Breaking News

နွေဦးတော်လှန်ရေး၊ လက်နက်ကိုင် အင်အားစုတွေနဲ့ ဘုံအကျိုးစီးပွား သို့မဟုတ် အကျိုးစီးပွားပဋိပက္ခဖြစ်မှု

မြန်မာနွေဦးခရိုနီကယ် - ဒီဇင်ဘာ ၁၅ မြင်ကွင်း

မိုးမခ၊ ဒီဇင်ဘာ ၁၆၊ ၂၀၂၄


နွေဦးတော်လှန်ရေး၊ လက်နက်ကိုင် အင်အားစုတွေနဲ့ ဘုံအကျိုးစီးပွား သို့မဟုတ် အကျိုးစီးပွားပဋိပက္ခဖြစ်မှု

၂၀၂၁ ခုနှစ်စပိုင်းမှာ စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် နဂိုကတည်းကရှိနှင့်ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအပြင် စစ်တပ်ကို ခုခံတိုက်ခိုက်ကြဖို့ လက်နက်ကိုင်အဖွဲ့ အများအပြား အသစ်ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ နဂိုက ရှိနှင့်ပြီးသား လက်နက်ကိုင်အဖွဲ့ ၂ ဒါဇင်ကျော် အပြင် အာဏာသိမ်း စစ်ကောင်စီတပ်တွေကို ခုခံတိုက်ခိုက်ဖို့၊ နယ်မြေ၊ မြို့၊ စစ်စခန်းတွေကို သိမ်းယူဖို့ ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းခဲ့ကြတဲ့ အဖွဲ့တွေ ရာနဲ့ချီ ပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။ 

အခုလက်ရှိ အချိန်မှာ မြို့ သို့မဟုတ် ခရိုင်အလိုက် ဖွဲ့ထားကြတဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ၊ လူမျိုးအပေါ် အခြေခံပြီး ဖွဲ့စည်းခဲ့ကြတဲ့ အသစ်သော လက်နက်ကိုင်အဖွဲ့တွေ နိုင်ငံအနှံ့အပြားမှာ အရေအတွက် ဒါဇင်မက ရာနဲ့ချီရှိလာပြီလို့ ဆိုရင်မှားမယ် မထင်ပါဘူး။ အဲဒီလို ပေါ်ထွက်လာတဲ့ အဖွဲ့တွေကို တဖြည်းဖြည်းနဲ့ NUG အစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာန MOD လက်အောက်ထဲ ဝင်ရောက်လာအောင် စည်းရုံးနိုင်တာလည်း ရှိသလို မစည်းရုံးနိုင်သေးတဲ့ အဖွဲ့တွေ၊ တစိတ်တပိုင်း စည်းရုံးသိမ်းသွင်းထားပြီး MOD ဘက်ကလည်း အပြည့်အဝ ထောက်ပံ့ခြင်း မပြုနိုင်သေးသလို ၄င်းလက်နက်ကိုင်အဖွဲ့တွေအနေနဲ့လည်း အပြည့်အဝ အမိန့်နာခံတာ၊ စည်းမျဥ်းစည်းကမ်း အတိုင်း လိုက်နာလုပ်ဆောင်တာ မရှိသေးတဲ့ အနေအထားမျိုးနဲ့လည်း အများအပြားရှိနေတာ သတင်းဖော်ပြချက်တွေကို လေ့လာဖတ်ရှုကြည့်ရင် သဘောပေါက်နိုင်ပါတယ်။ NLD ပါတီ မြို့နယ်၊ ခရိုင်၊ ပြည်နယ် ခေါင်းဆောင်တွေ၊ NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်တွေကို ကျောရိုးပြုထားတဲ့ MOD လက်အောက်က ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ) တွေ ရှိသလိုပဲ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ပူးပေါင်းလှုပ်ရှားနေတဲ့ PDF ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့က လေ့ကျင့်ပေးပြီး  စစ်ရေးကိစ္စတွေမှာ အတိုင်းအတာတခုထိ ညွှန်ကြားမှုတွေကို ရယူရတဲ့ PDF အဖွဲ့တွေလည်း ရှိနေတာ ဖြစ်ပါတယ်။ 

တိုင်းရင်းသား လက်နက်ကိုင်ဒေသတွေမှာ ဖော်ဆောင်တဲ့ စစ်ဆင်ရေးတွေမှာ တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့  ညွှန်ကြားမှု၊ အမိန့်အောက်မှာ လှုပ်ရှားကြရတဲ့ PDF လက်နက်ကိုင်တပ်ဖွဲ့အမျိုးအစားလည်း ရှိပြီး လက်နက်ခဲယမ်းရရှိရေး နယ်မြေသိမ်းတိုက်ပွဲတွေမှာ စစ်ရေးအတွေ့အကြုံ လေ့လာသင်ယူရေး ဆိုတဲ့ ရည်ရွယ်ချက်၊ သဘောတူညီချက်နဲ့ တွဲဖက်တိုက်ခိုက်နေကြတဲ့ အဖွဲ့တွေလည်း အရေအတွက် မနည်းလှတာတွေ့ရမှာ ဖြစ်ပါတယ်။ 

အထက်ကလို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ၊ NUG ရဲ့ ပကဖ ၊  သီးခြားလွတ်လပ်စွာ ရပ်တည်လှုပ်ရှားတဲ့ PDF၊ တိုင်းရင်းသားလက်နက်ကိုင်တွေကို  တစိတ်တပိုင်း မှီခိုလှုပ်ရှားရတဲ့ PDF နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အောက်မှာ စစ်ကြောင်းခွဲအနေနဲ့ သီးခြားဖွဲ့စည်းပြီး လှုပ်ရှားတဲ့ PDF စသဖြင့် ယေဘုယျအားဖြင့် အုပ်စုခွဲခြားနိုင်မယ်လို့ မြင်ပါတယ်။ 

ဒီလို အုပ်စုအားဖြင့် ၅ မျိုးရှိနေတဲ့ အနေအထားဖြစ်ပြီး ဒီလို အမျိုးအစား ၅ မျိုးထဲမှာ အကျိုးစီးပွားချင်း ဆန့်ကျင်ဘက်ဖြစ်ရာက အချင်းချင်း ပွတ်တိုက်မှု၊ ရန်စောင်မှုတွေ ရှိနေသလို၊ ပူးပေါင်းလှုပ်ရှားမှုတွေလည်း ရှိနေတာ တွေ့ရမှာဖြစ်ပါတယ်။ အင်အား အရေအတွက်အားဖြင့် ပြောရရင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက အင်အားအများဆုံး၊ နယ်မြေအားဖြင့်လည်း တိုက်ခိုက်သိမ်းယူကာ ထိန်းချုပ်ထားနိုင်မှု အများဆုံးလို့ ဆိုနိုင်ပါတယ်။ NUG/MOD လက်အောက်က တပ်ဖွဲ့တွေက ဒုတိယ အင်အားအများဆုံးလို့ ဆိုနိုင်ပြီး အဲဒီနောက်မှာတော့ ကျန် အမျိုးအစား အုပ်စုတွေက ရှိနေလိမ့်မယ် လို့မှန်းဆကြည့်ရပါတယ်။ 

နွေဦးတော်လှန်ရေးလို့ ဘာကြောင့်ဆိုရသလဲလို့ မေးရင် စစ်အာဏာရှင် ဖြုတ်ချရေး၊ ၂၀၁၁ ခုနှစ်ဝန်းကျင်က အာရပ်နိုင်ငံတွေမှာ ဖြစ်ပွားခဲ့တဲ့ အာဏာရှင် ဆန့်ကျင်ဖြုတ်ချရေး လူထုလှုပ်ရှားမှုတွေကို ကိုးကားပြီး မြန်မာ့စစ်အာဏာရှင် စနစ်တိုက်ဖျက်ရေးကို နွေဦးတော်လှန်ရေးလို့ အမည်ပေးခဲ့ကြတာဖြစ်ပါတယ်။ အာရပ်နိုင်ငံတွေရဲ့ နွေဦးတော်လှန်ရေးမှာ လစ်ဗျားနဲ့ ဆီးရီးယား တို့မှာသာ လက်နက်ကိုင် တော်လှန်ရေးတွေ အသွင်အဖြစ် လှုပ်ရှားခဲ့ကြပေမယ့် ကျန်နိုင်ငံတွေက လူထုလှုပ်ရှားမှု အသွင်နဲ့ လှုပ်ရှားခဲ့ကြပြီး အောင်မြင်တာလည်း ရှိသလို ဆုံးရှုံးရတဲ့ တော်လှန်ရေးတွေလည်း ရှိပါတယ်။ ဆယ်စုနှစ်တစုကျော်ကြာ အနိုင် အရှုံး ပြတ်ပြတ်သားသား မပေါ်ဘဲ ပြည်ပရဲ့ လက်နက်ခဲယမ်းကူညီမှုနဲ့ ဒေသတွင်း လက်နက်ကိုင် ပဋိပက္ခ အခြေအနေအပြောင်းအလဲကို အခွင့်ကောင်းယူကာ ရက်စက်တဲ့ အာဏာရှင် tyrant ကို ဖြုတ်ချနိုင်ခဲ့တဲ့ ဆီးရီးယားလို သာဓကလည်း ရှိပြန်ပါတယ်။ 

မြန်မာနိုင်ငံရဲ့ အနေအထားက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် သို့မဟုတ် ကွန်ဖက်ဒရိတ်အဆင့်အတန်း ရည်မှန်းချက်က နွေဦးတော်လှန်ရေးဆိုတဲ့ အာဏာရှင်ဖြုတ်ချရေး ဆိုတာထက်ပိုပြီး သာလွန်တဲ့ အဆင့် အနေအထားကို ရှိနေသလားဆိုတာလည်း အလေးအနက် သုံးသပ်ဆွေးနွေး ဖို့ လိုအပ်ပါတယ်။ 

မြန်မာနိုင်ငံ အခုရောက်နေတဲ့ အနေအထားက ဆီးရီးယားထက် သာလွန်သလား၊ ဆီးရီးယားလို အခြေအနေ ရင့်မှည့်မှု လိုအပ်နေသေးတဲ့ အခြေအနေလား ဆိုတာလည်း အရေးကြီးတဲ့ အကဲဖြတ်မေးခွန်းတခု ဖြစ်နေမယ်လို့ ထင်ပါတယ်။ ဒီမေးခွန်းတွေ ဒီလို ချဥ်းကပ်သုံးသပ်မှုတွေကို အဖြေရှာနိုင်၊ ရှင်းရှင်းလင်းလင်း ချဥ်းကပ်ဆွေးနွေးနိုင်မှသာလျှင် မြန်မာ့အရေးက အဖြေမြန်မြန် ထွက်ရှိနိုင်မယ်လို့လည်း ယူဆမိပါတယ်။ 

အဲဒီလို မဟုတ်ခဲ့ရင် မြန်မာ့အရေးဟာ ဆီးရီးယား အရေးလို ပြည်ပနိုင်ငံတွေရဲ့ ပါဝင် စွက်ဖက်မှုနဲ့ ရင့်မှည့်ခါနီး အခြေအနေကနေ ပြန်ပြီး မြုံသွားတဲ့ အဖြစ်မျိုး၊ အခင်းအကျင်းမျိုးကိုလည်း ဦးတည်သွားနိုင်တယ်လို့ မှန်းဆမိပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar