Breaking News

လေခဏီ - ပြင်မလား ပျက်မလား

လေခဏီ - ပြင်မလား ပျက်မလား

မိုးမခ ၊ ဇူလိုင် ၉ ၊ ၂၀၂၅


ဒီတော်လှန်ရေးအကြောင်းပြောရင် မရေရာသလိုလို ရေရာသလိုလို ခံစားရတယ်။ ဘယ်အကြောင်းပြောပြော မမဆောင်းသဘောဖြစ်နေတယ်။ အဲဒီအချိန်မှာ ကိုတေဇာဆန်းရဲ့" NUG တော်လှန်ရေးအစိုးရဟာ ဒီပြည်သူ့နွေဦးတော်လှန်ရေးကို ခရီးဆုံးပန်းတိုင်ထိ ခေါ်ဆောင်နိုင်ဖို့အတွက် လုံလောက်တဲ့ ခေါင်းဆောင်မှုစွမ်းရည် ကင်းမဲ့နေတယ်လို့ (ကျနော့်တကိုယ်ရည်အရ) သုံးသပ်ချင်ပါတယ်" ဆိုတာလေး ဖတ်လိုက်ရတော့ အဖြေက အဲဒါပါဘဲဆိုတာ ခံစားမိရော။ ကျနော်တို့ မျှော်ရည်မှုက ဝိုးတဝါးဖြစ်နေတာ အဲဒါကြောင့်ပါဘဲ။ ကျနော်တို့က ခပ်လှမ်းလှမ်းက ကြည့်ရတယ်။ ကိုတေဇာစန်းက အနီးကပ်မြင်ရသူ။ ထက်အောက်မြေပြင် ရှစ်ခွင်အနှံ့ တကွင်းလုံးခြေဆန့်နေတဲ့သူက သေသေချာချာမြင်ရတာကိုး။

သူ ထောက်ပြတဲ့အထဲမှာ ကြောက်စရာတချက်က-

"NUG စိုးမိုးနယ်မြေတွေမှာ နာမည်ကျော်ကြားလှတဲ့ (ပကဖ ပအဖ ပလဖ) “ပ” သုံးလုံး ပြဿနာတွေပေါ့ဗျာ။ အခုဆို အချို့သော PDF တပ်ရင်းတပ်ဖွဲ့တွေလည်း ကျင့်ဝတ်စည်းကမ်းပိုင်းအရ အတော်ကို အားနည်းလျော့ရဲလာတာကို တွေ့လာရပါတယ်။ အတော် စိတ်ပူစရာ ကောင်းတဲ့အခြေအနေပါဗျာ။ NUG အစိုးရဟာ ကိုယ်ဖွဲ့စည်းတာဝန်ပေးအပ်ထားတဲ့ အုပ်ချုပ်ရေး၊ ကာကွယ်ရေး၊ လုံခြုံရေး၊ ဘဏ္ဍာရေး အစရှိတဲ့ ကဏ္ဍအလိုက် အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များကို စနစ်တကျ တည်ဆောက်ခြင်းအတတ်ပညာ (Institutionalization) အလွန်အားနည်းနေတယ်လို့ သုံးသပ်မိပါတယ်"

"အလားတူပဲ ငွေကြေးဘဏ္ဍာရေး (Money Power) ဆိုရင်လည်း NUG ဟာ စီမံခန့်ခွဲနိုင်စွမ်း အလွန်အားနည်းနေတာကို တွေ့ရပါတယ်။ NUG ဟာ ၂၀၂၃ နောက်ပိုင်း တဖြည်းဖြည်း တိုးချဲ့ရရှိလာတဲ့ မိမိစိုးမိုးထိန်းချုပ်နယ်မြေတွေက သဘာဝ သယံဇာတအခြေပြု ဝင်ငွေအရပ်ရပ်ကိုပဲ အကောင်းဆုံး စီမံခန့်ခွဲနိုင်မယ်ဆိုရင် ဒီတော်လှန်ရေးအတွက် လုံလောက်တဲ့ ဘဏ္ဍာငွေအင်အားကို ရရှိနိုင်ပြီဖြစ်ပါတယ်"

"ဘဏ္ဍာငွေကြေးအရ အားနည်းလိုအပ်ချက်တွေ ရှိနေတဲ့အခါမှာ စစ်ရေးတိုက်ပွဲအတွက် လိုအပ်တဲ့ လ-က်-န-က်ခဲယမ်း အပါအဝင် ရုပ်ဝတ္တုပစ္စည်း (Material Power) ကိုလည်း လုံလောက်အောင် ဖြည့်တင်းနိုင်မှု မရှိတော့ပါဘူး။ လုံလောက်တဲ့ ထောက်ပံ့မှု (Logistics Supply) လုပ်မပေးနိုင်ခြင်းကလည်း NUG အတွက် ကိုယ်အတည်ပြုဖွဲ့စည်းပေးထားတဲ့ လက်နက်ကိုင်တပ် (PDF, ပကဖ၊ ပလဖ) တွေကို အပြည့်အဝ ကွပ်ကဲအုပ်ချုပ်ဖို့၊ CoC အော်ဒါဝင်ဖို့ အခက်အခဲဖြစ်စေတဲ့ ကြီးမားတဲ့ ပြဿနာကြီးပါ"

"ကျနော်တို့ တွေ့မိသလောက် NUG ရဲ့ စစ်ရေးကဏ္ဍမှာ နောက်ထပ်ကြီးမားတဲ့ ပြဿနာတခုက တပ်က (၂) ခုဖြစ်နေတဲ့ ပြဿနာပါ။ ရှင်းအောင်ပြောရရင် PDF နဲ့ ပကဖ ဆိုပြီး တပ် (၂) တပ် ဖြစ်နေတာပါ။ “ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့”၊ အတိုကောက် “ပကဖ” လို့ခေါ်တဲ့ အဖွဲ့အစည်းက သီဝရီသဘောတရားက “ပြည်သူ့စစ်” (Militia) ပါ။ မိမိထက် အင်အားသာလွန်တဲ့ ရန်သူကို စစ်ရေးအရ ရင်ဆိုင်ကြရာမှာ ပြည်သူလူထုတရပ်လုံးကို စည်းရုံးစုစည်းနိုင်ဖို့အတွက် “ပြည်သူ့စစ်မဟာဗျူဟာ” ကို ကျင့်သုံးလေ့ရှိတာက သီဝရီအရ မှန်ပါတယ်။ NUG က “ပကဖ” ဖွဲ့တာက သဘောတရားအရ မှန်ကန်ပေမယ့်၊ လိုလည်း လိုအပ်ပေမယ့် အခုချိန်မှာ “ပကဖ” နဲ့ပတ်သတ်ရင် ပြဿနာတွေ၊ ပြောစရာတွေ၊ ပြင်စရာ ပြောင်းစရာတွေ အများကြီး ရှိလာပါပြီ" လို့ ကိုတေဇာစန်းက ကျကျနနဆိုထားပါတယ်။

ကွီးဆိတ် ဆိုသူကလဲ သူ့ပို့စ်မှာ "အချို့ ပကဖက PDFနဲ့ စင်ပြိုင်တပ်ထောင်လာကြတယ်။ မင်းတို့ PDF ဂရုစိုက်စရာ မလိုဘူးကွာတွေ ဖြစ်လာတယ်" လို့ရေးထားတယ်။

သူကပဲ ဆက်ပြီး "စကစက စစ်တပ်နဲ့ ပျူ(ပြည်သူစစ်)ဖွဲ့တယ်။ NUGက စစ်တပ်ဖြစ်တဲ့ PDFနဲ့ပြည်သူ့စစ်သဘောဖြစ်တဲ့ ပကဖကို ဖွဲ့တယ်။ ဒါကြောင့် ပကဖတယောက်က "ငါတို့က NUG ပျူပါကွာ"လို့ ပြောသတဲ့လေ။

NUG ထပ်လွဲတာရှိတယ်ဆိုပြီး သူ ဆက်ပြောတာက ပလဖဖွဲ့ပြန်တယ်။ ပလဖက တရားဥပဒေစိုးမိုးရေးလုပ်ဖို့တဲ့။ ပြီးတော့ NUG ရဲဆိုပြီး ထပ်ဖွဲ့ပြန်တယ်။ ဒါကလဲ တရားဥပဒေစိုးမိုးရေးတဲ့။ ပလဖရဲတိုင် အမှုဖွင့်လဲ ရ၊ NUGရဲတိုင် အမှုဖွင့်လဲရသတဲ့။ ဖမ်းချင်သလို ဖမ်း။ ဥပ‌ဒေလဲ မသိ၊ ဥပဒေလဲ မရှိတဲ့သဘော။ လုပ်ထုံးလုပ်နည်းလဲမသိဘူးဖြစ်နေကြတာအများကြီးပါတဲ့။ နောက်တစ်ခုက NUGရဲက  NUGရဲချုပ်အောက်။ ပလဖက ပြည်ထဲရေးဝန်ကြီးအောက်။ ဘက်ဂျက်ကိုတော့ ပလဖကိုဘဲ ချပေးတော့ NUG ရဲက အဖေပျောက်နေသတဲ့။ အင်း အဲတော့ လိုရင် လိုသလိုလုပ်မှာပေါ့လေ။

အခုဆို စစ်ဒေသ၁ တပ်နဲ့ MOD တပ်ဆိုပြီးလဲ ဖြစ်နေတယ်လို့လဲ ပြောပါတယ်။ စစ်ဒေသ၁တပ်က Kia ဦးစီးပြီး MODတပ်က NUGက ခေါင်းဆောင် တင်ပေးထားသူတွေဦးစီးသတဲ့။ အရည်အချင်းရှိသူစစ်တိုက်ဖူးသူတွေလားဆိုတော့ မဟုတ်။ စစ်မတိုက်ဖူးသူတွေ၊ ခိုင်းလို့ရမယ့်သူတွေ၊ NLD သစ္စာခံလိုသူ‌တွေကို ဆွဲတင်ထားသတဲ့။ အခုကို ပကဖက သူလုပ်ချင်ရာလုပ်၊ စစ်ဦးစီးချုပ်လုပ်ပြီး PDFနဲ့ ပူးပေါင်းမှုမရှိတာတွေ ဒေသအချို့မှာ ရှိနေပြီဆိုဘဲ

ချင်းတွင်းမြစ်ရိုးမှာ ရွှေတူးတယ်။ ဟုမ္မလင်း၊ ပင်လယ်ဘူး၊ သပိတ်ကျင်း၊ စဉ့်ကူးရွှေထွက်တယ်။ တော်လှန် ရေးထိမ်းချုပ်မြေပါဘဲ။ ဗန်းမောက်တော့ မြို့လေးဘဲ စကစထိမ်းထားတယ်။ သစ်၊ ရွှေထွက်တယ်။ သပိတ်ကျင်းနယ်ထဲက ဝက်သေ၊ ဖက်ရှည်၊ ကွင်းသုံးဆယ် ရွှေထွက်တယ်။ စကစရဲ့ ရွှေကုမ္ပဏီတွေ မရှိတော့။ စကစက သပိတ်ကျင်းဘေးက ၇ မိုင်ဘဲ ထိမ်းချုပ်ထားတယ်။ အဲဒီရွှေတွင်းတွေက တစ်ရက်ကို တစ်အင်း တစ်အင်းမှာ ပိဿာလိုက် ထွက်သတဲ့။ စဉ့်ကူးနယ်နဲ့ မတ္တရာ တလရနယ်မြေတွေ ရွှေထွက်တယ်။  နွယ်ရုံ၊ ကျည်တောက်ပေါက်၊ ဒိုးနွယ်ကနေ အရှေ့ နောင်ချိုအစပ်ထိ ရွှေထွက်သတဲ့။ ချင်းတွင်းမြစ် ရွှေစက်မျောတွေ ပလူပျံနေကြပြီး ငွေပေါမှပေါဆိုဘဲ။

ဗန်းမောက်မှာ စကစကုမ္ပဏီတွေ နောက်ဆုတ်သွားပြီ။ စည်းမဲ့ကမ်းမဲ့ လယ်ကွက်ပါမကျန် ရွှေတူးနေကြတယ်တဲ့။ ပြီးတော့ အဲဒီဘက်မှာ တရုတ်က သစ်ထုတ်တယ်တဲ့။  ဧရာဝတီမြစ်လည်း ရွှေစက်မျောတွေ ပလူပျံနေတယ်တဲ့။

ရေနံထွက်ဒေသတွေ တလရ ထိန််းချုပ်ထားတဲ့ ရေနံမြေရှိတယ်။ တလရ ထိန်းချုပ်ထားတဲ့ ကျောက်မီးသွေးရှိတယ်။ ထုတ်နေကြတာပါဘဲတဲ့။

ပြည်သူကုန်သွယ်စီးဆင်းမှုကနေ ကားတွေ အခွန်ကောက်ကြတာ။ ဥပမာ၊ ပအဖဂိတ်တစ်ဂိတ်ဆိုပါတော့တဲ့။ ကြက်စာတစ်အိပ်ကို သုံးထောင်၊ ၁၂ ဘီးတစ်စီးကြက်စာအိပ် အိပ်သုံးရာတင်မယ်၊ ကိုးသိန်း။ ဒါတစ်ဂိတ်ထဲမဟုတ်သလို ကားတစ်စီးထဲလဲ မဟုတ်ဘူး။ တစ်ခြားစားသုံးကုန်၊ ဘိလပ်မြေ၊ လောင်ဆာဆီ မပါသေးဘူး။ တစ်စီးကို သုံးသိန်းထားပါ။  ဆယ်စီးသိန်းသုံးဆယ်။ မြစ်ကြီးနား၊ မန္တလေးလမ်းမကြီး အသွားအပြန်ကားအစီးရေ ရာနှင့်ချီ ရှိတယ်။ ဒါတစ်ရက်ထဲပါ။ ခရီးသည်ကားတွေပါ ပေးရပါတယ်။ ခရီးသည်ကားပေါ် ကုန်တင်ရင် ကုန်အတွက်ပေးရသလို ကားအတွက်လဲ ပေးရတယ်တဲ့။

လက်တွေ့ စစ်တိုက်နေကြရသူတွေက မျက်နှာငယ်လေးနဲ့ သနားကြပါခင်ညာ ဖြစ်နေရတယ်။ အလှူမခံလို့မရဘူး။ အလှူမခံရင် အကုန်မသာပေါ်ကုန်မယ်တဲ့။

 သယံဇာတနဲ့ အခွန်သာ သေချာလုပ်၊ ဒူးနှန့် စစ်တိုက်နေလို့ ရပါတယ်သတဲ့ ခင်ဗျာ။

နောက် မေးခွန်းတခု မေးထားပါသေးတယ်။ တလရ ငါးနှစ်ရှိပြီ၊ ဘာကြောင့် စာရင်းစစ်ဥပဒေ မထုတ်လဲ။ စာရင်းစစ်အဖွဲ့ မထားသလဲတဲ့။ 

အုပ်ချုပ်ရေးအဖွဲ့ကို ငွေတောင်းအဖွဲ့ လုပ်ထားတယ်။ ဒီတော့ အုပ်ချုပ်ရေးကို လူထုက မယုံကြည်တော့ဘူးလို့လဲ ဆိုပါကြောင်းခင်ဗျား။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar