တောင်မင်းကို မြောက်မင်း မကယ်နိုင်ဖြစ်နေတဲ့ စစ်ဘေးဒုက္ခသည်တွေ
မြန်မာနွေဦးခရိုနီကယ် - ဒီဇင်ဘာ ၂၃ မြင်ကွင်း
မိုးမခ၊ ဒီဇင်ဘာ ၂၄၊ ၂၀၂၄
တောင်မင်းကို မြောက်မင်း မကယ်နိုင်ဖြစ်နေတဲ့ စစ်ဘေးဒုက္ခသည်တွေ
၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့မှာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ထုတ်ပြန်တဲ့ စာရင်းအရ မြန်မာနိုင်ငံမှာ စစ်ဘေးဒုက္ခသည် ၄ သန်းကျော်ရှိတယ်လို့ ဆိုပါတယ်။ ဒီအရေအတွက်ဟာ စစ်အာဏာသိမ်းပြီး နောက် ၄ နှစ်နီးပါးအတွင်း ၈ ဆကျော် ၉ ဆ နီးပါး မြင့်တက်လာတဲ့ အရေအတွက်ဖြစ်ပါတယ်။ ဒီအရေအတွက်မှာ စစ်ဘေးနဲ့ လူမျိုးတုန်းသတ်ဖြတ်မှု ဘေးကြောင့် ပြည်ပရောက်နေတဲ့ စစ်ဘေးဒုက္ခသည် အရေအတွက် မပါဝင်သေးပါဘူး။ ဥပမာအားဖြင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကော့စ်ဘဇားမှာ ၇ နှစ်ကြာခိုလှုံနေရတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ၊ ၁၉၉၀ ခုနှစ်တွေက ထိုင်းနိုင်ငံဘက်ခြမ်း နယ်စပ်မှာ ဖွင့်လှစ်ထားတဲ့ ဒုက္ခသည်စခန်းတွေက ဆယ်စုနှစ်ချီကြာမြင့်နေတဲ့ စစ်ဘေးဒုက္ခသည် အရေအတွက်တွေ မပါဝင်သေးပါဘူး။
အိမ်နီးချင်းနိုင်ငံရောက်နေတဲ့ စစ်ဘေးဒုက္ခသည်တွေ ရဲ့ အရေအတွက်ပါ ထည့်သွင်းမယ်ဆို ၅ သန်း ကျော်ရှိလိမ့်မယ်လို့ ခန့်မှန်းရပါတယ်။ ကမ္ဘာမှာ စစ်ဘေးဒုက္ခသည် အရေအတွက်အများဆုံးပမာဏ ၁၄ သန်းရှိတဲ့ ဆီးရီးယား နိုင်ငံလောက် မများသည့်တိုင် ဆီးရီးယားနိုင်ငံပြီးနောက် ဒုတိယ အများဆုံးဖြစ်မယ့် အနေအထားဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် စစ်အာဏာမသိမ်းမီကာလက ၃ သိန်း ၇ သောင်းနီးပါးရှိတဲ့ စစ်ဘေးတိမ်းရှောင်သူတွေကို နယ်မြေ အလိုက်တွက်ချက်ကြည့်ရင် ကချင်ပြည်နယ် နဲ့ ရှမ်းမြောက်ဒေသ၊ ရခိုင်ပြည်နယ် တို့မှာ အဓိကဖြစ်ပြီး ၂၀၁၈ မှ ၂၀၁၉ ခုနှစ်ထိ ပြင်းပြင်းထန်ထန် တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်တို့မှာ အများဆုံး ဖြစ်ခဲ့တာတွေ့ရမှာ ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ စစ်အာဏာသိမ်းပြီးနောက်မှာတော့ ခုခံတိုက်ခိုက်မှုတွေ စစ်တပ်ရဲ့ တန်ပြန်တိုက်ခိုက်တဲ့ ထိုးစစ် နေအိမ်၊ မီးရှို့တာ၊ ရပ်ရွာတွေဖျက်ဆီးခံရတာတွေ နဲ့ တိုက်ပွဲတွေအကြား ထိခိုက်သေဆုံးမှုတွေက စစ်ဘေးရှောင် ဦးရေ သိန်းဂဏန်းကနေ သန်းဂဏန်းအထိ မြင့်တက်လာစေတဲ့ အကြောင်းရင်းခံတွေ ဖြစ်ခဲ့ပါတယ်။ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ ကရင်နီပြည်၊ ရှမ်းပြည်နယ် မြောက်ပိုင်း၊ တောင်ပိုင်း၊ ကချင်နဲ့ ရခိုင်ပြည်နယ်တွေမှာ စစ်ဘေးရှောင်ဦးရေ တဟုန်ထိုး မြင့်တက်ခဲ့ပြီး ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ရောက်ရှိချိန်မှာ ၄ သန်းကျော်ရှိလာတဲ့ အနေအထားဖြစ်ပါတယ်။ မြန်မာနိုင်ငံ ရဲ့ လူဦးရေ ၅၄ သန်းရှိတယ်ဆိုရင် ၁၃ ယောက်မှာ တယောက်က စစ်ဘေးဒုက္ခသည် ဖြစ်နေတဲ့ သဘောလို့လည်း ဆိုနိုင်ပါတယ်။
စစ်အာဏာ မသိမ်းမီက ရှိနေတဲ့ စစ်ဘေးဒုက္ခသည် စခန်းအချို့ရဲ့ အနေအထားက လုံခြုံတဲ့ အမိုးအကာ၊ အခင်းတွေ မရှိသော်လည်း တည်နေရာ တခုမှာ သတ်သတ်မှတ်မှတ် နေထိုင်နိုင်ခဲ့ကြတာတွေ့ရပါတယ်။ ဥပမာအားဖြင့် ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်၊ နမ့်ခမ်း၊ နမ့်ဖတ်ကာ ဒေသတွေက စစ်ဘေးရှောင်စခန်းတွေရဲ့ အခြေအနေက ကျဥ်းမြောင်းတဲ့ အခန်းလေးတွေထဲ မိသားစုဝင် ၄/၅ ဦးကနေ ၈ ဦး ၁၀ ဦးအထိ နေထိုင်ကြရတာကို တွေ့ရပြီး နမ့်ခမ်းမြို့ပေါ်က အချို့သော စစ်ဘေးရှောင် စခန်းတွေမှာ လျှပ်စစ်မီး နဲ့ လုံလောက်တဲ့ သောက်သုံးရေ ရရှိတဲ့ အခြေအနေမျိုး တွေ့ကြရပါတယ်။
အဆိုပါ စစ်ဘေးရှောင်စခန်းတွေကို နိုင်ငံတကာ အကူအညီပေးတဲ့ အဖွဲ့အစည်းအချို့က အတိုင်းအတာ တခုထိ ကူညီနိုင်ခဲ့ကြပေမယ့် အခု လက်ရှိ အနေအထားမှာတော့ စစ်ဘေးဒုက္ခသည်တွေကို နိုင်ငံတကာ အကူအညီတွေ ပေးနိုင်တဲ့ ပမာဏ သိသိသာသာ တိုးတက်မလာသလို အကူအညီပေးတဲ့ အဖွဲ့အစည်းတွေအနေနဲ့ ဒုက္ခသည်တွေဆီ တိုက်ရိုက် အကူအညီပေးအပ်ခွင့်မရတဲ့ အခက်အခဲလည်း တွေ့ရမှာပါ။ လမ်းပန်းဆက်သွယ်ရေး လုံခြုံရေးမကောင်းတဲ့ အချက်ကလည်း လူသားချင်းစာနာမှု အကူအညီတွေ မရရှိတဲ့ နောက်ထပ် အကြောင်းအရင်းတွေ အဖြစ်တွေ့ရမှာ ဖြစ်ပါတယ်။
ခု လက်ရှိ ကာလမှာ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်တို့လို ဒေသတွေက စစ်ဘေးရှောင်တွေ ဘယ်လို နေထိုင်အသက်ရှင်နေကြသလဲလို့ မေးရင် မိမိတို့ ရှိသမျှ ပိုင်ဆိုင်သမျှကို ခြစ်ခြုတ်ချွေတာ သုံးစွဲအသက်ရှင်ကြရတာ၊ လူထု အချင်းချင်း ဖေးမကူညီမှုတွေနဲ့ အသက်ရှင်ကြရတဲ့ အခြေအနေမျိုး မှာနေထိုင်ကြရတာ ဖြစ်ပါတယ်။ နိုင်ငံတကာ အစိုးရတွေရဲ့ အကူအညီတွေဟာလည်း မြန်မာနိုင်ငံထက်ပိုပြီး အာရုံစိုက်မှုခံရတဲ့ ယူကရိန်းက ဒုက္ခသည်ပြဿနာ၊ အရှေ့အလယ်ပိုင်း ဂါဇာကမ်းမြောင်ဒေသက ဒုက္ခသည်ပြဿနာတွေအတွက် ပိုမိုအာရုံစိုက်မှုပေးနေကြရတာကြောင့် မြန်မာ့ဒုက္ခသည်ပြဿနာက မေ့လျော့ခံ အကြောင်းအရာ ခေါင်းစဥ်တခုသဖွယ် ဖြစ်လာနေတဲ့ သဘောလည်း ကောက်ချက်ချနိုင်ပါလိမ့်မယ်။
စစ်ဘေးရှောင်ရတဲ့ ဘဝတွေက ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားရတာအပြင် စိတ်ပိုင်းဆိုင်ရာ စိတ်ဒဏ်ရာတွေလည်း ခံစားကြရတာ ဖြစ်ပါတယ်။ နေအိမ် အကြိမ်ကြိမ် မီးရှို့ခံကြရတဲ့ အတွေ့အကြုံလိုမျိုး၊ မိသားစုဝင်တွေ သတ်ဖြတ်ခံရတဲ့ အတွေ့အကြုံလိုမျိုးနဲ့ တန်ဖိုးမကြီးသည့်တိုင် မိမိနေအိမ်၊ အသုံးအဆောင်နဲ့ ပိုင်ဆိုင်မှုတွေ အားလုံးထားခဲ့ရပြီး စစ်ပွဲလွတ်ရာမှာ ဖြစ်သလိုနေထိုင်ကြရတဲ့ အတွေ့အကြုံတွေက ဘဝမှာ တသက်တခါသာ ကြုံကြရတဲ့ ခက်ခဲကျပ်တည်းမှုတွေ အိပ်မက်ဆိုးတွေ ဖြစ်ပါတယ်။ ဒီလို အတွေ့အကြုံမျိုးနဲ့ ဒုက္ခသည်စခန်းတွေမှာ လနဲ့ချီ နှစ်နဲ့ချီ နေထိုင်ကြရတဲ့ လူကြီး၊ လူငယ်၊ ကလေးသူငယ်တွေအဖြစ်က ကိုယ်တိုင် တွေ့ကြုံနေရသူတွေကို ကိုယ်ချင်းစာခံစားကြည့်တဲ့တိုင် ခံစားချက်ခြင်း တူညီမယ်မထင်ပါဘူး။
စစ်ပွဲတွေအတွင်း မြို့သိမ်းတိုက်ပွဲတွေအတွင်း နေအိမ်တွေ ဖောက်ထွင်းခံရတဲ့ အဖြစ်အပျက်တွေကလည်း မြို့တိုင်း နယ်တိုင်းလိုမှာ ဖြစ်ပျက်နေတာ သတင်းတွေမှာ ဖတ်ရှုကြားသိနေကြရတာပါ။ ဒီဖြစ်ရပ်တွေက စစ်ဘေးကနေ တိမ်းရှောင်နေကြရချိန်မှာ မြို့မှာ ကျန်နေပြီး အများဒုက္ခရောက်ကြတဲ့အချိန်အခါကို အခွင့်အလမ်းအဖြစ် အသုံးချကြတဲ့ ရုပ်ဆိုးလှတဲ့ ဖြစ်ရပ်တခုလည်း ဖြစ်ပါတယ်။ တရားဥပဒေ စိုးမိုးမှု ပျက်ပြားချိန်၊ ဆင်းရဲမွဲတေမှုနဲ့ ကိုယ်ကျင့်စာရိတ္တ ဆိုင်ရာ ပြဿနာဖြစ်ပြီး မြန်မာနိုင်ငံ လူမှုအဖွဲ့အစည်းမှာ တွေ့မြင်လေ့ ရှိတဲ့ ဖြစ်ရပ်တခုသဖွယ် ဖြစ်လာနေပါတယ်။
စစ်ပွဲမှာ ပါဝင်တိုက်ခိုက်နေတဲ့ လက်နက်ကိုင် တပ်ဖွဲ့ဝင်တွေ အနေနဲ့ လူ့အသက်နဲ့ ရင်းပြီး လက်နက်ကိုင် တိုက်ခိုက်နေရသလိုပဲ စစ်ဘေးဒုက္ခသည်တွေ အနေနဲ့ ဘဝနဲ့ အသက်နဲ့ ရင်းပြီး စစ်ဘေးဒဏ်ကို ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။ တော်လှန်ရေး လက်နက်ကိုင် အင်အားစုတွေ အနေနဲ့ လူထုအတွက် မိမိတို့ လူမျိုးအတွက် အမျိုးသားရေးအတွက် တိုက်ခိုက်နေတာကြောင့် လူထုအနေနဲ့ စစ်ဘေးဒုက္ခက ရှောင်လွှဲလို့ မရဘူးဆိုတဲ့ အယူအဆလည်း ရှိကောင်းရှိကြပါလိမ့်မယ်။
လက်နက်ကိုင်တပ်ဖွဲ့တွေ အနေနဲ့ အရပ်သားတွေ ထိခိုက်မှု သေဆုံးမှု၊ ဆုံးရှုံးမှု နည်းနိုင်သမျှ နည်းအောင်၊ ပေါ်ပေါက်လာမယ့် စစ်ဘေးတိမ်းရှောင်ရမယ့် အခြေအနေမျိုးကို တတ်နိုင်သမျှ လျော့နည်းအောင်လည်း ထည့်သွင်းစဥ်းစားကြဖို့ အရေးကြီးပါတယ်။ စစ်ရေးအရ အောင်နိုင်မှုသာလျင် ပထမ၊ ဒုတိယ၊ တတိယ အနေနဲ့ စဥ်းစားတာထက် ရပ်ရွာက ပြည်သူလူထုရဲ့ ထိခိုက်ခံစားရမယ့် အရေးလည်း အစဥ်ထည့်သွင်းစဥ်းစားဖို့ အရေးကြီးပါတယ်။ မဟော်သဓာ သားတရားစီရင်ခန်း ဇတ်တော်လို ဘယ်သူက မိခင်ရင်းလည်း ဆိုတာ စမ်းသပ်တဲ့ အခြေအနေမျိုးလို့ တင်စားရင်လည်း ဆီလျော်မှုရှိတဲ့ ဥပမာတရပ်လို့ ဆိုချင်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar