Breaking News

လေခဏီ - စစ်ဆင်းရဲ

လေခဏီ - စစ်ဆင်းရဲ

(မိုးမခ) ဇွန် ၂၃ ၊ ၂၀၂၄

ဝင်းနိမ္မိတာရုံဆရာတော်ရဲ့ ရုပ်အလောင်းဟာ စစ်ဘီလူးတွေရဲ့ အသားကျနေတဲ့ပစ်ခတ်သတ်ဖြတ်မှုသရုပ်ကို ဖော်ပြမှုတခုသာ။

စစ်အာဏာသိမ်းပြီးကထဲက ခေတ်ပြောင်းခေါင်းပစ်လို့ ဝစီပိတ်ဆရာတော် မိန့်တော်မူပြီး ဘီလူးကို ရာဘ‌ဆေး ကျွေးသည့်အတိုင်း မြင်ရာလူလူ ဘုန်းကြီး ဘုန်းကြီး ကလေး လူကြီး အဘိုး အဘွား ကျား မ မခွဲခြား တွေ့ရာနေရာမှာ အဆင်ခြင်မဲ့ပစ်သတ်နေသည်မှာ လူပေါင်းထောင်ချီပြီ။

အဲသလို ခွေးသရမ်းကြီး လွတ်နေသည်မှာ ကြာပြီဖြစ်ပေမယ့် သံဃာလောကကလည်း မပြောသာခဲ့။ ပထမဆုံး CDM လုပ်ခဲ့သည့် အဖွဲ့အစည်းမှာ မဟန သံဃာ့အဖွဲ့ကြီးပင် ဖြစ်လင့်ကစား တော် လှန်ရေးအုပ်စုများ မီဒီယာများ သတိမထား အားမပေးမိခဲ့ကြ။ တနည်း တန်ဖိုးထား အသိအမှတ်မပြုခဲ့ကြ။ အဲဒါကြောင့် ပြန်လည်အမှုထမ်းရန် တိုးတိုးတိတ်တိတ် သိမ်းသွင်းဖိကြိတ်ခံလိုက်ရသည်။ 

ယခုအခါ မဟနအဖွဲ့ဝင်ဟောင်းဆရာတော်ကြီးနှစ်ပါးကို မန္တလေးမြို့က ရွှေကျင်သံဃာ့ဗဟိုဝန် ဆောင်အစည်းအဝေးသို့ ကြွတော်မူလာစဉ် လေဆိပ်အထွက်မှာ အမဲလိုက်သလို လိုက်လံပစ်သတ်ခံလိုက်ရသည့်အတွက် မဟနဆရာတော်များကို နိုင်ငံတော်အခြေအနေဘက် ပြန်လည်မျက်နှာလှည့်လိုက်သလိုဖြစ်သွားသည်။

တကယ်တော့ လေဆိပ်ကို PDFတွေ ထိန်းချုပ် သိမ်းပိုက်ထားခြင်းမရှိသဖြင့် လေဆိပ်ကအထပ် ထပ် စစ်ဆေးခံပြီးမှ စီးနင်းလိုက်ပါ ထွက်ခွာလာသည့် ခရီးသည်ဆရာတော်များကို ထပ်မံစစ်ဆေးစရာ ဘာအကြောင်းမှမရှိ။ ငွေညှစ် ရမ်းကား တားဆီးပစ်ခတ် သတ်နေကျအတိုင်း သတ်လိုက်ကြကာမှ တကယ့်ဆရာတော်တွေမှန်းသိ တသာသနာလုံးကို ကိုင်လှုပ်မိမှန်း သိသွားကြခြင်းဖြစ်သည်။

ဒီအဖြစ်ဆိုးကြီးက ဘယ်သူမဆို အချိန်မရွေး အပစ်သတ်ခံရနိုင်သည့် အချက်ကို အခွင့်ထူးခံများလည်း သိသိသာသာ တုန်တုန်လှုပ်လှုပ် ခံစားသိရှိနားလည်သွားကြ‌စေပြီ။ သာမန်ပြည်သူတို့အဖို့တော့ ဤအသိ ဤအတွေ့အကြုံများက ထုံလို့တောင်နေပေပြီ။ ငိုစရာ မျက်ရည်မရှိတော့။ ကြိတ်ပါများ ပဲ့ကြွေသွားလို့ ကြိတ်စရာအံပင် မကျန်တော့။ 

ဤဆရာတော် ပစ်သတ်ခံရခြင်းသည် အိပ်ချင်ယောင်ဆောင်ထားသူများ မနိုးထလို့ မရတော့တဲ့ရေချိန်မှတ်ကို ရောက်လာခြင်းသာ။ ဤအဖြစ်အပျက်ဆိုးကို တစုံတရာပြောဖို့ ကနဦးတာဝန်ရှိသူ ရွှေကျင်ဂိုဏ်းချုပ်သီတဂူဆရာတော်ကြီးလည်း ဒီချိန်မှာတော့ မအလရဲ့ဘုရားရုပ်တု ပြုံးတော်မူသည်လို့ တော်လှန်ဘက်မငဲ့ညှာ ပြောရဲတော့မှာ မဟုတ်သလို အာဏာရူးဘက်လှည့်ကာ မင်းကျင့်တရားကိုလည်း ဟောရဲတော့မှာမဟုတ်သည့်ဆုံမှတ်ကို ရောက်လာပြီ။ 

မဟနအဖွဲ့ကြီးလည်း ဆိုရေးရှိက ဆိုအပ်စွတည့် ဆိုစများလျား ထားပချေမိ၊ တာဝန်လုံးလုံးရှိပေတော့မည်။ ရွှေကျင်ဂိုဏ်းဝင် သံဃာအရှင်အားလုံးသည်လည်း တစုံတရာ တုံ့ပြန်ဖို့ တာဝန်ရှိလာသလို သံဃာထုတရပ်လုံးလည်း တာဝန်သိသိ ပါဝင်လုပ်ဆောင်ရမည့်အချိန် ဖြစ်လာပြီ။ မြန်မာပြည်သာမက ကမ္ဘာ့အနှံ့အပြားက သံဃာထုတရပ်လုံးအ‌ပေါ်လည်း ကျရောက်လာသည့် တာဝန်သာဖြစ်သည်။

ဤအဖြစ်အပျက်၌ ဗုဒ္ဓ၏တာဝန်နှင့်ပတ်သက်သည့် အမြင်တရပ်ကို ထုတ်ပြလိုသည်။
ဗုဒ္ဓက တာဝန်မကျေလျှင် အကျင့်စာရိတ္တ မပြည့်မီ။ အကျင့်မပြည့်မီတာကလည်း အမြော်အမြင်ပညာအားနည်း ချည့်နဲ့သူမို့။ အဲဒီလို အမြော်အမြင်မဲ့ အခြေအနေမှာ တည်ငြိမ်အေးဆေးမှု မရှိနိုင်။ မတည်ငြိမ် မအေးဆေးဘဲ လမ်းမှန်မရွေးနိုင်။ လမ်းမှန် မလျှောက်နိုင်လျှင် ဆင်းရဲမလွတ်ပါလို့ တာဝန်မကျေပွန်မှုရဲ့ ဆိုးကျိုးဆက်ကို သေချာထုတ်ဖော်ထားသည်။

မတရား သတ်ဖြတ် ညှဉ်းဆဲ နှိပ်စက် ဖမ်းဆီး ထောင်ချ အိုးအိမ်ရပ်ရွာ‌ ကျောင်းကန် ဘုရား ဖျက်ဆီးခံရခြင်းဆိုတဲ့ စစ်ဆင်းရဲက လွတ်ဖို့ တာဝန်ကိုယ်စီ ရှိကြစို့။
-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar