Breaking News

မောင်စွမ်းရည် - ဦးလေး လူထုဦးလှ နဲ့ သူ့ရဲ့ တူ သား စာပေရဲဘော်များ

မောင်စွမ်းရည် - ဦးလေး လူထုဦးလှ နဲ့ သူ့ရဲ့ တူ သား စာပေရဲဘော်များ

(မိုးမခ) ဇွန် ၂၃ ၊ ၂၀၂၄

ကျွန်တော့်ဖခင်နဲ့ ညီအစ်ကိုများဟာ မြင်းခြံမြို့နယ် အရှေ့ဘက် ၅ မိုင်ခန့်အကွာက ကားလမ်း၊ ရထားလမ်း၊ သင်္ဘောလမ်းများ မပေါက်တဲ့ ရွာငယ်လေးတရွာက သူကြီးသားများ ဖြစ်ကြပါတယ်။ မြေပိုင်ရှင်သူကြီး ဆိုတော့ ငွေကြးအတန်အသင့် ရှိပါတယ်။ ထန်းတော၊ ရှားတောနဲ့ ပဲ၊ ပြောင်း၊ နှမ်း၊ ဝါ စိုက်တဲ့ ယာမြေများ အတန်အသင့် ရှိတာကြောင့်လည်း ငွေကုန်ကြေးကျခံပြီး သားတွေကို မြို့ကျောင်းမှာ ကျောင်းထားနိုင်ပါတယ်။ မြို့က အမေရိကန် ခရစ်ယာန်သာသနာပြုကျောင်းကို ဘော်ဒါပို့ထားတာပါ။ အဖေ့ အစ်ကိုက မြေစာရင်းအင်စပက်တော်၊ အဖေ့ညီက စစ်တွေ ဆရာဖြစ်သင် နော်မန်ကျောင်းထွက် ကျောင်းဆရာ၊ အဖေက အမေရိကန် ခရစ်ယာန် သာသနာပြုကျောင်းထွက်၊ ၈ တန်းအထိ နေခဲ့ပေမဲ့ အစိုးရအလုပ်ကို မလုပ်ဘဲ နွားကောင်းကောင်း တရှဉ်းဝယ်၊ သူရင်းငှား သန်သန်မာမာ တယောက် ငှားပြီး ကိုယ်တိုင် ဦးဆောင်ကာ တောင်သူ လုပ်ပါတယ်။ ဆိုလိုတာက စာတတ်၊ ပညာတတ်တွေဖြစ်လို့ စာဖတ်အားကောင်းကြတယ်လို့ ဖြစ်ပါတယ်။ စာနယ်ဇင်းတွေ တော်တော်စုံစုံ ဝယ်ဖတ်ပါတယ်။ ကြီးပွားရေးမဂ္ဂဇင်း၊ ဒဂုန်မဂ္ဂဇင်း၊ တိုးတက်ရေးမဂ္ဂဇင်း၊ သူရိယသတင်းစာ၊ ဒီးဒုတ်သတင်းစာ၊ ဂျာနယ်ကျော် စသဖြင့် ဝယ်ဖတ်ကြပါတယ်။

ကျွန်တော် မှတ်မိလိုက်တာကတော့ ကာတွန်းဦးဘဂျမ်းရဲ့ ‘ကိုပြူး နဲ့ မပြုံး” ကာတွန်းရုပ်ပြောင်ကို ကြီးပွားရေးမဂ္ဂဇင်းမှာ ဖတ်ခဲ့ရတာ ဖြစ်ပါတယ်။ ကြီးပွားရေးမဂ္ဂဇင်းကို ‘မောင်လှ’ ဆိုသူ လူငယ်တဦးက သူ့ဘာသာ ငွေအရင်းအနှီးရှာပြီး ထုတ်သတဲ့။ သူ့မိဘတွေက တက္ကသိုလ်တက်ဖို့ ပေးလိုက်တဲ့ငွေကို တက္ကသိုလ်တက်ချင်တဲ့ သူ့ရဲ့ သူငယ်ချင်းကို လွှဲပေးလိုက်ပြီး သူကတော့ ရာဖြတ်စာရေး ဆိုလား၊ အစိုးရအလုပ် ဝင်လုပ်ရင်း ငွေရှာပြီး ကြီးပွားရေးမဂ္ဂဇင်းကို ထုတ်ဝေတာ ဖြစ်ပါတယ်။ ကြီးပွားရေးမဂ္ဂဇင်းကို ဖတ်ရာက မဟာဆွေ၊ ဇော်ဂျီ၊ တင့်တင့်(သိပ္ပံမောင်ဝ)၊ ရွှေကိုင်းသား စသူတို့ရဲ့ နာမည်များကို ရင်းနှီးလာခဲ့ပါတယ်။ မဟာဆွေကို စာနယ်ဇင်းတွေရဲ့ ပြင်ပက ‘ဒို့မေမေ’လို လုံးချင်းစာအုပ်တွေ ဖတ်ရာက သိပြီးသားပါ။ ဇဝန ကို ‘ကောလိပ်ကျောင်းသား’စာအုပ်လို ဝတ္ထုကို စာနယ်ဇင်းပြင်ပမှာ ဖတ်ပြီး ရင်းနှီးပြီးသား ဖြစ်ပါတယ်။ သူတို့အားလုံးဟာ ကြီးပွားရေး မောင်လှရဲ့ အသိုင်းအဝိုင်းတွေပါတဲ့။

တချိန်တည်းလိုလိုမှာပဲ ‘ဂျာနယ်ကျော်’ ကို ဦးချစ်မောင်က တဦးတည်း စွန့်စားထုတ်ဝေတဲ့အခါ အမျိုးသမီး ကလောင်ရှင် ဂျာနယ်ကျော်မမလေးကို မွေးထုတ်နိုင်ခဲ့သလို ကြီးပွားရေးမဂ္ဂဇင်းကလည်း ‘အင်းလျားဆောင်သူ မအမာ’ကို မွေးထုတ်နိုင်ခဲ့ပါတယ်။ ဦးလေး လူထုဦးလှ ပြောလေ့ရှိတာကေတာ့ ‘ဆံထုံးနောက်သျှောင်ပါ’ တဲ့။ အောက်သား မောင်လှ ဟာ အညာသူ မအမာရဲ့ နောက်ကို ပါသွားပြီး မန္တလေးကို ရောက်သွားရာက လူထုဂျာနယ်နဲ့ လူထုသတင်းစာကို ဒုတိယကမ္ဘာစစ်ကြီးအတွင်းမှာတောင် မရပ်နားဘဲ ထုတ်ဝေခဲ့ပါတယ်။

မန္တလေးမှာ မန္တလေးသူရိယသတင်းစာ၊ ဗဟိုစည်သတင်းစာ၊ မြန်မာ့လမ်းစဉ်သတင်းစာစသဖြင့် ရှိနေခဲ့ပါတယ်။ ကျွန်တော်တို့ တက္ကသိုလ်ရောက်မှ ‘မန်းခေတ်’ ဆိုတဲ့သတင်းစာတိုက် ထုတ်ခဲ့ပါတယ်။ သက်တမ်းမရှည်ကြပါ။ လူထုသတင်းစာကတော့ စစ်အစိုးရလက်ထက်ထိ သက်တမ်းရှည်ခဲ့ပါတယ်။ ပုံပြင်စာအုပ်တို့၊ ဝတ္ထုစာအုပ်တို့ပါ ထုတ်နိုင်ခဲ့ပါတယ်။ အစောဆုံး ကျွန်တော် ဖတ်မိတဲ့ ကြီးပွားရေးတိုက်ထုတ် စာအုပ်ကတော့ အသျှင်ဉာဏိဿရ ဘာသာပြန်တဲ့ ‘ရာဟုလာ သံကစ္စည်း’ရဲ့ ‘ဗော်လ်ဂါမှ ဂင်္ဂါသို့’ စာအုပ်ကြီး ဖြစပါတယ်။ စာအုပ်ကြီးလို့ ဆိုရတာက သတင်းစာအရွယ် စာရွက်ကြီးတွေနဲ့ ထုတ်တဲ့စာအုပ် ဖြစ်လို့ ပြောရတာ ဖြစ်ပါတယ်။ လုံးချင်းစာအုပ်ကို သတင်းစာအရွယ် ဆိုက်ကြီး ထုတ်တာ ဒီတခါပဲ တွေ့ဖူးပါတယ်။ ဒီလို သတင်းစာရော၊ လုံးချင်းစာအုပ်တွေရော ထုတ်ပြီး သက်တမ်းရှည်ခဲ့ရတာဟာ လူထုဒေါ်အမာရဲ့ အစ်မကြီး နဂါးဒေါ်ဦးရဲ့ နဂါးဆေးလိပ်ခုံကြီးက ငွေကြေးနောက်ခံ တောင့်နေလို့ မြင်မိသလို ရှိပါတယ်။ 

ဗော်လဂါမှဂင်္ဂါသို့ စာအုပ်ကြီးကို ပြန်ထုတ်ဖို့ ကောင်းပါတယ်။

ကျွန်တော် အထူးသတိပြုမိတဲ့ ကြီးပွားရေးမဂ္ဂဇင်းရဲ့ ရှေးဦးကလောင်ရှင်ကတော့ ရွှေကိုင်းသား ခေါ် ဆရာတော် ဦးသောဘိတ ဖြစ်ပါတယ်။ ရွှေကိုင်းသားက ကြီးပွားရေးမဂ္ဂဇင်းမှာ ရွှေဘိုဗုံကြီးသံတွေကို စုဆောင်း တင်ပြခဲ့ဖူးပါတယ်။ ကောက်စိုက်မတေးသံတွေလို့ သိရပါတယ်။ စောစောပိုင်းက ကောက်စိုက်တေးတွေကို ‘ကျေးလက်တေး’လို့ ခေါ်ခဲ့ပါတယ်။ နောင်အခါ အထက်ဗမာနိုင်ငံစာရေးဆရာများရဲ့ စာဆိုတော်နေ့ စာတမ်းဖတ်ပွဲတခုမှာ ဆရာမောင်သာနိုးက ‘လူထုတေး’လို့ ပြင်ခဲ့ပါတယ်။ ‘Folk Song’ ကို တိုက်ရိုက်ဘာသာပြန်တာပါပဲ။ ဗုံကြီးသံ ကောက်စိုက်တေးများကို ကြီးပွားရေးမဂ္ဂဇင်းနဲ့ မြန်မာစာညွန့်ပေါင်းကျမ်းတို့မှာ စတင်တွေဖူးခဲ့တာပါ။ 

စတွေ့ကတည်းက စိတ်ဝင်စားမိသွားခဲ့လို့ ကျွန်တော်ဟာ လူထုတေး စုဆောင်းသူ ဖြစ်ခဲ့ရတာပါ။

စပ်မိလို့ ပြောပါရစေ။ ဦးလေး လူထုဦးလှ ကွယ်လွန်တော့ စိတ်ထိခိုက်လို့တဲ့ ဆရာတော် ရွှေကိုင်းသား ကြွမလာခဲ့ပါ။ လူထုဒေါ်အမာက ဦးဝင်းတင်ကို ‘ဆရာတော် မလိုက်လာရင် ကားပေါ်ကို ဇွတ်ပွေ့တင်ခဲ့’ လို့ မှာလိုက်ပါတယ်။ ဒီလို ဇွတ်ခေါ်လို့ ဆရာတော် ပါလာတော့ လူထုတိုက်ထဲကို ဝင်မိရင်ပဲ ဒေါ်ဒေါ်က ‘အောင်မယ်လေး၊ ကိုထွန်းလှိုင်ရဲ့၊ ရှင့်သူငယ်ချင်းတော့ ဆုံးရှာပြီကော’လို့ နှစ်ဦးသား ဖက်ငိုကြပါတယ်။ ဆရာတော်က နောင်တော့ မိန့်ရှာပါတယ်။ “ကျုပ်က အဲဒါကြောင့် မလိုက်ချင်တာ” တဲ့။ ဒေါ်ဒေါ်ကလည်း ငါတို့ မောင်နှမသုံးယောက်က တသက်လုံး မခွဲမခွာ တွဲလာခဲ့ကြတာလေ” လို့ မျက်ရည်နဲ့ ပြောရှာပါတယ်။ 

တကယ်တော့ ကျွန်တော်ကလည်း ဒီသုံးဦးကို လူချင်း မမြင်ဖူးခင်ကပဲ ပေါင်းဖော်လာခဲ့တာ တသက်လုံးပဲ မဟုတ်လား။ ဦးလေး ဆုံးတဲ့နေ့မှာရော ရက်လည်မှာရော မျက်ရည်ကျခဲ့ပါတယ်။ ပိုပြီး ထူးဆန်းတာက အလွန်အသည်းမာတယ်လို့ ထင်ရတဲ့ ဒေါက်တာသန်းထွန်းလည်း မျက်ရည်ပေါက် ကြီး ငယ် ကျခဲ့ရှာပါတယ်။ ဒေါက်တာသန်းထွန်း မန်းတက္ကသိုလ်ကို ရောက်လာတော့ ဦးလေး တို့၊ ဒေါ်ဒေါ်တို့(ဦးလှ၊ ဒေါ်အမာ တို့က) ညီအရင်း၊ မောင်အရင်းလို ဂရုစိုက်ခဲ့တာပါ။ “ဝိတ်လျှော့ပါ” လို့ တိုက်တွန်းပြီး သားငါးနဲ့ အသီးအရွက်ဟင်းချည်း များများစားဖို့တဲ့ လူထုမောင်နှံက ဟင်းချက်ပို့ပါတယ်။ ဆရာသန်းထွန်းလည်း အင်္ဂလန်က ဝယ်လာတဲ့ ဘောင်းဘီတွေ ဝတ်မရအောင် ဝမ်းဗိုက်ကျသွားခဲ့ပါတယ်။ ဆရာနဲ့ လူထုမောင်နှံကလည်း ရွှေကိုင်းသားနဲ့ ခင်မင်ကြသလို ညီအစ်ကိုအရင်းမက ခင်ခဲ့ကြတာပါ။

စီးပွားရေးမဂ္ဂဇင်းမှာ ရွှေကိုင်းသားလို အစောဆုံး ကလောင်တချောင်းကတော့ ခေတ်စမ်းစကား ပြေဆရာ သိပ္ပံမောင်ဝ ပါ။ သိပ္ပံမောင်ဝဟာ ကြီးပွားရေးမဂ္ဂဇင်းမှာ ကလောင်အမည်ခွဲ တဒါဇင်လောက်နဲ့ ရေးခဲ့တာကို ကျွန်တော် မသိခဲ့ပါ။ နောက်မှ ဦးလေးက သူ့တာဝန်ပဲလို့ ခံယူပြီး သိပ္ပံမောင်ဝ ကလောင်အမည်ခွဲ (အမည်ဝှက်)တွေကို ဖော်ထုတ်ပြီး တင့်တင့်ရဲ့ ပြဇာတ်တွေကို လုံးချင်းစာအုပ် ထုတ်ခဲ့ဖူးပါတယ်။ ရန်ကုန်တက္ကသိုလ် အသိုင်းအဝိုင်းထဲ ခေတ်စမ်းအုပ်စုဟာ တက္ကသိုလ်ပြင်ပလောကမှာ ကြီးပွားရေးမဂ္ဂဇင်း စင်မြင့်ပေါ်ကို အစုလိုက် တက်လာခဲ့ကြတာ တွေ့ရပါတယ်။ ကျွန်တော် အစောဆုံး တွေ့ဖူးတဲ့ ဆရာဇော်ဂျီရဲ့ စာကတော့ ဆရာကြီးမဟာဆွေနဲ့ ထိပ်တိုက်ရေးကြတဲ့ စာတွေပါပဲ။ 

ဆရာကြီးမဟာဆွေက ဆရာဇော်ဂျီကို မောင်သိန်းဟန် လို့ အမည်ရင်းခေါ်ပြီး စာရေးတာပဲ မှတ်မိလိုက်ပါတယ်။

တက္ကသိုလ်အသိုင်းအဝိုင်း ဘိလပ်ပြန်စာရေေးဆရာတွေဦးဆောင်တဲ့စာပေအုပ်စုကို‘လက်ယာ’ စာပေအုပ်စုလို့ သတ်မှတ်မယ်ဆိုရင် တက္ကသိုလ်ပြင်ပက နဂါးနီအသင်း (ဒို့ဗမာအစည်းအရုံးဝင်များ) စာပေအုပ်စုကို လက်ဝဲစာပေအုပ်စုလို့ ဆိုချင်ပါတယ်။

နဂါးနီအုပ်စုက သခင်သန်းထွန်း၊ သခင်စိုး၊ သခင်ဇင် တို့က ကြီးပွားရေးမောင်လှ အခန်းမှာ နေ့ ည ခိုလှုံရင်း စားသောက် နေထိုင်ကြသတဲ့။ ဆရာဇဝနကတော့ ကြီးပွားရေးတိုက်ကို (အခန်းကို) ဝင်လိုက် ထွက်လိုက် လုပ်ရင်းက ကြီးပွားရေးကိုလှရဲ့ ပိုးပုဆိုးအသစ်ကို ပေါင်ပြီး မြင်းပွဲလောင်းဖူးသတဲ့။ အဲသလိုနဲ့ နေရင်း ရန်ကုန်စာပေအုပ်စုကို ချန်ထားခဲ့ပြီး ‘ဆံထုံးနောက်သျှောင်ပါ’ ခဲ့ရသမို့ ရွှေမန်းသားအဖြစ် ခံယူသွားခဲ့တာ တသက်လုံးပါပဲ။ မန္တလေးမှာ လူထုသတင်းစာ၊ လူထုဂျာနယ် ထုတ်ပါတယ်။ ကျွန်တော့်အဖေနဲ့ ဦးလေးတို့က လူထုဂျာနယ်ကို မှာယူ ဖတ်ရှုပါတယ်။ ဒါကြောင့် ကြီးပွားရေးမဂ္ဂဇင်းနဲ့ လူထုဂျာနယ်တို့ကို တည်းဖြတ် ထုတ်ဝေသူဟာ တဦးတည်းဖြစ်ကြောင်း မသိခဲ့ပေမဲ့ ကြီးပွားရေးမောင်လှ နဲ့ လူထုဦးလှ တို့ကို အဆက်မပြတ် ဖတ်ခဲ့ရပါတယ်။

ကျွန်တော် သတ္တမတန်း အစိုးရစစ်စာမေးပွဲမှာ အမှတ်ကောင်းလို့ (ရွာက ဒေါက်တာမောင်မောင်ညို တို့နဲ့အတူ) မန္တလေး၊ အကြိုဆေးသင်တန်းကို တက်ဖို့ အရွေးခံရပါတယ်။ မန္တလေးကို ရောက်တော့ လူထုသတင်းစာကို နေ့စဉ် ဖတ်ရတဲ့အပြင် ဆရာကြီးရွှေဥဒေါင်း၊ လူထုဦးလှ၊ လူထုဒေါ်အမာ တို့ကို ကျုံးဘေးမှာ သူတို့ လမ်းလျှောက်ထွက်တဲ့အခါမှာ ဖြစ်စေ၊ ခရီးသွားဖို့ ဘူတာရုံကြီးကို ထွက်လာတဲ့အခါမှာ ဖြစ်စေ မကြာခဏ မြင်တွေ့ရတတ်ပါတယ်။

ကျွန်တော် ၁၉၅၆ မှာ တက္ကသိုလ်ရောက်လို့ မန္တလေးတက္ကသိုလ် ကလောင်ရှင်အသင်း၊ စာပေလှုပ်ရှားမှုတွေမှာ ပါလာတော့မှ လူထုမောင်နှံနဲ့ တိုက်ရိုက်တွေ့ဆုံရပြီး ရင်းနှီးကျွမ်းဝင်လာခဲ့ပါတယ်။ မောင်သာနိုးနဲ့ တက္ကသိုလ်ဝင်း တို့က လူထုသတင်းမှာ အယ်ဒီတာ လုပ်ခဲ့ဖူးကြပါတယ်။

မောင်သိန်းနိုင်၊ တင်မိုး၊ မောင်စွမ်းရည်၊ ကြည်အောင် တို့က ၁၉၅၆-၅၈ ကျမှ ဆုံမိကြပြီး မန်းတက္ကသိုလ် ကလောင်ရှင်အသင်း လှုပ်ရှားမှုတွေ လုပ်ရင်း လူထုမောင်နှံနဲ့ ရင်းနှီးကျွမ်းဝင်လာခဲ့ပါတယ်။

မောင်စွမ်းရည်ကတော့ လူထုမိသားစုကို ဝင်ထွက် စားသောက်သည်အထိ ရင်းနှီးလာခဲ့ပါတယ်။

နိုင်းနိုင်းမိုးတို့က ရန်ကုန်ကို ရွှေ့ပြောင်းသွားကြပါတယ်။ စာဆိုတော်နေ့ ဆိုရင်တော့ ပြန်ဆုံလေ့ရှိခဲ့ကြပါတယ်။ 

ဦးလေး၊ ဒေါ်ဒေါ် တို့ ကွယ်လွန်ချိန်အထိပါပဲ။

မောင်စွမ်းရည်

၂၀၂၄ ၊ ဇွန် ၄

နယူးယောက်

-


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar