Breaking News

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - လှိုင်ဘောလယ်

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - လှိုင်ဘောလယ်

(မိုးမခ) ဒီဇင်ဘာ ၁၆ ၊ ၂၀၂၄


မအလကတော့ အကြီးဆုံးဘော ငါ့ဘောချည်းဘဲ လုပ်ပြီ။ တရုတ်ဘောနဲ့ မတင်းတိမ် ရှရှားဘောလဲ ရေမစိမ်ဘဲ ငုံအုံးမယ်။ နောက်ထပ်လဲ ငုံချင်တဲ့ ကုလားဘောတွေ ရှိသေးတယ်။

ဒီလို ရှရှားဘောငုံတာကတော့ စိနဘောမအောင်တဲ့ သဘော။ တရုတ်တွေကို ကုန်းကုန်းတွေချည်းလို့ ပြောတာပေါ့လေ။

ကဲ ကြည့်၊ စစ်ကောင်စီ လုပ်မယ့် ရွေးကောက်ပွဲအတွက် ကူမယ့် ရုရှားနိုင်ငံသားတွေနဲ့ အဲဒီလူတွေကို ကာကွယ်မယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ လက်နက်ကိုင်အစောင့်ရှောက်တွေကို ရုရှားအစိုးရက ဗမာပြည်ထဲ ပို့ပေးဖို့ စီစဉ်နေသတဲ့။ မအလ ငုံချက်တော့။

မုံ့ဆီကြော်က ဘယ်နေမှန်းမသိဘူး၊ နှုတ်ခမ်းနာနဲ့ တည့်ပါ့မလား ဆိုတာလို ခုစစ်ရေးအခြေအနေအတိုင်းဆို ရွေးကောက်ပွဲလုပ်ဖို့ထား၊ မဲလက်မှတ်တောင် ရိုက်ချိန်ရဖို့ မလွယ်တော့။ 

တနေ့က အလုပ်လုပ်ဖို့ဆို ရုရှား ပို့လိုက်တဲ့ကောင်တွေလဲ မြန်မာ့စစ်မှုထမ်း ရှောင်ပါတယ်ဆိုမှ ရုရှားစစ်မှုထမ်းအဖြစ် ထိုးကျွေးခံကြရသတဲ့။ မအလကတော့ လူရော နိုင်ငံရောကို ရရာဈေးနဲ့ ရောင်းစားတော့တာ။ သူ့သမီး ခင်သီရိသက်မွန်လဲ တရုတ်လက် ဝကွက်မလား၊ ရုရှား‌အောက် ရောက်မလား၊ မကြာတော့ဘူးရယ်။

မင်းကြောင်လှိုင်လို့ တပ်ထဲက ကောင်တွေ ပြောလဲ ပြောစရာ။ 

MNDAA ၊ TNLA ၊ AA အပါအဝင် တိုင်းရင်းသားများ လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ကြဖို့တဲ့၊ မင်းခွေးချေးရဲ့ ဟောင်ပုံ။ တကယ့်စောက်ပေါ။ သူကတော့ သူ့ဘက်က မုဆိုးမတွေ အားတက်ပါစေဆိုပြီး ဖောတာ၊ ဒီဘက်အဖို့လဲ ဟာသ၊ ဟိုဘက်အဖို့လဲ ဈာပနဆိုတော့ မသာလဒကို ဆဲပြီပေါ့။ ဝက်ဝက်ကွဲ ဆဲကြတာ။ 

ပေါတဲ့နေရာမှာတော့ ဘယ်သူ့မှ ဗိုလ်မထားဘူး ဆိုတဲ့ကောင်။ MNDAA, TNLA, AA တို့ လုပ်လို့ လူမှုစီးပွားအခြေအနေ ပိုမိုဆိုးရွာလာခဲ့သတဲ့။ နိုင်ငံရေးကို အကြောင်းပြပြီး လွဲမှားတဲ့ အယူအဆတွေနဲ့ အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်နေကြသတဲ့။ အလကားအောင်ကြူအူဟောင်ပုကွရယ်လို့မှ မပြောရ။

ရှရှားတပ် တရုတ်တပ်ပင့်လာပြီးမှ သူ့အပြစ်မရှိသလိုလိုနဲ့ နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းမှုမရှိတာကို အခွင်ကောင်းယူပြီး မိမိနိုင်ငံရဲ့ ပထဝီနိုင်ငံရေးအရ အင်အားကြီးနိုင်ငံတချို့က ဩဇာလွှမ်းမိုး ချုပ်ကိုင်လိုတဲ့အတွက် ပြည်တွင်းမတည်မငြိမ်ဖြစ်အောင် ဖန်တီးပုံဖော်တာကို မြင်တွေ့ရတယ်လို့ကလဲ တရုတ်ကို လှမ်းဟောင်ပြပြန်သေးတာ။ သူ့တပ်ထဲက သူ့ဖျင် ပြန်ချမှာကြောက်နေရလို့ ဒီစကားပြောတာလေ။

MNDAA ၊ TNLA နဲ့ AA တို့က လူငယ်လူရွယ်တွေကို မူးယစ်ဆေးဝါးနဲ့ သိမ်းသွင်းမြှူဆွယ်ပြီး  စစ်ပွဲထဲ အတင်းအဓမ္မ ရောက်ရှိစေခဲ့တယ်ဆိုပြီး သူ ပအိုဝ်းတွေကိုလုပ်တဲ့နည်းကို ထုတ်ရှိုးသေးတာ။ ခုတော့ သူ့တပ်ထဲလဲ ဆေးဘဲနဲ့ ဆေးကွဲမေချည်းဖြစ်နေပြီ။

သေရက်ကလေးက ရေတွက်လို့ရ သွေးဆုံးချိန်လဲကျပြီဆိုတော့ ပေါသွပ်သွပ်ချာတာတာ တောင်စဉ်ရေမရ အရူးနဲ့အနှမ်းစပ်ကျထားတဲ့စကားတွေချည်းပြောတော့တာကလား။

ဒါပေမဲ့ တကယ့်ဘဝပေးအသိနဲ့ ပြောတာတွေလဲ ရှိပါတယ်။

စစ်တပ်မှာ ခေါင်းဆောင်မှုပညာရပ် အလွန်အရေးကြီးပြီး စစ်ဘက်ခေါင်းဆောင်များအနေနဲ့လက်ရုံးရည်၊ နှလုံးရည် ပြည့်ဝရန်နဲ့ မိမိဦးဆောင်တဲ့ အဖွဲ့အစည်းရဲ့ လုံခြုံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး စတဲ့ သက်သာချောင်ချိမှု၊ အုပ်ချုပ်မှုကိစ္စမှန်သမျှအား မှန်မှန်ကန်ကန် ဦးဆောင်စီမံခန့်ခွဲကြရန် လိုကြောင်းတဲ့။ 

သူ့တယောက်နဲ့ လုံလောက်တဲ့အသိ ရသွားတဲ့သဘော။ သူ ပညာမဟန်၊ မတန်မရာလိုချင်၊ အမြော်အမြင်ကန်း၊ အရမ်းကာရော စောက်သုံးမကျတော့ တပ်ပိုင်မှန်သမျှဆုံး တပ်ကုန်းမှန်သမျှလစ် စစ်သားဆို ခွေး စစ်သွေးဆို ဖောက်ထုတ် အယုတ်တမာ အစုတ်ချာတွေလို့ ဖြစ်သွားတဲ့အပြင် စစ်သားရော တပ်မိသားစုတွေပါ အသက်အချောင်ပျောက်ရ၊ ထိုင်ရင်း နေရင်း မုဆိုးမဖြစ်ရ၊ တသက်လုံး အရွံအရှာခံရမယ့် ဒုက္ခိတဖြစ်လို့ပေါ့။ ခုတော့ သူ့မြေးမလေးတွေပါ သေရနိုင်တာ သိသွားပြီလေ။

သူ့လို စောက်သုံးမကျတဲ့ကောင် ခေါင်းဆောင်ဆိုပြီးဇွတ်တက်လုပ်တော့ တပ်ထဲကလူ မပြောနဲ့ လမ်းဘေးခွေးတောင် အချောင်သေပေးရတာ မဟုတ်လား။ အင်း အဲဒီခွေးတွေကတော့ နှစ်ခါနာတာပေါ့လေ။ အယုတ်အကန်းဆုံးအဖြစ် အနှိုင်းခံရတဲ့အပြင် အသတ်ပါ ခံရသေးတာ။ ခွေးတွေဟာ တကယ်သနားစရာ၊ ဂုဏ်သိက္ခာရော ဘဝပါ ပျက်ကြရတာ။ ကြည့်အုံး၊ မင်းအောင်လှိုင် ပြင်ဦးလွင်ကို လာမှာမို့ လမ်းဘေးခွေးများကို အဆိပ်ချ သတ်ဖြတ်သတဲ့။ မိအေး နှစ်ခါနာထက် ဆိုးတဲ့ မိခွေးနှစ်ခါနာ။

သူတကောင်နဲ့တင် တပ်ပျက် ပြည်ပြုန်း မြို့သုန်း ရွာသုဉ်း စီးပွားရေး သမီးရည်းစားအရေး ပညာရေး ကျန်းမာရေး ဘာမဆို ကိစ္စတုံး ဖြစ်နေရတဲ့ကြား နူရာဝဲစွဲ စိုးဝင်း ဆိုတဲ့ကောင်က လေးဆတိုး ယုတ်ကန်းဖို့ ဖြဲနေသေး။

ဘာတဲ့၊ အိမ်နီးချင်းနိုင်ငံတွေကနေ ဝင်ရောက်လာတဲ့ ကုန်ပစ္စည်းတွေကို အခုထက် လေးဆခန့် ထိထိရောက်ရောက် ပိုမိုဖမ်းဆီးဖို့ အာဏာသိမ်း ဒုစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက လက်အောက်ခံ ဌာနဆိုင်ရာတွေကို ညွှန်ကြားထားသတဲ့။ 

တပ်ခေါင်းဆောင်ဆိုတာ အဲလို နွားတွေ ခွေးတွေ ပွေးတွေဘဲရှိတာလေ။ ပြည်သူအဆင်ပြေမှာကို ဘယ်လိုမှ မရှုစိမ့်တဲ့ကောင်တွေပေါ့။ ပညာမတတ်စေချင်၊ ဆေးမကုစေချင်၊ စားဝတ်နေရေး ဘာမှအဆင်ပြေမနေစေချင်သူတွေလေ။ ‌ဖြစ်နိုင်ရင် လေတောင် သူတို့ခွင့်ပြုမှ ရှူစေချင်တာမျိုး။ ငဗစ်မှာ အောင်စီဂျင်ဖြတ် သတ်တာကြည့်ပေါ့။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar