Breaking News

နောင်ချို၊ မိုးဗြဲ လက်လွှတ်ဆုံးရှုံးခြင်းနဲ့ နွေဦးတော်လှန်ရေးရဲ့ မဟာဗျူဟာ

မြန်မာနွေဦးခရိုနီကယ် - ဇူလိုင် ၂၁ မြင်ကွင်း

(မိုးမခ) ဇူလိုင် ၂၂၊ ၂၀၂၅ 

နောင်ချို၊ မိုးဗြဲ လက်လွှတ်ဆုံးရှုံးခြင်းနဲ့ နွေဦးတော်လှန်ရေးရဲ့ မဟာဗျူဟာ 

ပြီးခဲ့တဲ့ ရက်ပိုင်းက TNLA က တနှစ်ကျော်ကြာ ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ ကို စစ်ကောင်စီတပ်တွေထံ လက်လွှတ်ဆုံးရှုံးခဲ့ရပါတယ်။ အဲဒီရက်ပိုင်းတွေမှာပဲ ကရင်နီ (ကယား) ပြည်က မိုးဗြဲမြို့ကိုလည်း KNDF အပါအဝင် အခြားပူးပေါင်းတပ်တွေက လက်လွှတ်ဆုံးရှုံးခဲ့ရပြန်ပါတယ်။ KIA တပ်တွေက သိမ်းယူဖို့ ကြိုးစားနေတဲ့ ဗန်းမော်မြို့နဲ့ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ) ၂၁ အခြေစိုက်စခန်းသိမ်း ထိုးစစ်ဟာလည်း  ၆ လကျော် ၇ လထည်း ရောက်လာပြီးနောက် သိမ်းယူနိုင်ဖို့ မရေရာတဲ့ အနေအထား စစ်အီတဲ့ အနေအထားရောက်လာနေတာ တွေ့ရပါတယ်။ ဒီလပိုင်းတွေ အတွင်းမှာပင် စစ်ကောင်စီ တပ်တွေ ကင်းစင်သွားပြီလို့ ဆိုတဲ့ ဖားကန့်ဒေသကို စစ်ကောင်စီက အင်အား ၈၀၀ ကနေ ၁၀၀၀ ဝန်းကျင်နဲ့ စစ်ကြောင်းခွဲပြီးတက်လာခဲ့ရာမှာ KIA အနေနဲ့ တားဆီးနိုင်ခဲ့တာ မတွေ့ရဘဲ ဖားကန့်ထဲကို စစ်ကောင်စီ စစ်ကြောင်းက အထိအခိုက်မရှိသလောက်နဲ့ ရောက်ရှိလာခဲ့တာ တွေ့ရပါတယ်။ 

မန္တလေးတိုင်းထဲက MDY-PDF တွေ သိမ်းယူထားတဲ့ နယ်မြေတွေထဲက တချို့နယ်မြေတွေကို ခုလပိုင်းတွေမှာ စစ်ကောင်စီဘက်က ပြန်လည်သိမ်းယူနိုင်ခဲ့တာလည်း ရှိသလို MDY-PDF တွေဘက်က စစ်ကောင်စီတပ်စခန်းတချို့ ကို သိမ်းယူနိုင်တဲ့ သတင်းတွေလည်း တွေ့နေရတာဖြစ်ပါတယ်။ 

ကရင်ပြည်နယ်မှာတော့ နယ်စပ်မျဥ်း အနီးတလျှောက်က စစ်စခန်းတွေကို KNU က တခုပြီးတခု တိုက်ခိုက်သိမ်းယူနေတာတွေ့ရပါတယ်။ မြို့တွေ သိမ်းတာမျိုးတော့ ခုလပိုင်းတွေမှာ မတွေ့ရပါဘူး။ ရခိုင်နဲ့ ဧရာဝတီ၊ ပဲခူးတိုင်း မကွေးတိုင်း ထိစပ်တဲ့နေရာတွေမှာ AA က ရခိုင်ပြည်နယ်ပြင်ပထိ တိုက်ခိုက်စစ်မျက်နှာဖွင့်ထားပြီး ရခိုင်ပြည်နယ်ထဲက မသိမ်းရသေးတဲ့ မြို့ထဲက တမြို့ဖြစ်တဲ့ ကျောက်ဖြူကို သိမ်းယူဖို့ ကြိုးစားနေတာ တွေ့ရပါတယ်။ 

လားရှိုးမြို့ကို ပြန်လည်ရရှိထားတဲ့ စစ်ကောင်စီ အနေနဲ့ လားရှိုးမြို့မှာ အင်အားဖြည့်တင်းနေပြီး နကို စစ်တိုင်းဌာနချုပ် အင်အားမျိုး အနေအထားမျိုး ပြန်ရောက်ဖို့ ကြိုးစားနေတဲ့ အနေအထားလည်း တွေ့ရပါတယ်။ ယခင်လကလည်း ချင်းပြည်နယ်ကို ပြန်လည်စိုးမိုး ထိန်းချုပ်ဖို့ အင်အားရာချီပါရှိတဲ့ စစ်ကြောင်း ကလေးမြို့ကနေ သိုင်းငင်းကို တက်ဖို့ကြိုးစားရာမှာ ချင်းကာကွယ်ရေးတပ်တွေ ရဲ့ တားဆီးတိုက်ခိုက်မှုတွေကြောင့် ရှေ့မတိုးနိုင်ဘဲ ကလေးမြို့ဆီပြန်လည် ဆုတ်ခွာခဲ့တာတွေ့ရမှာ ဖြစ်ပါတယ်။ 

စစ်ကိုင်းတိုင်းမှာတော့ နေမြဲ အနေအထားလို့ ဆိုရမယ့် သဘောဖြစ်ပါတယ်။ ကန်ဒေါင့်စခန်းလို စခန်းသိမ်းတိုက်ပွဲတချို့ ရှိပေမယ့် မြို့တွေကို တိုက်ခိုက်သိမ်းယူတာမျိုးတော့ မတွေ့ကြရပါဘူး။ ပအို့ဝ် လက်နက်ကိုင် ဒေသ နဲ့ မွန်ပြည်နယ် တနင်္သာရီတိုင်းတို့လိုဒေသတွေမှာတော့ ခုလပိုင်းတွေမှာ ပိုနေမြဲ ကျားနေမြဲ အနေအထားမျိုးသာတွေ့ရပါတယ်။  ထူးထူးခြားခြား တော်လှန်ရေးအင်အားစုတွေဘက်က နယ်မြေ ဆုံးရှုံးသွားတာ သို့မဟုတ် သိမ်းယူနိုင်တာမျိုး မတွေ့ရပါဘူး။ 

နောင်ချို နဲ့ မိုးဗြဲမြို့တွေ လက်လွတ်ဆုံးရှုံးသွားရတာနဲ့ ပတ်သက်လို့ စစ်ရေး သုံးသပ်သူ၊ လေ့လာစောင့်ကြည့်သူ၊ သုတေသီ စသဖြင့် အမျိုးမျိုးသော နာမဝိသေသတွေ တပ်ထားတဲ့ ဆောင်းပါးရှင်တွေက သတင်းမီဒီယာတွေမှာ ၄င်းတို့ အမြင်တွေကို ရေးသားနေကြတာလည်း တွေ့မြင်ကြရပါလိမ့်မယ်။ 

TNLA ကိုတော့ နယ်မြေတွေ အများအပြား တိုက်ခိုက်သိမ်းယူနိုင်ပြီးနောက်မှာ အဆိုပါသိမ်းယူထားတဲ့ နယ်မြေတွေကို ပလောင်ပြည်အဖြစ် အများအသိအမှတ်ပြုမှုမျိုးရဖို့ စိတ်စောနေခဲ့တာ၊ အဆိုပါဒေသတွေမှာ အခွန်အကောက်နဲ့ သယံဇာတ ကောက်ယူ ထိန်းချုပ်နိုင်ဖို့ကို စိတ်စောပြီး အခြားသောတော်လှန်ရေး လက်နက်ကိုင် အဖွဲ့တွေနဲ့ အောက်ခြေအဆင့်မှာ ပွတ်တိုက်မှု အငြင်းအခုံဖြစ်မှု ရုန်းရင်းဆန်ခတ်ဖြစ်မှုတွေ ဖြစ်ပွားခဲ့ရာက စစ်ရေးမဟာမိတ် အခွင့်အလမ်းတွေ ဆုံးရှုံးခဲ့တာကြောင့်လို့ သုံးသပ်ကောက်ချက်ချတာတွေလည်း တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။ 

မိုးဗြဲမြို့ လက်လွှတ်လိုက်ရတဲ့ အကြောင်းကတော့ နောင်ချိုမြို့နဲ့ မတူကွဲပြားတဲ့ အကြောင်းတွေကြောင့်လို့ ကောက်ချက်ချကြတာတွေ့ရမှာ ဖြစ်ပါတယ်။ KNDF ရဲ့ ဒုစစ်ဦးစီးချုပ် ဖြစ်သူ မာဝီက DVB သတင်းမီဒီယာ ကို ဖြေကြားရာမှာတော့ စစ်ကောင်စီဘက်က ၄င်းတို့ တပ်သားအင်အား အကျအဆုံးများသည့်တိုင် အလေးမထားပဲ တန်ဖိုးမထားဘဲ ထိုးစစ်ဆင်ခဲ့ပြီး ၄င်းတို့ဘက်ကတော့ မိမိတို့ရဲဘော်တွေရဲ့ အသက်ကို တန်ဖိုးထားခြင်းကြောင့် ဆုတ်ခွာပေးခဲ့တာလို့ ပြောဆိုတာတွေ့ရပါတယ်။ ဒါ့အပြင် ရှမ်းတောင်ဘက်က စစ်ကောင်စီကို ထောက်ခံတဲ့ နယ်ခြားစောင့်တပ် PNO လက်နက်ကိုင်တပ်ရဲ့ အကူအညီနဲ့ မိုးဗြဲကို ထိုးစစ်ဆင်ခြင်းကတည်း အကြောင်းတချက် ဖြစ်တယ်လို့ဆိုပါတယ်။   

သတင်းဌာနတခုကတော့ တော်လှန်ရေး လက်နက်ကိုင်တပ်က သတင်းရင်းမြစ် ကိုကိုးကားပြီး ဖေါ်ပြရာမှာ စစ်ကောင်စီ အနေနဲ့ ဒရုန်းလက်နက်တွေ အများအပြားသုံးလာနိုင်ခြင်းက အကြောင်းတချက် ဖြစ်တယ်လို့ဆိုပါတယ်။ 

အထက်က ဖေါ်ပြခဲ့တဲ့ အကြောင်းအချက်တွေက တခုချင်းစီ အနေနဲ့ မှားယွင်းတယ်လို့ မဆိုနိုင်ပါဘူး။ သို့ပေမယ့် တနိုင်ငံလုံး အတိုင်းအတာနဲ့ ခြုံငုံပြီး သုံးသပ်ရရင် တော်လှန်ရေး လက်နက်ကိုင် အင်အားစုတွေဘက်မှာ စုစည်းထားတဲ့ မဟာဗျူဟာ တခု မရှိတဲ့အချက်ကိုလည်း တွေ့မြင်နိုင်ပါတယ်။ ၁၀၂၇ စစ်ဆင်ရေးက တနိုင်ငံလုံး စုစည်းထားတဲ့ မဟာဗျူဟာ မဟုတ်သော်လည်း ၁၀၂၇ စစ်ဆင်ရေး ဖြစ်ပွားချိန်မှာ တပြိုင်နက်ထည်း နေရာအသီးသီးမှာ တိုက်ခိုက်ကြတဲ့ တစုတစည်းထည်း ဗျူဟာသဘောလို့ ဆိုရင် မှားမယ် မထင်ပါဘူး။ ထိုစဥ်က ၁၀၂၇ စစ်ဆင်ရေး ထဲပါဝင်တဲ့ မြောက်ပိုင်း ညီနောင် ၃ ဖွဲ့ကို စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ရှမ်းတောင်၊ ရှမ်းမြောက်၊ မန္တလေးတိုင်း ကရင်နီ (ကယား) စတဲ့ ဒေသက လက်နက်ကိုင် အဖွဲ့တွေက လူအင်အားနဲ့ သွားရောက်ကူညီ တိုက်ခိုက်ခဲ့ကြတဲ့ အနေအထားမျိုး အခုနေ ရှိမနေတော့တာလည်း သိသာထင်ရှားတဲ့ အချက်တချက်ဖြစ်ပါတယ်။ 

အဲဒီကာလကလို စုစည်းမှုမျိုး ဘာကြောင့် ပြန်လည် မဖေါ်ဆောင်နိုင်ကြတာပါလဲ။ အန်ယူဂျီ အနေနဲ့ စုစည်းမှုမှာ အဓိက အခန်းကဏ္ဍက လုပ်ဆောင်နိုင်ခြင်း မရှိဘူးလား စတဲ့ မေးခွန်းတွေလည်း ပေါ်ထွက်လာပါလိမ့်မယ်။ ၁၀၂၇ စစ်ဆင်ရေး ကာလမှာလည်း နိုင်ငံရေးအရ တနိုင်ငံလုံး အတိုင်းအတာနဲ့ စုစည်းနေကြတာ မဟုတ်ပေမယ်လို့ စစ်ရေးအရတော့ တပြိုင်နက်ထဲ ထိုးစစ်တွေ ဖြစ်ခဲ့တာ ဖြစ်ပါတယ်။ အခုအနေအထားမှာ တရုတ်နိုင်ငံရဲ့ ဖိအားကြောင့်ပဲ ဆိုဆို MNDAA အနေနဲ့ အပစ်ရပ်ထားပြီး ဖြစ်သလို KIA နဲ့ TNLA အကြား ပူးပေါင်းမှုမျိုး မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသကလက်နက်ကိုင် အဖွဲ့တွေနဲ့ မြောက်ပိုင်းက လက်နက်ကိုင် အဖွဲ့တွေအကြား ပူးပေါင်းစစ်ဆင်ရေးမျိုး ထပ်မံဖေါ်ဆောင်ဖို့ ရာမှာ အကျိုးစီးပွားချင်း ထပ်တူကျ မနေကြတဲ့ အနေအထားမျိုး မှာ ရောက်နေတာ ဖြစ်ပါတယ်။ 

နွေဦးတော်လှန်ရေးဟာ စစ်ကောင်စီ ပြုတ်ကျရေး အပြီးတိုင် အနိုင်ယူရေး ရည်မှန်းချက် ပန်းတိုင်ဖြစ်တာ မှန်ပေမယ့် တော်လှန်ရေး လက်နက်ကိုင်အင်အားစုတွေအကြား မှာပင်လျင် အောင်မြင်မှုတွေ ရလာချိန်မှာ ဘယ်လို ခွဲဝေ အုပ်ချုပ်ကြမလဲ ဘယ်လို အဆင့်တွေနဲ့ ဖက်ဒရယ် ဒီမိုကရေစီကို တည်ဆောက်ကြမလဲ ဆိုတဲ့ အဆင့်အလိုက် သဘောတူညီမှုတွေ ရယူထားခြင်း မရှိတဲ့အချက်ကလည်း အခုနေအခါမှာ သတိပြုမိစရာ ဖြစ်လာပါတယ်။ 

အခုရောက်ရှိနေတဲ့ အဆင့်၊ လမ်းခုလပ်မှာ လျှောက်ခဲ့တဲ့ လမ်းကို ပြန်ကြည့်ပြီး သုံးသပ်ရင်း ရှေ့ဆက်လျှောက်ရမယ့်လမ်းကိုကို မျှော်မှန်းကြည့်ဖို့လည်း အရေးကြီးတဲ့အကြောင်း တိုက်တွန်းလိုက်ရပါတယ်။




Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar