ခရမ်းပြာထက်လူ - မြေဆွေးကိုစား ပန်းပွင့်များအန်ထုတ်ခဲ့ပုံ
Art - Than Htay Maung
မြေဆွေးကိုစား ပန်းပွင့်များအန်ထုတ်ခဲ့ပုံ
ခရမ်းပြာထက်လူ
(မိုးမခ) ဇူလိုင် ၂၄၊ ၂၀၂၅
"လုပ်သင့်တာက”
ကိုယ့်ရဲ့လူသားဆန်မှုကပေါက်ပွားလာတဲ့ကမ်းနားသစ်ပင်ကို
"လုပ်ချင်တာက”ဆိုတဲ့မြစ်ရေအလျဉ်က တရကြမ်းပြန်လည်
တိုက်စားပစ်သွားနိုင်တာလည်းဖြစ်နိုင်ပါတယ်။
ကိုယ်နဲ့ပတ်သက်ပြီး
ဒီကမ္ဘာမြေပြင်ရဲ့အထက်နားလေထုထဲ
ရယ်မောပျော်ရွှင်သံတွေ
ငိုညည်းကြေကွဲသံတွေ ရောပြွမ်းနေတဲ့
အော်သံကြီးတခုစီးဖြန်းလို့ကျန်နေရစ်ခဲ့နိုင်တယ်
သက်တံလို ဒါမှမဟုတ် ရေဆိုးမြောင်းတခုလို။
ပြီးတော့ အထီးကျန်စွာ၊ အများသူငါရဲ့
ရက်စက်သောတိတ်ဆိတ်မှုကြီးကိုယ်ဝန်ဆောင်လို့
မနက်ဖြန်ကစပြီး
ခရီးသစ်တခုကိုဆက်ထွက်ခဲ့ရတော့မယ်
ဆိုတာလည်း ကိုယ်နားလည်ပြီးသားပဲ။
မမျှော်လင့်ပါနဲ့
မေ့ဖို့ဆိုတာကလွယ်ပြီး သတိရဖို့ဆိုတာကခက်တယ်
ရင်ဘတ်ကိုမှန်ပြီးပွင့်လာတာ
သွေးလား နှင်းဆီလားမသဲကွဲဘူးသစ်ရွက်စိမ်းကလေးရေ။
-
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar
