မောင်တူး - စုမွေးနေ့ ၈၀ ကြို ကဗျာများ (၇)
မောင်တူး - စုမွေးနေ့ ၈၀ ကြို ကဗျာများ (၇)
မိုးမခ ၊ မေ ၂၅ ၊ ၂၀၂၅
စုကဗျာ
စုရာမှာလွယ်လှ။
ကဗျာသီ စာစီရေးလို့
၈၀ မှာ ချစ်တယ်ပြောကြ
၈၀ မှာ လွမ်းတယ်ပြောကြ
၈၀ မှာ ဆုတွေတောင်းကြ
ကဗျာပေါ လောက။ ။
ပြီးခဲ့တဲ့ အပိုင်း ၆ မှာ ဆရာဒဂုန်တာရာရဲ့ ကဗျာအထိ ၄၃ ပုဒ် ရှိပါပြီ၊ နောက်ထပ်ကဗျာတွေ အများကြီး ရှိနေပါသေးတယ်။ ကဗျာ ဆရာတွေ ဖြစ်ကြတဲ့ တင်မိုး၊ ဆောင်းဝေ (နတ်မောက်)၊ ခေဇက်၊ မြားအိမ်၊ ပန်းတော်ဆက်၊ ခန့်ဝါငြိမ်း၊ ဇေယျာသော်နဲ့ လရောင်လွှမ်းတို့ရဲ့ ကဗျာ ၈ ပုဒ် အခု ရှိနေပါပြီ။ ဆက်လက် တင်ပြသွားမယ်လို့ ကျနော် ရေးသားခဲ့ပတယ်။ အခု ဆရာတင်မိုးကဗျာကို စတင် ဖော်ပြလိုက်တယ်။ ဆရာတင်မိုးဟာ စစ်တပ်က စုကဗျာမရေးဖို့ သေနတ်ချိန်တားနေတဲ့ကြား ရေးခဲ့တာ။ ထောင် ၄ နှစ်ကျခံပြီး ရေးခဲ့တဲ့ကဗျာ ၄၄ ပုဒ်မြောက် တင်ပြလိုက်ပြီပေါ့။
မြန်မာ့တန်ဆောင် တို့ခေါင်းဆောင် (တင်မိုး)
မြန်မာပြည်ရဲ့အလင်းရောင်
ဒေါ်စုဆိုတဲ့ တို့ခေါင်းဆောင်။
လူထုရဲ့ အလင်းအားအတွက်
အကျဉ်းသားဘ၀ ရင်ဆိုင်
ဒီမိုကရေစီ မီးတိုင် ညှိထွန်းလျက်။
လေစိမ်း ဘယ်လောက်တိုက်တိုက်
မီးညွန့်ကလေးတောင်မှ မယိမ်းမငိုက်။
အမိုက်တိုက်ရှိရာ စွန့်စွန့်စားစား
အလင်းရောင်ပေးဖို့ ရဲရဲသွား။
အမှန်တရားကို သူယုံကြည်
လူထုအင်အား သူ့အင်အားလို့
စိတ်ထားမြင့်မြတ် ဖြောင့်မတ်တဲ့ အာဇာနည်။
အောင်ဆန်းစုကြည် ချစ်သမီး
သမိုင်းပြောင်တဲ့ တန်ဆောင်ဆီမီး
ကမ္ဘာ့လူသားတို့အတွက်
မြန်မာနိုင်ငံသားတို့အတွက်
မြင့်မြတ်စွာ မွေးဖွားသန့်စင်လာခဲ့ပါသတည်း။
တင်မိုး
၄၅ ပုဒ်မြောက် စု ၈၀ ဂုဏ်ပြုကဗျာ ကိုတော့ ၂၀၂၄ ခုနှစ် ဇွန် ၁၈ ထုတ် ဒီလှိုင်းစာစောင်က ရပါတယ်။ ဆောင်းဝေ (နတ်မောက်) ရဲ့ ကဗျာပါ။
၇၉ နှင်းဆီ - ဆောင်းဝေ (နတ်မောက်) -
အသက်တချောင်းမှာ ဒဏ်ရာတွေ
လမ်းမပေါ်မှာ သွေးစက်တွေ
အဲ့ဒါနဲ့ ကျမလည်း
လူ့မိစ္ဆာတွေကို ထောင်ဖမ်းဖို့
ထောင်တွေထဲ သွားနေလိုက်တယ်။
ပြတင်းပေါက်ကနေ ငှက်ကလေးတွေမြင်ရတဲ့အခါ
ရှင်တို့ကို လွတ်လွတ်လပ်လပ် ပျံသန်းစေချင်တယ်
ရွေ့နေတဲ့ တိမ်တွေမြင်ရရင်
ရှင်တို့ကို ပေါ့ပေါ့ပါးပါး ရှင်သန်စေချင်တယ်
အဲ့ဒါနဲ့ ကျမလည်း
လူ့အမှိုက်သရိုက်တွေကို အကျဉ်းစခန်းတွေဆီ ပို့ဖို့
အခန်းကျဉ်းတွေထဲ သွားနေလိုက်တယ်။
ပျော်နေခဲ့ရဲ့လားလို့ ကျမ မတွေးခဲ့ဘူး
နောက်မျိုးဆက်တွေ ပျော်ဖို့အတွက် ပျော်ပါတယ်
နေရောင်အောက်မှာ ရေခဲမုန့်တွေ ပျော်ကျနေသလိုမျိုး
ကျမကတော့ ရရာနည်းနဲ့ ပျော်ကျပေးလိုက်မယ်
ဒါပေမယ့်
ပန်းပဲဖိုထဲက ဓားတလက်လို
ကျမပျော်ကျနေပုံက ရဲရဲတင်းတင်း။
ကျမဟာ နှင်းဆီတပွင့်ဆိုရင်
ဆူးတွေက ရှင်တို့ကို ကာကွယ်ဖို့၊
ရနံ့တွေက ရှင်တို့ရှုရှိုက်ဖို့၊
ယောကျ်ားနဲ့ သားတွေကို ထားပစ်ခဲ့တာကလည်း
ရှင်တို့ အထီးကျန်နေမှာစိုးလို့။
နိုင်ငံတော်ဟာ
ပင်လယ်ထဲက ပြေးတက်လာသူ တယောက်လို
ဒဏ်ရာဒဏ်ချက်တွေနဲ့
မောပန်းနွမ်းနယ်မှုနဲ့
အကြိမ်ကြိမ်လဲကျမှုနဲ့၊
ဒါပေမယ့်
မျှော်လင့်ချက်နဲ့ လှနေရဲ့၊
မျှော်လင့်ချက်ဆိုတာ
လူနာတယောက်အတွက် အကောင်းဆုံးဆေးဝါး
မျှော်လင့်ချက်ဆိုတာ
တိုက်ပွဲဝင်သူတယောက်အတွက် အကောင်းဆုံး လက်နက်
မျှော်လင့်ချက်ဆိုတာ
ကျမ အမြဲပန်လေ့ရှိတဲ့ နှင်းဆီတပွင့်ပါပဲ။
တနေ့မှာ
နှင်းဆီတပွင့်ဟာ စစ်ကြေညာခဲ့တယ်
ဘယ်တိုင်းပြည်မဆို
ကိုယ့်လွတ်လပ်ရေးကို ကိုယ်တိုင်သာတိုက်ယူရပါတယ်တဲ့။
ကျမတို့တနေ့
နိုင်ငံတော်သီချင်းကို မျက်ရည်တွေနဲ့ သံပြိုင်ဆိုကြမယ်
ကျမတို့တနေ့
မနက်ခင်း နေရောင်ခြည်အောက်မှာ
လွတ်လပ်မှုနဲ့ ပျော်ရွှင်မှုကို အလံပေါ်တင်ကာ လွှင့်ထူကြမယ်
ကျမတို့တနေ့
တယောက်မျက်ဝန်းထဲမှာ တယောက်
ချစ်ခြင်းမေတ္တာနဲ့ နေထိုင်ကြမယ်။
ကျမစိတ်ကူးယဉ်နေတာလည်း အချိန်တိုင်းပဲ
ကျမနေ့တိုင်းဖတ်တဲ့ စာအုပ်ကလည်း ရှင်တို့အကြောင်းပဲ။ ။
၄၆ ပုဒ်မြောက်ကတော့ ကဗျာရှင် ခေဇက်ရဲ့ ကဗျာပါ။ သူကတော့ စစ်တုရင်ကစားပွဲက ဘုရင်နဲ့ အမေစုကို ခိုင်းနှိုင်းထားပါတယ်။
စစ်တုရင်ခုံပေါ်က နတ္ထိပစ္စယော (ခေဇက်)
နယ်ရုပ်တွေ
ကိုယ်စွမ်းကိုစနဲ့
ဆုတ် တက် လှုပ်ရှား
လှလှပပ ကစားလို့။
စစ်သူကြီး မြင်း ရထား
ကိုယ်ပိုင်ကစားကွက်တွေချီ
ဟန်ချက် ညီညီ။
ဘုရင်မ ရှိလို့ပါထင်သူတွေ
ဘုရင်မကို ပြန်ထုတ်
သရေပွဲလုပ်ချင်သူတွေရော
ကစားကွက်ပျောက်ကြ
ဘုရင်မဟာ
စစ်တုရင်ခုံပေါ်မှာတင်
သူ့ကိုယ်သူ အကျဉ်းချ
အမြင့်ဆုံး ကစားကွက်ကို ကစားပြနေဆဲ။ ။
စုမွေးနေ့ ၇၉ နှစ်မြောက် ၂၀၂၄ ဒီလှိုင်းဂျာနယ်မှ.....
၄၇ ပုဒ်မြောက် ကဗျာကလည်း ဒီလှိုင်းဂျာနယ် အတွဲ ၂ အမှတ် ၃ ကပါပဲ။ မြားအိမ် က ရေးဖွဲ့ထားပါတယ်။
မအိုတဲ့အမေ (မြားအိမ်)
အရွယ်အို ခါးကိုင်းတာထက်
သူ့ဘဝက ပိုပြီးကိုင်းလို့
သူ ပါးရေနားရေ တွန့်တာထက်
သူလျှောက်ခဲ့ရတဲ့ လမ်းတွေက ပိုပြီးတွန့်
သူ အိုစာကျတာထက်
သူ ဖြတ်သန်းခဲ့ရတဲ့ စနစ်ကြီးက ပိုပြီးအိုစာကျ
သူ နားမကောင်းရင်တောင်
သူ့ပြည်သူရဲ့အသံ သူကြားနိုင်တုန်းပဲ
မျက်စိ မှုန်လာတဲ့တိုင်
လူထုဝေဒနာနဲ့ဒုက္ခ သူမြင်နိုင်တုန်းပဲ
ဇရာထောင်းလို့
ဆံပင်ဖြူပေမယ့်
သူ့သွေးက ဘယ်နေရာဖောက်ကြည့်ကြည့်
နည်းနည်းမှ မဖြူ
ခရိုင် အရိုးအပြိုင်းပြိုင်းမှာ
သူ့အရေပြားကို သူဆွဲဆန့်ဖြန့်ကျက်
အုပ်မိုးပေးတဲ့ ထီးတလက်နဲ့
သူကတူပေရဲ့
သူ့ခန္ဓာကိုယ်ပိန်ကပ်ကပ်
မုန်တိုင်းထဲက ရဲတိုက်လို
သူရပ်လို့
သူ့လက်မောင်းတွေ သန်မာနေတုန်း
သူ့လက်ရုန်းကို ဆန့်တန်းထားဆဲ
သူ့ပခုံးပေါ်က သူ့နိုင်ငံကိုလွှတ်ချလိုက်ဖို့
ဘယ်တော့မှ သူမတွေးခဲ့ဖူးဘူး
သူ့မေတ္တာတရားသာ သူ့ချပ်ဝတ်တန်ဆာ
သူ့သီလက သူ့မကိုဋ်စလွယ်
သူ့သစ္စာက သူကိုင်စွဲတဲ့ ဓား သန်လျက်
သူ့သတ္တိက ဘယ်တော့မှ မအို
သူ့သမိုင်းက အစဉ်နုပျိုနေမြဲ။ ။
၄၈ ပုဒ်မြောက် စု ၈၀ ဂုဏ်ပြုကဗျာကတော့ ခန့်ဝါငြိမ်းရဲ့ ကဗျာပါ။ စု ၈၀ အတွက် ရက်ပိုင်းအတွင်း လတ်တလော ရေးထားတဲ့ ကဗျာပေါ့။ ခန့်ဝါငြိမ်းရဲ့ စု ဂုဏ်ပြုကဗျာ နောက်တပုဒ်လည်း ရှိပါသေးတယ်။ နောက်ပိုင်းမှာ ဖော်ပြပေးပါမယ်။
၈၀ (ခန့်ဝါငြိမ်း)
စကားမပီသေးတဲ့ကလေးဟာ
၈၀ကိုချစ်တယ်လို့သံထွက်သလို
ဒီမိုကရေစီမပီသေးတဲ့ိုင်ငံဟာလည်း
၈၀ကိုချစ်တယ်လို့အသံထွက်တယ်။
ပြည်သူတွေပြုံးရင်
သူမရင်ထဲမှာဆောင်းရာသီ
ပြည်သူတွေမဲ့ရင်
သူမရင်ထဲမှာနွေရာသီ
ပြည်သူတွေငိုသံမစဲတော့
သူမရင်ထဲမှာ
အမြဲတမ်းမိုးရွာလို့ပေါ့။
ထောင်ထဲနေရလည်း
ပြည်သူ့ရင်ထဲနေရသလိုသဘောထားတဲ့သူ
ထောင်ပြင်နေရလည်း
ပြည်သူ့ရင်ထဲနေရသလိုသဘောထားတဲ့သူ
ဆိုတော့
သူမ တရားကျင့်တယ်ဆိုတာ
သူမ နိဗ္ဗာန်ရောက်ဖို့မဟုတ်ဘူး
ပြည်သူတွေနိဗ္ဗာန်ရောက်ဖို့။
လူ့အဖြစ်မပီသေးတဲ့ပြည်သူတွေဟာ
၈၀ကိုချစ်တယ်လို့အသံထွက်တော့
တိမ်မည်းတွေကြားမှာမိုးမိနေတဲ့လမင်းကြီးဟာ
တစ်ချက်ပြုံးရော့မယ်။ ။
၄၉ ပုဒ်မြောက် ကဗျာကို ဆက်လက် ဖော်ပြပါမယ်။ "ပန်းတော်ဆက်" ရဲ့ ကဗျာပါ။ ဒီလှိုင်း ဂျာနယ် ၂၀၂၄ ဇွန်လ ၁၈ ရက်ထုတ် စု ၇၉ မွေးနေ့ တုန်းက ကဗျာပါပဲ။
စေတလုံးနဲ့ အမေ့အပြုံး (ပန်းတော်ဆက်)
ဟေ့ဘုရင်ရူး
ဝ တလုံးဖျက်ရင် ဝ နှစ်လုံးထွက်လေသတဲ့
ဒဏ္ဍာရီနဲ့ ဂန္ဓာရီထဲက
......... ပဌမံအောင်။
တပွင့် ခြွေရင် နှစ်ပွင့်ဝေ
အလှတကုံး ဖျက်ရင်
တကမ္ဘာလုံး ပန်းတွေပွင့် ပြမယ်ဟေ့
ပြည်သူရင်ထဲ အမြဲပွင့်တဲ့
......... အောင်။
ဘယ်လို ဖြတ်ဖြတ် မကြေ
ဘယ်လို သတ်သတ် မသေ
အခေါင်နန်း တင့်သည်
အောင်ပန်း ပွင့်စည်
အောင်ဆန်းစုကြည် တဲ့ ဟေ့ .......
တပွင့် ခြွေရင် နှစ်ပွင့်ဝေမယ်
စေတလုံး အမေ့အပြုံး တပြည်လုံး
ပွင့်စေသတည်း ။ ။
အပုဒ် ၅၀ မြောက် ကဗျာကတော့ဖြင့် ဇေယျာသော်ရဲ့ ကဗျာပါ။ ဇေယျာသော်ဟာ ကိုဂျင်မီ တို့နဲ့အတူ ထောင်တွင်း ကြိုးပေးခံခဲ့ရသူပါ။ အဆိုတော်တဦးလည်း ဖြစ်သလို NLD အမတ်တဦးလည်း ဖြစ်ပါတယ်။
၂၀၁၀ နိုဝင်္ဘာ၁၃ (ဇေယျာသော်)
အမေရေ . . .
နေရောင်မဝင် လရောင်မလင်း
မှောင်မိုက်အခန်းကျဉ်းလေးရဲ့အကြား
အမေ့သတင်းများ ဝင်ရောက်လာတော့
ကျနော်လေ . . .
မျက်ရည်များတောင်ဝဲမိပါရဲ့။
မဲမှောင်မှုတ်ကုတ်လို့နေတဲ့
အလျားရှည်ရှည် အနံမျောမျော
ကျောတခင်းစာ နေရာလေးမှာ
ကျနော်ဟာ
ဒီနေ့ကို စောင့်မျှော်တမ်းတ နေခဲ့တာပါ။
နေရောင်ခြည်ကိုမရ လအလင်းကမဖြာ
ကျနော် မရှူရှိုက်ရလည်း ရှိပါစေ . . .
ပြည်သူတွေအတွက် အလင်းရောင်
ပြည်သူတွေအတွက် မီးရှုးတန်ဆောင်
ဟို ဍ အမှောင်တိုက်တွေကို ဆုတ်ဖြဲလို့
ထွန်းပနေလိုက်ပုံများ
ကျနော့်အခန်းကျဉ်းကလေးထဲကြား
ဖြာလင်းသွားလေသလား . . . ။ ။
(ကော့သောင်းအကျဉ်းထောင်တွင်း၌ရေးဖွဲ့ပါသည်။
၅၁ ပုဒ်မြောက်ကတော့ "လရောင်လွှမ်း" ရဲ့ ကဗျာပါ။ ကဗျာတွေစု စုအတွက်စုရင်းက ကဗျာတွေ စုကဗျာတွေဟာ စု ၈၀ ကို သိက္ခာတွေ ဂုဏ်ရောင်ပြောင်ခြင်းတွေ ထပ်ဆင့်နေပြီလို့တောင် ခံစားရပါရဲ့။ စုကိုချုပ်နှောင် ဂုဏ်ပျောက်အောင်ထား ပိတ်ထားသားနဲ့ စုရဲ့အရှိန်အဝှာများက ခုန်ကျော်ထွက်လာပြီး မြန်မာပြည်ကိုပတ် ကမ္ဘာကြီးကို ပတ်နေပြီပေါ့။ ဖတ်ကြည့်ပါ။ ၅၁ ပုဒ်မြောက်။
ဒေါ်အောင်ဆန်းစုကြည်လမ်း (လရောင်လွှမ်း)
မန္တလေး ၃၈ လမ်း
ဒေါ်အောင်ဆန်းစုကြည်လမ်းပေါ်က
စိန်ပန်းတွေ
ဘယ်လိုပဲခြွေခြွေ
နောက်ထပ်ပွင့်မယ့် ပန်းတွေ
ရဲရဲနီနေဦးမှာပါပဲ
နောက်ဆုံး
တကိုင်းမှ မကျန်အောင်ခုတ်ခုတ်
အပင်လိုက်ပဲ နှုတ်နှုတ်
စိန်ပန်းရဲ့ နီခြင်းသတ္တိကို
ပင်စည်ထဲကနေ ခွဲထုတ်လို့မှမရဘဲ
သမိုင်းမှာ တကယ်ရှိတဲ့
ဒေါ်အောင်ဆန်းစုကြည်လမ်းဆိုတာ
ကိုယ်ကျိုးစွန့် အနစ်နာခံမှုနဲ့ခင်း
သူ့ဘဝနဲ့ ရင်းပြီးဖောက်ခဲ့တာ
ဒီလမ်းဘေးဝဲယာတလျှောက်
သစ္စာ ဓမ္မနဲ့
ရိုးသားခြင်းက အရိပ်လိုအေး
အမှန်တရား ရနံ့တွေ ကြိုင်လှိုင်နေအောင်
မွှေးလို့
ဘယ်ရာဇဝင်ပဲကြည့်ကြည့်
ပြည်သူပေးတဲ့ နာမည်မှန်ရင်
ဘယ်လိုဘူဒိုဇာနဲ့ ထိုးဖျက်ဖျက်
ဘယ်တော့မှ မပျက်ဘူး
ခုလည်း
ပြည်သူရဲ့ရင်ထဲမှာ
လမ်းနာမည်က ဒီအတိုင်းကဒီအတိုင်း ။ ။
၅၂ ပုဒ်မြောက်ကဗျာကတော့ ခွန်မြလှိုင် ရေးသားတဲ့ ကဗျာပါ။ စု ၈၀ ကဗျာ ၈၀ အတွက် ကဗျာ ၂၈ ပုဒ်သာ လိုပါတော့တယ်။
ပြည်သူ့အမေ (ခွန်မြလှိုင်)
ဘွဲ့တံဆိပ် အရှည်ကြီးတွေ
ဆုတံဆိပ် အကြီးကြီးတွေ
ဟိမဝန္တာ ချီးမွမ်းခန်းတွေနဲ့
လော်ဘီတွေ ကော်မတီတွေ မပါဘဲ
မက်လုံးတွေ ဖျက်လုံးတွေ မသုံးဘဲ
တခွန်းတည်းခေါ်သံနဲ့တင်
သန်းချီနေတဲ့ သားသမီးတွေမှာ
လည်တိုင်တွေ ဖျတ်ခနဲလှည့်
မျက်ဝန်းတွေ လက်ခနဲ ဖြာ
နှလုံးသားတွေမှာ ထပ်တူကျနေခဲ့
" အမေ" တဲ့။ ၂၀ မေ၊ ၂၀၂၅။
၅၃ ပုဒ်ပြည့် ကဗျာနဲ့ ကို အဆုံးသတ်ပါမယ်။ အထက်အညာ တနေရာက CDM ကျောင်းဆရာမလေး ဖီးနစ်မေရဲ့ ကဗျာပါ။ အမေစု ၈၀ မွေးနေ့အတွက် ဆုမွန်ကောင်းတောင်း ကဗျာလေးပါ။
ပြည်သူ့မိခင်အမေစု၈၀ပြည့်ဆုတောင်း (ဖီးနစ်မေ)
ပြည်သူ့အကျိုးပြု
လူထုခေါင်းဆောင် အမေစု။
မာန်မာနနည်းပြီး
ပညာလောဘကြီးသော အမေစု။
မမှန်တာကို
ကိုယ်တိုင်မလုပ်တဲ့အမေစု။
မမှန်တာ လုပ်နေသူတွေကို
အားပေးအားမြှောက် မလုပ်တဲ့အမေစု။
မေတ္တာစွမ်းအား
ကြီးမားလွန်းတဲ့အမေစု။
ပြည်သူချစ်တဲ့အမေစု။
ငြိမ်းချမ်းရေးပဲ့ ကိုင်ရှင်အမေစု။
ဒီနွေဦးအလွန်မှာ
လောကအလယ် သုခကြွယ်လို့
ပျော်ရွှင်ပါစေ အမေစု။ ။
ဖီးနစ်မေ (စီဒီအမ် ကျောင်းဆရာမ)
စုမွေးနေ့အကြောင်း ကဗျာပေါင်း ငါးလောင်းသုံးလီ ရှိခဲ့ပါပြီ။ ၅၃ ပုဒ် ၈၀ ထဲက နုတ်သော် ၂၇ ပုဒ်သာ လိုပါတော့တယ်။ ပို့လာကြတာလည်း တဖွဲဖွဲမို့ ၈၀ ကိုကျော် တရာပင်ကျော်မည်လား။ မနေ့ကပဲ အီတလီမှာ စုမွေးနေ့ဆုတောင်းပွဲ လုပ်တယ်။ ကသာမှာလည်း ၃ လကြို မွေးနေ့ပွဲလုပ်တယ်။ မွေးနေ့အကြို ၃ လလိုပင် မွေးနေ့ရှင်ကား ရှာမှရှားပင်လို ပြောရတော့မှာပါ။ (စု ၈၀ မွေးနေ့ကြို ကဗျာများ အပိုင်း ( ၈ ) မှာ ဆက်ထည့်ဖို့ ကဗျာဟောင်းသစ် ရေးခြစ်ပို့လာကြပါဦးဗျို့။
တနေ့တမျိုး၊ ကဗျာမိုးများ
မရိုးစေရ၊ ရွာသွန်းချသို့
ငါတို့ပြည်ချစ်၊ ရှစ်ဆယ်နှစ်ပြည့်
မွေးနေ့အခါ၊ စုမာတာအား
ကာရန်များစု၊ ဂုဏ်ပြုကြဖို့
ထပ်ရေးပို့လာကြပါဦးခင်ဗျာ။ ။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar