ဝင်းတင့်ထွန်း - ကျွန်းပြန် မြင်းခြံ ဦးဖေတင်
ဝင်းတင့်ထွန်း
(မိုးမခ) ဇွန် ၁၀၊ ၂၀၂၄
( ၁ )
ကျွန်တော့်ဘဝမှာ အကြောင်းအမျိုးမျိုးနဲ့ခင်မင်ရင်းနှီးခွင့် ရရှိခဲ့တဲ့ ပုဂ္ဂိုလ်တွေထဲမှာ ကိုကိုးကျွန်းပြန်ရဲဘော်ကြီးတွေလဲ တော်တော်များများရှိခဲ့ပါတယ်။ ‘ ကျွန်တော်နဲ့ကျွန်းပြန်ကြီးများ ’ ဒါမှမဟုတ် ‘ကျွန်တော်သိတဲ့ ကျွန်းပြန်ကြီးတွေ ’ ဆိုတဲ့ခေါင်းစည်းပေးပြီးတော့တောင် တဦးချင်းအကြောင်းကိုရေးဖွဲ့မယ်ဆိုရင် ရုပ်ပုံလွှာစာအုပ်တအုပ်သီးသန့်ထုတ်ဝေနိုင်လောက်တဲ့အနေ အထားရှိပါတယ်။ အဲဒီအထဲမှာ ကျွန်တော်နဲ့အရင်းနှီးဆုံးလို့ဆိုရလောက်မယ့် လေးစားအပ်ဖွယ်ကျွန်းပြန်ရဲဘော်ကြီးတယောက်ကတော့ ဦးလေးဦးဖေတင် ပါပဲ။
ဦးဖေတင်က မြင်းခြံသားပါ၊ ဒါကြောင့် ဦးဖေတင်ကို ကျွန်းပြန် မြင်းခြံဦးဖေတင်အဖြစ်နဲ့လူသိများပါတယ်။ သူနဲ့အင်မတန်ကို ရင်းနှီးတဲ့ ဘဝတူကျွန်းပြန်ရဲဘော်တချို့ကတော သူ့ကို ‘ ဝိဇ္ဖာကြီး ’ လို့ချစ်စနိုးခေါ်ကြတာတွေ ရှိသလို၊ သူနဲ့အတူတူ ကျွန်းပြန်ရဲဘော်တယောက်ဖြစ်တဲ့ အစ်ကိုကြီးကိုလှတင်အောင် ကတော့ သူ့ကို ‘ဝမ်းတူးသရီးကြီး’ လို့ ချစ်စနိုးခေါ်တာကိုလဲ ကျွန်တော် ကြားရဖူးပါတယ်။ ‘ဝိဇ္ဖာကြီး’ လို့ခေါ်ကြတာကတော့- ဦးဖေတင်ဟာ တခေတ်တခါက ရန်ကုန်က လေဟာ ပြင်ဈေးထဲမှာ ‘ဘောင်းဘီဝိဇ္ဖာ’ တံဆိပ်နဲ့ဘောင်းဘီတိုတွေကို ရောင်းချဖူးတာကြောင့်လို့ကြားသိရဖူးပြီး၊ ‘ဝမ်းတူးသရီး’ လို့ခေါ်တာကတော့ ဘာကြောင့်လဲဆိုတာ ကျွန်တော်လဲ တခါမှ မေးမကြည့်ဖူးလို့ တိတိကျကျမသိပါ။ ကိုလှတင်အောင်က ဟာသဓာတ်ခံ ရင့်သန်လွန်းသူပီပီ၊ နောက်တီးနောက်စပ်လဲ အင်မတန်ပြောတတ်လွန်းတာကြောင့် မေးမကြည့်ဖြစ်တာလဲ ပါပါတယ်။ တော်ကြာ ခပ်တည်တည်နဲ့ဟာသဖောက်လွှတ်လိုက်တာကို အဟုတ်မှတ်ပြီး အတည်ပြုမေးမြန်းပြောဆိုမိရင် ေ၈ျာက်ကျသွားနိုင်တယ်မဟုတ်လား။ ဦးလေးဦးဖေတင်နဲ့ပတ်သက်ပြီး၊ အကိုကြီးကိုလှတင်အောင်ရဲ့နောက်စပ်စပ်ဟာသအပြောကြောင့်၊ နယ်ကတက်လာရှာတဲ့ ကျွန်းပြန်ရဲဘော်တဦး အူ လည်လည်ဖြစ်သွားရရှာဖူးတဲ့အကြောင်းကိုလဲ ကျွန်တော်က ကြားဖူးနားဝရှိခဲ့ဖူးသူမဟုတ်လား။ အဖြစ်က ဒီလိုပါ။
ဦးဖေတင်ဟာ မြင်းခြံသားဆိုတော့-( မြင်းခြံကလဲ အထက်ဗမာပြည်ရဲ့ဆေးလိပ်မြို့တော်ကြီးလို့တောင်ဆိုရမယ့်ဒေသဆိုတော့) ဆေးရွက်နဲ့ဆေးရိုးအကြောင်းကို တော်တော်လေးကို ကျွမ်းကျင်ရုံမက ဆေးရိုးကုန်သည်အဖြစ်တောင် လုပ်ခဲ့ဖူးတယ်ဆိုပဲ။ အထက်ဗမာပြည်ရဲ့ဆေးလိပ်မြို့တော်က မြင်းခြံဖြစ်ပြီး၊ အောက်ဗမာပြည်ရဲ့ဆေးလိပ်မြို့တော်က ပဲခူးဆိုတော့- ဦးဖေတင်ကြီးဟာ အဲဒီတုန်းက ပဲခူးက ဆေးလိပ်ခုံကြီးတခုံအတွက် ဆေးရုံကုန်သည်အဖြစ် လုပ်ကိုင်ပေးနေတယ်ဆိုပဲ။ အဲသလို ဦးဖေတင် လုပ်ကိုင်ဆောင်ရွက်ပေးနေရတဲ့ဆေးလိပ်ခုံရဲ့ပိုင်ရှင်ကလဲ မုဆိုးမဆိုသလိုလို တခုလပ်ဆိုသလိုလို အမျိုးသမီးကြီးတယောက်ဖြစ်နေတဲ့အပြင် ဦးဖေတင်ကိုယ်တိုင်ကလဲ တခုလပ်ကြီးသဖွယ် လူလွတ်တယောက်ဖြစ်နေလေတော့ အဲဒီအကြောင်းကိုအတွင်းကျကျ သိထားကြသူတွေအတွက် (ကိုလှတင်အောင်လို ဟာသဓာတ်ခံရှိနေသူအတွက် ) ပြုံးချင်စချင်စဖွယ်ပေါ့။ အဲဒီအမျိုးသမီးကြီးရဲ့ဆေးလိပ်တံဆိပ်ကလဲ ‘သိုးမကြီး’ ဆိုလားပဲ။အဲဒီမှာ တရက်မှာ နယ်ကကျွန်းပြန်ရဲဘော်ကြီးတယောက် ရန်ကုန်ကိုရောက်လာရင်း၊ ကိုလှတင်အောင်နဲ့တွေ့တဲ့အခါ၊ ကျွန်းတုန်းကရဲဘော်ရဲဘက်တွေအကြောင်း စကားစမြည်ပြောဖြစ်ကြသတဲ့။ ဘယ်သူ့ကိုတွေ့သေးလား။ ဘယ်သူက ဘယ်မှာလဲ၊ အခု ဘာတွေများလုပ်ကိုင်စားသောက်နေသလဲ-စတဲ့စတဲ့အကြောင်းအရာမျိုးတွေကို ထွေရာလေးပါး ပြောဖြစ်ကြတဲ့အခါမှာ ကိုလှတင်အောင်က “ ကိုဖေတင်ကြီးကတော့ အခု ပဲခူးဖက်မှာ သိုးမွေးဖို့စပြီး အကောင်အထည်ဖေါ်နေရာမှာ သူ့သိုးမကြီးကို သားတင်ပေးနိုင်ဖို့တောင် ကြိုးပမ်းနေတယ်ဆိုပဲ” ဆိုပြီး သူ့ရဲ့ထုံးစံအတိုင်း ခပ်တည်တည်နဲ့နောက်လွှတ်လိုက်သတဲ့။ ဖြစ်ချင်တော့- ကိုလှတင်အောင်နဲ့တွေ့ပြီး မကြာခင်အတွင်းမှာပဲ အဲဒီကျွန်းပြန်ရဲဘော်ကြီးဟာ ရန်ကုန်မြို့ထဲကတနေရာမှာ ရန်ကုန်ကို ပဲခူးကနေ တက်လာတဲ့ ဦးဖေတင်ကြီးနဲ့တိုက်တိုက်ဆိုင်ဆိုင် ပက်ပင်းကြီး သွားပြီးဆုံမိလေတော့ ဝမ်းပန်းတသာနဲ့ပျော်ပျော်ရွှင်ရွှင်နှုတ်ဆက်စကားတွေလဲဆိုပြီးရော “ကိုဖေတင်၊ ခင်ဗျားသိုးမွေးဖို့လုပ်နေတယ်ဆို၊ ခင်ဗျားသိုးမကြီးကိုသားတင်ဖို့ ကြိုးစားထားတာ အခု သားတွေဘာတွေကော ပေါက်ပြီလားဗျ ” လို့လဲ မေးလိုက်မိရော၊ ဦးဖေတင်ဟာ မျက်နှာကြီးကို နီမြန်းသွားပြီး “ ခင်ဗျား ...ခင်ဗျား ..အဲဒီလိုတော့ မနောက်နဲ့ဗျာ ” လို့ပြောပြီး စိတ်ဆိုးမာန်ဆိုးနဲ့ ထွက်သွားသတဲ့။ အဲဒီမှာ အဲဒီကျွန်းပြန်ရဲဘော်ကြီးခမြာ စိတ်မကောင်းခြင်းကြီးစွာ ခံစားရရင်း “ကိုဖေတင်ဗျာ၊ ကျနော်က ကောင်းကောင်းမွန်မွန်နဲ့အဲသလိုလေးပဲ မေးမိပြောမိတာ ဘာစိတ်ဆိုးစရာ ရှိလို့လဲ ” ဆိုပြီး တခြားကျွန်းပြန်ရဲဘော်တွေနဲ့တွေ့တဲ့အခါ ပြန်လည်ရင်ဖွင့်ပြရှာလေတဲ့အထိ ဖြစ်ရသတဲ့။ ကိုလှတင်အောင်က အဲသလောက်အထိ အနောက်အစသန်သလောက် ဦးဖေတင်ကြီးကလဲ ရဲဘော်တွေအကြားမှာ ပြောစရာတွေ တပုံတပင်ကြီးနဲ့ရှိခဲ့လေသူတယောက် ဖြစ်ခဲ့တယ်။ လက်ခံနိုင်တာ လက်မခံနိုင်တာ သဘောတူနိုင်တာသဘောမတူနိုင်တာတွေ ခဏထား၊ ခေါင်းမာမှုနဲ့ပြတ်သားမှုတွေမှာတော့ ဦးလေးဦးဖေတင်ဟာ ပြောစမှတ်ပြုရလောက်သူ ဖြစ်ခဲ့တယ်။ ကျနော်ကြားဖူးသလို ပြောရရင် - ဦးလေးဦးဖေတင်ဟာ ကိုကိုးကျွန်းကနေ ပြန်လွတ်မြောက်လာပြီး မကြာခင်မှာ သူ့ဇနီးသည်က ‘ သူတို့မိသားစုအပေါ်မှာပဲ ဖြတ်မလား၊ တော့်နိုင်ငံရေးအပေါ်မှာပဲ ဖြတ်မလား ’ ဆိုတဲ့သဘောမျိုး၊ မိန်းမပီပီ စကားနာထိုး ပြောဆိုလာတာအပေါ်၊ ‘အေး...ငါက နင်တို့ကိုသာ ဖြတ်နိုင်တယ်၊ နိုင်ငံရေးကိုတော့ မဖြတ်နိုင်ဘူး ’ ဆိုပြီး၊ တိုင်မှာချိတ်ထားတဲ့ တိုက်ပုံအင်းကျီလေးကိုပဲ ကောက်ဝတ်လိုက်ပြီး၊ အိမ်ကနေ ဆင်းချလာလိုက်တာဟာ အိမ်ကို ဘယ်တော့မှတောင် ပြန်မရောက်တော့တဲ့အထိပါပဲ ...လို့ဆိုစမှတ်ပြုရတဲ့ ရဲဘော်ကြီးဖြစ်ပါတယ်။
ထောင်ထဲမှာလဲ ဦးဖေတင်နဲ့ပတ်သက်တဲ့ အဖြစ်အပျက်တခု ကြားရဖူးပါတယ်။ ခေါင်းအမာပြိုင်ရင်းကလူကြီးနှစ်ယောက် အပြန်အလှန် ခေါင်းချင်းပြိုင်ပြီး တိုက်ကြတယ်ဆိုတဲ့အဖြစ်အပျက်ပါပဲ။ ဒီအကြောင်းကိုပြောလာတဲ့သူကတော့ ‘ ရေကြည် အုံးမောင်’ လို့ပဲ ထင်ပါတယ်။ သူက “ သူငယ်ချင်း ၊ ဒို့ဦးဖေတင်ကြီးကဘယ့်လောက်များ ခေါင်းမာတယ်မှတ်သလဲ။ တိုက်ထဲမှာ သူနဲ့ကရင်က စောဒယ်နီရယ်ကြီးကို အခန်းတခန်းထဲ အတူထားတုန်းက အပြန်အလှန်စကားပြောကြရင်းက ရပ်တည်ချက်တွေအကြောင်းရောက်သွားသတဲ့။ ပြီးတော့ အဲဒီမှာ စီပီက ပိုပြီးခေါင်းမာတယ်- ကရင်က ပိုပြီးခေါင်းမာတယ်နဲ့စကားနိုင်ယူ ပြောကြရင်းက နှစ်ယောက်သား ခေါင်းအမာပြိုင်လိုက်ကြတာ၊အဖိုးကြီးနှစ်ယောက် အခန်းလေးထဲမှာ သူတို့ကိုယ်တိုင်ကို ခေါင်းချင်းပြိုင် တိုက်ကြတော့တဲ့အထိ-ဆိုပဲကွ။ ခေါင်းချင်း ပြိုင်ပြီး တိုက်လိုက်ကြပုံများ-ဘေးနားအခန်းကပ်တွေကတောင် တခွမ်းခွမ်း ကြားရတဲ့အထိ တိုက်ကြ-ဆိုပဲကွ -” လို့ပြောရင်းက တဟဲဟဲနဲ့အသံထွက်အောင် ရယ်ပါတယ်။ ကျွန်တော်က “ သူငယ်ချင်း ၊အဘိုးကြီးနှစ်ယောက်ကို ရုပ်ပျက်ဆင်းပျက်ဖြစ်အောင် မင်းသရုပ်ဖျက်ပြီး ဟာသလုပ် ပြောတာနေမှာပါ” လို့မယုံသင်္ကာဟန်နဲ့ပြန်ပြီးမေးမိတော့- “ သူငယ်ချင်း ...ကိုယ် နောက်တာမဟုတ်ဘူး။ တကယ်ကွ တကယ် ” လို့ကို အခိုင်အမာ ထပ်ပြောတယ်။ “ ပြီးတော့ ... ဒို့ဦးလေးဦးဖေတင်က ဘယ်လိုများ တပ်ပြောသေးတယ်မှတ်သလဲ။ပစ္စည်းမဲ့လူတန်းစားရဲ့သူရသတ္တိကိုတော့ အထိခိုက်မခံနိုင်ဘူး။ ပြဖို့လိုရင် ပြကို ပြရမယ်။ ခေါင်းချင်းတိုက်ဖို့လိုရင်လဲ တိုက်ပစ်လိုက်ဖို့ပဲတဲ့ကွ” ဟုဆိုကာ တခွီးခွီးနဲ့ရယ်ပါလေတော့တယ်။ “ သူငယ်ချင်း ... စဉ်းစားကြည့်စမ်း။ ကရင်ကြီးဆရာဒယ်နီရယ်ကြီးကလဲ အပြင်မှာတုန်းက ခရစ် ယာန်သင်းအုပ်ဆရာတော်ကြီးကွ။ ဒို့ ဦးလေးဦးဖေတင်ကြီးကလဲ ကျွန်းပြန်မှ ကျွန်းပြန်ကြီးကွ။ ဒီ အသက်ဒီအရွယ်ကြီးတွေနဲ့ခေါင်းချင်း ပြိုင်တိုက်ကြတယ်ဆိုတာကွာ-” ဟု တဟဲဟဲနဲ့ထပ်မံပုံဖေါ် ပြောပြလာ
လေတော့ ကျွန်တော်ကိုယ်တိုင်လဲ ပြုံးချင်ချင်ဖြစ်ခဲ့ရတဲ့အထိပါပဲ။
အဲသလို ပြောစမှတ်ပြုရလောက်တဲ့ ဦးလေးဦးဖေတင်နဲ့ ပထမဆုံးအကြိမ် လူကိုယ်တိုင်စတင်ဆုံဆည်းခဲ့ရတာကတော့ အင်းစိန်အကျဉ်းထောင်ကြီးထဲက ရင်ခွဲတိုက် (ခေါ်) ‘ ၂ - တိုက်’ ထဲမှာ ဖြစ်ပါတယ်။
( ၂ )
‘ ၂ - တိုက်’ ဟာ ‘ ၄ - တိုက်’ ‘ ၅ - တိုက်’ ‘ ၆- တိုက်’ တို့လို တဖက်တည်းသော တဖက်ရပ်တိုက်တန်းရှည်မျိုးမဟုတ်ပဲ၊ မျက်နှာချင်းဆိုင်အခန်းလေးတွေနဲ့ဖွဲ့စည်းထားတဲ့၊ အလယ်မှာ လူသွားစင်္ကြန်သဘောနေရာလွတ်ချန်ထားတဲ့၊ ဧရာမတိုက်အဆောက်အဦကြီးတခု ဖြစ်ပါတယ်။ ဒါကြောင့်မို့ပဲ ‘ရင်ခွဲတိုက်’ လို့ခေါ်ပုံ ရပါတယ်။ အလယ်မှာ လူသွားလမ်း ချန်ထားပြီး၊ အခန်းလေးတွေကို မျက်နှာချင်းဆိုင် တည်ဆောက်ထားတယ်ဆိုပေမဲ့၊ တခန်းနဲ့တခန်းကို တည့်တည့်ကြီးတော့ တည်ရှိမနေစေပဲ၊ ဇစ်ဇက်ပုံစံမျိုး တည်ဆောက်ထားတာ ဖြစ်တာကြောင့်၊ ကိုယ့်ရှေ့တည့်တည့်က အခန်းကိုပဲ ကောင်းကောင်းမြင်နိုင်ခွင့်ရပြီး၊ တည့်တည့်အခန်းနဲ့တဆက်တည်းတည်ရှိတဲ့ ဘေးချင်းကပ်အခန်းကိုတော့ အခန်းတံခါးမကြီးရဲ့သံတိုင်ကြားကို အတင်းမျက်နှာအပ်ကာ တော်တော်ကို ကြိုး စားပန်းစား စောင်းငဲ့တိုးကပ်ကြည့်မှ တစွန်းတစ တပိုင်းတန်းလန်းလောက်ပဲမြင်ရတတ်ပါတယ်။ ၂ - တိုက်ထဲကို စရောက်ခါစက ဦးလေးဦးဖေတင်တို့နဲ့နီးနီးနားနားအခန်းမှာ နေရတာမဟုတ်ပဲ တော် တော်ကိုဝေးတဲ့နေရာကအခန်းလေးထဲမှာ ကျန်အမှုတွဲတူ (၄) ယောက်နဲ့အတူ နေရပါတယ်။
ဖြစ်ချင်တော့ ဦးဖေတင်တို့နဲ့မှ ကြံကြံဖန်ဖန် နီးနီးကပ်ကပ် ရေစက်ဆုံချင်တော့ - ဒီ ၂- တိုက်ထဲမှာပဲ ကျွန်တော်က ပြသာနာ ပေါ်ပါတယ်။ ပြသနာက- တမနက်ခင်း ဂံဖလားချချိန်မှာ အဲဒီနေ့က တာဝန်ကျတဲ့တာဝန်ကျထောင်ဝါဒါနဲ့ကျွန်တော်ဟာ စကားများ ရန်ဖြစ်ကြပြီး- အဲဒီထောင်ဝါဒါကို ကျွန်တော်ကနေ လက်သီးနဲ့ပြန်ထိုးရန် လုပ်မှု ၊ အမှုထမ်းကို ပမာမခန့်ပြန်လည်ဆဲဆိုမှု..ဆိုတာနဲ့ထောင်ကျရုံးကို အတင်ခံရတဲ့ပြဿနာဖြစ်ပါတယ်။ အဲဒီမှာ တိုင်ကြားတဲ့ထောင်ဝါဒါနဲ့တရားခံဖြစ်တဲ့ ကျွန်တော့်ကို အဲဒီနေ့က တိုက်တာဝန်ကျဖြစ်တဲ့ တိုက်ထောင်မှူးဦးမောင်သန်းကနေ အကျဉ်းရုံးခေါ်ယူစစ်ဆေးပြီး ကျွန်တော့်ကို အပြစ်ပေးအရေးယူတယ်ဆိုတာကို လုပ်ပါတယ်။ အပြစ်ပေး အရေးယူလိုက်ပုံကတော့ ... ကျွန်တော့်ကို ကျန်အမှုတွဲတူ (၄) ယောက်နဲ့အတူ စုစုစည်းစည်းနေ ထိုင်နေရာကနေ တဦးတည်း တယောက်တည်း အခန်းတခုတည်းမှာ တကိုယ်တော်ပဲအထီးကျန်အဖြစ်နေသွားစေဖို့နေရာပြောင်းပစ် အခန်းရွှေ့ပစ်လိုက်တဲ့အေရေးယူမှုပါပဲ။ အဲဒီမှာ ကျွန်တော့်မှာတိုက်ခန်းလေးတခန်းထဲမှာ တကိုယ်တော် စံမြန်းရတဲ့ဘဝကို ပြန်ရောက်သွားရပါတယ်။ တခြားသူတွေကအပေါင်းတွေ အဖေါ်တွေနဲ့စုစုစည်းစည်းနေထိုင်ခွင့်ရကြချိန်မှာ ၂- တိုက်ထဲမှာ တယောက်တည်း တကိုယ်တော် ထားခြင်းခံလိုက်ရသူကတော့ ကျွန်တော်ဖြစ်သွားရပါတော့တယ်။ အဲဒီမှာ ကျွန်တော် ရောက်ရှိသွားခဲ့ရတဲ့အခန်းလေးဟာ ဦးလေးဦးဖေတင်တို့ရဲ့အခန်းလေးနဲ့ တိုက်တိုက်ဆိုင်ဆိုင် မျက်နှာချင်းဆိုင် ဖြစ်နေပါတော့တယ်။ ကျွန်တော့်မှာ အမှုပေါ်လိုက်ရ အရေးယူခံလိုက်ရတာဟာ ဦးလေးဦးဖေတင်တို့နဲ့ နီးနီကပ်ကပ်နေထိုင်သွားရဖို့ ကံကြမ္မာက ကြံကြံဖန်ဖန် ဖန်တီးပေး လိုက်သလားလို့တောင် ထင်မှတ်ဖွယ်ရာပါပဲ။
အဲဒီမှာ အဲဒီအခန်းလေးထဲမှာ တကိုယ်တော် စတင်ရောက်သွားသွားချင်း၊ မျက်နှာချင်းဆိုင်အခန်းလေးထဲကနေ ကျွန်တော့်ကို ပြုံးပြုံးကြီးမျက် နှာပေးနဲ့ ‘ ဟေ့လူ .. ဟေ့လူ ’ လို့အားပါးတရ နှုတ် ဆက်လိုက်သူကတော့ ကိုကြင်ငွေ (ခေါ်) ကဗျာဆရာကိုဖြိုးထိန် ပါပဲ။ သူနဲ့အတူ သူ့ဘေးနားကနေ အဖိုးကြီးတယောက်ကလဲ မျက်မှန်ကြီးတဝင်းဝင်းနဲ့လှမ်းကြည့်ရင်း ကျွန်တော့်ကို လှိုက်လှိုက်လှဲ လှဲပြုံးပြနေတာ တွေ့လိုက်ရတော့ ကျွန်တော်ကလဲ နှစ်ယောက်စလုံးကို တလှည့်စီ ပြန်ပြုံးပြလိုက်မိပါတယ်။ ကိုဖြိုးထိန်နဲ့အတူ အဲဒီလို လှမ်းပြုံးပြနေတဲ့အဖိုးကြီးကတော့ 'ဦးလေး ဦးဖေတင်' ပေါ့။ အမှန်အတိုင်း ပြောရရင် အဲဒီတုန်းကတော့ အဲဒီဦးလေးကြီးကို ဦးဖေတင်မှန်း ဘယ်သိပါ့မလဲ။ ၅-တိုက်ထဲတုန်းကတည်းက ‘ဦးဖေတင်.. ဦးဖေတင်’ ဆိုတဲ့နာမည်ကိုရင်းရင်းနှီးနှီး ကြားဖူးနေရပေမဲ့ တခါမှ လူချင်းဆုံခွင့် ရခဲ့ဖူးတာမဟုတ်တော့ ကွဲကွဲပြားပြား ဘယ်သိပါ့မလဲ။
ကိုဖြိုးထိန် နဲ့ကတော့ အပြင်မှာကတည်းက ရင်းနှီးခဲ့ကြပြီးသားလေ။ ကိုဖြိုးထိန်က ‘ဒလ’ သား။ သူ့အိမ်ကဒလမှာ ဖြစ်ပေမဲ့ သူ့အိမ်ဟာလဲ ကျွန်တော့်ရဲ့မကြာခဏ သွားလာဝင်ထွက် ကွန်းခိုစားသောက်ရာ အိမ်တအိမ်လေ။ သူနဲ့သာမက သူ့ဇနီးမအေးသိန်းနဲ့ရော၊ သူ့သားသမီးတွေနဲ့ပါ ရင်းနှီးနေခဲ့ပါတယ်။ သူနဲ့ကျွန်တော်က ကဗျာသမား စာသမားချင်းမို့ရင်းနှီးကြတဲ့ ရင်းနှီးမှုမျိုးသာမက၊ နိုင်ငံရေးအရလဲ ပတ်သက်ခဲ့ကြဖူးသူတွေပါ။ ဒါပေမဲ့ ဒီတခါ ထောင်ထဲသို့ဝင်ခဲ့ကြရရာမှာကျွန် တော်နဲ့သူဟာ ဘာမှမပတ်သက်ပဲ သီးခြားစီသာဖြစ်ခဲ့တယ်။ ကျွန်တော့်ဖက်ကလဲ သူနဲ့ပတ်သက်ပြီး တစွန်းတစမှနှုတ်မဟခဲ့သလို၊ သူကလဲ ကျွန်တော်နဲ့ပတ် သက်ပြီး တခွန်းတပါဒမှ မငြိစွန်းစေခဲ့တဲ့အတွက် ‘အမှုတွဲ’ တော့ မဖြစ်ခဲ့ရပါ။ နှစ်ယောက်စလုံး နိုင်ငံရေးအကျဉ်းသားတွေအဖြစ် တိုက်နန်းစံတွေ ဖြစ်နေရတာချင်း တူပေမဲ့၊ တယောက်နဲ့တယောက် တခါမှနီးနီးကပ်ကပ်မကြုံရ မဆုံရပဲ လပေါင်းများစွာ ရှိနေခဲ့ရာက အခုလို အမှတ်မထင်ပြန်လည်ဆုံတွေ့လိုက်ရတဲ့အပေါ်မှာ သူက ဝမ်းမြောက်ဝမ်းသာ ဖြစ်နေသလို ကျွန်တော်ကလဲ ဝမ်းမြောက်ဝမ်းသာဖြစ်မိပါတယ်။ သူက ...
“ ဒါက နာမည်ကျော် ဦးဖေတင်လေ.. ကျွန်းပြန်ကြီးပေါ့ ။ ခေါင်းမာတဲ့နေရာနဲ့ဂွတိုက်တဲ့နေရာမှာတော့ နှစ်ယောက် မရှိဘူး။ အခု ဦးလေးကို အခန်းထဲမှာ ဟင်းတွေဘာတွေဝေပေးဖို့ ဘုတ်ကိုင်အခန်းလူကြီးအဖြစ် တာဝန်ပေးထားတယ် ” လို ့နောက်စစ စကားကိုဆိုရင်း သူ့ဘေးနားက ဦးလေးကို မေးငေါ့ပြကာ မိတ်ဆက်ပေးတဲ့အတွက် ဦးလေးဦးဖေတင်ကို လူနဲ့နာမည်တွဲပြီး ပထမဆုံးအကြိမ်အဖြစ်သိလိုက်ရပါလေတယ်။ ဦးလေးဦးဖေတင်ကတော့ ..“ ဒီကောင် လျှောက်ပြောတာ မယုံနဲ့” လို့ပြောရင်း ကျွန်တော့်ကိုပြုံးမြဲ ပြုံးပြနေခဲ့ပါတယ်။ မကြာခင်အတွင်းမှာပဲ သူတို့အခန်းလေးထဲက လူတွေအားလုံးရဲ့မျက်နှာတွေကိုလဲ တယောက်ပြီးတယောက် တွေ့လာရရင်း၊ အချိန်တိုအတွင်းမှာပဲ ရင်းရင်းနှီးနှီးဖြစ်လာခဲ့ရပါတယ်။
အရေးယူ အပြစ်ပေးထားခြင်း ခံရတဲ့အနေအထားမျိုးနဲ့ ကျွန်တော့်မှာသာ အခန်းလေးထဲမှာ တကိုယ်တော်စံမြန်းနေရပေမဲ့၊ ကျွန်တော့်ရဲ့မျက်နှာချင်းဆိုင်ရှိ သူတို့ရဲ့အခန်းလေးထဲမှာက လူက (၆) ယောက်ကြီးတောင်မှ ရှိနေတာ တွေ့လိုက်ရပါတယ်။ ဦးလေးဦးဖေတင်နဲ့ကိုဖြိုးထိန်တို့အပြင်၊ အကိုကြီးကိုလှရွှေ (အခု- စာရေးဆရာအောင်သာ - ပီသုံးလုံး)၊ အကိုကြီးကိုမြစိန်၊ ဦးထွန်းအောင် နဲ့ဦးလေး ဗိုလ်စိုးတင့် (မြောင်းမြ) တို့(၆) ယောက်သား ဖြစ်ပါတယ်။ သူတို့ (၆) ဦးသားမှာ ဦးလေးဦးဖေတင်နဲ့အကိုကြီးကိုမြစိန်တို့နှစ်ယောက်က ကိုကိုးကျွန်းပြန်။ အကိုကြီးကိုလှရွှေ နဲ့ဦးလေးဗိုလ်စိုးတင့်တို့က တောပြန်။ ဦးထွန်းအောင်ကြီးကတော့ နိုင်ငံ ရေးသမားဟောင်းလဲဖြစ် ကျူရှင်ဆရာလဲ ဖြစ်ခဲ့တယ်။ အဲဒီအထဲမှာ ကဗျာဆရာကိုဖြိုးထိန်က အသက်အငယ်ဆုံးဖြစ်နေပြီး အသက်အကြီးဆုံးကတော့ ဦးလေးဗိုလ်စိုးတင့်လို့ပြောရလိမ့်မယ်ထင်ပါတယ်။ မြောင်းမြသားဖြစ်တဲ့ ဗိုလ်စိုးတင့်ဟာ အရင်က ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ မြစ်ဝ ကျွန်းပေါ်တိုင်း၊ မြောင်းမြခရိုင် ခရိုင်စစ်ရေးတာဝန်ခံ တပ်မှူးကြီးတဦးဖြစ်ခဲ့ပြီး၊ ၁၉၈၂ ထဲမှာ ကျွန်တော်တို့တွေနဲ့အတူ ထောင်ထဲရောက် လာခဲ့ရသူ ဖြစ်ပါတယ်၊ သူတို့ထဲမှာ ဒုတိယအသက်အရွယ်အကြီးဆုံးလို့ပြောရမယ့်သူကတော့ ဦးလေးဦးဖေတင်ပဲဖြစ်မယ်ထင်ပါတယ်။ အဲဒီတုန်းက ဦးဖေတင်ဟာ အသက် ( ၅၀ ) ဝန်းကျင်လောက် ရှိနေပါပြီ။ သူတို့အခန်းရဲ့ထူးခြားမှုကတော့ အဲဒီတုန်းက အကိုကြီးကိုမြစိန်တယောက်ကလွဲလို့ ကျန်( ၅ ) ယောက်စလုံးဟာ မျက်မှန်ကြီးတွေ တဝင်းဝင်းနဲ့ချည်း ဖြစ်ပါတယ်။ အငယ်ဆုံးဖြစ်တဲ့ ကိုဖြိုးထိန်ရဲ့မျက်မှန်ကြီးက ပိုပြီးအထူဆုံးဖြစ်နေပြီး။ ဦးလေးဦးဖေတင်၊ ဗိုလ်စိုးတင့်၊ ဦးထွန်းအောင်နဲ့အကိုကြီးကိုလှရွှေတို့ရဲ့မျက်မှန်ကြီးတွေကလဲ ပါဝါဒီဂရီသိပ်ပြီးမနည်းလှမယ့် အသွင်သဏ္ဍာန်ပါပဲ။
ကျွန်တော်က ကျွန်တော့်အခန်းလေးရဲ့သံတံခါးမပေါက်ကြီးရှေ့ကို အမြဲလိုလို ထွက်ထိုင်မိတိုင်း၊ သူတို့အခန်းလေးထဲက တဦးမဟုတ် တဦးကလဲ သူတို့အခန်းလေးရဲ့သံတံခါးမကြီးရှေ့ကို လာထိုင်တတ်ပြီး ကျွန်တော်နဲ့ စကားစမြည် ပြောတတ်လေ့ရှိရာမှာ ကျွန်တော်နဲ့မကြာခဏဆိုသလို ကြိမ်ရေခပ်များများ စကားပြောဖြစ်လေ့ရှိသူတဦးဟာ... ဦးလေးဦးဖေတင်ပါပဲ။ ဦးလေးဦးဖေတင်ဟာ သူ့စိတ်ထဲ သဘောမတွေ့တဲ့သူတွေနဲ့ဆက်ဆံရတဲ့အခါသာ ဂွကျချင် ကျမှာဖြစ်ပေမဲ့၊ ကျွန်တော်နဲ့ကတော့ တော်တော်ကို လေပေးဖြောင့်ပါတယ်။
စကားပြောရင်လဲ ပြုံးပြုံး ပြုံးပြုံးနဲ့ ရိုးရိုးရှင်းရှင်းကြီးပဲ ပြောတတ်လေ့ရှိပါတယ်။ ကိုယ်လုံးကိုယ်ထည်က ပိန်ပိန်ပါးပါးဆိုတော့ အရပ်က ရှည်သယောင်ယောင်ဖြစ်နေသလို၊ ခါးလဲ အနည်းငယ်ကိုင်းသယောင်ယောင် ထင်ရပေမဲ့ ဘယ်အချိန်ကြည့်လိုက် ကြည့်လိုက် ပေါ့ပေါ့ပါးပါးသွက်သွက်လက်လက်ရှိနေတဲ့ပုံသဏ္ဍာန်ဟာ ဦးလေးဦးဖေတင်ရဲ့ကိုယ်ပိုင်ဟန်ပါပဲ။ အဲသလို သွက်သွက်လက်လက်ဖျတ်ဖျတ်လတ်လတ် နေတတ်ထိုင်တတ်သွားတတ်လာတတ်တာကိုပဲ တခန်းတည်းနေချင်းဖြစ်တဲ့ ကိုဖြိုးထိန်က ဦးလေးဦးဖေတင်ကို မကြာခဏ ဟာသလုပ်ပြီး နောက်တတ် စတတ်ပါတယ်။
“ ဟေ့လူရ ... ကျွန်တော်တို့ဦးလေးဦးဖေတင်က ဘာလုပ်လုပ် သိပ်ပြီးစိတ်ရှည်တတ်တာမဟုတ်ဘူး။ သိပ် စိတ်တိုတတ်တယ်။ ချေး ယိုတာတောင် ကြာရင် သိပ်ကြိုက်တာမဟုတ်ဘူး။ ဂံဖလားပေါ် ကားယားခွ ထိုင်နေတာကြာရင် နှာခေါင်းရှုံ့တယ်။ သူကတော့ ..ချေးယိုတာတောင် ဂံဖလားပေါ် ထိုင်လိုက်တာနဲ့ ဖလွတ်ဆို.. ပြီးသွားတာမျိုးဗျ ။ ချေးတောင် ပြောင်အောင်သုတ်ရဲ့လား မသိပါဘူးဗျာ။
ဘာလုပ်လုပ် မြန်မှ မြန်မှ ။ အဲဒါ တကယ်ပြောတာနော်၊ တကယ် တကယ်” ဆိုပြီး ကျွန်တော့်ဆီလှမ်းကြည့်ရင်းက နောက်စစပြောတတ်တယ်။
“ ပြီးတော့ ဘယ့်လောက်ဂွကျတယ်မှတ်သလဲ။ ဦးလေးဦးဖေတင်က ကျွန်တော်တို့ကို ဘယ်တော့မှအလိုမလိုက်ပဲ အရွဲ့တိုက်တတ် ဂွတိုက်တတ်လွန်းတော့ သူ့ကို ကျွန်တော်တို့က ဗြောင်းပြန်ဆက်ဆံပြောဆိုမှ အတော်ပဲ ဖြစ်သဗျ ” လို့လဲ ဆက်ပြောလာပြန်တယ်။ ကျွန်တော်ကလဲ သူ့ရဲ့ပြောလာအံ့သောစကားကို စိတ်ဝင်စားစွာ နားထောင်နေမိတယ်။ ကျွန်တော့်ဖက်ဆီ မျက် နှာလှည့်ကာ တင်ပလ္လင်ခွေထိုင်ရင်း စကားပြောနေတဲ့ ကိုဖြိုးထိန်ရဲ့နောက်မှာ ဦးထွန်းအောင်ကြီးကလဲ လမ်းလျှောက်ရင်း ပြုံးစေ့စေ့ကြီး လုပ်နေတယ်။
“ ဒီလိုလေ .. ကျွန်တော်တို့အခန်းလေးထဲမှာ ထမင်းစားရင် ဟင်းဝေပေးဖို့ကို ဦးလေးဦးဖေတင်ကိုပဲ ဟင်းဝေဘုတ်ကိုင် တာဝန်ပေးထားတာ၊ ရုံးထွက်ရတဲ့နေ့လေး ဘာလေးဆိုရင် ထောင်ဝင်စာပါဆယ်ထုပ်လေးဘာလေး ပါတယ်မဟုတ်လား။ ဥပမာဗျာ .အမဲသားလဲ ပါတယ်၊ ဝက်သားလဲ ပါတယ်။ ငါးလဲ ရှိတယ်ဆိုပါစို့။ ကျွန်တော်တို့ အကိုကြီးကိုလှရွှေတို့ဦးထွန်းအောင်တို့က အမဲသားဟင်းကိုပဲ စားချင်တယ် ဆိုပါစို့။ အဲဒါ ကျွန် တော်က ဦးလေးဦးဖေတင်.. ကျွန်တော်တို့ အမဲသားပဲ စားချင်တယ်။ ဒီတနပ်တော့ အဲဒီအမဲသားလေး ဝေပေးပါလို့ဆိုရင်- ဘယ်တော့မှ ကျွန်တော်တို့ကို အလိုလိုက်ပြီး ဝေမပေးဘူးဗျ။ ဒါပဲစား ဒါပဲရမယ် ဆိုပြီး တမင်ကို ဂွတိုက်ပြီး တခြားဟင်းပဲ ဝေပေးတော့တာဗျ ။ ကြာလာတော့ ဘယ်ရမလဲဗျာ။ သူ့အကြောကို ကျွန်တော်တို့ကလဲ သိနေတော့ ဘယ်လိုလုပ်ရတယ်မှတ်သလဲ။ ကျွန်တော်တို့ကလဲ ဗြောင်းပြန်ဗျူဟာ ကျင့်သုံးရတယ်ဗျ။
တကယ်ကို ကျွန်တော်က အမဲသားကို စားချင်နေရင် ..အဲဒါကို တမင်ရှောင်ပြီး ဦးလေး ဒီနေ့တော့ ဝက်သားပဲ ပေးဗျာ... လို့လုပ်ရတယ်။ ပြီးတော့ ဦးထွန်းအောင်ကိုလဲ ဦးလေးဦးဖေတင် မကြားအောင် တိုးတိုးလေး ကြိတ်ညှိထားပြီးသားဆိုတော့ .. ဦးထွန်းအောင်က ကျွန်တော်ကတော့ ငါးပဲ စားချင်တယ်ဗျာ ...လို့မစားချင်တာကို စားချင်တာအဖြစ် တောင်းဆိုခိုင်းရတယ်။ အဲဒီလိုလုပ်မှ... ကျွန်တော်တို့ရဲ့ဦးလေး ဦးဖေတင်က သူ့ရဲ့ထုံးစံအတိုင်း ဂွတိုက်ပြီး ...အံမယ် ဘယ်ရမလဲ၊ မောင်ကြင်ငွေ၊ မောင်ရင်စားချင်လှတယ်လို့ပြောနေတဲ့ ဝက်သားလဲ မကျွေးဘူး။ ကိုထွန်းအောင်က တောင်းဆိုနေတဲ့ ငါးကိုလဲ မကျွေးဘူး..ဆိုပြီး အမဲသားကိုပဲ ထုတ်ကျွေးတော့တာဗျ။ အဟဲ ...အဲဒီလိုလုပ်မှပဲ ကိုယ်စားချင်တာကို ရတော့တာ ဗျာ။ ဦးလေးက ဂွတိုက်တတ်တော့ ... ကျွန်တော်တို့မှာ ဗြောင်းပြန်ဗျူဟာ ကျင့်သုံးနေရတယ်ဗျို့” ဆိုပြီး ဦးလေးဦးဖေတင်အကြောင်းကို ဟာသလုပ် ပြောလေ့ရှိတယ်။ ဦးထွန်းအောင်ကလဲ လမ်းလျှောက်ရင်းရယ်ကျဲကျဲလုပ်နေသလို ဦးလေးဦးဖေတင်ကိုယ်တိုင်ကလဲ မချိုမချဉ် လုပ်နေလေ့ရှိတာ မြင်ရပါတယ်။
ဘာပဲပြောပြော သူတို့အခန်းက လူလည်းများသလို ပျော်စရာလဲ ကောင်းနေပြီး၊ တကိုယ်တော်ဖြစ်နေတဲ့ကျွန်တော့်အဖို့တော့ အနီးကပ်ဆုံးစကား ပြောဖော်တွေ ...စိတ်ငြီးပြေဖွယ်တွေ ... စိတ်ကြည်းနူးစရာတွေအဖြစ် ခံစားရပါတယ်၊ ရုံးထုတ်တဲ့နေ့တွေမှာဆိုရင် ... ထောင်ဝင်စာ ပါဆယ်ထုပ်လေးတွေနဲ့စားစရာ သောက်စရာလေးတွေ ဆူဖြိုးနေတတ်တဲ့ သူတို့အခန်းကနေ- ကျွန်တော့်ကိုလဲ စားစရာသောက်စရာလေးတွေကို ပစ်ပေါက် မျှဝေပေးတတ်ပါတယ်။ စားစရာလေးတွေကို ပလတ်စတစ်အိတ်လေးထဲ ထည့်၊ ကျစ်ကျစ်ပါအောင်ထုပ်ပြီး၊ သူတို့အခန်း သံတိုင်ကြားကနေ- ကျွန်တော့်အခန်းက သံတိုင်ကြားအပေါက်ဝဆီကို တည့်တည့်မတ်မတ်ကျအောင် သေသေချာချာချိန်ရွယ် ပစ်ပေါက်ပေးလိုက်ရတာမို့ ပစ်ပေါက်မျှဝေပေးလိုက်တာ ...လို့သုံးနှုန်းလိုက်ရတာဖြစ်ပါတယ်။ အဲသလိုအခါမျိုးမှာဆိုရင် - ဦးလေးဦးဖေတင်က အထုပ်လေးကိုကိုင်ပြီး၊ မျက်မှန်ကြီးတဝင်းဝင်း-အပြုံးရိပ်တွေတလဲ့လဲ့မျက်နှာကြီးနဲ့ ကျွန်တော့်အခန်းဆီကို မရောက်ရောက်အောင် ပစ်ပေးတတ်သူ ဖြစ်ပါတယ်။ တကယ်တော့... ဦးလေးဦးဖေတင်ဟာလဲ ကျွန်တော့်လိုပဲ ထောင်ဝင်စာလာမယ့်သူ မိသားစုဝင် မရှိရှာတဲ့ ‘ထောင်ဝင်စာ ပါးရှားလှသူ’ တယောက်ဖြစ်ပါတယ်။ အဲသလိုကြားကနေ အဲသလိုအနေအထားနဲ့ ကျွန်တော့်ဆီကို စားစရာသောက်စရာလေးတွေ လှမ်းပြီးပေးနိုင်နေတာအပေါ်၊ ဘဝတူတွေအချင်း ချင်းကိုထပ်ဆင့်မျှဝေပေးနိုင်နေမှုအပေါ် ...ဦးလေးဦးဖေတင်ဟာ အမြဲလိုလို ရွှင်ရွှင်လန်းလန်းသွက်သွက်လက်ဖြစ်နေလေ့ရှိပါတယ်။ တခါတရံတော့ ... ဦးလေးဦးဖေတင်ဟာ ကျွန်တော့်ဆီကို စားစရာလေးတွေသာမက ရေနွေးကြမ်းကိုပါ မဖြစ်ဖြစ်အောင် လှမ်းပို့ပေးခဲ့ဖူးတာ ရှိခဲ့ဖူးပါတယ်။ သူတို့အခန်းကနေ ဘယ်လိုနည်းနဲ့ရအောင်လုပ်ထားနိုင်လေသလဲတော့ မသိ၊ တကယ်ကို လဖက်ခြောက်အစစ်ခပ်ထားတဲ့ ရေနွေးကြမ်းအစစ်ပါ။ အဲဒီရေနွေးကြမ်း သုံးလေးခွက်စာကို ပလတ်စတစ်ဘူးနဲ့ထည့်ထားပြီး၊ ဘူးဝအပိတ်ကိုလဲ ပလတ် စတစ်အစလေးခံကာ သေသေချာချာ လုံအောင်ပိတ်ထားပြီး၊ ကျွတ်ကျွတ်အိတ်နဲ့ထပ်မံရစ်သိုင်း ချည်နှောင်လိုက်ပြီး၊ အဲဒီရေနွေးဘူးလေးကို သူတို့အခန်းကနေ ..ကျနော့်အခန်းဆီအရောက်-ဘီးလုံးလေး လှိမ့်ပေးလိုက်သလို လှိမ့်ပေးခြင်းအားဖြင့် ကြံကြံဖန်ဖန် မဖြစ်ဖြစ်အောင် ပေးပို့တာကိုလဲ လက်ခံရရှိ သောက်သုံးရဖူးပါတယ်။တကယ်ကို ခဲရာခဲဆစ် ကြံကြံဖန်ဖန် ပေးရမှုမျိုးပါ။ အဲသလိုမျိုး ကရိကထခံပြီး မဖြစ်ဖြစ်အောင် လှမ်းပေးလေ့ရှိတဲ့အလုပ်မျိုးကို စိတ်ရှည်လက်ရှည်တာဝန်ခံလုပ်ပေးလေ့ရှိသူကတော့ ...အင်မတန်မှ စိတ်တိုတတ်ပြီး စိတ်အင်မတန်မြန်လှတယ်လို့နာမည်ကြီးလှတဲ့ ဦးလေးဦးဖေတင်ကိုယ်တိုင် ဖြစ်နေတာကလဲ ကျွန်တော့်အတွက်ကတော့ တော်တော်ကို ထူးထူးခြားခြားနဲ့မမေ့နိုင်စရာ ဖြစ်ရပါတယ်။
( ၃ )
ကျွန်တော့်ဘဝမှာ ဦးလေးဦးဖေတင်နဲ့ဘယ်လောက်အထိ ရေစက်ပါလွန်းလှသလဲဆိုတော့၊ ထောင်တွေကျပြီးကြလို့အဆောင်တွေ ရောက်ကြရုံမက၊ အင်းစိန်ထောင်တောင်မထားတော့ပဲ အင်းစိန် ထောင်ကြီးကနေ နာမည်ကျော်သာယာဝတီထောင်ကြီးဆီကို ထောင်ပြောင်းပြီးပို့တော့လဲ ဘဝတူ အတူတူ၊ တထောင်တည်းအတူတူ အပို့ခံရသူဖြစ်ရပြန်တယ်။ ကျွန်တော်တို့နိုင်ငံရေးအကျဉ်းသားတွေကို ထောင်ပြောင်းပစ်ဖို့ ‘ ၁- ဆောင်’ မှာ နေနေကြရရာက ‘ ၅ - ဆောင်’ ကို ခေါ်ထုတ်လာချိန်အထိ ဘယ်သူတွေကို ဘယ်ထောင်တွေဆီ ခွဲပြီး ပို့မလဲဆိုတာ ကျွန်တော်တို့အားလုံး လုံးဝလုံးဝမသိကြပါ။ သိရတာက အင်းစိန်ထောင်ကနေ တခြားနေရာ တခုခုဆီကို ရွှေ့ပြောင်းပို့တော့မယ်ဆိုတာလောက်ပါပဲ။ အဲဒီနေ့တုန်းက ‘ ၅-ဆောင်’ မှာ တညတာ အတူစုပေါင်းအိပ်ကြရရာမှာ ဦးလေးဦးဖေတင်က ကျွန်တော့်အနားကို ကပ်လာပြီး၊ “ နိုင်ငံရေးသမားဆိုတာ ဒီလိုပေါ့။ ဒီခွေးသားတွေကတော့ ဒို့တတွေအပေါ် ဖိနှိပ်မှာ ညစ်ပတ်မှာချည်းပဲ။ ကောင်းအောင် ရွှေ့မှာဘယ်ဟုတ်မလဲ။ ဒုက္ခရောက်အောင် ဆိုးအောင်လုပ်ဖို့ ရွှေ့ပစ်တာပဲ။ ကြိုက်တဲ့နေရာ ရွှေ့လိုက်စမ်း ...သတ္တိရှိရှိ ရင်ဆိုင်သွားကြဖို့ပဲလေ ” လို့ တည်တည်ငြိမ်ငြိမ်လေသံနဲ့ပဲ အပြုံးမပျက်ပြောလာတယ်။
ကျွန်တော်ကလဲ ဦးလေးကို နွေးနွေးထွေးထွေးပြန်ကြည့်ရင်း၊ လေးလေးနက်နက် ခေါင်းညိတ်ပြလိုက်မိပါတယ်။ နောက်တနေ့ အစောကြီးမှာတော့ မိုးတောင်မလင်းသေးခင်မှာ ကျွန်တော်တို့တတွေကို စာရင်းအတိုင်း နာမည်တွေကို ခေါ်ထုတ်ပြီး ‘အာတီဘီ’ ကားပြာကြီးပေါ် တက်စေတယ်။ မနေ့ညနေတုန်းကတည်းက ခြေကျင်းတွေကိုလဲ အသီးသီး တပ်ထား ခတ်ထားေပေးပြီးဖြစ်တာကြောင့်၊ ခြေကျင်းသံတွေ တညံညံနဲ့ကားပြာကြီးတွေပေါ်တက်ခဲ့ကြရတယ်။ ကျွန်တော် တက်ရတဲ့ ကားပြာကြီးပေါ်မှာက ကျွန်တော်အပါအဝင် အကျဉ်းသား (၈) ဦး။
နောက်တစီးပေါ်မှာက အဘဦးဘဦးအပါအဝင် အကျဉ်းသား (၄) ဦး၊စုစု ပေါင်းအကျဉ်းသား (၁၂) ဦးကို လက်နက်ကိုင်ရဲသားတွေအပြည့်ပါတဲ့ ကားကြီး (၂) စီးက ရှေ့နောက်ခြံရံကာ လမ်းတလျှောက် ဘယ်နေရာမှ ရပ်နားခြင်းမပြုပဲ ဒရမန်းကြမ်း မောင်းနှင်ထွက်ခွါစေခဲ့ပါတယ်။ ဝီစီသံ တရွှီရွှီနဲ့ဒရမန်းကြမ်း မောင်းနှင်လာတဲ့ ကျွန်တော်တို့စီးနင်းလိုက်ပါလာရရာ ကားတန်းကို လမ်းမတလျောက်ပေါ်ရှိတခြားသော ကားကြီးကားငယ်မှန်သမျှက ရုတ်တရက် ဘေးကပ်ပေးကြရပြီး တအံ့တဩငေးမောကြည့်နေကြတာကို ရိပ်ခနဲ ရိပ်ခနဲမြင်လိုက်ရပါတယ်။ ကျွန်တော်တို့ကားပေါ်မှာ ကျွန်တော်နဲ့အတူ ဦးလေးဦးဖေတင်လဲ ကံတူအကျိုးပေးအဖြစ်တိုက်တိုက်ဆိုင်ဆိုင်ပါလာတယ်။ ကျွန်တော်နဲ့ဦးလေးဦးဖေတင်အပါ အကျဉ်း သား (၈) ဦးတင်ဆောင်လာတဲ့ကားကို သာယာဝတီထောင်ထဲဆီ တန်းဝင်စေခဲ့ပြီး၊ အဘဦးဘဦးအပါ၊ အကျဉ်းသား (၄) ဦးနဲ့တခြားကားကြီးကိုတော့ ‘ပြည်’ ဖက်ဆီ ဆက်လက်မောင်းထွက်သွားစေခဲ့ပါတယ်။
လက်စသတ်တော့ ... ကျွန်တော်တို့(၈)ဦးကို သာယာဝတီထောင်ကို ရွှေ့ ပြောင်းလိုက်တာဖြစ်ပြီး၊ အဘဦးဘဦးတို့ (၄) ဦးကိုတော့ ‘ပြည်’ ထောင်ဆီ ရွှေ့ပြောင်းပစ်လိုက်တာဖြစ်နေမှန်း အဲဒီကျမှ သိလိုက်ရပါတော့တယ်။
သာယာဝတီထောင်မှာ ဦးလေးဦးဖေတင်ဟာ ကျွန်တော်နဲ့အတူ ဘဝတူ။ သာယာဝတီထောင်က အထူးတိုက် (၁၀) ခန်းတွဲထဲမှာ (၄) လကျော်လောက် အတူနေထိုင်ခဲ့ရပြီး၊ အဆောင်တွေထဲ ဖြန့်ခွဲပစ်လိုက်တဲ့အခါမှာတော့ နေရတဲ့အဆောင်ဟာ တဆောင်စီဖြစ်သွားတယ်။ ဒါပေမဲ့ ညနေအား လပ်ချိန်တွေတိုင်းမှာ ဦးလေးဦးဖေတင်နဲ့ကျနော်ဟာ သူတို့အဆောင်နဲ့ ကျွန်တော်တို့အဆောင်အကြား စည်းခြားထားတဲ့ ခြံစည်းရိုးလေးအနားမှာ အမြဲမပြတ်ဆုံကြပြီး ရရာသတင်းပေါင်းစုံကို အပြန်အလှန်ပြောကြဆိုကြ ဆွေးနွေးကြမြဲဖြစ်ခဲ့တယ်။ ကံတူအကျိုးပေး ဘဝတူတွေအဖြစ် အပြန်အလှန်သံယောဇဉ်လဲ ရှိခဲ့ကြပါတယ်။
သာယာဝတီထောင်မှာ တိုက်ကနေ အဆောင်ဆီကို ပြောင်းရွှေ့ရပြီးလို့မှ သိပ်မကြာခင်မှာ ပထမဆုံးအဖြစ် ကျွန်တော်က ပြဿနာပေါ်ပါတယ်။ ထောင်မှာ မနက်တိုင်း အိမ်ဆောင်အဖွင့်မှာ နိုင်ငံ တော်အလံကိုအလေးပြုအခမ်းအနားလုပ်လေ့ရှိရာမှာ၊ ကျွန်တော်က အစိုးရရဲ့မဆလအလံကို အလေးမပြုတဲ့ ပြဿနာပါ။
ကျွန်တော်ဘယ်လိုနေထိုင်သလဲဆိုတာကို အစီအစဉ်ရှိရှိ လိုက်လံချောင်း မြောင်းနေတဲ့ အဆောင်တာဝန်ခံတပ်ကြပ်သန်းထွေးဆိုတဲ့ ‘သခင်အားရ ကျွန်ပါးဝ’ တစ်ကောင်က ကျွန်တော် မဆလအလံကို အလေးပြုခြင်းမရှိတာကို တွေ့သွားပြီး၊ ‘နိုင်ငံတော်အလံ အလေးမပြုမှု’ ဆိုတဲ့ ပြစ်ချက်ကြီးနဲ့ကျွန်တော့်ကို ထောင်ကျရုံးထောင်မှူးရုံးကို ရုံးတင်တယ်ဆိုတာ လုပ်ပါတယ်။ ထောင်မှူးလေးသန်းလွင်က ကျွန်တော့်ကို နိုင်ငံတော်အလံကို အလေးပြုဖို့ ဖျောင့်ဖျပါတယ်။ ကျွန်တော်က မဆလအလံကို အလေးမပြုနိုင်ဘူးလို့ငြင်းပါတယ်။ အဲဒီမှာ နောက်တဆင့်အဖြစ် ကျွန်တော့်ကိုထောင် ပိုင်ရုံးကို တင်ရာမှာ၊ ဒုတိယထောင်ပိုင်ကြီးဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသားတွေအပေါ်မှာ ဖိနှိပ်ညှဉ်း ပန်းရာမှာ နာမည်ဆိုးနဲ့ကျော်စောတဲ့ ‘ဘိုကြည်’ ဆိုတဲ့ သတ္တဝါကြီးကနေ ‘ ဒါ ...ထောင်ပြဿနာဖေ,်တာ၊ ဒီကောင်ဟာ သောက်ရူးပဲ။ ဒီကောင်အရူး ... အရူးတိုက်ထဲ ပို့ပိတ်လိုက် ’ ဆိုတဲ့ နှုတ် ထွက်စကားသံနဲ့အတူ အမိန့်ပေးလိုက်မှုအောက်မှာ ကျွန်တော်ဟာ အရူးတိုက်ထဲ ရောက်သွားရပါတော့တယ်။ အေးအေးဆေးဆေး ဖြေးဖြေးညင်ညင် ရောက်ရတာတော့မဟုတ်။ ခြေကျင်းခတ်ထားခြင်းခံထားရဆဲဖြစ်တဲ့ ကျွန်တော့်ကိုအထိုင်ခိုင်းပြီးမှ ဆေးရုံအပေါက်ဝကနေ ဆေးရုံထောင့် စွန်းရှိ အရူးတိုက်ထဲအထိ ဖားခုန် ခုန်ပြီး ဝင်ဖို့အမိန့်ပေးရာမှာ ကျွန်တော်ကလဲ ‘ ဘယ်တော့မှ ဖားခုန်မခုန်ဘူး၊ ကြိုက်သလိုလုပ် ’ လို့ ပြန်လည်တုံ့ပြန်လိုက်တဲ့အတွက် နောက်ကနေ တကိုယ်လုံးကို ဘော့လုံးကန်သလို ဆောင့်ကန်ရင်း၊ စစ်ဖိနပ်နဲ့အဆက်မပြတ် ကျုံးကန်တာကို မချိမဆန့်ခံစားရရင်း ဒလိမ့်ခေါက်ကွေး အလဲလဲအပြိုပြိုနဲ့ မရှုမလှဝင်ခဲ့ရတာ ဖြစ်ပါတယ်။ ဒါတောင် ဆေးရုံအပေါက်ဝနဲ့အရူးတိုက်အကြား လမ်းတဝက်လောက်မှာ ‘ ဗိုက်ပူကိုတင်အောင်ကြီး’ ဆိုတဲ့ တပ်ကြပ်ဝါဒါကြီးတယောက်က သန်းထွေးလက်ထဲကနေ လွှဲပြောင်းယူလိုက်တဲ့အတွက် ကိုက် (၁၀၀) ကျော်လောက်ပဲ အထုအနှက်အကန်အကျောက်ကို ခံလိုက်ရပြီး ကိစ္စပြီးသွားခဲ့တာ ဖြစ်ပါတယ်။
အတိုချုပ်ပြောရရင် ..ကျောအောင့် ရင်နာ...ဒဏ်ရာဒဏ်ချက်ပေါင်းများစွာနဲ့‘အရူးတိုက်’ ဆိုတာထဲကိုဝင်ခဲ့ရပါတယ်။ အဲဒီမှာ .. နောက်နေ့မနက်လောက်ကစပြီး အဝေးကနေ ကျွန်တော့်ဆီကို နေ့စဉ်လိုလို လာ လာပြီး ကြည့်ရှု့အားပေးလေ့ရှိသူဟာ ဘယ်သူလို့ထင်ပါ်သလဲ။ ဦးလေး ဦးဖေတင်ဆိုတဲ့ ချစ်စရာ ရဲဘော်ကြီးပါပဲ။
လာလာပြီး အဝေးကနေ ကြည့်ရှု့အားပေးတယ်ဆိုလို့ လွယ်လွယ်များတော့ မမှတ်လိုက်ပါလေနဲ့။ သူ့ခမြာ ထောင်ထဲမှာ နည်းနာမျိုးစုံသုံးပြီး ကြိုးစားပန်းစားလာရရှာတာမှန်း ကျနော် လေးလေးနက်နက်သဘောပေါက်မိပါတယ်။ သူ့ခမြာ ကျွန်တော့်ကို အဝေးကနေ လှမ်းတွေ့ရုံလေး တွေ့နိုင်ဖို့ကို ဘယ်လိုအကြံအဖန်လုပ်ပြီး ဘယ်လိုများ လက်တွေ့အကောင်အထည်ဖေါ်ရတယ် ထင်ပါသလဲ။ သူ့မှာ အဆုပ်မကောင်းတာနဲ့ကျန်းမာရေးမကောင်းလှတဲ့အခြေအနေကို အကြောင်းပြပြီး၊ ‘ ဆေး ရုံပြ ’ ဆိုတဲ့ခေါင်းစဉ်နဲ့တခြားသောလူမမာ အကျဉ်းသားတွေနဲ့အတူ၊ နေ့စဉ်ဆေးရုံပြလူနာအုပ်ကြီးနဲ့အတူ ဆေးရုံကို လိုက်ခွင့်ရအောင် ပြောဆိုပြသ ‘ဂွင်ဖန်’ ပြီးမှ မရောက်ရောက်အောင် လိုက်လာခဲ့ရတာမျိုးဖြစ်ပါတယ်။ ဆေးရုံပြရမယ့်လူနာတယောက်အဖြစ် ထောင်ဆေးရုံထဲအထိ လိုက်လာနိုင်ခွင့် ရလာပြန်တော့လဲ၊ ဆရာဝန်ရဲ့စစ်ဆေးကြည့်ရှု့တာနဲ့ဆေးထိုး ဆေးပေးတာတွေကို ခံယူနိုင်ဖို့၊သူတို့တတွေ တန်းစီစောင့်ဆိုင်းနေရတဲ့ ဆေးခန်းရှေ့က သတ်မှတ်ထားရာနေရာဟာ ကျွန်တော့်ကို အပြစ် ပေးအရေးယူပြီး တိုက်ပိတ်ထားတဲ့ အရူးတိုက်ထဲက တိုက်ခန်းနေရာလေးနဲ့ တော်တော်ကြီးကို ကွာဝေးပါတယ်။ ဆေးရုံဝင်းကြီး တဝင်းတည်းမှာဆိုပေမဲ့ ဟိုဖက်စွန်းနဲ့ဒီဖက်စွန်းလိုဖြစ်နေပါတယ်။ ဒါပေမဲ့ အလယ်မှာ သစ် ပင်မရှိ တံတိုင်းမရှိ ကွင်းပြင်ကျယ်ကြီးလိုဖြစ်နေတဲ့အတွက် ကျွန်တော်စံမြန်းရရာ တိုက်ခန်းလေးရဲ့သံတခါးပေါက် သံတိုင်ကြားကနေ လှမ်းပြီးကြည့်လိုက်ရင်၊ ထောင်ကျဆေးရုံပြ ဆေးရုံလိုက်လူနာတွေကို အတိုင်း သား ရှင်းရှင်းလင်းလင်း လှမ်းပြီးမြင်ရလေ့ရှိပါတယ်။ သူတို့က အတန်းလိုက် တန်းစီထားရပြီး အလှည့်ကျ တဦးချင်းပဲ ဝင်ရတာဖြစ်တာကြောင့် လူများရင်များသလို နာရီနဲ့ချီ ပြီးကြာလေ့ရှိပါတယ်။ အဲဒီအကွက် အဲဒီဂွင်ကို အမိအရအသုံးချပြီး ဦးလေးဦးဖေတင်ဟာ ကျွန်တော်နဲ့တွေ့ရဖို့နေ့စဉ်လိုလို ဆေးရုံပြအဖြစ် ဆေးရုံကိုလိုက်လာရှာတာ ဖြစ်ပါတယ်။ တယောက်နဲ့တယောက်လူချင်းကတော့ ရှင်းရှင်းလင်းလင်းလှမ်းမြင်နေရပေမဲ့၊အကွာအဝေးက တော်တော်ကြီးကိုဝေးတာကြောင့် စကားစမြည်ပြောတာမျိုးတော့ ဘယ်လိုနည်းနဲ့မှ ပြောလို့ဆိုလို့မရနိုင်ပါ။ ဒါပေမဲ့ ဦးလေးဦးဖေတင်ဟာ ကျွန်တော့်ကို အရေးယူတိုက်ပိတ်လိုက်တဲ့ နောက်တနေ့လိုလိုကစပြီး နေ့စဉ်လိုလို ဆေးခန်းပြလူနာအဖြစ် ဆေးရုံဝင်းကြီးထဲကို လိုက်လိုက်လာပါတယ်။ စကားပြောလို့မရတဲ့အနေအထားဆိုတော့ သူက အဝေးကနေ လှမ်းကြည့်ရင်း လစ်ရင်လစ်သလို လက်သီးလက်မောင်း တန်းပြတာ အလေးနီပြုဟန်လုပ်ပြတာနဲ့လက်မထောင်ပြတာမျိုးတွေကို အားရပါးရ လုပ်ပြပါတယ်။ ကျွန်တော့်ကို စိတ်ဓါတ်ရေးရာအရ အားပေးတဲ့သဘော၊ အလေးထားတဲ့သဘော ထောက်ခံတဲ့သဘော-လုပ်ပြတာပါ။ ကျွန်တော်ကလဲ သူတို့ဆေးခန်းပြထောင်ကျလူနာအုပ်ကြီး ဆေးရုံဆေး ခန်းရှေ့ရောက်လာမယ့်အချိန်ကို သေသေချာချာ လှမ်းကြည့်နေလေ့ရှိပြီး ဦးလေးဦးဖေတင်ကို အပြန်အလှန်အားဖြင့် အဝေးကနေလက်သီး လက်မောင်းတန်းပြီး ပြရပါတယ်။
သူက ကျွန်တော်ကို မြင်ပြီဆိုတာနဲ့အားရပါးရ အမူအရာနဲ့ လှမ်းပြီးနှုတ် ဆက်တတ်ပါတယ်။ မျက်မှန်ကြီးတဝင်းဝင်းကြားကနေ အားရပါးရ လှမ်းပြီးပြုံးပြနေလေ့ရှိတဲ့ သူ့ဟန်ပန်ဟာ တကယ့်ကို ချစ်ခင်လေးမြတ်ဖွယ်ပါပဲ။ ဒီလိုအခြေအနေကြားထဲကနေ တရက်မှာတော့ ထောင်ဆေးရုံ လူအိုဆောင်ထဲက အကျဉ်းသားအိုကြီးတယောက်ဟာ ဝါဒါတွေအလစ်မှာ ကျွန်တော့်ဆီ ဆိုက် ဆိုက်မြိုက်မြိုက်ရောက်လာပြီး သူ့ခါးပိုက်ထောင်ကြားထဲကနေ ဝှက်သယ်လာတဲ့ ပေါင်မုံ့သေးသေးလေးတလုံးနဲ့ကြက်ဥပြုတ်လေး(၂) လုံးကို ကမန်းကတန်းထုတ်ပေးလာလို့တော်တော်ကို အံ့သြသွားရပါတယ်။ အဘိုးကြီးက ဘေးဘယ်ညာကို လူရှင်းမရှင်း သေချာအောင် ထပ်ကြည့်လိုက်ပြီးမှ သူ့ကိုယ်နဲ့ကွယ်ထားရင်း ခပ်မြန်မြန်ထုတ်ပေးလာတာဖြစ်ပါတယ်။
“ ဆေးခန်းပြ လိုက်လိုက်လာတဲ့ ဟိုမျက်မှန်နဲ့အဘိုးကြီးတယောက်က အဘနဲ့တွေ့တော့ အဘကို အကူအညီတောင်းပြီး မင့်ဆီ ဒါလေး ရောက်အောင်ပို့ပေးပါလို့မေတ္တာရပ်ခံလာလို့ အခြေအနေကြည့်ပြီး လာပေးတာ။ လူလစ်တုန်း ယူလာပေးရတာ။ သူက ဦးဖေတင်ဆိုလားပဲ။ မင်းက အလံအလေးမပြုလို့ဆိုပြီး အပိတ်ခံထားရတဲ့ ‘၅ ည’ လေးမဟုတ်လား။ သူလဲ ‘ ၅ ည’ လို့ပြောတယ်။ အဲဒါ-သူက ဆေးခန်းပြလူနာအဖြစ် လိုက်လာပြီး၊ သူရတဲ့လူနာစာ ဒီပေါင်မုံ့နဲ့ကြက်ဥလေးကို သူမစားပဲ၊ မင်းဆီကို အပို့ခိုင်းလိုက်တဲ့သဘောပဲ။ အဲဒါလေးကို သေသေချာချာဝှက်ထားပြီး မြန်မြန် ဆန်ဆန်စားပစ်လိုက်နော် ” လို့ စကားကို ခပ်သုတ်သုတ်ပြောပြီး ခပ်မြန်မြန်ပဲ ထွက်သွားပါတယ်။
ကျွန်တော့်မှာ ဝမ်းနည်းဝမ်းသာ ဖြစ်ရတယ်။ ဦးလေးဦးဖေတင်က ကျွန်တော့အပေါ် အဲသလောက်ကို အလေးအနက်ထားခဲ့တာအပေါ် ကျွန်တော့်မှာ မမေ့နိုင်စရာလဲ ဖြစ်ခဲ့ရပါတယ်။
သာယာဝတီထောင်ထဲမှာပဲ ဖြတ်သန်းခဲ့ရစဉ်မှာ ဦးလေးဦးဖေတင်နဲ့ပတ်သက်တဲ့ နောက်ထပ်မမေ့နိုင်စရာလေးတွေလဲ အများအပြား ရှိပါသေးတယ်။ ဦးလေးက ကျွန်တော့်လောက် ထောင်ကျနှစ် မများပဲ၊ (၂) နှစ်လားပဲ ထောင်ကျတာဆိုတော့ သာယာဝတီထောင်မှာ နောက်ထပ်သိပ်ကြာကြာမနေရပဲ ကျွန်တော့်အရင် စောစောစီးစီးပဲ ထောင်ကနေ လွတ်သွားပါတယ်။ အံ့သြစရာကောင်းတာက ဦးလေးဦးဖေတင်ဟာ အပြင်ကို ပြန်ရောက်သွားပြီး တလလောက်အတောအတွင်းမှာကို ကျွန်တော့်ကို ထောင်ဝင်စာ လာတွေ့တဲ့အဖြစ်ကလဲ တကယ့်ကို မမေ့နိုင်စရာပါပဲ။
အဲဒီတုန်းက ထောက်ကျနှစ် သိပ်မများလှလို့ ကျွန်တော့်အရင် ထောင်ကနေလွတ်သွားကြသူတွေ တော်တော်များများရှိရာမှာ၊ တချို့ဆိုရင် အခုလိုထောင်ပြောင်းရွေ့တာထဲတောင်မပါပဲ၊ အင်းစိန်ထောင်ထဲတုန်းကတည်း က လွတ်သွားကြစဉ်မှာ မလွတ်ခင် နောက်ဆုံးကာလတွေမှာ “အပြင် ပြန်ရောက်ရင် ...သိပ်မကြာခင်မှာပဲ ခင်ဗျားဆီ ထောင်ဝင်စာ မဖြစ်ဖြစ်အောင် လာတွေ့ပါဦးမယ်၊ စိတ်ချ တခေါက်တော့လာဖြစ်အောင်ကို လာခဲ့မယ်” လို့ပါးစပ်ကတိပေးခဲ့သူတွေ အများအပြားရှိခဲ့ဖူးပါတယ်။ ဒါပေမဲ့ အဲဒီသူတွေ သူတို့ပြောသလို တဦးတယောက်မှ ကျွန်တော့်ဆီ ထောင်ဝင်စာ ပြန်လာတွေ့တာ မရှိခဲ့ကြဖူးပါဘူး။ အဲဒီသူတွေနဲ့မတူပဲ၊ ပြောရရင် တခြားသူတွေလို သတ်သတ်မှတ်မှတ် အိုးအိမ်တောင် ပြစရာမရှိရှာတဲ့ ဦးလေးဦးဖေတင်က သူနောက်ဆုံးနေသွားခဲ့ရရာ သာယာဝတီအထိပြန်လာပြီး ကျွန်တော့်ကို မဖြစ်ဖြစ်အောင် ထောင်ဝင်စာ လာတွေ့ရှာတာဖြစ်လေတော့ ကျွန်တော့်မှာ ဘယ်တော့မှ မမေ့နိုင်အောင် ခံစားရပါတယ်။ ဒါပေမဲ့ အဲဒီအချိန်မှာ ထောင်ရဲ့အာဏာပိုင်ဖြစ်နေပြီဖြစ်တဲ့ ထောင်ပိုင်ဘိုကြည်က ထောင်ဝင်စာလာတွေ့တဲ့ ဦးဖေတင်နဲ့ကျွန်တော့်ကို လူကိုယ်တိုင်တွေ့ခွင့်မပေးပဲ တမင်ကိုပိတ်ပင်ကန့်သတ်ထားခဲ့ပြီး ထောင်ဝင်စာအထုပ်လေးကိုပဲ ပေးခွင့်ပြုခဲ့ပါတယ်။
အဲဒီနေ့က “ ထောင်ဝင်စာ ထောင်ဝင်စာ ရှိတယ် ” ဆိုပြီး လာခေါ်တဲ့အတွက် ထောင်ဗူးဝကို လိုက်သွားခဲ့ရရာမှာ ဗူးဝအနီးက ထောင်ပိုင်ရုံးခန်းထဲမှာပဲ ဝင်သွားခဲ့ရပြီး၊ အဲဒီရုံးခန်းထဲမှာ ထောင်ပိုင်ဘိုကြည်က မျက်နှာထိ မျက်နှာထားတင်းတင်းနဲ့ကျွန်တော့်ကို ခပ်တည်တည်စောင့်လင့်နေတာတွေ့ရပါတယ်။ သူ့စားပွဲပေါ်မှာထောင်ဝင်စာ ပါဆယ်ထုပ်ကျွတ်ကျွတ်အိပ်လေးတအိတ်ကို တင်ထားတာလဲ တွေ့ရပါတယ်။ ထောင်ပိုင်ဘိုကြည်က “ မင်းကို ဒီထောင်ကပဲ ပြီးခဲ့တဲ့လကမှ လွတ်သွားတဲ့ ဦးဖေတင်ဆိုတဲ့သူက ကနေ့ပြီးခဲ့တဲ့ တနာရီလောက်ကပဲ ထောင်ဝင်စာ လာတွေ့တယ်။ လူချင်းတော့တွေ့ခွင့် ခွင့်မပြုဘူး။ ထောင်ဝင်စာတော့ ပေးခွင့်ပြုမယ်ဆိုပြီး ဒီမှာ လက်ခံထားလိုက်တယ်။ အဲဒီအထုပ်ပဲ- ပြီးတော့ သူက မင့်အတွက်ဆိုပြီး ပိုက်ဆံလဲ (၂၅) ကျပ်တိတိ တရားဝင်ထောင်ကျရုံးမှာ အပ်ပေးသွားတယ်။ မင်း ပြန်လွတ်တဲ့အခါ အဲဒီပိုက်ဆံကိုလဲ ဒို့ထောင်က ပြန်ထုတ်ပေးလိုက်မယ်၊ဒါပဲ။ အဲဒီပါဆယ်ထုပ်ကို ယူသွား။ ပါဆယ်ထုပ်ထဲမှာ ထောင်ဝင်စာပေးပို့သူ ဦးဖေတင် လို့လဲ စာရေးထားတဲ့စက္ကူပိုင်းလေးနဲ့ ထောင်ဝင်စာပစ္စည်းစာရင်းပါတယ်။ အဲဒါ ရရှိကြောင်းကို
ထောင်မှူးဆီ လက်မှတ်ထိုးပြီး ပြန်ပေးသွား၊ သွားနိုင်ဘီ ” လို့ဆိုလာတယ်။ ကျွန်တော်ကလဲ ပါဆယ်ထုပ်လေးကို ဆွဲယူလာပြီး၊ ရုံးခန်းဘေးကအပေါက်ဝမှာ အသင့်စောင့်နေတဲ့တာဝန်ကျထောင်မှူးလေးရှေ့မှာ ပစ္စည်းနဲ့ပိုက်ဆံကို လက်ခံရရှိကြောင်း ဆိုတဲ့စာကို ရေးသားလက်မှတ်ထိုးပေးခဲ့ရပါတယ်။ ဦးဖေတင်ကတော့ လူချင်းသာ တွေ့ခွင့်မပေးလို့မတွေ့ရတာ ထောင်ရဲ့အပြင်ဖက်မှာ ဆက်လက်ရှိနေတုန်းလို့ပဲ ယူဆမိပါတယ်။ ဘာလို့တုန်းဆိုတော့ ကျွန်တော့်ဆီက ပစ္စည်းလက် ခံရရှိကြောင်းလက်မှတ်နဲ့စာကို သူ့ဆီကို မုချပြန်လည်ပေးပို့လိုက်လိမ့်ဦးမယ်လို့ တွက်ဆမိလိုက်လို့ပါပဲ။ ဘာပဲဖြစ်ဖြစ် ကျွန်တော့်စိတ်ထဲမှာ ဝမ်းနည်းဝမ်းသာ ခံစားလိုက်ရပြန်ပါတယ်။
ကျွန်တော် နှစ်ပြည့်လို့ထောင်ကလွတ်တော့လဲ သာယာဝတီထောင်ကပဲ လွတ်ပါတယ်။ အဲဒီမှာ ထောင်ရဲ့ထုံးစံအတိုင်း ထောင်ကလွတ်လာတဲ့သူအတွက်၊ မီးရထား ကား သင်္ဘော ..စတဲ့ယာဉ်တွေကို စီးနင်းလိုက်ပါသွားရတဲ့အခါမှာ အခမဲ့စီးသွားနိုင်တဲ့၊ ထောင်ကနေလွှတ်လိုက်ပြီဆိုတဲ့ ‘လွှတ်ဝရမ်းစာ’ လဲ တရားဝင် ထုတ်ပေးလိုက်သလို၊ ကျွန်တော့်အတွက် ဦးလေးဦးဖေတင် တရားဝင်အပ်နှံပေးသွားခဲ့တဲ့ ငွေလေး(၂၅) ကျပ်ကို လဲ ပြန်ထုတ်ပေးလိုက်ပါတယ်။ ကျွန်တော်က သာယာဝတီကားလမ်းမကြီးတနေရာကနေ ရန်ကုန်ဖက်ဆီဦးတည်သွားမယ့် ကြုံရာကားကြီတစီးကို လက်ပြတားလိုက်ပြီး၊ သာမန်ခရီးသည်တဦးလိုပဲ ခပ်တည်တည်နဲ့ကားပေါ်တက်ပြီး လိုက်ပါလာခဲ့ပါတယ်။ ထောင်က ပေးလိုက်တဲ့ ‘လွှတ်ဝရမ်း စာ’ ကို ထုတ်ပြပြီး-အခုမှထောင်ကလွတ်လာတဲ့သူဖြစ်ကြောင်းတွေ ဘာတွေလဲရှင်းလင်းပြောပြမနေချင်တော့တာကြောင့် ဦးလေးဦးဖေတင်က ကျွန်တော့်အတွက် ပေးသွားခဲ့တဲ့ငွေကလေးကိုပဲ လမ်းစရိတ်အဖြစ်အသုံးပြုပြီး ရန်ကုန်မြေကိုတကျော့ပြန် ပြန်လည်ရောက်ရှိလာခဲ့ရပါလေတယ်။ ဒါလဲ တကယ့်ကို အမှတ်ရစရာပဲမဟုတ်လား။
( ၄ )
ကျွန်တော် ထောင်ကလွတ်လာပြီး မကြာခင်မှာပဲ ဘယ်ကနေ သတင်းရလာတယ်မသိ၊ ဦးလေးဦးဖေတင်ဟာ ကျွန်တော့်ကို တခုတ်တရ လာတွေ့ပါတယ်။ ကျွန်တော်ယာယီစတည်းချနေတဲ့ ကျူရှင်ဆရာမကြီးတယောက်ရဲ့ကျူရှင်စာသင်ခန်းလေးထဲအထိ ဆိုက်ဆိုက်မြိုက်မြိုက်ကို တက်လာပြီး ဝမ်းပန်းတသာပြုံးက်ရွှင်စွာနဲ့လာတွေ့တာဖြစ်ပါတယ်။ သူက ကျွန်တော့်ကို အတင်းကို ခေါ်ထုတ်ပြီး လက်ဖက်ရည်ဆိုင်မှာ လက်ဖက်ရည်တိုက် တာ မုန့်ကျွေးတာလဲ လုပ်ပါတယ်။
နောက်နေ့တွေမှာလဲ ကျွန်တော်ရှိရာကို ရောက်ရောက်လာပြီး လက်ဖက် ရည်တိုက်ဖို့ခေါ်လေ့ရှိရာမှာ လမ်းဘေးက ပလက်ဖောင်းလက်ဖက်ရည်ဆိုင်လေးတွေကိုသာမက ချောင်ခြိုချောင်ကြားက လက်ဖက်ရည်ဆိုင်လေးတွေပေါင်းစုံကြားအထိပါ ရောက်ရပါတယ်။ သူက လက်ဖက်ရည်နဲ့ရေနွေးကြမ်းကို မက်မက်သက်သက်ကြိုက်နှစ်သက်လွန်းလှသူဖြစ်ရုံမက ‘ဘယ်နားက လက် ဖက်ရည်ဆိုင်က လက်ဖက်ရည်ကောင်းတယ်’ ‘ ဘယ်နားက လမ်းဘေးလက်ဖက်ရည်ဆိုင်က ရေနွေး ကြမ်းကောင်းတယ် ..’ ဆိုတာမျိုးတွေကိုပါ တကယ်ကို ရှာရှာဖွေဖွေနှံ့နှံ့စပ်စပ် ပေါက်ရောက်သိရှိနေသူတယောက်ဖြစ်နေတာ အံ့သြစရာတွေ့ရပါတယ်။ ‘ဘောင်းဘီ ဝိဇ္ဇာကြီး’ သာမက ‘ လက် ဖက်ရည်ဝိဇ္ဇာကြီး ’ လို့ပါ ကင်ပွန်းတပ်ပေးရမယ့်အနေ အထားပါပဲ။ အဲဒီမှာ ..“ ဦးဖေတင်ကြီးက လက်ဖက်ရည်လဲ ကြိုက်၊ လဖက်ရည်လဲ ကောင်းကောင်းနားလည်တာလဲ မပြောနဲ့။ သူကိုယ်တိုင်တောင်လမ်းဘေးမှာ လက်ဖက်ရည်ဆိုင်ဖွင့်ပြီး လက်ဖက်ရည်ဖျော်လာခဲ့တဲ့သူကွ-” ဆိုတဲ့ ကျွန်းပြန်ရဲဘော်တဦးရဲ့တချိန်က ပြောဆိုခဲ့ဖူးသံကိုပါ တိုက်တိုက်ဆိုင်ဆိုင် ဖျတ်ခနဲ အမှတ်ရလိုက်မိပါတယ်။
“ မင်း .. လက်ဖက်ရည်ဖျော်ရာမှာ ကိုဖေတင်ရဲ့ ‘ ကြေးဇွန်းကြီးအကြောင်း’ ဆိုတာကော ကြားဖူးလား။
သူက လမ်းဘေးလက်ဖက်ရည်ဆိုင်မှာ လက်ဖက်ရည်ဖျော်ဆရာလုပ်စဉ်က ‘လက်ဖက် ရည် ဆိုတာ တကြိမ်တည်း တခါတည်းနဲ့အပြီးအပြတ်ဖြစ်အောင် ဖျော်ပေးတတ်ရတယ်။ နောက်မှ ထပ်ပြီး ပြင်ပေးရဖြည့်ပေးရတယ်ဆိုတာ ဘယ်တော့မှ မကောင်းဘူး။ လက်ဖက်ရည်ဆိုတာ တခါတည်းဖျော်၊ နှစ်ခါပြန်ဖျော်ရတဲ့ လက်ဖက်ရည်ဟာ ဘယ်တော့မကောင်းဘူး’ ဆိုတဲ့အယူအဆနဲ့တရားထူထောင်ပြီးတော့ကို လက်တွေ့ကျင့်သုံးလေ့ရှိတဲ့ အဖျော်ဆရာကွ။ အဲဒီမှာ သူ့လက်သုံးက ကြေးဇွန်းကြီးတချောင်းပဲကွ။ အဲဒီကြေးဇွန်းကြီးနဲ့ သူက ဘယ်လို ဖျော်ပေးတယ်ထင်သလဲ။
လက်ဖက်ရည်တခွက်လို့မှာလိုက်တာနဲ့ မှာတဲ့သူရဲ့အဆိုအတိုင်း ချိုဆိမ့် ပုံမှန် ပေါ့ဆိမ့် ပေါ့ကျ ဖန်ချို -စသဖြင့် အကောင်းဆုံးဖြစ်စေရအောင် သေ ချာဖျော်ပေးလိုက်တာပဲ။ အဲဒီမှာ လက်ဖက်ရည်သောက်တဲ့ စားသုံးသူက လက်ဖက်ရည်ကိုသောက်သုံးကြည့်ပြီး၊ အချိုလေး ဖြည့်ပေးပါအုံး၊ အဖန်ရည်လေး လျှော့ပေးပါအုံး- နို့စိမ်းလေး ထပ်ပေါက်ပေးပါအုံးလို့များ ထပ်ပြီး အဆာမချဲ့လာ ဇီဇာမကြောင်လာနဲ့။ ဒို့ကိုဖေတင်ကြီးက ကြေးဇွန်း ကြီး တချောင်းထဲနဲ့ပဲ ဖြေရှင်းပေးလိုက်လေ့ရှိတယ် ဆိုပဲကွ။ တခါတော့ ကိုယ်ကိုယ်တိုင် ကိုယ်တွေကွ။ အဲသလို လက်ဖက်ရည်သောက်တဲ့သူက ထပ်ပြင်ပေးဖို့တောင်းဆိုလာတော့ ..စားပွဲထိုးတဲ့သူက လက်ဖက်ရည်ခွက်ကိုလဲ ပြန်ယူပေးလာရော ပါးစပ်ကလဲ ‘ရတယ် ရတယ်’ လို့လဲ ပြန် ပြောရင်း အဲဒီ လက်ဖက်ရည်ခွက်ကြီးထဲကို အနားက သူ့လက်သုံးတော် ကြေးဇွန်းကြီးနဲ့တခွပ်ခွပ်မြည်အောင် ခလောက်ပြလိုက်တယ်ကွ။
တကယ်ကို ဘာဆိုဘာမှကို ထပ်မထည့်ပဲ ဒီအတိုင်းပဲ ကြေးဇွန်းနဲ့တခွပ်ခွပ်မြည်အောင် ခေါက်ပြလိုက်ပြီး ရပြီဆိုပြီး ပြန်ပေးလိုက်တာ။ ကိုယ့်ကွာ- ဟာ ကိုဖေတင်ကတော့ လုပ်ပြီဟေ့ ...ဆိုပြီး ဆက်ကြည့်နေလိုက်မိတယ်။ အံမယ် ...သူက ကိုယ့်ကိုတချက်ပြုံးပြပြီး ဘာမှမဟုတ်ဘူး၊ စိတ်ဗျ စိတ် ...လို့လဲ ခပ်တိုးတိုး ပြန်ပြောရင်းက- လဖက်ရည် ပြန်အပြင်ပေးခိုင်းတဲ့သူကို ‘ဘယ့်နှယ်လဲဟေ့’... လို့ခပ်တည်တည် လှမ်းမေးလိုက်သေးတယ်။ အဲဒီမှာ ခုတင်က အပြင်ခိုင်းတဲ့သူက ‘ အခုမှ အတော်ပဲ ဦးလေး ...’ တဲ့ကွာ။ ငါ့မှာ ရယ်ရအခက်ကွာ။ အဲဒီမှာ ကိုဖေတင်က ‘တွေ့လား တွေ့လား..’ လို့ပြောရင်း မိန့်မိန့်ကြီးကို ပြုံးလို့ပေါ့။ ဒို့ကိုဖေတင်ကြီးက လက်ဖက်ရည်ဖျော်တော့လဲ အဲသလို ပြောစမှတ်ပြုစရာတွေနဲ့ပေါ့ကွာ။ ကိုဖေတင်နဲ့ကြေးဇွန်းကြီးတချောင်းလို့တောင်အမှတ် အသားပြုထားရတယ်ကွ ..” လို့ ပြောပြရင်း တဟဲဟဲနဲ့သဘောတကျ ရှင်းပြခဲ့ဖူးတာကိုလဲ ပြန် လည်အမှတ်ရမိပါတယ်။
ကျွန်တော့်ကို အဲသလို လာတွေ့စဉ်က ဦးလေးဦးဖေတင်ဟာ ဘိုကလေးဖက် ရောက်နေရာကနေ ရန်ကုန်ကို ဆင်းလာပြီးလာတွေ့တာလို့သိရတယ်။ ဦးလေးဦးဖေတင်ဟာ ရန်ကုန်မှာဆိုရင်တော့ အကိုကြီးကိုလှတင်အောင်ရဲ့အိမ်မှာပဲ စတည်းချလေ့ရှိပြီး ကိုလှတင်အောင်နဲ့တော့ တော် တော်ကို ခင်မင်ရင်းနှီးတာကိုတွေ့ရတယ်။ အနောက်အစနဲ့ဟာသဖေါက်ရာမှာ အလွန်ဝါသနာသန်လှတဲ့ အကိုကြီးကိုလှတင်အောင်ကတော့ ဦးဖေတင်နဲ့ကျွန်တော့်ကို ပြုံးစေ့ စေ့နဲ့လှမ်းကြည့်ရင်း ... “ ဒို့ကွာ-ဆရာရာ၈ျန်ကြီး ဆုံးသွားပြီးကတည်းက ဆရာရဲ့ ဟိုသွားလိုက် ဒီသွားလိုက်နဲ့ရဲဘော်တွေအကြား နေရာအနှံ့လှည်လည်သွားလာပြီး အခမဲ့ပြန်ကြားရေးတာဝန်ကို တက်တက်ကြွကြွထမ်းဆောင်ပေးနေခဲ့တဲ့ ဆရာရာဂျန်ရဲ့နေရာကို ဘယ်သူ့ကို အပ်နှင်းရပါ့မလဲလို့စိတ်ပူနေရတာ ...အခုတော့ ဒို့ကိုဖေတင်ကြီးကိုပဲ အပ်နှင်းထားရသကွ-” လို့ပြောရင်း စပါတယ်။
ကိုလှတင်အောင် နောက်တာ စတာမှန်သမျှကိုတော့ ဦးလေးဦးဖေတင်ဟာ ပြုံးပြုံးကြီးပဲ လုပ်နေလေ့ရှိတာကိုလဲ သတိထားမိပါတယ်။
နောက်တော့ ကျွန်တော်က ဇာတိရပ်ရွာ အညာဒေသဖက်ကို ခေတ္တ ခဏပြန်သွားမိချိန်မှာ၊ ဦးလေးဦးဖေတင်ကလဲ ဘိုကလေးဖက်ကို သစ်ကိစ္စတွေနဲ့ပြန်ဆင်းသွားတယ်လို့ကြားလိုက်ရပါတယ်၊
နောက်တခါ ရန်ကုန်ကို ကျွန်တော်ပြန်ရောက်လာချိန်မှာတော့ ဦးလေးဦးဖေတင်နဲ့နောက်တကြိမ် ပြန်လည်ဆုံတွေ့ရပြန်ပါတယ်။ အဲဒီတခေါက်မှာတော့ ဦးလေးဦးဖေတင်က ကျွန်တော့်ကို ဇွတ်အတင်းကို မရမကခေါ်နေတာကြောင့်၊ သူအလုပ်လုပ်နေတယ်ဆိုတဲ့နေရာအထိကျွန် တော် လိုက်သွားရပါတယ်။ သူနေနေတဲ့ နေရာက ဘိုကလေးမှာ။ ဘိုကလေးမှာမှ ဧရာဝတီမြစ်ထဲက သစ်ဖေါင်ကြီးတခုပေါ်မှာ။
“ ဒါက ကိုလှကြည်ရဲ့သစ်တွေကွ။ ဒီသစ်တွေကို သွားဆွဲပေးရတာ ကြီးကြပ်လုပ်ကိုင်ပေးနေရတာကလဲ ကိုယ်ပဲလေ။ ကိုလှကြည်ဆိုတာ ဒုက္ခိတတပိုင်းဘဝလေ။ ကျွန်းပြန်တွေချင်းလဲဖြစ် ရဲဘော်ရဲဘက်တွေချင်းလဲဖြစ်နေတော့ သူက ကူညီပါအုံး နေပေးပါအုံး လုပ်ပေးပါအုံးဆိုတော့- နေပေး ကူပေး လုပ်ပေးနေရတာပဲကွာ။ လူတန်းစားမေတ္တာပေါ့ကွာ။ သူကလဲ ကိုယ့်အပေါ် ကောင်းပါတယ်ကွ၊ အစစအရာရာ လိုလေသေးမရှိ ထားပါတယ်။ စားစရာသောက်စရာ ငါးပိငါးခြောက် ဆန် ဆီဆား၊ ငရုတ် ကြက်သွန် ပဲနဲ့အသားစို အသားခြောက် အစုံကို ပို့ပေးထားတယ်။ ကိုယ်အကြိုက်ကိုလဲ သိနေတော့ လက်ဖက်ခြောက်တို့ဆေးလိပ်တို့လဲ မပြတ်စေရဘူး။ လဖက်ရည်ကိုလဲ ရောက်တဲ့နေရာကြိုက်သလောက်သောက်ဖို့လက်ဖက်ရည်ဖိုးကအစ လမ်းစရိတ် အသုံးစရိတ်ကအစ အပြည့်အစုံကိုပေးထားထောက်ပံ့ထားတယ်ကွ။ အဲဒါ မောင်ရင်လဲ ဒီမှာကြိုက်သလောက် လာနေစမ်းပါ။ စာတွေကဗျာတွေ ရေးမလား။ လာ ရေးစမ်းပါ ” လို့ဆိုရှာတယ်။ မြင်းခြံသား အညာသားဖြစ်တဲ့ ဦးလေးဦးဖေတင်တယောက် မြစ်ထဲက ရေလယ်ခေါင်မှာ သစ်ဖေါင်ကြီးတဖောင်ပေါ် ရောက်ရှိနေထိုင်နေရတာအပေါ် ကျွန်တော့်မှာ ပြုံးချင်ချင်ဖြစ်နေမိတယ်။
ဘောင်းဘီ ဝိဇ္ဇာ၊ ဆေးရိုးကုန်သည် ဆေးရွက်ကုန်သည်၊ လမ်းဘေးလက်ဖက်ရည်ဆိုင် လက်ဖက် ရည်အဖျော်ဆရာ၊ သစ်ကုန်သည် သစ်ဆွဲသူ သစ်ဖောင်သမား ...စသဖြင့် စသဖြင့် ဦးလေးဟာ တော်တော်ကို ဘဝမျိုးစုံ ဖြတ်သန်းခဲ့သူဖြစ်ခဲ့တယ်။ နိုင်ငံရေးအရလဲ အစိုးရဆန့်ကျင်ရေးသမား၊ အတိုက်အခံနိုင်ငံရေးပါတီ ပြည်သူ့တိုးတက်ရေးပါတီဝင်၊ ပမညတ ဝင်၊မြေအောက်ယူဂျီ လှုပ်ရှားသူ၊ ဗမာပြည်ကွန်မြူနစ်ပါတီအပေါ် သစ္စာကြီးလှသူ၊ ထောင်ပေါင်းမျိုးစုံမှာနေထိုင်ခဲ့ရထောင်ချခံခဲ့ရရုံသာမက ကိုကိုးကျွန်းအထိ အပို့ခံခဲ့ရသူ ကျွန်းပြန်၊ စစ်အာဏာရှင်စနစ်ကို ထာဝရဆန့်ကျင်ပြီး တော်လှန်ရေးဖက်ကပဲ ရပ်တည်လုပ်ကိုင် ရှင်သန်လှုပ်ရှားနေခဲ့သူ၊ ပြီးတော့ ...သူမှန်တယ်ထင်ရာကို ဆုပ်ကိုင်ရာမှာ အင်မတန်မှ ခေါင်းမာလှသူ၊ တဇွတ်ထိုးနိုင်လှသူလို့လဲ ယူဆခံရ၊ အမှတ်အသားပြုခံရသူလဲ ဖြစ်ပြန်တယ်။
လောကကြီးထဲမှာ လူဆိုတာက အမျိုးမျိုးအဖုံဖုံရှိတတ်တယ်မဟုတ်လား။ မတူခြားနားတဲ့ အကျင့်စရိုက်အလေ့ အထုံ ဝါသနာတွေ ရှိနေတတ်တာဟာ တကယ်တော့ ဘာမှမထူးဆန်းလှပါဘူး။ကြိုက်သလို သဘောထား နိုင်ပါတယ်။ လက်ခံလိုကလက်ခံ ပယ်ရှားလိုက ပယ်ရှားနိုင်ပါတယ်။ အငြင်း မပွားလိုပါ။ ဦးဖေတင်ရဲ့အမူအကျင့်စရိုက်လက္ခဏာတွေကို စံထားပြောဆိုနေတဲ့သဘောလဲမဟုတ်ပါ။ ဦးလေးဦးဖေတင်မှာ လေးစားစရာ ကောင်းလှတဲ့ အားေကောင်းချက်တွေရှိသလို၊ အားနည်းချက်တွေလဲ ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်ကတော့ ဦးလေးဦးဖေတင်ကို နားလည်ချစ်ခင်ခဲ့သူ ဖြစ်ပါတယ်။
အဲဒီတုန်းက ဘိုကလေးမှာ ကျွန်းပြန်ရဲဘော်ကြီးတယောက်ဖြစ်တဲ့ အကိုကြီးကိုလှကြည်က သစ်စက်လုပ်ငန်းလုပ်ပါတယ်။ သူ့သစ်စက်ကြီးကို အမည်ပေးထားတာကတော့ ‘သံလွင်’ တဲ့။ အဲဒီသစ်စက်အတွက် လိုအပ်တဲ့သစ်တွေကို ဆွဲပေးရ သယ်ပေးရရုံမက သစ်ဖောင်ပေါ်မှာ သစ်ဖေါင်စောင့်အဖြစ်ပါ လုပ်ဆောင်ဖြည့်ဆည်းပေးရသူကတော့ ဦးလေးဦးဖေတင်ပါပဲ။ အဲဒီသစ်ဖောင်ကြီးပေါ်က တဲကလေးထဲမှာ ဦးလေးဦးဖေတင်နဲ့ အတူ ကျွန်တော်လဲ သုံးလေးရက်လောက် နေပေးခဲ့ပါတယ်။ ဦးလေးဦးဖေတင်က ထမင်းအိုးလေး တည်လိုက်၊ ဟင်းတွေချက်လိုက်၊စကားတွေပြောလိုက်နဲ့တကယ်ကို ဝမ်းမြောက်ဝမ်းသာပါပဲ။ သူ အင်မတန်ကြိုက်လှတဲ့ ရေနွေးကြမ်းအိုးလေးအတွက်ကတော့ တအိုးပြီးတအိုး မပြတ်တမ်းပါပဲ။ ဒီကြားထဲ မြို့ပေါ်အထိ တက်သွားပြီး လက် ဖက်ရည်ချိုင့်ဆွဲလေးကိုလဲ မမေ့မလျော့ သွားသွားပြီးဆွဲလိုက်ပါသေးတယ်။
ကျွန်တော် ရန်ကုန်ကို ပြန်ခါနီးမှာတော့ ဦးလေးဦးဖေတင်က “ ကိုလှကြည်အတွက် နောက်ထပ်သစ်ကလေးတွေ သွားဆွဲပေးရအုံးမယ်။ ဟိုင်းကြီးကျွန်းဖက်အထိ သွားဆွဲရမယ်။ ဒီတခေါက်ဆိုရင် တော်တော်လေး လုံလောက်ပါပြီ။ ဒီတခါဆွဲပေးပီးရင်တော့ ပိုက်ဆံလေးဘာလေးလဲ နည်းနည်းတော့ တောင်းမယ်။ အဲဒီက ပိုက်ဆံလေး ရပြီးရင်- မောင်ရင်နဲ့ကိုယ်နဲ့နှစ်ယောက် အတူတူနေကြမယ်ကွာ။ တနေရာရာမှာ အခန်းလေးငှားပြီး နေကြတာပေါ့။ ထမင်းစားဖို့လောက်ကတော့ ဘာလုပ်လုပ် မခက်ပါဘူးကွာ။ ပြီးတော့လုပ်စရာရှိတာတွေ ဆက်လုပ်ကြဖို့ပဲလေ-။ မရဲပဲ ကျွဲပြဲ စီးမယ့်သူမျိုးတွေနဲ့တော့ မကိုက်ဘူးကွာ ” လို့လဲပြောလိုက်ပါသေးတယ်။ ကျွန်တော်က ပြုံးပြီး ခေါင်းညိတ်ပြလိုက်မိပါတယ်။
အဲဒီတုန်းကတော့- ဒါဟာ နောက်ဆုံးဆုံကြရခြင်းဆိုတာ ကျွန်တော် ဘယ်လိုမှ တွေးထင်မထားမိ။
( ၅ )
ကျွန်တော် ရန်ကုန်ကိုပြန်လာပြီး မကြာမီမှာပဲ ဦးလေးဦးဖေတင်တယောက် ဆုံးရှာပြီဆိုတဲ့သတင်းကို ကြားလိုက်ရတော့ ကျွန်တော့်မှာ ကိုယ့်နားကိုတောင် ကိုယ်မယုံမိလောက်အောင် ဖြစ်ရတယ်။
ဒီသတင်းကို ပြောလာသူကတော့ ဦးလေးဦးခင်မောင်မြင့် ပါပဲ။ ဦးဖေတင်နဲ့အတူ ကိုကိုးကျွန်းမှာ အတူနေဖက်ဖြစ်ခဲ့တဲ့ ဦးလေးဦးခင်မောင်မြင့်ရဲ့ပုဇွန်တောင်ဈေးထဲက ဆေးလိပ်ဆိုင်လေးဆီကို အဝင်လိုက်မှာ ဦးလေးဦးခင်မောင်မြင့်ကနေ စိတ်ထိခိုက်တဲ့အသံကြီးနဲ့ကျွန်တော့်ကို ပြောလာတာဖြစ်ပါတယ်။
“ ဘယ်လိုဖြစ်ရတာလဲ ဦးလေးရယ်... ကျွန်တော် သူ့ဆီကိုတောင် ရောက်ဖြစ်ခဲ့သေးရုံမက သူ့ဖော်င်ပေါ်မှာ သူနဲ့အတူ သုံးလေးရက် အတူနေ အတူအိပ်ခဲ့ပါသေးတယ်။ ကျန်းကျန်းမာမာကြီးနဲ့ဟာ ” လို့လဲ တအံ့တဩ ပြန်ပြောလိုက်မိတော့၊ ဦးလေးဦးခင်မောင်မြင့်က “ အစားမှားပြီး ဝမ်း လျှောတာ တဲ့။ ဝမ်းလျှောတာနဲ့ပဲ အသက်ပါ ပါသွားရတာ တဲ့။ ရောက်နေတာကလဲ ဟိုင်းကြီးကျွန်းဖက်မှာ ဆိုပဲ-” လို့ခပ်လေးလေးအသံကြီးနဲ့ပြန်ဖြေတယ်။
နောက်သုံးလေးရက်လောက်အကြာမှာတော့ ဦးလေးဦးဖေတင်အတွက် (၇) ရက်ပြည့် ရက်လည် ဆွမ်းကပ်ပွဲလေးကို သရက်တောကျောင်းတိုက်ထဲမှာ အမှတ်တရပြုလုပ်ခဲ့ကြပါတယ်။ ဦးလေးဦးဖေတင်နဲ့ဆွေမျိုးသားချင်းတောင် တော်စပ်တယ်လို့သိရတဲ့ဘုန်းကြီးတပါး သီတင်းသုံးရာ ဘုန်း ကြီးကျောင်းလေးထဲမှာ ဖြစ်ပါတယ်။ ‘ မြင်းခြံ ကျောင်း’ လို့ပဲ ထင်ပါတယ်။
မှတ်မှတ်ရရ ဆောင်းတွင်းကြီးထဲမှာပါ။ သိပ်ပြီးအေးလေ့မရှိတဲ့ရန်ကုန်ဆောင်းလလယ်ကြီးထဲမှာ သိပ်ပြီး ကျန်းမာရေးမကောင်းလှတဲ့ ဦးလေးဦးခင်မောင်မြင့်ကြီးကတော့ အဲဒီနေ့က ထူးထူးခြားခြားကုတ်အင်္ကျီကြီးဝတ်ထားလျက်သားနဲ့ ဟိုနား သွားလိုက်၊ ဒီနား သွားလိုက်နဲ့ လာသမျှ ရဲဘော်တွေကို လိုက်လံနှုတ်ဆက်နေရှာတယ်။ ကျွန်းပြန်တွေထဲကဆိုရင် အကိုကြီးကိုလှချို (ဗိုလ်မဲချို) ကြီးကိုလဲ တွေ့ရသလို၊ ကိုလှတင်အောင်။ ဗိုလ်ဓမ္မ နဲ့ဆားပုလင်းကိုအောင်ဝင်းကြီးတို့အပြင် ကိုကြည်ညွန့်နဲ့ခေါင်းဖြူကြီးတို့တွေကိုပါ မြင်ရတယ်။ ၁၉၈၆ ရဲ့ဆောင်းလကြီးထဲမှာပါ။
ဒီနှစ်ဆောင်းတွင်းမှာဆိုရင် ဦးလေးဦးဖေတင် ကွယ်လွန်သွားတာ နှစ်ပေါင်း (၂၇) နှစ်တောင်မှ ရှိပါပြီ။
ဦးလေးဦးဖေတင်အကြောင်းကို ကျွန်တော်က ကျွန်တော့်ရဲ့‘ အဆောင်’ ဆိုတဲ့ ဝတ္တုရှည်ကြီးထဲမှာတော့ ဇာတ်ကောင်တကောင်အဖြစ်မှတ်မှတ်ရရ ထည့်သွင်းတို့ထိပြခဲ့ဖူးပါတယ်။ ဒါပေမဲ့ အဲဒီ ‘အဆောင်’ဆိုတဲ့ဝတ္တုကြီးက ရေးချင်လွန်းလို့သာ ရေးဖွဲ့ဖြစ်ခဲ့တာ၊ ဘယ်မှာမှ ထည့်သွင်းဖေါ်ပြပေးလို့မရခဲ့။ အဲဒီဝတ္တုရှည်စာမူကြီးကို မိတ်ဆွေတယောက်ထံ သိမ်းထားပေးဖို့အပ်နှံထားခဲ့ရရာ၊ အခုချိန်အထိ ပြန်လည်ရရှိနိုင်ဖို့ အကောင်အထည်မပေါ်သေး။ ဒီတော့ ဦးလေးဦးဖေတင်နဲ့ပတ် သက်ပြီး ဘယ်မှာမှ အမှတ်တရပြု ဖော်ထုတ်ပေးရခြင်း မရှိသေးသလို ဖြစ်နေခဲ့ရရာ ကျွန်တော့်မှာ တာဝန်မကြေသေးသလို မကြာခဏ ခံစားရပါတယ်။
အခုတော့ ရေးလိုက်မိပါပြီ။ ဦးလေးဆုံးတဲ့ ဆောင်းလကြီးထဲမှာပဲ မှတ်မှတ်ရရ ရေးလိုက်မိပါတယ်။
လောကကြီးထဲမှာ လူမိုက်ဆိုတာ ယေဘုယျအားဖြင့် မကောင်းဘူးလို့ဆိုကြပေမဲ့၊ တခါတရံ ‘ချစ်စရာကောင်းတဲ့လူမိုက်’ မျိုးတွေလဲ ရှိတတ်တယ်လို့ထင်ပါတယ်။ အဲသလိုပါပဲ လောကကြီးထဲမှာ ခေါင်းမာသူ၊ ဇွတ်တရွတ်နိုင်လှသူတွေကိုလဲ မကောင်းဘူးလို့ထင်မြင်သုံးသပ်ကြမှာဖြစ်ပေမဲ့၊ တခါတရံ ‘ချစ်စရကောင်းတဲ့ခေါင်းမာသူ’ မျိုးတွေလဲ ရှိကို ရှိနိုင်ပါလေတယ်။ ကျွန်တော်က တော့ ဦးလေးဦးဖေတင်ကို ‘ချစ်စရာကောင်းတဲ့ ခေါင်းမာသူ’ လို့ပဲ မှတ်သားထားလိုက်မိပါတယ်။
နှလုံးသားထဲမှာ တဦးချင်းရဲ့ခံစားချက်အရ မှတ်သားမိတာဖြစ်ပါတယ်။
သဘောမတူနိုင်သူများ ကျွန်တော့်ကို ခွင့်လွှတ်ကြဖို့တောင်းပန်ချင်ပါတယ်။ ။
ဝင်းတင့်ထွန်း
၂၀ - ၁၂ - ၂၀၁၃
*** * မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် အမြစ်ပါမကြွင်းမကျန် ပျက်သုဉ်းချုပ်ငြိမ်းသွားရေးအတွက် တိုက်ပွဲဝင်ဆန့်ကျင်တော်လှန်ခဲ့ကြသည့် ခေတ်အဆက်ဆက်မှ လူ ပုဂ္ဂိုလ်တို့အား မျိုးဆက်သစ်နှောင်းလူများ မှတ်တမ်းတင်ထားနိုင်ရန် စာရေးသူ၏ခွင့်ပြုချက်အရ မိုးမခမှ လက်လှမ်းမီသမျှတင်ဆက်ခြင်းဖြစ်ပါသည်။
မိုးမခ
-
#MoeMaKaMedia
#WhatsHappeningInMyanmar