အီရန်-အစ္စရေးလ် စစ်ပွဲနဲ့ မြန်မာစစ်အာဏာရှင် ဆန့်ကျင်သူတချို့ရဲ့ နားလည်ရခက်တဲ့ ရပ်တည်ချက်
မြန်မာနွေဦးခရိုနီကယ် - ဇွန် ၁၇ မြင်ကွင်း
(မိုးမခ) ဇွန် ၁၈၊ ၂၀၂၅
အီရန်-အစ္စရေးလ် စစ်ပွဲနဲ့ မြန်မာစစ်အာဏာရှင် ဆန့်ကျင်သူတချို့ရဲ့ နားလည်ရခက်တဲ့ ရပ်တည်ချက်
အီရန် နဲ့ အစ္စရေးလ် စစ်ပွဲ၊ အစ္စရေးလ်ရဲ့ ဂါဇာကမ်းမြောင်ဒေသမှာ ဟားမားစ် စစ်သွေးကြွတွေကို ချေမှုန်းရေး အကြောင်းပြပြီး နှစ်နှစ်မပြည့်တဲ့ကာလအတွင်း အရပ်သား ၅ သောင်းကျော် သေဆုံးစေတဲ့ စစ်ဆင်ရေး၊ လတ်တလော ဖြစ်ပွားနေတဲ့ အစ္စရေးလ်က အီရန်ကို စတင်တိုက်ခိုက်ခဲ့ပြီး တီဟီရန်နဲ့ အခြားသောမြို့တွေ နောက်ခံအဆောက်အဦးတွေကို လေကြောင်းက ဖျက်ဆီးတိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ မြန်မာတော်လှန်ရေး အင်အားစုတွေ အကြား ဘယ်လိုနားလည် ထောက်ခံရပ်တည်ကြသလဲ ဆိုတဲ့အချက်က စိတ်ဝင်စားစရာ ဖြစ်လာပါတယ်။
မြန်မာ တော်လှန်ရေး အင်အားစု၊ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးမှာ ပါဝင်နေတဲ့ အင်အားစုတွေ အနေနဲ့ ဒီမိုကရေစီ စံနှုန်း၊ ဖိနှိပ်မှု၊ အနိုင်ကျင့်မှု၊ အဆိုပါ နိုင်ငံ ၂ နိုင်ငံအနေနဲ့ ပြည်တွင်းမှာ ကျင့်သုံးတဲ့ ဒီမိုကရေစီ သို့မဟုတ် အာဏာရှင်စနစ်၊ အိမ်နီးချင်း ဒေသတွင်းနိုင်ငံတွေ အပေါ်ပြုမူတဲ့ နိုင်ငံခြားရေးဝါဒ စတဲ့လုပ်ရပ်တွေကို လေ့လာသိရှိပြီး သဘောထား ရပ်တည်ချက် ချမှတ်သင့်သလို အဆိုပါ နိုင်ငံတွေရဲ့ အစိုးရ စစ်တပ်နဲ့ မြန်မာနိုင်ငံ စစ်တပ်အကြား ဆက်ဆံရေး စတာတွေလည်း သိရှိနားလည်ဖို့ လိုအပ်တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း ဖဆပလခေတ်၊ မဆလခေတ်က စလို့ မြန်မာစစ်တပ်နဲ့ အစ္စရေးလ်နိုင်ငံအစိုးရတို့ အကြား ဆက်ဆံရေး လက်နက်ဝယ်ယူမှုတွေအကြောင်း လျှို့ဝှက်အဆင့် မှတ်တမ်းတွေ လွန်ခဲ့တဲ့နှစ်အနည်းငယ်က အစ္စရေးလ်နိုင်ငံက အများပြည်သူ ကြည့်ရှုခွင့်ပြုလိုက်ပါတယ်။ အဲဒီလို ခွင့်ပြုလိုက်ပြီးနောက် အစ္စရေးလ်နိုင်ငံ ဟာရက်ဇ် သတင်းစာက အစ္စရေးလ် အစိုးရ အဆက်ဆက်ဟာ မြန်မာစစ်တပ်ကို စီးပွားဖက် အဖြစ်ရှုမြင်ပြီး မြန်မာစစ်တပ် အခုလို အနေအထားရောက်လာအောင် အစ္စရေးလ်နိုင်ငံက လက်နက်၊ နည်းပညာတွေ ခေတ်အဆက်ဆက် ရောင်းချခဲ့တယ်လို့ အစ္စရေးလ် နိုင်ငံထုတ် သတင်းစာ ဟာရက်ဇ်က ရေးသားခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ၁၉၅၂ ခုနှစ် ပြည်တွင်းစစ်ဖြစ်ပွားနေတဲ့ ကာလက အစ္စရေးလ် အစိုးရအနေနဲ့ လက်နက် နည်းပညာကူညီဖို့ စိတ်ဝင်စားခဲ့ပြီး မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ် အခြေအနေကို အခွင့်အလမ်းတခု အဖြစ် အစ္စရေးလ်ဘက်က ရှုမြင်ခဲ့တယ်လို့ ရေးသားထားပါတယ်။
ဒီလို မြန်မာစစ်တပ် လက်နက်အင်အား တောင့်တင်းလာအောင် အစ္စရေးလ်ရဲ့ လက်နက်၊ စစ်ရေးနည်းပညာတွေ အကူအညီ မပါဘဲ မဖြစ်နိုင်ကြောင်းလည်း ဟာရက်ဇ် သတင်းစာက ရေးသားခဲ့ပါတယ်။ တဖက်မှာတော့ အစ္စရေးလ် အတိတ်သမိုင်းကြောင်းတလျှောက်လုံး မြန်မာစစ်တပ်ကို လက်နက်ခဲယမ်းတွေ ရောင်းချခဲ့သလို အခု ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် မှာလည်း အာဏာသိမ်းစစ်တပ်ကို တိတ်တဆိတ် ဆက်လက်ရောင်းချ နေဆဲ ဖြစ်တယ်လို့ ဟာရက်ဇ် သတင်းစာက ရေးသားပါတယ်။ အစ္စရေးလ်နိုင်ငံက ဟာရက်ဇ် သတင်းစာဟာ အစ္စရေးလ် အာဏာရ အစိုးရကိုထောက်ခံ ရေးသားတဲ့ သတင်းစာတစောင်မဟုတ်ပဲ ရေးသင့်ဖော်ပြသင့်တဲ့ သတင်းတွေကို သတ္တိရှိရှိနဲ့ ထောက်ပြရေးသားတဲ့ ဂုဏ်သိက္ခာရှိတဲ့ သတင်းစာတစောင်ဖြစ်ပါတယ်။
ဒီနောက်ခံ အချက်အလက်တွေကို ရေးပြနေရခြင်းဟာ မြန်မာနိုင်ငံက နွေဦးတော်လှန်ရေးကို အားပေးထောက်ခံသူ စစ်အာဏာရှင် အစိုးရကို ဆန့်ကျင်သူတွေ၊ နိုင်ငံရေးသမား၊ လူ့အခွင့်အရေး ကာကွယ်ရပ်တည်သူ တချို့က ပါလစ္စတိုင်းမှာ အရပ်သားတွေသောင်းနဲ့ချီ လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်တဲ့ နေတန်ယာဟု ခေါင်းဆောင်တဲ့ အစ္စရေးလ် အစိုးရရဲ့ လုပ်ဆောင်မှုတွေ နဲ့ အခုနောက်ဆုံးဖြစ်ပွားတဲ့ အီရန်-အစ္စရေးလ် စစ်ပွဲတို့လိုမှာ အစ္စရေးလ်ဘက်ကို ထောက်ခံအားပေးနေကြတာတွေ့နေရ တာကြောင့် ဖြစ်ပါတယ်။ အခုလို ပြောဆိုခြင်းကြောင့် ဟားမားစ် စစ်သွေးကြွ အဖွဲ့အစည်းကိုလည်း ထောက်ခံဖို့ ဆိုလိုခြင်း လုံးဝ မဟုတ်သလို အီရန်မှာ ဘာသာရေးကို အခြေခံပြီး အာဏာရှင် စနစ်နဲ့ အုပ်ချုပ်တဲ့ အီရန်အစိုးရကိုလည်း ထောက်ခံဖို့ ဆိုလိုခြင်း မဟုတ်ပါဘူး။ နိုင်ငံတွေ အချင်းချင်းအကြားမှာ ရှိတဲ့ အချုပ်အချာ အာဏာကို ထိပါးစေတဲ့ တိုက်ခိုက်ဖျက်ဆီးမှု၊ ကျူးကျော်မှု၊ လုပ်ကြံသတ်ဖြတ်မှုတွေဟာ နိုင်ငံတကာ စံနှုန်းတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ရာကျတာကြောင့် အစ္စရေးလ်နိုင်ငံက နေတန်ယာဟု ခေါင်းဆောင်တဲ့ အစိုးရရဲ့ လုပ်ဆောင်မှုတွေကို အားပေး အားမြှောက်လုပ်စရာ အခြေခံ အကြောင်းတချက်မှ ရှိမနေတာ သေချာပါတယ်။ အလားတူပဲ ပါလစ္စတိုင်းလူဦးရေ ၂ သန်းကျော် နေထိုင်တဲ့ ဂါဇာကမ်းမြောင်ကို တိုက်လေယာဥ်၊ ဒုံးကျည်၊ စစ်လေယာဥ်နဲ့ ဗုံးကြဲခြင်း ၊ မြေပြင်ထိုးစစ်ဆင်ခြင်း နဲ့ ရိက္ခာအကူအညီ ပေးခွင့်မရှိအောင် လနဲ့ချီပိတ်ဆို့ခြင်းတွေဟာ မြန်မာနိုင်ငံ မှာ အာဏာသိမ်းစစ်တပ်က တိုင်းရင်းသားဒေသနဲ့ အညာဒေသတွေမှာ လေကြောင်းတိုက်ခိုက်မှု၊ ဖြတ် ၄ ဖြတ် ဖြတ်တောက်မှုတွေထက် ပိုမိုပြီး ရက်စက် ပြင်းထန်တဲ့ လုပ်ရပ်တွေ ဖြစ်ပြီး နှိုင်းယှဥ်ကြည့်စရာ ဖြစ်ပါတယ်။
မိမိတို့ မိခင်နိုင်ငံ မြန်မာ့အရေးမှာတော့ စစ်ကောင်စီနဲ့ စစ်အာဏာရှင်စနစ်ကို ပြတ်ပြတ်သားသား ဆန့်ကျင်ကြပေမယ့် ပါလစ္စတိုင်းအရေး၊ အီရန် နဲ့ စစ်ပွဲမှာတော့ ခရစ်ယာန်ဘာသာဝင်နိုင်ငံ ဖြစ်လို့ ထောက်ခံတဲ့ သဘောဖြစ်စေ၊ အစ္စလာမ်နိုင်ငံ ဖြစ်လို့ မနှစ်မြို့မှုနဲ့ အစ္စရေးလ်ကို ထောက်ခံတာဖြစ်စေ အဲဒီလို ရပ်တည်ချက်ဟာ Double Standard ကျင့်သုံးမှု ဖြစ်စေတာ ဖြစ်ပါတယ်။
အခုလို အရှေ့အလယ်ပိုင်းက အီရန်-အစ္စရေးလ် စစ်ပွဲဖြစ်ပွားရာမှာ သာမန်ပြည်သူ တဦးအဆင့်ထက် အများကြီး ကျော်လွန်တဲ့ အချို့သော လွှတ်တော်ကိုယ်စားလှယ်၊ နိုင်ငံရေး၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေကိုယ်၌က အစ္စရေးလ်ရဲ့ လေကြောင်း တိုက်ခိုက်မှုတွေ၊ လုပ်ကြံသတ်ဖြတ်မှုတွေကို အားရဝမ်းသာနဲ့ လူမှုကွန်ရက်မီဒီယာမှာ မျှဝေနေကြတာလည်း တွေ့ကြရပါတယ်။ အစ္စရေးလ်ဟာ မြန်မာစစ်တပ်ကို သမိုင်းနဲ့ချီ လက်နက်နဲ့ စစ်ဘက်ဆိုင်ရာ နည်းပညာ၊ အတိုက်အခံတွေကို ဖမ်းဆီးထောက်လှမ်းဖို့ စပိုင်ဝဲလ်လို ဆော့ဖ်ဝဲတွေ ရောင်းချခဲ့ပြီး စစ်အာဏာသိမ်းပြီးနောက်မှာလည်း ကြားခံ ကုမ္ပဏီတွေကတဆင့် လက်နက်နဲ့ စစ်ဘက်ဆိုင်ရာ နည်းပညာ ရောင်းချနေဆဲ ဖြစ်တဲ့အချက်ကို ဘယ်လိုမှ မျက်ကွယ်ပြုမရတာ သတိပြုသင့်ပါတယ်။
ပါလစ္စတိုင်းအရပ်သား သောင်းနဲ့ချီသေဆုံးတဲ့ ဂါဇာကမ်းမြောင်က လူမျိုးတုန်းသတ်ဖြတ်မှုတွေကို ထောက်ခံအားပေးတာ အားရတာ သို့မဟုတ် လျစ်လျူရှုတာတွေဟာ ကမ္ဘာမှာ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးကို ထောက်ခံအားပေးခြင်း မပြုတဲ့ အဓိပ္ပါယ်လို့ ဖွင့်ဆိုနိုင်ပါတယ်။
မြန်မာ နိုင်ငံရေးသမားတွေ၊ လူ့အခွင့်အရေးနဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ အနေနဲ့ မြန်မာ့အရေး တခုထည်းကိုသာ ကွက်ကွက်လေး ကြည့်ပြီး နိုင်ငံတကာအရေးမှာ အင်အားကြီးသူ၊ လက်နက်နဲ့ ငွေကြေးသာလွန်တဲ့ နိုင်ငံက နိုင်ငံတကာ ဥပဒေ၊ စည်းမျဥ်း၊ အချုပ်အချာအာဏာ လေးစားမှုတွေကို ချိုးဖောက်မှုတွေကို အားပေးထောက်ခံခြင်း လုံးဝ မပြုသင့်ပါဘူး။
လက်ရှိ အစ္စရေးလ်ဝန်ကြီးချုပ်ဟာလည်း အာဏာဆက်လက် ဆုပ်ကိုင်ထားနိုင်ဖို့ တရားရေးစနစ်ကို အခြေခံက စပြီး ပြောင်းလဲမှုတွေလုပ်လို့ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေက ဆန္ဒပြမှုတွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားနေခဲ့ရာက ဟားမားစ်တွေရဲ့ အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုက ပြည်တွင်းရေးကို အာရုံလွဲစေခဲ့တာ ဖြစ်ပါတယ်။ ဂါဇာမှာ စစ်အင်အားသုံးပြီး အရပ်သားတွေ သောင်းနဲ့ချီသေဆုံးတဲ့ စစ်ဆင်ရေးက ၄င်းကို ICC ဝရန်းထုတ်ခံရစေတဲ့ အထိ ဖြစ်ခဲ့တာပါ။ အခု တဖန် အီရန်နိုင်ငံရဲ့ အစိုးရပြောင်းလဲဖို့ အမေရိကန်ရဲ့ နောက်ကွယ်က အားပေးအားမြှောက်မှုနဲ့ ရည်မှန်းချက်ထားပြီး တိုက်ခိုက်မှုတွေလုပ်ဆောင်နေတာ ဖြစ်ပါတယ်။ နိုင်ငံတနိုင်ငံရဲ့ အစိုးရ ပြောင်းလဲခြင်း မပြောင်းလဲခြင်းက သက်ဆိုင်ရာနိုင်ငံက ပြည်သူတွေ နဲ့ နိုင်ငံရေးအင်အားစုတွေကသာ ဆုံးဖြတ်ခွင့် ရှိပြီး ပြည်ပနိုင်ငံတနိုင်ငံက တိတ်တဆိတ်ဖြစ်စေ ပြောင်ပြောင်တင်းတင်းဖြစ်စေ ဆုံးဖြတ် ပြောဆိုခွင့်မရှိပါဘူး။ ဒီလို Regime Change ကို လုပ်ဆောင်လာခဲ့ရင် အနိုင်ကျင့်ဗိုလ်ကျမှုလို့သာ သတ်မှတ်ရမှာဖြစ်ပြီး ဒီလိုလုပ်ရပ်မျိုးကို ဒီမိုကရေစီလိုလားသူ၊ ကိုယ့်ကြမ္မာ ကိုယ်ဆုံးဖြတ်ခွင့်ကို တန်ဖိုးထားတဲ့သူမှန်သမျှ လက်မခံဘဲ ဆန့်ကျင်ကြရမှာ ဖြစ်ပါတယ်။
ပါလစ္စတိုင်းအရေး အီရန်-အစ္စရေးလ် အရေးဟာ မြန်မာ့အရေးမဟုတ်ပေမယ့် နိုင်ငံတနိုင်ငံနဲ့တနိုင်ငံ စိတ်ဓါတ်ရေးအရရော၊ စစ်ရေးပစ္စည်းတွေ ရောင်းချဝယ်ယူမှုအရပါ ဆက်စပ်နေကြတာ ဖြစ်လို့ အရှေ့အလယ်ပိုင်းမှာဖြစ်ပွားတဲ့ပြဿနာကို စံနှုန်းတန်ဖိုးရှုထောင့်တွေက ချဥ်းကပ်ဖို့ အရေးကြီးကြောင်း ဆိုလိုရင်းဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar