ကုန်ဈေးနှုန်းတွေ မြင့်တက်လာတာနဲ့အမျှ ကုန်သည်အသင်းနဲ့ လုပ်ငန်းရှင်တွေ စစ်မေးထိန်းသိမ်းခံနေရ
မြန်မာနွေဦး ခရိုနီကယ် - ဇွန် ၂၂ မြင်ကွင်း
(မိုးမခ) ဇွန် ၂၃၊ ၂၀၂၄
ကုန်ဈေးနှုန်းတွေ မြင့်တက်လာတာနဲ့အမျှ ကုန်သည်အသင်းနဲ့ လုပ်ငန်းရှင်တွေ စစ်မေးထိန်းသိမ်းခံနေရ
စစ်ကောင်စီ အနေနဲ့ ရွှေဈေး၊ စားသုံးဆီဈေးမြင့်တက်တာတွေ မြန်မာကျပ်ငွေ ဈေးကျတာတွေ အတွက် ရွှေဆိုင်လုပ်ငန်းရှင်၊ ဆီလုပ်ငန်းရှင်နဲ့ ငွေလဲလုပ်ငန်းလုပ်သူတွေ ကိုဖမ်းဆီးတာ ထိန်းသိမ်းတာတွေလုပ်ပြီး မကြာခင်မှာပဲ ဆန်ဈေးမြင့်တက်လာတာ အတွက် ဆန်စပါး အသင်းက တာဝန်ရှိသူ၊ ဘုရင့်နောင်ပွဲရုံတန်းက လုပ်ငန်းရှင်တချို့ကို ထိန်းသိမ်း စစ်မေးနေတဲ့ သတင်းတွေ ထွက်ပေါ် လာပြန်ပါတယ်။ မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်းရှင် အသင်းရဲ့ ဥက္ကဋ္ဌတာဝန်ယူထားသူ ဦးရဲမင်းအောင်၊ ဘုရင့်နောင် ဆန်ကုန်စည်ဒိုင် ဥက္ကဋ္ဌ ဖြစ်သူ ဦးလူမော်မြင့်မောင် နဲ့ အခြားသော ဆန်လုပ် ငန်းရှင် ၈ ဦးထက်မနည်းကို စစ်ကောင်စီက ခေါ်ယူစစ်ဆေးနေတဲ့အကြောင်း သတင်းတွေမှာ ဖော် ပြထားကြပါတယ်။
မကြာသေးတဲ့ သီတင်းပတ်တွေတုန်းကလည်း ဒေါ်လာဈေးတက် တနည်းအားဖြင့် မြန်မာကျပ်ငွေ တန်ဖိုးကျတာကြောင့် နိုင်ငံခြားငွေအရောင်းအဝယ်လုပ်သူတွေ၊ ထိုင်းနိုင်ငံမှာ ကွန်ဒိုဝယ်ယူဖို့ ဝန် ဆောင်မှုပေးတဲ့ စီးပွားရေး လုပ်ကိုင်သူတွေကို ဖမ်းဆီးမှုတွေ ရှိခဲ့သလို၊ ရွှေဈေးက တကျပ်သား ၅၈ သိန်းလောက်ထိ ရောက်ခဲ့တာကြောင့်လည်း ရွှေသန့်စင်သူ၊ ရွှေဆိုင်လုပ်ငန်းရှင်ကြီးတချို့ကို ထိန်းသိမ်းဖို့ လုပ်ပေမယ့် ၄င်းတို့နေအိမ်မှာမရှိတော့တာကြောင့် အလိုရှိသူအဖြစ် စာရင်းထုတ်ခဲ့တာ ဖြစ်ပါတယ်။
ကုန်ဈေးနှုန်းမြင့်တက်တာကို သက်ဆိုင်ရာနယ်ပယ်က လုပ်ငန်းရှင်ကြီးတွေကိုဖမ်းဆီးခြိမ်းခြောက်ကာ သက်ဆိုင်ရာကုန်စည်ဈေးကျအောင် စစ်ကောင်စီက လုပ်ဆောင်တာဟာ ဈေးတက်ခြင်းရဲ့ အကြောင်းရင်းကိုမသိလို့ မဟုတ်ဘဲ၊ ကုန်ပစ္စည်းဈေးတက်ခြင်းဟာ ကုန်သည် လုပ်ငန်းရှင်တွေရဲ့ ဝိသမလောဘကြောင့်ဆိုတဲ့ ခေတ်အဆက်ဆက် အသုံးချလာတဲ့နည်းလမ်းဟောင်းနဲ့ လူထုကို ဝါဒ ဖြန့်တဲ့သဘောသာ ဖြစ်ပါတယ်။
ရွှေဈေးတက်ခြင်းဟာ ကမ္ဘာ့ရွှေဈေးနဲ့ ကျပ် နဲ့ ဒေါ်လာလဲနှုန်းအပေါ် မူတည်နေသလို၊ ဆန်ဈေးတက်ခြင်းကို ဆန်းစစ်ကြည့်ရင်လည်း ကျပ်ငွေ တန်ဖိုးကျဆင်းလာတာနဲ့ အတူ ဆန်စပါး စိုက်ပျိုးဖို့လိုအပ်တဲ့ မြေသြဇာ၊ မျိုးစပါး၊ လုပ်အားခ၊ မြေဆီ ဈေးနှုန်းတွေမြင့်တက်လာတဲ့အကြောင်းရင်းခံတွေ ရှိသလို ဆန်စပါးထွက်ရှိရာဒေသကနေ အခြားဒေသတွေကို သယ်ယူရာမှာ လမ်းခရီးမှာ လက်နက်ကိုင် ဂိတ်တွေကို အခွန်အကောက်ပေးကြရတာ၊ မြို့တွေနဲ့ ကျေးရွာတွေ ဆက်သွယ်ထားတဲ့လမ်းပိုင်းတွေ၊ တမြို့နဲ့ တမြို့ ဆက်သွယ်ထားတဲ့ လမ်းတွေ၊ ပြည်နယ်တခုနဲ့ တခု ချိတ်ဆက်ထားတဲ့ ကုန်သွယ်ရေးလမ်းတွေပိတ်ဆို့နေတာ၊ ကွေ့ပတ်ပြီး သယ်ကြရတာ၊ အခွန်အကောက်နဲ့ မတော်တဆ ဆုံးရှုံးနိုင်ခြေတွေ စတဲ့ တန်ဖိုးတွေက ဆန်စပါးဈေးအပေါ် ပေါင်းဆုံ သက်ရောက်မှုရှိလာနေတာ ဖြစ်ပါတယ်။
ဆန်ထဲမှာ အောက်ခြေလူတန်းစား စားသုံးတယ်လို့ဆိုတဲ့ ငစိန်အုပ်စုဝင် ဆန်အမျိုးအစားတွေတောင် တပြည်ကို ကျပ် ၆၀၀၀ လောက်အထိရောက်ရှိလာခြင်းက အထက်က အကြောင်းအချက်တွေကြောင့်ဖြစ်တယ်ဆိုတာ စစ်ကောင်စီက မသိရှိလို့လည်း မဟုတ်ပါဘူး။ မသိချင်ယောင်ဆောင်ပြီး ကုန်ဈေးနှုန်းတက်တဲ့အခါ လုပ်ငန်းရှင်တွေကို ဖမ်းဆီးထိန်းသိမ်းတာမျိုးလုပ်ပြီး အရောင်း အဝယ်ရပ်တန့်ကာ ဈေးကွက်မှာ ခေတ္တခဏကျဆင်းတဲ့ရလဒ်ထွက်ဖို့ပဲရည်ရွယ်တာလို့ ကောက်ချက် ချရမှာ ဖြစ်ပါတယ်။
အခြေခံအကြောင်းရင်းတွေဖြစ်တဲ့ လက်နက်ကိုင်တိုက်ပွဲတွေ၊ ရန်သူထိန်းသိမ်းထားတဲ့ သို့မဟုတ် အခြေစိုက်နေတဲ့နယ်မြေတွေကို ရိက္ခာ၊ ကုန်စည် ပိတ်ဆို့ခြင်းဖြင့် စစ်ရေးမှာ အထောက်အကူဖြစ်အောင်လုပ်ဆောင်ခြင်းကြောင့်လည်း ဒေသခံအရပ်သားတွေအဖို့ မတန်တဆဈေးနဲ့ ဝယ်ယူစားသုံးကြရတာ ဖြစ်ပါတယ်။
ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့လိုမြို့တွေမှာ ကုန်ပစ္စည်းဈေး မြင့်တက်လာတာတင်မကဘဲ ပူတာအို၊ ရခိုင်ပြည်နယ်၊ ရှမ်းမြောက်အချို့ဒေသတွေနဲ့ ချင်းပြည်နယ်၊ ကရင်နီဒေသတွေမှာ ဆန်ဈေး၊ ကုန်စိမ်းဈေး၊ လောင်စာဆီဈေး မတန်တဆဖြစ်နေတာမျိုးအပေါ်မှာလည်း ပြောဆိုဖို့ လို အပ်ပါတယ်။
သို့ပေမဲ့ စစ်ကောင်စီအနေနဲ့ကတော့ အထက်က မြို့တွေ နယ်တွေမှာ ကုန်ဈေးနှုန်း မတန်တဆ မြင့်တက်ခြင်းကိုမဖြေရှင်းဘဲ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့လို မြို့ကြီးတွေမှာ ဖြစ်ပေါ်နေတဲ့ ကုန်ဈေးနှုန်းကိုသာ လျော့ကျအောင် စီမံခန့်ခွဲမယ်ဆိုတဲ့ အသွင်မျိုးပြသတာလည်း တွေ့ရမှာ ဖြစ်ပါတယ်။
လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားနေတဲ့ဒေသတွေမှာ အရပ်သားပြည်သူ သိန်း၊ သန်းဂဏန်းချီပြီး ဖြတ် ၄ ဖြတ်ပိတ်ဆို့မှုတွေရဲ့အကျိုးဆက်တွေခံစားနေရတာဖြစ်ပေမယ့် အဆိုပါကိစ္စတွေကိုစ စ်ကောင် စီကမသိချင်ယောင်ဆောင်ထားတဲ့ သဘောလည်း တွေ့ရမှာပါ။
ကုန်ပစ္စည်း သယ်ဆောင်တဲ့ ကားတွေ အနေနဲ့ တံတားတွေ ကျိုးပြတ်သွားလို့ ကွေ့ပတ်သွားလာရတဲ့ အချိန်၊ နေ့ရက်နဲ့ ပိုမိုကုန်ကျတဲ့ လောင်စာဆီ စရိတ်၊ နယ်အသီးသီးမှာ စစ်ဆေးရေး ဂိတ်တွေဖွင့်လှစ်ပြီး ကောက်ခံနေတဲ့ အခွန်အကောက်၊ လုပ်သားအင်အား ရှားပါးမှု စတာတွေကို ဖြေရှင်းဖို့ ဘယ်အဖွဲ့အစည်းကမှ လုပ်ဆောင်တာ မတွေ့ရသေးဘူးလို့ ဆိုရမှာလည်း ဖြစ်ပါတယ်။
ကုန်သည်လုပ်ငန်းရှင်တွေထိန်းသိမ်းတဲ့လုပ်ဆောင်မှုဟာ ကုန်ဈေးနှုန်းတွေ မြင့်တက်ခြင်းရဲ့ အခြေခံအကြောင်းတရားတွေကိုဖြေရှင်းခြင်းမဟုတ်ဘဲ လတ်တလော တရားခံရှာဖွေခြင်း သက် သက်သာ ဖြစ်တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar