည်။ ‘မဲ’ဆိုသည့် စကားလုံးမပါသော်လည်း သူ့ကိုပင် ပြေးမြင်ကြကာ သူ၏ကဗျာစွမ်းကို လက်ဖျားတခါခါ ဖြစ်သွားကြပေလိမ့်မည်။
တကယ်ပင် ကြင်စိုးသည် မဲလုံး၏ ကဗျာဉာဏ်ကြောင့် ပူစပ်ပူလောင် အလန့်တကြား ဖြစ်သွားလေမည်လား၊ မသိသလို တုံဏှိဘာဝေ ရူးချင်ယောင် ဆက်ဆောင်နေမည်လား ဆိုသည်ကိုလည်း ဆက်စောင့်ကြည့်ကြရပေဦးမည်။
အနည်းဆုံးတော့ ကြင်စိုးကို မကျေနပ်ကြသူများကြားတွင် ပွစိပွစိ ဖြစ်သွားကာ၊ ကြင်စိုးအခြေပိုယိုင်သွားစေမလားဟု မျှော်လင့်နေမိသည်။ ထိုအခါမှ လက်ဖက်ခြောက်နှင့် ပေါင်းပြီး တဆင့်ပြီး တဆင့်တက်ကာ ဆက်လှုပ်ရှားကြမည် ဖြစ်သည်။
ဤသို့ဖြင့် အချိန်အတန်ကြာ အားစိုက်ထုတ်လိုက်ရာကနေ ဂန္ထဝင် တွင်မသွားရင်တောင်မှ၊ လူ ပြောသူပြော များလာနိုင်သည့် ကဗျာ့မာရသွန့်မာရသွန်ကြီး စတင်ရေမြွှာပေါက်လာခဲ့လေတော့သည်။
သို့သော် စာဖတ်သူတို့ အရင်ဦးဆုံး သတိချပ်ရမည်က မဲလုံးသည် ရှေးက ဆရာကြီးများ အကြံပေးသည်ကို လိုက်နာသည့် စု၊တု၊ပြုသမား မဟုတ်။ သူသည် စု၊တု၊ခိုးသမား သက်သက်သာ ဆိုသည်ကိုပင်။ အနှီမဲလုံးသည် အဘယ်သို့ အပိုဒ် နှစ်ဆယ်ကျော်၊ လေး၊ ငါး၊ ခြောက်မျက်နှာ ကဗျာရှည်မျိုးကို တထိုင်တည်း ရေးနိုင်ပါလိမ့်မည်နည်း။
ယခုလည်း လက်ဖက်ခြောက်နှင့် တိုင်ပင်ပြီး သကာလ၊ ကြင်စိုးထံသို့ အိပ်ဖွင့်ပေးကဗျာကို ဟိုကနည်းနည်း၊ ဒီကများများ ခိုးယူရာကနေ၊ ရက်အတန် ကြာသွားသောအခါမှ လက်ဆုပ်လက်ကိုင်ပြစရာ ပထမအပိုဒ်သာ ပြီးသေး သည်။
ကြင်စိုးသည် အကုသိုလ်ကောင် အတုံးလိုက် အတစ်လိုက်ကြီး ဖြစ်သော်လည်း ဤနေရာတွင်မူ ဟိုဘက်ရပ် ကွက်ထက် အပုံကြီး ကုသိုလ်ကောင်း နေသေးသည်ဟု ဆိုရပြန်ဦးမည်။ ဟိုဘက်ရပ်ကွက်က လူများခမျာမှာတော့ လုပ်ရကိုင်ရ ခက်ရသည့် ကြား ထွက်ရှိလာသော ကဗျာရှည်ကြောင့် ဆူဆူညံညံ အသံတွေနှင့် ပွက်လောရိုက်ခံကြရသည်။ (မှတ်ချက်၊ လှုပ်လှုပ်ရွရွ ဖြစ်စေခဲ့သော ဤကဗျာရှည်ကို နမူနာယူ၍ ဝတ္ထုရှည်၊ ဆောင်းပါးရှည်၊ ဖေစ့်ဘုတ် အခန်းဆက်လိုက်ဖ်အရှည် စသည့် ရှည်ပေါင်းများစွာတို့သည်လည်း ထွက်ရှိလာဦးမည်ဟုလည်း ကြားသိနေရသည်။)
ကြင်စိုးတို့ ရပ်ကွက်တွင်မူ ကဗျာကဝိ အကျော်အမော် မဲလုံးတယောက်အနေဖြင့် ပထမအပိုဒ်ကနေ ရှေ့ဆက် မတက်၊ ဆန့်တငင်ငင် ဖြစ်နေသောကြောင့်၊ မည်သူကမှ ထိုကဲ့သို့ ကဗျာရှည်ကို ကိုးကား ထေ့ငေါ့နိုင်ခြင်း၊ စောင်းမြောင်း ဖောင်းထုနိုင်ခြင်း မရှိသေး။ ထို့ကြောင့် လတ်တလောတွင်မူ နိစ္စတဓူဝ အဆူခံ အဆဲခံ ကြင်စိုးအတွက် ထူးပြီး အကြပ်ရိုက်လာနိုင်စရာမရှိ။
သို့သော် ဤသို့ ဆိုလိုက်သဖြင့် မဲလုံး၏ မာရသွန် တထောင့်တည ကဗျာရှည်ကြီးကို ဖတ်ခွင့်ကြုံရလေမည် မဟုတ်ဟုတော့လည်း စိတ်လျှော့မသွားကြစေလို။ ငယ်စဉ်က ရေနံချောင်းတဝိုက်ရှိ ရေနံလက်ယက်တွင်းများကနေ လစ်ရင် လစ်သလို ခိုးတတ်သူ တဦးဘဝမှ၊ CNN လို သတင်းဌာနကြီးနှင့်ပင် စစ်ရှုံးကောင်စီ ကိုယ်စားပြု ပြောဆိုခွင့် ရရှိသွားသူ မဲလုံးကို လျှော့တွက်လို့တော့ မရ။
ဟိုတပိုဒ်၊ ဒီတပိုဒ်၊ ဟိုတကြောင်း၊ ဒီတကြောင်း မရမက ခိုးယူရေးသားပြီးသကာလ၊ ‘မဟူရာနက်မှောင် (ရေနံချောင်း)’၏ ကဗျာရှည်ကြီးသည် မျှော်သူရှိရှိ၊ မရှိရှိ ဖတ်သူကြိုက်ကြိုက်၊ မကြိုက်ကြိုက် မုချထွက်ပေါ် လာပါ လိမ့်ဦးမည်။
ထိုအချိန် မတိုင်သေးခင်မှာတော့ စာဖတ်သူများအနေဖြင့် ‘သို့ …….ဘဘပုကြင်’ ကဗျာအမြည်း ပထမ တပိုဒ်ဖြင့်သာ ရောင့်ရဲတင်းတိမ်ကြစေလိုပါသည်။ ‘မဟူရာနက်မှောင် (ရေနံချောင်း)’၏ ကဗျာအရေးအသားကို သည်းသည်းလှုပ် ရင်တုန်ပန်းတုန် နှစ်ခြိုက်စွဲလန်း ကြကုန်သူများကလည်း အာဂုံဆောင် ရွတ်နိုင်ရေးအတွက် အခေါက် ခေါက်အခါခါ ကျက်မှတ်ထားကြဖို့ လိုအပ်ပေလိမ့်မည်။
သို့ …….ဘဘပုကြင်
အရှက်ရှိသေးတယ် ပြောဖို့ဆို
အရှက်ကို စာလုံးပေါင်း ပြတတ်မှဖြစ်မယ်
အာကာသစကား အထပ်ထပ်ပြောချင်ရင်
မီးခဏခဏမပြတ်အောင် လုပ်တတ်မှဖြစ်မယ်
ဒီသံသရာတကွေ့မှာ
ဒီတခါ အာဏာသိမ်းတာ
ဘာ့ကြောင့်ဒီလောက်တောင်
ပိုးစိုးပက်စက် ကြာခဲ့ရတာလဲ
ဘဘပုကြင်ရေ
၃ နှစ်စာ အဆဲတွေ ပွေ့ပြီး
ဘဘပုကြင် လေနဲ့ပဲပြော လေနဲ့ပဲထုတ်လုပ်ခဲ့တဲ့
လေအားလျှပ်စစ်ရထားကြီးနဲ့
ရွှေ၊ ဒေါ်လာ၊ ထိုင်းကွန်ဒိုရှင်များ ခိုအောင်းကြ
ဘဘပုကြင် ပုန်းနေမယ်ထင်ရ
အဲဒီနေပြည်တော်အရပ်ဆီကို ခရီးထွက်ခဲ့တယ်။
#MoeMaKaMedia
#WhatsHappeningInMyanmar