Breaking News

ဆယ်ပေါင်တူ - ပွဲကြိုက်ကြင်နှင့် တပည့်ကျော်မဲလုံး၏ ပျောက်ဆုံးသွားသော ခလုတ်ကြီး

ဆယ်ပေါင်တူ - ပွဲကြိုက်ကြင်နှင့် တပည့်ကျော်မဲလုံး၏ ပျောက်ဆုံးသွားသော ခလုတ်ကြီး

(မိုးမခ) ဒီဇင်ဘာ ၂၄ ၊ ၂၀၂၄


R2P ဝင်ဖို့ နောက်ထပ်ဗိုလ် ချုပ် ဘယ်နှစ်ယောက် ဒူးထောက်ပေးရဦးမှာလဲ?

R2P ဝင်ဖို့ နောက်ထပ်စစ်ခွေးဘယ်နှစ်ကောင် (အဲလေ …မှားလို့) စစ်သားဘယ်နှစ်ယောက် အသက်ပျောက်ပေးရ ဦးမှာလဲ?

R2P ဝင်ဖို့ နောက်ထပ် စစ်တိုင်းဘယ်နှစ်ခု ကျပေးရဦးမှာလဲ ?

စင်ပေါ်မှာ အလံလေးဝှေ့ယမ်းရင်း အာပေါင်အာရင်းသန်သန်ဖြင့် ပြောနေသူက တခြားမဟုတ်။ မေတ္တာတုံး စစ်ရှုံးသမား ဝရမ်းပြေး ကြင်စိုးပင် ဖြစ်သည်။ ဘောမများ လက်ခုပ်သံ တဖြောင်းဖြောင်းနှင့် အားပေးကြသည်ကို မြင်လိုက်ရတော့မှ မဲလုံး စိတ်အေးရတော့သည်။

ကြင်စိုးက ဆက်ပြီး ‘တရားသောစစ် အောင်ရမည် ဆိုတာတွေတော့ မလုပ်ကြနဲ့၊ ကျနော်တို့က မတရားသောစစ် ဆင်နွှဲနေတာဆိုတော့ ခင်ဗျားတို့ အဲဒီလို ပြောလေလေ၊ ဟိုဘက်က နိုင်လေလေ ဖြစ်နေမယ်’ ဟုလည်း ဩဝါဒ ခြွေသည်။

ဝဋ်ကြွေးကြီးသော ဘောမများဆိုတော့လည်း ဖွတ်အကောင်လိုက် ထွက်တာ မြင်နေပါလျက်နှင့် အဲဒီတောင်ပို့ကို ပဲ မျက်စိမှိတ် ဆက်ကိုးကွယ်နေတော့သည်။ ဒီလောက် လောဘဇောတိုက် ရက်စက်ယုတ်မာ ဉာဏ်ရည်နိမ့်ကျသူ ကြင်စိုးကို နပိုလီယံနှင့် မဟာဗန္ဓုလ ရောမွှေထားသည့် စစ်ဘုရင်တပါးပမာ ဘောမများက ယုံကြည်အားကိုးနေကြဆဲ၊ ရွှေဘက သည်းခံနေလို့ပါ၊ နောက်ဆုံးတော့ ရွှေဘက ရွှေဘပါပဲဆိုပြီး အရှုံးများ ကို လက်မခံနိုင်ကြသေး။

တကယ်တော့ ဒီပွဲဖြစ်ဖို့သူ့မှာ အချိန်တိုလေးအတွင်း အတော်ကြိုးစားလိုက်ရသည်။ မနက်အစောပိုင်းတုန်းကတောင် ဒီပွဲလုပ်ဖို့ အစီအစဥ်၊ ကြင်စိုး ကိုယ်တိုင်မသိ။ အခွေပြန်ရစ်ကြည့်သလို မဲလုံး ဒါတွေကို တကွက်ချင်း ပြန်စဉ်းစားနေမိသည်။

ဒီကနေ့ မနက်ကပဲဖြစ်သည်။ မဲလုံးတယောက် နာရီတကြည့်ကြည့်နှင့် ကြင်စိုး၏ ရုံးခန်းဝတွင် စောင့်ဆိုင်းနေသည်။ သူ့ပုံက စိတ်မရှည်ဟန် ပေါ်နေသော်လည်း ‘ကာချုပ်ကြီးက နပခ ဒု-တိုင်းမှူးနဲ့အဖွဲ့ အဖမ်းခံရတဲ့ ဓာတ်ပုံထွက်လာကတည်းက တစက်လေးမှ မနားတော့ဘဲ၊ သူ့အခန်းထဲမှာပဲ အလုပ်ရှုပ်နေတယ်’ဆိုသည့် ကြင်စိုးလုံခြုံရေးများ၏ အပြောကို စိတ်ထဲက ကျိတ်ကျေနပ်သလိုလို ဖြစ်နေမိသည်။

‘အင်း…ဒီလိုပဲဖြစ်ရမယ်၊ ဘပုတယောက် ဘယ်လိုစစ်ဗျူဟာ အသစ်တွေ ရေးဆွဲနေပါလိမ့်’ဟုလည်း သိချင်သွားသည်။ ‘ဝင်လို့ရပါပြီ ဗိုလ်ချုပ် မဟူရာ ကတ္တရာ မဲလုံး’ ဟု သူ၏ကြန်အင်လက္ခဏာ အပြည့်အစုံ ပေါ်လွင်အောင် ခေါ် ဆို အလေးပြုရင်း အကြောင်းကြားလာသည်။

သူ့ကိုမြင်မြင်ချင်း ‘မင်းအရပ် ဘယ်လောက်မြင့်လဲ’ ဟု ကြင်စိုးက မေးပြီး သူ၏အဖြေကို စာရွက်ပေါ် ချက်ချင်း ကောက်ရေးလိုက်သည်။ စာရွက်ကို မဲလုံး တချက်ဝေ့ကြည့်လိုက်တော့ အခြားသူများ၏ အမည်များနှင့် သူတို့၏ အရပ်များ တွဲမှတ်ထားသည်ကို တွေ့ရသည်။ ဝေခွဲမရ ဖြစ်သွားသည့် မဲလုံးက ‘ကျသွားတဲ့ စစ်ဌာနချုပ်တွေကို ထိုးစစ်ပြန်ဆင်ဖို့ ဘပုဗျူဟာတွေ ဆွဲနေတယ် ထင်နေတာ’လို့ စကားအသာ တောက်ကြည့်လိုက်သည်။

‘မင်းကလည်း ငါ့အကြောင်း သိရက်သားနဲ့ကွာ၊ ငါ့လိုစစ်ကောင်းကောင်း မတိုက်ခဲ့ဖူးတဲ့သူက ဘယ်လိုလုပ် စစ်ဗျူဟာတွေ ဘာတွေ ဆွဲတတ်မှာလဲ။ အမှန်က ငါမှမဟုတ်ပါဘူး၊ ငါတို့ထဲမှာ ဖြစ်ဖြစ်မြောက်မြောက် စစ်တိုက်ဖူးတဲ့ သူက ဘယ်သူမှ မရှိဘူး၊ အဲဒါကြောင့် အခုတိုက်သမျှ ဆက်တိုက်ရှုံးနေတာပေါ့’

မျက်တွင်းဟောက်ပက်ဖြင့် တညလုံး ကောင်းကောင်းအိပ်ပျော်ဟန် မတူသည့် ကြင်စိုးက ‘အဲဒီစစ်ဗျူဟာတွေ ဘာတွေ ဆိုတာထက် ပိုအရေးကြီးတဲ့ဟာကို ငါက လုပ်နေတာ’ဟု တဆက်တည်း ပြောလိုက်သည်။ ကြင်စိုး စကားကို နားမလည်သည့် မဲလုံးက ‘ဘပုအရေးကြီးတယ် ဆိုတာက ကျနော်တို့အရပ်နဲ့ ဘာဆိုင်လို့လဲ’ ဟု မနေနိုင်သည့်အဆုံး မေးလိုက်ရသည်။

‘မင်း နပခက အဖမ်းခံရတဲ့ကောင်တွေ ဒူးထောက်နေတဲ့ ဓာတ်ပုံ မြင်ပြီးပြီမလား၊ စဉ်းစားကြည့်ကွာ ငါ အဖမ်းခံရ လို့ ဒူးထောက်ရတဲ့အခါ ငါ့နံဘေးကကောင်တွေက အရပ်မြင့်တဲ့သူတွေချည်းဆိုရင်၊ ဓာတ်ပုံထဲမှာ ငါက တရှက်က နေ နှစ်ရှက် ဖြစ်နေရဦးမယ်။ ဒါကြောင့် ငါ့အရပ်နဲ့ မတိမ်းမယိမ်းကောင်တွေချည့်ပဲ ငါ့အနားမှာ ထားမလို့၊ အတူတူ အဖမ်းခံပြီး အတူတူ ဒူးထောက်ရမယ့်သူတွေ ဆိုပါတော့ကွာ၊ ဒါ့ကြောင့် မင်းတို့တတွေရဲ့ အရပ်စာရင်း ပြုစုနေတာ၊ ကြိုတင်ပြင်ဆင်မှုဆိုတာ ရှိရတယ်ကွ’

မဲလုံး စိတ်အပျက်ကြီး ပျက်သွားပြီး ‘အဲဒီလို အရှက်ဟက်တက် မကွဲချင်ရင် အဖမ်းခံရတဲ့အခါ၊ ဒူးထောက်မနေနဲ့ လေးဘက်သာထောက်လိုက်ဗျာ’ ဟု ရွဲ့ပြောလိုက်သည်။

မဲလုံးစကားအကြား ကြင်စိုးတွေခနဲ ဖြစ်သွားဟန်ရှိသော်လည်း၊ ဒီတခါတော့ ဒေါသထွက်ဟန်မရှိ။ မဲလုံးကို အထင်ကြီးသည့် မျက်လုံးများဖြင့် ကြည့်လိုက်ပြီး ‘မဲလုံး မင်းအကြံမဆိုးဘူးကွ၊ အင်း အဖမ်းခံရတဲ့အခါ ညှိကြည့်ရ မှာပေါ့၊ ဒူးမထောက်ဘဲ လေးဘက်ပဲ ထောက်လို့ ရမလား ဆိုပြီး’ ပြောပြောဆိုဆို မှတ်စုစာအုပ်ထဲတွင် ‘အဖမ်းခံ ရလျှင် လေးဘက်ထောက်ရန်’ဟု ကောက်မှတ်လိုက်သည်။

စိတ်ကုန်သွားပုံပေါက်သည့် မဲလုံးက ဒီလိုရှိသမျှ ကြိုးတွေ လွတ်ပြီး၊ ဦးနှောက် သွပ်ချာပါဒ လိုက်နေတဲ့သူ ခေါင်းဆောင်နေတဲ့ စတင်းဒတ်အာမီ ဆိုတာကြီးက ဗရမ်းဗတာ ဖြစ်ချင်တိုင်းဖြစ်၊ အထင်ကြီးစရာ တစက်လေးမှ မရှိတော့တာ ဘာများဆန်းလို့လဲဟု ဆက်တွေးနေမိသည်။

နဂိုကမှ ပေါက်ကရလုပ်၊ ပေါက်ပန်းလေးဆယ် ပြောရင်း သူ့ကိုယ်သူ သွေးနထင်ရောက်နေသည့် ကြင်စိုး၊ နပခ အကျမှာ သွေးရူးသွေးတမ်း ဖြစ်ချေပြီဟု မဲလုံးတွေးမိသည်။ ဟင်းခနဲ သက်ပြင်းတချက် ချလိုက်ပြီး ကြိုက် ကြိုက် မကြိုက်ကြိုက် ထပ်ပြောမှဖြစ်တော့မည်ဟု ဆိုကာ-

‘ဘပု….ဒီအတိုင်းတော့ ဘယ်လိုမှ မဖြစ်တော့ဘူး၊ ဘပု အရှက်မရှိတာက တပိုင်း၊ ဒါပေမဲ့ လက်နက်ခဲယမ်း တပြုံတခေါင်း ပေးလိုက်ရတာတွေ၊ ကြိုးတန်းလန်းနဲ့ ဓာတ်ပုံတွေ၊ ရရာနဲ့အလံဖြူပြကြတာတွေက ကျနော်တို့ဘက်ခြမ်းမှာ အရှက်ဗြန်းဗြန်းကွဲ ကြရတယ်။ အဲဒီလိုနောက်မဖြစ်ရအောင် ကာချုပ်လုပ်တဲ့ ဘပုအနေနဲ့ တခုခုတော့ စဉ်းစားမှဖြစ်မယ်’

အမှန်ကတော့ မေးမိသည့် မဲလုံး၏အပြစ်ပင်။ ဘယ်နေရာမှာမှ သုံးစားမရသည့် နလပိန်းတုံး ကြင်စိုးဆီက ဘယ် လိုအကြံဉာဏ်ကောင်းတွေ ထွက်လာနိုင်မှာ မှတ်လို့။ ကြင်စိုးက ခဏစဉ်းစားလိုက်ပြီး

‘ငါတို့တတွေ ရှေးခေတ်ကလို ဓါးတွေလှံတွေနဲ့ တဘက်နဲ့တဘက် စစ်တိုက်ကြရင် မကောင်းဘူးလား၊ အဲဒီလိုဆို ရှုံးရင်တောင်မှ လက်နက်ခဲယမ်းအမြောက်တွေ အပုံအပင် အသိမ်းခံရတဲ့ ဓါတ်ပုံတွေ ထွက်လာစရာ မရှိဘူး၊ ဒီ တော့ ဓါး၊လှံတွေနဲ့ပဲ တိုက်ကြရအောင်လို့ ကမ်းလှမ်းလိုက်၊ သူတို့ဘက်က သဘောတူရင် ပြဿနာတခု အေးရော။ ကြိုးတန်းလန်းကိစ္စကတော့ ဖြတ်လေးဖြတ် လုပ်ထားတဲ့ စာရင်းမှာ ကြိုးကို ထိပ်ဆုံးက ထည့်လိုက်၊ ကြိုးတွေ ဝယ်မရတော့ရင် ကြိုးတန်းလန်းပုံတွေ ထွက်မလာနိုင်တော့ဘူး၊ နောက်ပြီးတော့ ဖေါ့ပုံးအဖြူတွေကိုလည်း အစိမ်းရောင် သုတ်ပြီးမှ ရှေ့တန်းပို့ဖို့လည်း မမေ့ကြနဲ့’

‘ငါကိုယ်က မှားပါတယ်၊ ဒီလိုချီးဘရိန်းကို မေးမိတာ’ဟု တွေးမိရာကနေ ‘ဘပု ကျနော်တို့ ရပ်ကွက်ဘက်က သူ တွေကို ဘပုဘယ်လို စီမံဆောင်ရွက်နေတဲ့အကြောင်း ထွက်မရှင်းပြနိုင်ရင်တော့၊ ဘပု ဇာတ်သိမ်းခန်း ရောက်ဖို့ သေချာသွားပြီ၊ ဘပုကို ဘယ်သူမှ ထောက်ခံတော့မှာ မဟုတ်ဘူး’ ဟု စိတ်မရှည်တော့သည့် မဲလုံးက ခပ်ပြတ်ပြတ် ပြောလိုက်ရသည်။ ဤသို့ဖြင့် အထက်မှာပြောခဲ့သလို ကြင်စိုး၏ စင်မြင့်ပေါ်က လျှပ်တပြက် မိန့်ခွန်းပြောပွဲ ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်။ ပွဲကြိုက်ကြင် ဆိုတော့လည်း သိပ်ခက်ခက်ခဲခဲတော့ မစည်းရုံးလိုက်ရ။

မိန့်ခွန်းအပြီး စင်ပေါ်မှ ဆင်းလာလာချင်း ကြင်စိုး မဲလုံးကို လာရောက်ချီးကျူးသည်။ ‘မင်း စီစဥ်ပေးတာ  ကောင်းတယ်ကွာ၊ မင်း ဒုဗိုလ်ချုပ်ကြီးမဲလုံး ဖြစ်သင့်ပြီလို့ ငါ ထင်တယ်’ ကြင်စိုးစကားသံအကြား မဲလုံးတော်တော်လေး ပျော်သွားသည်။ သို့သော် မဲလုံးကြာကြာ ဝမ်းမသာနိုင်။ သူ့မိန်းမ ဈေးထဲရောက်တုန်း ရုန်းရင်းဆန်ခတ် ဖြစ်နေလို့ အမြန်လာဖို့ ဖုန်းလှမ်းခေါ်သည့်အတွက် အပြေးလိုက်သွားရသည်။

ဘယ်နေနေ ဘယ်သွားသွား နောက်ကျောမလုံကြသူတွေ ဘဝကို ရောက်နေကြ၍ ဘယ်အဖွဲ့လက်ချက်ဖြင့် သူ့ မိန်းမ ဒုက္ခရောက်နေပြီလဲဟု တွေးပူနေမိသည်။ သို့သော် ဈေးထဲအရောက် သူ့မိန်းမနှင့် ပြန်အဆုံမှာ ကြားသိလိုက်ရတာက သူ ထင်သလောက်တော့ အခြေအနေမဆိုး။ ဖြစ်ပုံက သူ့မိန်းမ ဈေးထဲရောက်နေစဉ်မှာ ဘယ်သူတွေက မြှောက်ပေးလိုက်သည်မသိ၊ ကလေးငယ်လေးများ ဝိုင်းလာပြီး ‘ဘဘမဲလုံးရဲ့ ခလုတ်ကြီး ဘယ်မှာလဲ’ဟု မပီ့တပီ အော်ဟစ်ပြောဆိုကြကာ သူ့မိန်းမထဘီကို အတင်းဆွဲပြီး ရှာဖွေခဲ့ကြ၍၊ ဈေးသွားဈေးလာတွေကြား လူရယ်စရာ ဖြစ်ခဲ့ခြင်းသာ ဖြစ်သည်။

လူကြားထဲ အရှက်ကွဲရ၍ စိတ်ဆိုးမာန်ဆိုးဖြစ်နေသော သူ့မိန်းမက ရှင် ခလုတ်ကြီးအကြောင်း လျှောက်ပြောလို့၊ အခုလို ဖြစ်ရတာ၊ နောက်ဘယ်တော့မှ အဲဒီခလုတ်ကြီးအကြောင်း ထည့်မပြောတော့နဲ့ဟု အမိန့်ပေးသည်။ မှန်တာပြောရရင် မဲလုံးသည် သူ့မိန်းမကို ကြင်စိုးထက်ပင် ကြောက်သေးသည်။ ထိုနေ့မှစ၍ ဘောမလော်ဘီများ ခလုတ်ကြီးအကြောင်း ဘယ်လိုပဲ စောင်းမြောင်းပြောဆိုကြပါစေ၊ မဲလုံး၏ပါးစပ်မှ ထိုခလုတ်ဆိုတာကြီး ယောင်ပြီးတောင် ထပ်၍ထွက်မလာတော့။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar