ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အလောင်းစည်သူ ဂူများသခင် ကြိုးတိုးလန်းတို့ ဘုရင်
ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အလောင်းစည်သူ ဂူများသခင် ကြိုးတိုးလန်းတို့ ဘုရင်
(မိုးမခ) ဒီဇင်ဘာ ၂၄ ၊ ၂၀၂၄
အလောင်းစည်သူ ဂူများသခင် သင်္ခါရချုပ် စိုးအုပ်သော မရဏအကာလ၊ စစ်တပ်တခုလုံး ယူကျုံးမရ အပူလုံးကြွ လူလုံးမလှတဲ့ အသုဘကိန်းဆိုက်သောအခါသမယမှာ၊ နပခက ဗိုလ်မှူးချုပ်သုံးယောက် ဒူးကလေးထောက် မျက်နှာအောက်ချ ကြိုးကလေးနဲ့ ခွေးကလေးလို ဆွဲသွားခံရလို့ ဘဝတွေ လက်ကုန် ခါးနေချိန်၊ သုသာန်တစ သင်္ချိုင်းဝမှာ နာနာဘာဝတွေကို မသာချသလို ကြိုဆိုနေတဲ့ ပြိတ္တာလင်မယားပုံက တက်လာတယ်။
သိတယ်ဟုတ်၊ ဖုတ်တွေ တစ္ဆေတွေ ပြိတ္တာတွေ မသာမယာ လနာလောက်တက် စောက်ခွက်တွေနဲ့၊ တရုတ်ဓာတ်ချောင်းကြီးကိုင် ငိုင်တိုင်ငိုးတိုး ပုတ်သိုးမဲ့ရှုံ့ စုံ့စုံ့ပွဆူ ငူတူငေးတေး ကြက်ကလေးလည်ချိုး မိန်ခေါင်းဒုတ်နဲ့နှက်ထားသလိုပုံမျိုးနဲ့၊ အသုံးမကျတဲ့ ဂုံးမအိုလင်မယား၊ အားကစားပွဲမှာ မချိသွားဖြဲတောင် မဖြဲနိုင်ရှာတဲ့ပုံလေးလေ။
ခုတော့ ရေကြည်မှာ လေယာဉ်ကွင်းပေါက်စ အမြန်ဆောက်ကြရ။
တနိုင်ငံလုံး တွေ့သမျှ လူငယ်လူရွယ် စစ်ဘောထမ်းဖို့ အိမ်တွင်း အိမ်ပ အရံတွင်းအရံပ လိုက်ဖမ်းသောင်းကြန်းနေရ။ သွေးရူးသွေးတန်း ခွေးရူးသေးပန်းတွေ ဖာတန်းပတ်ပြောနေရ။
ပုတင့်ဘော လှမ်းလျက်လိုက်၊ ကျင့်ဖင်ဘော လှမ်းလျက်လိုက်တင်မက ဟို့ ခိုမေနီဘောထိ လှမ်းယက်လိုက်နဲ့ အကန်းကြက်မိုက်တွေ အိပ်တန်းပျောက်နေကြ။
ပျောက်ဆို မြို့သိမ်းကာလ သမယကိုး။ တပ်သိမ်းကာလ သမယကိုး။ စခန်းသိမ်းကာလ သမယကိုး။ သူ့ထက်ငါ လုယက်ကာ သိမ်းနေကြတဲ့ သမယကြီးကိုး။ ငပုတက်ခမျာ ယဥဖက်ကာ နေရရှာတော့တဲ့ ဘဝဆိုးကြီးကိုး။
ချင်းပဲ ကြည့်လေ။ မင်းတပ်ကို စာရင်းဖြတ်ပြီးသကာလ ကန်ပက်လက်ကို အမြန်ဆက်တက်ကြမယ်လဲဆိုရော ဟော ဂန်းတွေရော နန်းတွေပါ အကြံသွက်လက်ပုံက မြို့ကိုထားပြီး ထွက်သွား၊ ငပုအတွက်ဖြင့် ဘသူ့အသက်မှ အသေမခံနိုင်ပေါင်ဗျားတဲ့။ ငပုရဲ့ဖြစ်ပုံက ခေတ်ကုန်ပြီဆိုတဲ့သဘော၊ နတ်သံနှောရမယ့်အခြေ၊ ရေအတက်မှာ မြွေဖက်မိတဲ့အကန်း၊ တောလမ်းမှာ မောပန်း ရေငတ် အစာပြတ်တဲ့ခွေးအို၊ ကျောက်စရစ်တော မာခေါင်ခေါင်မှာ အတောင်ကျွတ်တဲ့ ကြိုးကြာလို ရေရှာမရ သေရွာကြွရမယ့်အနေအထား။
အနေအထားက မြွေဖား မဟုတ်၊ အထားအနေက ဖားမြွေ။ ဖားက မြွေကို ချေပြီလေ။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar