MDY-PDF တွေ သိမ်းယူထားတဲ့ သပိတ်ကျဥ်းမြို့ လက်လွှတ်လိုက်ရ၊ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ပိတ်ဆို့အရေးယူမှု ဥပဒေကြမ်း
မြန်မာနွေဦးခရိုနီကယ် - ဇူလိုင် ၂၃ မြင်ကွင်း
(မိုးမခ) ဇူလိုင် ၂၄၊ ၂၀၂၅
MDY-PDF တွေ သိမ်းယူထားတဲ့ သပိတ်ကျဥ်းမြို့ လက်လွှတ်လိုက်ရ၊ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ပိတ်ဆို့အရေးယူမှု ဥပဒေကြမ်း
စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ သပိတ်ကျဥ်းမြို့ကို MDY-PDF ယမန်နှစ် သြဂုတ်လက သိမ်းယူနိုင်ခဲ့ပြီးနောက် တနှစ်ပြည့်ဖို့ ၁ လ ခန့်အလိုမှာ စစ်ကောင်စီတပ်က ဇူလိုင် ၂၂ ရက်နေ့ညက ပြန်လည်ဝင်ရောက် သိမ်းယူခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြထားကြပါတယ်။
မန္တလေးတိုင်းရဲ့ မြောက်ဘက်အစွန်ဆုံး မြို့နယ် ဖြစ်ပြီး မန္တလေးတိုင်းထဲက မိုးကုတ်နဲ့ မန္တလေး ဆက်သွယ်ထားတဲ့ ကားလမ်းရဲ့ လက်ဝဲဘက် ဧရာဝတီမြစ်နဘေးမှာ တည်ရှိတဲ့ မြို့ဖြစ်ပါတယ်။ သပိတ်ကျဥ်းမြို့ လို့ဆိုလိုက်ရင် ရွှေတွင်းတွေ အများအပြားရှိတဲ့ မြို့နယ်ဖြစ်ပြီး MDY-PDF တပ်ဖွဲ့အနေနဲ့ ပြီးခဲ့တဲ့ တနှစ်ကျော်ကာလအတွင်း စစ်ကောင်စီလက်ထဲက တိုက်ခိုက်သိမ်းယူထားတဲ့ ကာလအတွင်းမှာ သပိတ်ကျဥ်းမြို့နယ်ထဲက ရွှေတူးဖေါ်တဲ့ လုပ်ငန်းတွေကနေ အခွန်အကောက် နဲ့ ရံပုံငွေ အများအပြားရရှိခဲ့တာကြောင့် သပိတ်ကျဥ်းမြို့နယ်ဟာ MDY-PDF နဲ့ NUG အစိုးရတို့အဖို့ အရေးပါတဲ့ ဒေသတခုလည်း ဖြစ်ပါတယ်။
ယမန်နှစ် နှစ်လယ်ပိုင်းက စစ်ကောင်စီ တပ်တွေ စခန်း၊ နယ်မြေနဲ့ မြို့တွေ တခုပြီးတခု ဆက်တိုက်ဆုံးရှုံးနေခဲ့ချိန် မှာ MDY-PDF က သပိတ်ကျဥ်းမြို့ကို တိုက်ခိုက်သိမ်းယူခဲ့တာ ဖြစ်ပြီး ထိုသို့သိမ်းယူစဥ်က MDY-PDF အနေနဲ့ မြို့ကို သိမ်းယူဖို့ ၃ ရက်သာကြာမြင့်ခဲ့တယ်လို့ ဆိုပြီး လက်ရှိ စစ်ကောင်စီဘက်က သပိတ်ကျဥ်းကို ပြန်လည် သိမ်းယူရာမှာ လနဲ့ချီကြာမြင့်ခဲ့တယ်လို့ ရေးသားဖေါ်ပြနေကြတာလည်း တွေ့ရပါတယ်။
TNLA တအာင်း အမျိုးသားလွတ်မြောက်ရေးတပ် နဲ့ မဟာမိတ်ဆက်ဆံရေး ရှိတဲ့ MDY-PDF အနေနဲ့ မန္တလေးတိုင်း မြောက်ပိုင်း ဒေသတွေဖြစ်တဲ့ သပိတ်ကျဥ်း၊ မတ္တရာ၊ စဥ့်ကူး၊ ပြင်ဦးလွင်၊ မိုးကုတ်၊ ပုသိမ်ကြီးမြို့နယ်ထဲက ဒေသတွေ၊ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်ထဲက ဒေသအချို့ မှာ အဓိက လှုပ်ရှားနေတာ ဖြစ်ပါတယ်။ MDY-PDF လက်နက်ကိုင် တပ်ဖွဲ့ဟာ အမျိုးသားညီညွတ်ရေး အစိုးရရဲ့ ကာကွယ်ရေး ဝန်ကြီးဌာနလက်အောက်မှာ ရှိပေမယ့်လည်း စစ်ရေးလှုပ်ရှားမှုတွေမှာတော့ TNLA နဲ့ နီးကပ်စွာ ပူးပေါင်းလှုပ်ရှားတဲ့ အနေအထားလည်း တွေ့ရပါတယ်။
ရှမ်းပြည်နယ် မြောက်ပိုင်းနဲ့ မန္တလေးတိုင်း မြောက်ပိုင်း လက်ရှိ အခြေအနေကို အကဲဖြတ်ကြည့်ရင် TNLA တပ်တွေလည်း နောင်ချိုမြို့ကို လက်လွှတ်ခဲ့ရတဲ့ ရက်ပိုင်းတွေမှာ MDY-PDF တပ်တွေအနေနဲ့လည်း သပိတ်ကျဥ်းမြို့ကို လက်လွှတ်လိုက်ရတာ ဖြစ်ပါတယ်။
အခုလို စစ်ကောင်စီတပ်တွေ ထိုးစစ်ပြန်ဆင်လာနိုင်တဲ့ အကြောင်းရင်းတွေက တခုမက ရှိနေတာဖြစ်ပြီး ရှမ်းမြောက်မှာ အခြေစိုက်တဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေအပေါ် တရုတ်နိုင်ငံရဲ့ မူဝါဒ အပြောင်းအလဲ၊ စစ်ကောင်စီ အနေနဲ့ လူအင်အား ပြန်လည်ဖြည့်တင်းဖို့ စစ်မှုထမ်း ဥပဒေ အသက်သွင်းခဲ့ခြင်းကြောင့် လျော့နည်းသွားတဲ့ လက်နက်ကိုင်အင်အားကို ပြန်လည်ဖြည့်တင်းနိုင်တဲ့ အားသာချက်၊ ၁၀၂၇ စစ်ဆင်ရေးကာလတွေမှာ ၄င်းတို့ အရေးနိမ့်ခဲ့တဲ့ တိုက်ပွဲတွေကနေ သင်ခန်းစာယူပြီး ဒရုန်း နည်းပညာကို တွင်ကျယ်စွာ အသုံးပြုလာနိုင်ခြင်းနဲ့ လက်နက်ခဲယမ်း အတွက် ရုရှား၊ တရုတ်နိုင်ငံတို့ကို မှီခိုနိုင်ခြင်း စတဲ့အကြောင်းတွေ ပေါင်းဆုံခဲ့တာက စစ်ကောင်စီ အနေနဲ့ ပြန်လည်အသက်ရှူ ချောင်လာစေတယ်လို့ ကောက်ချက်ချနိုင်ပါတယ်။
စစ်ကောင်စီ အနေနဲ့ ပြန်လည်ထိုးစစ်ဆင် တိုက်ယူရာမှာ စစ်ရေးအရ မဟာဗျူဟာကျခြင်းနဲ့ စီးပွားရေး ၊ သယံဇာတအရင်းအမြစ်ရှိတဲ့ မြို့/ဒေသတွေကို ဦးစားပေး တိုက်ခိုက်တာတွေ့ရမှာ ဖြစ်ပါတယ်။ ဖားကန့် နဲ့ သပိတ်ကျဥ်းတို့လို နေရာတွေက သယံဇာတကို ထိန်းချုပ်ခွင့်ရဖို့ ဖြစ်ပြီး တဖက်လက်နက်ကိုင် အဖွဲ့အနေနဲ့ သယံဇာတက ရရှိတဲ့ ငွေကြေးနဲ့ စစ်ပွဲကို အားဖြည့်နိုင်တဲ့ အချက်ကို စစ်ကောင်စီဘက်က သတိပြုမိပြီး ဖြစ်နိုင်ပါတယ်။ နောင်ချို၊ မိုးဗြဲတို့ကို သိမ်းယူဖို့ကြိုးစားခြင်းက အဆိုပါမြို့တွေက ဗျူဟာအရ အရေးကြီးတဲ့ နေရာတွေဖြစ်တာကြောင့်လို့ ဆိုရမှာပါ။ နောင်ချိုမြို့က တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းပေါ်က အရေးပါတဲ့ နေရာမှာ ရှိတာလည်း ဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ မြန်မာနဲ့ပတ်သက်တဲ့ မဟာဗျူဟာအလှည့်အပြောင်းရဲ့ ရလဒ်၊ ဥပဒေ အသက်သွင်းပြီး အဓမ္မစစ်သားစုဆောင်းမှု၊ စစ်ကောင်စီ ဆန့်ကျင်တိုက်ခိုက်နေတဲ့ တော်လှန်ရေးလက်နက်ကိုင် တပ်ဖွဲ့တွေအကြားက အကျိုးစီးပွား ပဋိပက္ခဖြစ်မှု နဲ့ တော်လှန်ရေးအင်အားစုတွေအကြား နိုင်ငံရေးနဲ့ စစ်ရေး နှစ်ခုလုံးမှာ စုစည်းလှုပ်ရှားနိုင်စွမ်း မရှိသေးတဲ့ အချက်တွေက စစ်ကောင်စီကို အင်အားပြန်လည်ဖြည့်တင်းဖို့ အခွင့်အလမ်းပေးလိုက်သလို ဖြစ်စေမှာ သတိပြုသင့်ပါတယ်။
ဒီနေ့အဖို့ နောက်သတင်းအကြောင်းအရာတခုက အမေရိကန် ဘဏ္ဍာရေးဆိုင်ရာ လွှတ်တော်ကော်မတီက မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ဥပဒေကြမ်း ၃ ခုကို အတည်ပြုလိုက်တဲ့ သတင်းဖြစ်ပါတယ်။ စီးပွားရေး ပိတ်ဆို့တာ၊ စစ်ကောင်စီ အနေနဲ့ လေယာဥ်ဆီ မရရှိအောင် ကန့်သတ်ပိတ်ဆို့တာတွေ ရန်ပုံငွေ အသစ်မရရှိအောင် တားဆီးမယ့် ဥပဒေကြမ်းတွေ ဖြစ်ပါတယ်။
ဒီဥပဒေကြမ်းတွေက ဘယ်လောက်ထိ ထိရောက်မလဲ၊ သက်ရောက်မှုဘယ်လောက် ရှိမလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိနိုင်သေးပါဘူး။ နွေဦးတော်လှန်ရေးကို ထောက်ခံတဲ့ အကူအညီပေးတဲ့ဟာမျိုးထက် စစ်ကောင်စီကို အားချည့်နဲ့အောင် လုပ်ဆောင်မယ့် ရည်ရွယ်ချက်လို့ဆိုနိုင်ပါလိမ့်မယ်။ အမေရိကန်ရောက် မြန်မာ့အရေး စည်းရုံးလှုံ့ဆော်သူတွေကတော့ အခုလို စစ်ကောင်စီကို ဖိအားပေးမယ့် ဥပဒေကြမ်းအတွက် မျှော်လင့်နေကြတာ ဖြစ်ပါတယ်။ တဖက်မှာလည်း အမေရိကန် ပြည်ထောင်စုမှာ လက်ရှိအာဏာရနေတဲ့ ထရန့်အစိုးရဟာ မြန်မာ့အရေးကို စိတ်ဝင်စားတဲ့ အစိုးရမဟုတ်တာ သတိပြုဖို့ လည်း လိုပါတယ်။ ဂါဇာ ကမ်းမြောင်မှာ ပါလစ္စတိုင်း ၂ သန်းကျော်ကို လနဲ့ ချီ ရိက္ခာဖြတ်တောက်ထားတဲ့ အစ္စရေးလ် အစိုးရရဲ့ လုပ်ရပ်ကို တားဆီးခြင်း မရှိတဲ့အပြင် အားပေးအားမြှောက်ပြုနေတဲ့ အစိုးရလည်း ဖြစ်ပါတယ်။ ပါလစ္စတိုင်းတွေ အတွက် ရိက္ခာဝေချမ်းရေးကို အမေရိကန် ကန်ထရိုက်တာ ကုမ္ပဏီတခုကို တာဝန်ပေးပြီး ဝေချမ်းရာမှာ ရိက္ခာယူဖို့ စုဝေးလာကြတဲ့ လူအုပ်ကို မောင်းပြန်သေနတ်တွေ တခါတရံ ရော့ကက်လောင်ချာလိုမျိုး နဲ့ အစ္စရေးလ် စစ်တပ်က ပစ်ခတ်တာတွေကို ထရန့် အစိုးရက ကန့်ကွက် ရှုတ်ချခြင်း မရှိတာ ရာဇဝတ်မှုတွေမှာ ပါဝင်ကူညီတာလည်း ဖြစ်ပါတယ်။
ရိက္ခာဖြတ်တောက်ခံထားရတာကြောင့် အငတ်ဘေးနဲ့ ရင်ဆိုင်နေရတဲ့ ကလေးငယ်၊ အသက်သေဆုံးလုနီး ဖြစ်နေတဲ့ ကလေးငယ်၊ သူတို့ရဲ့ ဘဝတလျှောက်လုံး ပုံမှန်ကျန်းမာတဲ့သူ အနေနဲ့ အသက်ရှင်သန် မနေထိုင်နိုင်လောက်တဲ့အထိ အဟာရချို့တဲ့မှု ခံစားရတဲ့ သန်းနဲ့ချီတဲ့ ပါလစ္စတိုင်း အရပ်သားတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေမှာ အားပေးကူညီတာ အမေရိကန် ပြည်ထောင်စု ဖြစ်နေတဲ့ အချက်ကို လျစ်လျူရှုလို့ မရပါဘူး။
မြန်မာနိုင်ငံရဲ့ လက်ရှိ စစ်ပွဲတွေ၊ လေကြောင်းက တိုက်ခိုက်ခံရမှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ နဲ့ စစ်တပ်က ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေ ထက် အဆများစွာဆိုးရွားတဲ့ စစ်ရာဇဝတ်မှု၊ လူမျိုးတုန်းသတ်ဖြတ်မှုတွေကို အစ္စရေးလ် အစိုးရ လက်နက်ကိုင်တပ်တွေက ကျူးလွန်နေကြတာ ဖြစ်ပါတယ်။
ဒီလို ကမ္ဘာရဲ့ ဒေသတခုမှာ လူ့သမိုင်းမှာ ဆိုးရွားဆုံး လူမျိုးတုန်းသတ်ဖြတ်မှုတွေ ၊ စစ်ရာဇဝတ်မှုတွေ ဖြစ်ပွားနေရာမှာ ပူးပေါင်းပါဝင်နေတဲ့ အစိုးရတရပ်ကို မြန်မာ့အရေးမှာ အကူအညီပေးဖို့ တောင်းဆိုခြင်း မျှော်လင့်နေခြင်းဟာ နည်းနည်းတော့ ရှေ့နောက်မညီတဲ့ အတွေး အယူအဆဖြစ်နေလိမ့်မှာ သတိပြုဖို့လိုအပ်နေတာ ဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar