သီအိုဇော် - အနှိုင်းမဲ့မြစ်
သီအိုဇော် - အနှိုင်းမဲ့မြစ်
မိုးမခ၊ မေ ၂၅ ၊ ၂၀၂၅
အဲဒီမြစ်ဟာ
မာယာ မများသလို
ကာလာလည်း မပြောင်း
လှိုင်းကြမ်းလည်း မခေါ်
လေရိုင်းလည်း မဖိတ်
ဣန္ဒြေအပြည့်အသိပ်နဲ့
တည်ငြိမ်စွာ စီးဆင်းရင်း
မကြောက်တရား မျိုးစေ့တွေ
သယ်ဆောင်လာပေးခဲ့တယ်။
ရေစုန်ကြိုက်လို့
လှေကြုံလိုက်တဲ့သူ
ငါးမရ ရေချိုး
နောက်ကျော ဓားနဲ့ထိုးသူတွေလည်း
မြစ်ထဲ ရောပါလာသလို
နေဝင်ညကို အတူကူးဖြတ်ကြတဲ့
မေတ္တာကို သိ သစ္စာကို ယုံ
ဓမ္မဘက် ခြေစုံရပ်သူတွေလည်း အပုံအပင်ပေါ့။
အဖြောင့်သက်သက်
စီးဖို့ ခက်တဲ့အခါကျ
ပင့်သက်တွေရှိုက်
ကွေ့လိုက်ရတာမျိုးလည်း ရှိမယ်
ဒါပေမဲ့
ပူလောင်သူကို အေးမြ
နာကျင်သူကို ဖေးမတတ်တဲ့
အဲဒီမြစ်က
ဘယ်သောအခါမှ
ဆိုးဆိုးညစ်ညစ်
ကောက်ကောက်ကျစ်ကျစ်နဲ့
မကွေ့ကောက်ပစ်ခဲ့တာတော့ သေချာတယ်။
လိပ်ပြာခုံရုံးရှေ့
နေ့တိုင်း အစစ်ခံရဲတဲ့
မြစ်တစင်းရဲ့ သမိုင်း
ဘယ်တုန်းကမှ မရိုင်းခဲ့ဘူး
‘အနစ်နာခံတယ် ဆိုတာထက်
ရွေးချယ်မှု’လို့သာခံယူ
မိစ္ဆာရန်သူနဲ့ အပြန်ပြန်စစ်ခင်း
ဂင်္ဂါမြစ်မင်းလို တန်ဖိုးထားကြရမယ့်
နှလုံးသားထဲက ပါးလျလျ မြစ်တစင်းကိုတော့
နှစ် (၈၀) မက နှစ်ရာထောင်ချီ
ကမ္ဘာတည်သရွေ့
မြန်မာပြည်ကမမေ့
နှစ်ပေါင်းရာထောင်ချီ
ကမ္ဘာတည်နေသရွေ့
မြန်မာပြည်သူတွေက ဘယ်တော့မှမမေ့။