NUG ပြုပြင်ပြောင်းလဲဖို့ လိုနေပြီလား
မြန်မာနွေဦးခရိုနီကယ် - ဇူလိုင် ၈ မြင်ကွင်း
(မိုးမခ) ဇူလိုင် ၉ ၊ ၂၀၂၅
NUG ပြုပြင်ပြောင်းလဲဖို့ လိုနေပြီလား၊
အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ထဲမှာလည်း မန္တလေးလူထု သပိတ်ခေါင်းဆောင် တယောက်အနေနဲ့ ကိုယ်စားပြု ပါဝင်လုပ်ဆောင်နေသူ ဒေါက်တာတေဇာဆန်းက “မဖြစ်မနေပြင်ဆင်ပြောင်းလဲဖို့ လိုအပ်နေပြီဖြစ်တဲ့ NUG အစိုးရ” ဆိုတဲ့ ခေါင်းစဥ်နဲ့ ၄င်းရဲ့ Facebook စာမျက်နှာမှာ ဇူလိုင် ၇ ရက်နေ့က လူသိရှင်ကြား ရေးသားဝေဖန်လိုက်ပါတယ်။
ဒီဝေဖန်ချက်ကို ဒေါက်တာတေဇာစန်းက အမျိုးသားညီညွတ်ရေး အစိုးရ NUG ကို အပြုသဘော ဝေဖန်ထောက်ပြခြင်း ဖြစ်တယ်လို့ ဒီရေးသားချက်နဲ့ ပတ်သက်ပြီး သတင်းမီဒီယာတွေက နောက်ဆက်တွဲ မေးမြန်းကြတဲ့အခါ ပြောဆိုခဲ့ပါတယ်။
NUCC အဖွဲ့မှာလည်း ပါဝင်လျှက်ရှိသူ၊ NUG အစိုးရရဲ့ ခေါင်းဆောင်တွေ ဖြစ်တဲ့ ကာကွယ်ရေးဝန်ကြီး ဖြစ်သူ ဦးရည်မွန်၊ အခြားသောဝန်ကြီးဌာန ဝန်ကြီးတွေ၊ ဝန်ကြီးချုပ် အစရှိသူတွေနဲ့လည်း ထိတွေ့ဆက်ဆံမှုတွေ ရှိနှင့်ပြီး ဖြစ်တဲ့သူတဦးဖြစ်တဲ့ ဒေါက်တာတေဇာစန်းက ဘာကြောင့် အခုလို လူသိရှင်ကြားဝေဖန်ရတာပါလဲ။
အချို့သော ဝေဖန်သူတွေကတော့ ယဥ်ကျေးမှုတော်လှန်ရေးကာလက မော်စီတုန်းရဲ့ လှုံ့ဆော် ကြွေးကြော်သံတခုဖြစ်တဲ့ “ဌာနချုပ်ကိုအမြှောက်နဲ့ပစ်ကြ” ဆိုတဲ့ ကြွေးကြော်သံနဲ့ နှိုင်းယှဥ်ပြီး လူမှုကွန်ရက်မီဒီယာမှာ ရေးသားပြောဆိုနေကြတာလည်း တွေ့ရပါတယ်။
ဒေါက်တာတေဇာစန်းရဲ့ ရေးသားချက်တွေကို ဖတ်ကြည့်ရင် အဆိုပါ ကြွေးကြော်သံနဲ့ နှိုင်းယှဥ်ရလောက်အောင် ပြင်းထန်တဲ့ နိုင်ငံရေးထိုးနှက်မှု တခုအဆင့်ထိလို့တော့ မဆိုနိုင်သေးပါဘူး။ သို့ပေမယ့် NUG ကို အားမရတာ၊ စစ်ရေးနဲ့ အုပ်ချုပ်ရေးမှာ စွမ်းဆောင်ရည် မရှိဘူးလို့ မှတ်ချက်ပြုတာ၊ ဘဏ္ဍာရံပုံငွေ အခွန်အကောက်တွေ အလေအလွင့်ဖြစ်နေတာတွေ ကို ကိန်းဂဏန်းနဲ့ နေရာဒေသနဲ့ ပြောဆိုခြင်းမျိုး မဟုတ်သည့်တိုင် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေတဲ့ သဖွယ် ဝေဖန်ရေးသားထားတာ ဖြစ်ပါတယ်။
သူ့ရေးသားမှုရဲ့ အစပိုင်းမှာပင် “လက်ရှိ စုဖွဲ့ထားတဲ့ NUG တော်လှန်ရေးအစိုးရဟာ ဒီ ပြည်သူ့နွေဦးတော်လှန်ရေးကို ခရီးဆုံးပန်းတိုင်ထိ ခေါ်ဆောင်နိုင်ဖို့အတွက် လုံလောက်တဲ့ ခေါင်းဆောင်မှုစွမ်းရည် ကင်းမဲ့နေတယ်လို့ (ကျနော့်တကိုယ်ရည်အရ) သုံးသပ်ချင်ပါတယ်” လို့ ရေးသားဖေါ်ပြထားခြင်းက NUG ကို မဖြစ်မနေ ပြန်လည်ဖွဲ့စည်းရမယ့် အဓိပ္ပါယ်ဖြစ်ပြီး ခပ်တည့်တည့် ဝေဖန်ချက်လို့ဆိုရင် မှားမယ် မထင်ပါဘူး။ NUG မှာ လူ ကော မူပါ လိုအပ်သလို ပြင်ဆင်ပြောင်းလဲဖို့ အရေးကြီးတယ်လို့လည်း ရေးသားထားတာ ဖြစ်ပါတယ်။ အခုလို အကြံပြုချက်တွေကို လွန်ခဲ့တဲ့ ၂ နှစ်ကျော် ၃ နှစ် လောက်ကတည်းက အစိုးရအဖွဲ့ရဲ့ တာဝန်ရှိသူတွေကို လူကိုယ်တိုင် နဲ့ အွန်လိုင်းကပါ အပ်ကြောင်းထပ်အောင် အကြံပြုတင်ပြခဲ့တယ်လို့လည်း ၄င်းကဆိုပါတယ်။
ဒေါက်တာ တေဇာစန်းက NUG ကို ဘယ်လို ပြုပြင်ပြောင်းလဲမှုတွေ လုပ်မလဲဆိုတာ လက်နက်ကိုင် တပ်တွေဖွဲ့စည်းထားပုံနဲ့ ပတ်သက်လို့ သာဓကတချို့ ပေးပြီး ထောက်ပြခဲ့ရာမှာ PDF တွေ ပကဖ တွေဟာ တကယ်စစ်တိုက်လို့ရတဲ့ “တပ်” ဖြစ်မနေဘဲ “လက်နက်ကိုင်ထားတဲ့ လူအုပ်ကြီး” သာ ဖြစ်နေတယ် လို့ ထောက်ပြပြီး တပ်တည်ဆောက်ရေး ကို လက်တွေ့ကျကျ မလုပ်နိုင်တဲ့အခါ ရှိရင်းစွဲ အရေအတွက် တောင် တဖြည်းဖြည်း လုံးပါးပါးလာ ကျဆင်းလာနေတယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် အချို့သော PDF တပ်ရင်းတပ်ဖွဲ့ တွေရော၊ ပကဖတွေ ရဲ့ ကျင့်ဝတ်စည်းမျဥ်း အားနည်းချက်တွေကိုလည်း ဝေဖန်ထောက်ပြ ထားတာတွေ့ရပါတယ်။ NUG စိုးမိုးနယ်မြေတွေမှာ ဖြစ်ပွားနေတဲ့ ဒီအခြေအနေတွေဟာ အတော်စိတ်ပူစရာ ဖြစ်တယ်လို့လည်း ဒေါက်တာ တေဇာစန်းက ဆိုပါတယ်။
NUG အစိုးရ အောက်မှာ လက်နက်ကိုင်တပ် နှစ်တပ် ဖြစ်နေတဲ့ ပြဿနာကိုလည်း ထောက်ပြရာမှာ ပကဖ လို့ခေါ်တဲ့ “ပြည်သူ့စစ်” အသွင်ဖွဲ့ထားတဲ့ အရပ်သားတပိုင်း လက်နက်ကိုင် အဖွဲ့ က လူအင်အား၊ ငွေအင်အား၊ လက်နက်ခဲယမ်း နဲ့ ရုပ်ဝတ္တုအင်အားအများအပြား လက်ဝယ်ရှိနေပြီး လုပ်ပိုင်ခွင့်လည်း အများအပြားရနေတဲ့ အဖြစ်ကို NUG အနေနဲ့ ပြုပြင်ဖို့ အရေးတကြီးလိုအပ်တယ်လို့ လည်း ထောက်ပြထားပါတယ်။
ဒီပြဿနာတွေဟာ NUG ထိန်းချုပ်နယ်မြေတွေ ဖြစ်တဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ မန္တလေးတိုင်းတို့ထဲက ဒေသတွေမှာ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင် ဒေသတွေမှာတော့ အခုပုံသဏ္ဍာန်နဲ့ အုပ်ချုပ် ဖွဲ့စည်းထားကြတာမျိုး မဟုတ်ဘဲ အခြေအနေချင်း မတူကွဲပြားနေတာ ဖြစ်ပါတယ်။
ဒေါက်တာတေဇာစန်း ထောက်ပြချက်တွေက NUG ထိန်းချုပ်နယ်မြေတွေက ပြဿနာတွေ ဖြစ်ပါတယ်။
NUG အစိုးရအဖွဲ့ကို ၂၀၂၁ ခုနှစ် ဧပြီလ စတင်ဖွဲ့စည်းစဥ်က စလို့ အခုဆို ၄ နှစ်ကျော် ၅ နှစ်ထဲဝင်လာချိန်အထိ အဓိကကျတဲ့ ဝန်ကြီးနေရာတွေကို သိသာတဲ့ အပြောင်းအလဲ မတွေ့ရှိရဘဲ၊ ဒုဝန်ကြီး အပြောင်းအလဲ အချို့နဲ့ ဒုဝန်ကြီး ထပ်မံခန့်အပ်တာဝန်ပေးတာတွေသာ တွေ့ရတာ ဖြစ်ပါတယ်။ ဘာကြောင့် NUG အနေနဲ့ ၁ နှစ်တန်သည် ၂ နှစ်တန်သည် ကာလတခုမှာ ဘယ်ဝန်ကြီးဌာနကတော့ဖြင့် မလိုအပ်ဘူး၊ ဘယ်သူကတော့ဖြင့် ဒီဝန်ကြီးဌာနနဲ့ မကိုက်ညီဘူး သို့မဟုတ် အနားပေးပြီး ပိုမိုသင့်တော်တဲ့ သူနဲ့ အစားထိုး ခန့်အပ်တာတွေ မလုပ်နိုင်ကြတာပါလဲ။ ဒီမေးခွန်းလိုမျိုးကို အခုချိန်ထိ ဘယ်သူမှ လူသိရှင်ကြားမေးမြန်း ခဲ့တာမျိုး မတွေ့ရသေးပါဘူး။
ဒေါက်တာ တေဇာစန်းက လက်နက်ကိုင် တပ်တွေဖွဲ့စည်းထားပုံ၊ လုပ်ပိုင်ခွင့်အာဏာ၊ ရံပုံငွေ အခွန်အကောက် နဲ့ သယံဇာတ ထုတ်ယူမှုကရရှိတဲ့ ဘဏ္ဍာငွေ ခွဲဝေရေး စတာတွေမှာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ပြီး လက်နက်ကိုင်တော်လှန်ရေး တနည်းအားဖြင့် ဆိုရရင် အခုထက်ပိုပြီး အားသွန်ခွန်စိုက် တိုက်ခိုက်ကာ အာဏာသိမ်းထားတဲ့ စစ်တပ်ကို အပြီးတိုင် အနိုင်ယူဖို့ တိုက်တွန်းထားတာတွေ့ရပါတယ်။
အခုနေအခါမှာ လက်ထဲမှာ ရှိတဲ့ အခွင့်အလမ်းတွေကို ထိရောက်စွာ ဆုပ်ကိုင် အသုံးချနိုင်ဖို့ အရေးကြီးပြီး တဖက်မှာ အာဏာသိမ်းစစ်တပ် အနေနဲ့ စစ်မျက်နှာ ဖွင့်ရတဲ့ အတိုင်းအတာလျော့နည်းလာ တဲ့အခြေအနေ ၊ အိမ်နီးချင်း တရုတ်နိုင်ငံရဲ့ ထောက်ခံမှုနဲ့ တိုင်းရင်းသားလက်နက်ကိုင် အချို့ကို ဖိအားပေးပြီး စစ်ကောင်စီတပ် ပြန်လည် သိမ်းယူရရှိဖို့ ကူညီလုပ်ဆောင်ပေးနေတဲ့ အခြေအနေ၊ နှစ်ကုန်မှာ ကျင်းပမယ်ဆိုတဲ့ အများလက်မခံတဲ့ ရွေးကောက်ပွဲက စစ်ကောင်စီ အဖို့ စစ်ရေး နိုင်ငံရေး အသက်ငင်နေရာကနေ အသက်ရှူချောင်ပြီး ဆက်လက်ရှင်သန်နိုင်မယ့် အခွင့်အလမ်းမရစေဖို့ အခုလို NUG ပြုပြင်ပြောင်းလဲမှုတွေ မဖြစ်မနေ မြန်ဆန်စွာ လုပ်ဖို့ လိုနေကြောင်း ၄င်းက ထောက်ပြသွားတာ ဖြစ်ပါတယ်။
NUG အနေနဲ့ အခုလို ထောက်ပြဝေဖန်ချက်တွေ၊ အကြံပြုချက်တွေကို တန်ဖိုးထား လက်ခံစဥ်းစားမလား၊ လက်ခံစဥ်းစားတယ်ဆိုခဲ့ရင် လက်တွေ့မှာ ဖော်ဆောင်နိုင်မလား စတဲ့ မေးခွန်းတွေလည်း ပေါ်ထွက်လာနေတာ ဖြစ်ပြီး ဒီမေးခွန်းတွေရဲ့ အဖြေက နွေဦးတော်လှန်ရေး အောင်မြင်မှုကို အဆုံးအဖြတ်ပေးမယ့် အချက်တွေ ဖြစ်ပါတော့တယ်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar