Breaking News

ရတနာပုံဆရာမှတ်ကြီး - တော်လှန်ရေးလှိုင်းသစ်


ရတနာပုံဆရာမှတ်ကြီး - တော်လှန်ရေးလှိုင်းသစ်

(မိုးမခ) ဇွန် ၉ ၊ ၂၀၂၄

၁။ ကျီခါးတိုက်ပွဲမှာ စစ်ခွေးတွေက ၁၀ နှစ်၊ ၁၁ နှစ်၊ ၁၂/၁၃အရွယ်ကလေးတွေကို သေနတ်ထုတ် ပေးပြီး တော်လှန်ရေးတပ်သားတွေကို တောသွားတောလာလိုလိုနဲ့ ချုံခိုပစ်ခိုင်းပါတယ်။ ပြန်ပစ်မယ်လုပ်မှ ကလေးတွေမှန်း သိရလို့ ကျီခါးတိုက်ပွဲဟာ မထင်ဘဲခက်ခဲသွားတယ်လို့ဆိုပါတယ်။

၂။ နောက်တမျိုးက ထိုးစစ်ရှိန်လျော့သွားအောင် တိုက်ပွဲနဲ့မဆက်စပ်တဲ့နေရာမှာ သာမန်အရပ်သားတွေကို ထင်သလို သတ်ဖြတ်ပြ လူသားဒိုင်းလုပ်ဖို့ ဖမ်းခေါ်သွားတာမျိုးပါ။ ဒါကလည်း တခြားနေ ရာမှာ ဦးဆောင်တိုက်ပွဲဝင်သူတွေကို စိတ်အင်အားလျော့ပါးအောင် လုပ်တာပေါ့လေ။ ဥပမာ- လတ်တလောဖြစ်သွားတဲ့ စစ်တွေ ရွှေဗျိုင်းဖြူရွာထဲ ဝင်လူအစုအပြုံလိုက် သတ်ဖြတ် ဖမ်းဆီးမှုကြီးနဲ့ သံတွဲက ဆင်ခေါင်းရွာ လက်နက်ကြီးထု ဗုံးကြဲ လူရာကျော်သတ်တဲ့ဟာတွေကို ကြည့်ပါ။

၃။ မင်းကင်းနယ် မတောရွာ လူသတ်ပွဲကတော့ မင်းတို့တော်လှန်သူတွေ ပုံမှန် နေမယ် ထိုင်မယ် ရယ်မယ် မောမယ် ပျော်မယ် ပါးမယ် မကြံနဲ့၊ မင်းတို့နဲ့ ထိစပ်သမျှ ဒုက္ခရောက်စေရမယ်ဆိုတာမျိုး။

၄။ ရှမ်းမြောက်မှာ ညီနောင်တွေကို တရုတ်နဲ့ပင်း အသိအမှတ်ပြု ဂျင်းသိပ်ပြီး တိုက်ပွဲအဟုန်ရပ်တန့်ရင်း တလှိုင်းပြီးတလှိုင်း လာနေတဲ့ တော်လှန်ရေးလှိုင်းခေါင်းဖြူကြီးတွေကို ထိုးခွဲပစ်လိုက်ကာ အချင်းချင်း နယ်မာန်ခုတ်အောင် လုပ်ထားတာကတော့ သုံးနေကျနည်းဟောင်းပေမယ့် အလုပ်ဖြစ်နေသေးတယ်၊ ဒီဝဲဩဃမှာ မျောကြစေသတည်း ဆိုတဲ့ သဘောပေါ့။ ကိုယ့်ဘက်က အုပ်ချုပ်ရေးနဲ့တိုင်ပတ်နေချိန် သူ့ဘက်က စစ်ပြင် ကျည်ဖြည့် ရိက္ခာထည့်။

၅။ ပြီးတော့ အညာမှာ ရွာအလိုက် ပျူမွေးတာမျိုးနဲ့ မတူဘဲ ပအိုဝ်းတွေ၊ ရိုဟင်ဂျာတွေကို လူမျိုးစုလိုက် ပျူဖြစ်အောင် ကျုံးသွင်းပြီး တိုင်းရင်းသားဒေသမှာ စစ်မီးအသစ် မွေးနေတယ်။ ဘုံရန်သူပစ်မှတ်ကို ဝေဝါးစေပြီး စစ်တလင်း ချဲ့ပေးသလို အထောက်အပံ့ခံ ဆရာကြီးတွေကို နားရွက်ဆွဲလှည့်ပြီး နိုင်ငံရေးအရပါ ဦးကျွံရှုပ်ထွေးလာအောင် လုပ်ပေးထားတာပေါ့။

၆။ ဒေါ်လာသမား လာထား၊ ငါ့အကုန်အပ်၊ ရွှေသမား ဘယ်နှစ်ပိဿာထပ်မလဲဆိုတာကတော့ ငွေစက္ကူတွေ ဒလတွန်းရိုက်ထုတ်လို့ ဈေးတဟုန်ထိုးတက်လာတာကို ဖုံးရင်းကာရင်း တချက်ခုတ်နှစ်ချက်ပြတ် ညစာပါ ထိုးဟပ်သွားတဲ့ ခွေးပိုင်းလုံးအကွက်။ ပြီးရင် လုပ်ငန်းရှင်တွေ ခရိုနီတွေ သွေးပျက်အောင် ကမ္ဘာဦးကုန်သွယ်ရေးဥပဒေမျိုးစုံထုတ်ပြီး တိုင်းပြည်ကို အကြပ်အတည်းပေါင်းစုံစိုက်ပြီးရင်းစိုက်အောင်လုပ်မယ်ပေါ့လေ။

၇။ အဲဒီအကျပ်အတည်းနဲ့အပြိုင် စစ်မှုထမ်းဥပဒေနဲ့ပါ ချုပ်ကိုင်ထားပြီး မလှုပ်ပြီးရင် မလှုပ်နိုင်အောင် လုပ်ထားတယ်ပေါ့လေ။

၈။ အားမရဘူး၊ ဘာဖြစ်တယ် ညာဖြစ်တယ်ဆိုပြီး ဝေဖန် လေကန် ငွေဖန်နေတဲ့ ဘောင်းဘီကျွတ်တွေကို စစ်မှုထမ်းဥပဒေ ထုတ်ပြန်ခေါ်တာကလဲ လက်ရှိ ဘောင်းဘီဝတ်တွေ စိတ်ကျေနပ်စေ၊ သက်သာရာရစေဖို့ရယ်၊ စစ်တိုက်နေရတဲ့ကြားထဲ သူတို့အကျိုးစီးပွားပါ ကာကွယ်ပေးနေတာတောင်မှ စောက်ပြစ်တင်ချင်တဲ့ကောင်တွေ မှတ်လောက်သားလောက်အောင်တော့ လုပ်မှဆိုပြီး နားရင်း ပရင်းအုပ်တာပလေ။ အကောင်ကြီးကြီး အမြီးရှည်ရှည်တွေရဲ့ ဒေါ်လာတွေ ရွှေငွေရတနာတွေကိုတော့ မြင့်လှိုင်ကို ကြည့်ထားဆိုပြီး ဖိထားတော့ သူတို့လည်း ပိပြားလို့။ စစ်သား ဆိုတာ သေနတ်မရှိရင် သူတို့လောက် ကြောက်တတ်တာလည်း မရှိဘူး မဟုတ်လား။ နိုင်ငံရေး အန်တုဖို့ဆိုတာကတော့ အိပ်မက်ထဲတောင် ထည့်မက်ရဲတတ်တာမျိုး မဟုတ်ဘူးလေ။ 

ဒါကတော့ ဦးဘချစ် အထင်ကိုးလို့ မအလကို ပြောရမယ်လေ။ တကယ်က အဲလိုလုပ်လေ မြုပ်လေဖြစ်လာတာက သူကိုး။

နံပတ် ၈ ကိုပဲကြည့်၊ စစ်သား ဆိုတာ သေနတ်မရှိရင် ပခုံးပေါ်က အပွင့်တွေ အခက်တွေ မရှိတော့ရင် အထူးသဖြင့် နိုင်ငံရေးသူရဲဘောကြောင်လွန်းသူတွေ ဆိုတော့ သူတို့ဆီက ဘာမှ မရနိုင်တာမှန်ပေမယ့် သူတို့မွေးထားတဲ့ လက်ရှိ တပ်ထဲက လူတွေဆီကတော့ အများကြီး မျှော်လင့်နိုင်တယ်မဟုတ်လား။ ဒါ့ကြောင့် တပ်ထဲမှာ ဖြုတ်လို့ ထုတ်လို့ ပြုတ်လို့ သုတ်လို့ ကျော်လို့ လှော်လို့ ဆော်လို့ မပြီးအောင် ဖြစ်နေတာလေ။ မအလက သူ့လက်ထက်ပွားလောက်ချန်ချင်တာ။ ဒါလဲပဲ ပြဿနာကအကြီးကြီး။ သူ့လက်ထက်ပွါးတိုင်းက သူနဲ့ မျိုးဆက်တဆက်စာမက ဟလာပြီလေ။ ဒီဘဲကြီး ဘာမှမသိဘဲ ရွှီး တိုင်းပြည်ရောတပ်ရော ရှယ်ပလန်နဲ့ ဖျက်ဆီးနေတဲ့ ဂျင်လီးပဲလို့ ပြောနေကြပြီမဟုတ်လား။

နံပတ် ၁ အချက်ဖြစ်တဲ့ ကျီခါးတိုက်ပွဲမှာ ဗုံးပေါင်း မရေမတွက်နိုင်အောင်ခင်း၊ လေယာဉ်နဲ့ ခေါက်ရေအများဆုံး ဗျင်းတဲ့စစ်ပွဲ ကျီခါးတမြို့လုံး ထောက်ပို့လုပ်ပေးပြီး ကလေးတွေပါ မတော်တရော်သုံး ဆင်နွှဲပေမယ့် ဒီဘက်က တပ်ပေါင်းစုအပြင် စစ်ရည်ဝနေတဲ့ AA ကပါ ဝင်ထုပေးလိုက်တော့ ငပုတပ်ဆိုတဲ့အတိုင်း ပုသွားရတာပဲလေ။

နံပတ် ၂ လုပ်ရပ်ဆိုးကတော့ ရှမ်းမြောက်အပစ်အခတ်ရပ်သလို တရုတ်ဒူး ဖက်ပြီး အရူးကွက်နင်းလို့ မရတော့ဘူးဆိုတဲ့ အခြေဆိုက်သွားပြီလေ။

၃ ကတော့ အညာသားတွေ ခြေသံလုံလုံနဲ့ ခြေသံပြင်းပြင်းနင်းဖို့ လှုံ့ဆော်ပေးလိုက်တာ မဟုတ်လား။ ပဇီကြီးမှာလည်း အုပ်ချုပ်ရေးရုံးဖွင့်ပွဲလုပ်လို့၊ ခုလည်း အုပ်ချုပ်ရေးထဲက တယောက် မင်္ဂလာပွဲလုပ်လို့။ နှစ်ခုလုံးက ဒလန်ရွာတွေနဲ့ နီးကပ်ကြတာ ထူးခြားချက်။

၄ ကတော့ အချင်းချင်း ရန်တိုက်ပြီး အလယ်သားစားတဲ့နည်းပါပဲ။ ဟောင်းပေမယ့် ကောင်းနေတုန်း။ မမြဝင်းဆင်ဒရုန်းကလည်း ကုထုံးမရှိသေးသလိုဖြစ်နေ။ ဒါပေမဲ့ ထုနဲ့ထည်နဲ့ရှိတုန်းကတောင် မတိုက်နိုင်တာဆိုတော့ ခုစစ်ပြင်တယ်ဆိုတာကလည်း ခွေးဝမ်းသာအောင် လေလည်ပြတဲ့သဘောမျှသာ။

၅ က လူထုတော်လှန်ရေး ဆိုတာကတော့ တောင်ကျချောင်းလိုပဲ၊ ရပ်ခံနေတာတွေကို အကုန်ထိုးတိုက်ဆွဲချသွားမှာပါဘဲ။ လူအစုံလိုက်အပြုံလိုက်ကို အပင်းထည့်ပြီး ကိုယ်ကျိုးအတွက် အသက်တွေကို စတေးခိုင်းနေတဲ့ ခေါင်းဆောင်ပိုင်းဟာ မကြာခင် တွန်းလှန်ဖယ်ရှားခံရမှာပါပဲ။ တော်လှန်ရေးကိုတော့ ကြာကူလီရိုက်လို့မရဘူးဆိုတာ သိဖို့လိုပါတယ်။ ဆရာကြီးတွေလည်း ပြာတီးသွားပါပြီ။

၆ ကတော့ ဘက်ရှင်း ရှင်းရွေးခိုင်းတာလေ။ ဘီလူး ဆိုတာကတော့ သူ စားစရာအသား ရှာမပေးနိုင်တဲ့ တနေ့ ကိုယ့်ကုပ် ချိုးစားမှာပဲ၊ သူကတော့ ဘယ်အငတ်ခံမလဲ။ ငါ့ကို စားစရာရှာပေးနေတဲ့ကျေးဇူးရှင်တွေပါလားလို့ သိမှတ်ဖို့ကတော့ စိတ်ကူးတောင်မယဉ်နဲ့ပေါ့။

၇ ကတော့ မအလက အိမ်ပေါက်စေ့စိန်ခေါ်တဲ့သဘောပါ။  လူထုတော်လှန်ရေးလှိုင်းသစ်လာမယ်။

-

Join Us @ MoeMaKa Telegram

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar