ဆရာ ဖိုးသံ(လူထု)၊ ရဲဘော်ဖိုးသံချောင်း သက် ၈၀ ပြည့် မွေးနေ့ ဆုတောင်းစကား
ဆရာ ဖိုးသံ(လူထု)၊ ရဲဘော်ဖိုးသံချောင်း သက် ၈၀ ပြည့် မွေးနေ့ ဆုတောင်းစကား
မောင်ရစ်
မိုးမခ၊ ဇူလိုင် ၂၄၊ ၂၀၂၅
ဆရာ့စာတွေ အစဉ်အမြဲ တင်ပါတယ် မိုးမခမှာ။ သည်နေရာမှာ စာဟောင်းတွေ သွား ရှာနိုင်ပ့ါတယ်။
https://moemaka.net/wpmmk/?s=%E1%80%96%E1%80%AD%E1%80%AF%E1%80%B8%E1%80%9E%E1%80%B6
မိုးမခဆိုက်အသစ်မှာတော့ သူ့စာ၏ စာစုလင့်က သည်မှာပါ။
https://www.moemaka.com/search/label/Phoe%20Than%20%28Ludu%29
https://www.moemaka.com/search/label/Po%20Than%20%28Ludu%29
https://www.moemaka.com/search/label/Po%20Than%20Joung
ဖိုးသံ(လူထု) ကို မတွေ့ဖူး၊ မမြင်ဖူး၊ မကြုံဖူးပေမယ့် အလွန်သိမ်မွေ့သော ဆရာဆိုတာ ဆရာနဲ့ ကျနော်နဲ့ အီးမေး အသွားအလာကနေ သိရပါတယ်။
ဆရာက မိုးမခကို အားပေးပါတယ်။ စာမူတွေ တင်ခွင့်ရှိကြောင်း အမြဲ ခွင့်ပြုပါတယ်။ မိုးမခကို ကူညီစောင့်ရှောက်ပေးသူတဦး ဖြစ်ပါတယ်။
ဆရာ့စာကို ပထမဆုံးဖတ်ဖူးတာ ကိုအေးဝင်း(လမင်းတရာ) စာအုပ်တိုက်ကထုတ်တဲ့ ယာတောက သာဗြော၏ အဝေးကပေးစာများ စာအုပ် ဖြစ်ပါတယ်။ နောင်ပိုင်းမှာ ဆရာ၏ နိုင်ငံရေးသုံးသပ်ချက်တွေ ဝေဖန်ချက်တွေ ဖတ်ရ မှတ်ရပါတယ်။ လက်ဝဲ (ကွန်မြူနစ်) စာနယ်ဇင်းသမားတွေ၏ စာတွေကို စဖတ်ဖူးတဲ့အထဲမှာ ကိုဖိုးသံ၏စာတွေက ပထမဆုံးထဲမှာ ပါမယ် ထင်ပါတယ်။ ပြည်တွင်းမှာက ဖတ်မှ မဖတ်ဖူးတာကိုး။ လက်ယာ (အရင်းရှင်) စာနယ်ဇင်သမားတွေထဲက ပြည်ပရောက် လက်စွမ်းထက်စာရေးဆရာက အောင်ဗလ ခေါ် ကြေးမုံဦးသောင်း (၁၉၂၆-၂၀၀၈) ဖြစ်မယ် ထင်ပါတယ်။ (သူက တကယ်တန်းက ပြည်တွင်းမှာ အလံနီပါ။ ကွန်မြုနစ်သန်သူ တဦးပါပဲ၊ သတိရလို့ ထပ်ဖြည့်တာ၊ သူ့ကို အရင်းရှင်လို့ ပြောရင် စိတ်ဆိုးမှာလဲ စိုးရပါတယ်) သူ့ပြည်ပရောက်မှ ရေးတဲ့စာတွေလည်း ကျနော် ပြည်ပရောက်မှ ဖတ်ဖူးတာပါ။ နောက် လက်ဝဲ(ကွန်မြူနစ်) စာရေးဆရာထဲမှာ နိုင်ငံရေးဆောင်းပါးနဲ့ အတွေ့အကြုံရေးသူတွေအဖြစ် ဖတ်ရ မှတ်ရ တန်ဖိုးထားရတာကတော့ - ဖခင်ကြီး ဗိုလ်မှူးချုပ် ကျော်ဇော နဲ့ သမီးဖြစ်သူ (အန်တီ) လှကျော်ဇော ပါ။ သူတို့တွေ၏ စာတွေကို ကျနော်တို့ စပြီး ဖတ်ရ မှတ်ရ ကြားရကတည်းက စွဲပါတယ်။ တန်ဖိုးထား လေးစားရပါတယ်။
ကျနော်က လက်ဝဲတို့ လက်ယာတို့ ဘာလို့ စကားအဖြစ်သုံးပြီး ရေးတာလဲ။ မြန်မာပြည်ကော အနောက်ကပါ လက်ဝဲဆိုရင် ကြောက်ကြပါတယ်။ လက်ဝဲတံဆိပ် (ကွန်မြူနစ်) မပြောနဲ့ ဆိုရှယ်လစ်တွေလို့ တံဆိပ်ကပ်ရင်တောင် အတော် အနေရခက်ကြတယ်။ တကယ်တမ်းကျတော့ လက်ဝဲတံဆိပ်ကပ်ခံရတာက ပြည်သူ (လူထု) နဲ့ နီးစပ်ပြီး လက်ယာတံဆိပ်ကတော့ အရင်းရှင်ဆန်တယ်၊ ပညာတတ်ဉာဉ်ရှိတယ် ဆိုတာမျိုး အဓိပ္ပါယ်ရတယ်လို့ မြင်ပါတယ်။ အမေရိကားမှာ လစ်ဘရယ်ကျတယ်တို့ တိုးတက်တဲ့အမြင်ရှိတယ် ဆိုတာက လက်ဝဲဆန်တယ်လို့ မဆိုပါဘူး။ နည်းနည်းလေး ခေတ်ရှေ့ပြေးတယ်၊ မော်ဒန်ဖြစ်တယ် ဆိုရုံလောက်ပါ။ လက်ယာဆန်တယ်ဆိုတာကတော့ ရှေးရိုးစွဲသူ၊ အရင်းရှင်ဆန်သူနဲ့ မျိုးချစ်စိတ်ကြီးသူတွေမျိုး ကို ဆိုလိုတာဖြစ်ပါတယ်။ သည်တော့ လက်ဝဲ၊ ကွန်မြူနစ်၊ ဆိုရှယ်လစ်အသုံးဆိုတာ တကယ်ကို လေးလေးနက်နက်ထားသုံးတယ်လို့ ဆိုချင်တာပါ။ အမေရိကားမှာ ဘာနီီဆန်ဒါးဆိုတဲ့ အဘိုးကြီးကို ဆိုရှယ်လစ်လို့ ပြောကြတယ်။ အမေရိကန်က ကွန်မြုနစ်သန်သူတွေကတော့ ဘာနီဆန်းဒါးကို ဆိုရှယ်လစ်အဆင့်ကနေ ကွန်မြုူနစ်အဆင့်တောင် မသတ်မှတ်သေးပါဘူး။ သူက ပညာတတ် အီလစ်ပဲလို့ သဘောထားကြတယ်။
ပြောချင်တာက သာတူညီမျှ လူတန်းစားဝါဒကို ယုံကြည်နှစ်မြုပ်လုပ်ကိုင်သူတွေ ရေးတဲ့စာတွေလိုမျိုး ဖတ်ရတာ အမြင်ရှင်းတယ် ဆိုချင်တာပါ။ အာဏာရှင်ကို အပြုတ်တိုက်မှ ရမယ်ဆိုတာမျိုးက အာဏာရှင်နဲ့ အတူယှဉ်တွဲ နေထိုင်မယ်၊ မနိုင်လို့ သီးခံပြီး ပေါင်းရမယ်ဆိုတာမျိုးနဲ့ ရပ်တည်ချက်ချင်း ကွာပါတယ်။ ကိုဖိုးသံတို့ စာတွေက အဲသည်လိုမျိး ပြတ်ပြတ်သားသား ပြောပါတယ်။ သည်လို ခံစားရပါတယ်။ တသက်လုံး ဒါကို ယုံကြည် ရပ်တည် အသက်ရှည်သူမို့ သူ့အသက် ၈၀ ပြည့်မှာ သူ့ကို ဂါရ၀ပြုတဲ့အနေနဲ့ သည်စာကို ရေးပါတယ်။ သူ့စာတွေ ဖတ်ရတာ ကျနော့်အတွက် ကျေးဇူးကြီးပါတယ်။ ဆက်ပြီး အသက်ရှည်ရှည်နဲ့ စာတွေရေးသွား အတွေ့အကြုံတွေ ဖြန့်ဝေသွားမယ်လို့ မျှော်လင့် တိုက်တွန်းရပါတယ်။
ပြည်တွင်းမှာတုန်းက လူထုဦးလှ လူထုဒေါ်အမာ ဗန်းမော်တင်အောင် စာတွေကို ဖတ်ရှုခဲ့ဖူးပါတယ်။ မြန်မာစာပေ၊ ယဉ်ကျေးမှု နဲ့ အနုပညာအမွေတွေကို မြန်မာစာဖတ်သူတွေကို ပေးပါတယ်။ ပြည်ပရောက်တော့ ကိုဖိုးသံ၏ စာတွေ ဖတ်ရပါတယ်။ မြန်မာ စာပေ၊ ယဉ်ကျေးမှု၊ အနုပညာအပြင် စာပေစိစစ်ရေးမရှိတဲ့ ဆင်ဆာမရှိတဲ့ အတားအဆီးမရှိတဲ့ လွတ်လပ်တဲ့ နိုင်ငံရေး လူမှုရေး အတွေးအမြင်တွေကို ဖတ်ရှုရပါတယ်။ ဒါလဲ စာပေလွတ်လပ်ခွင့်ရှိမှုရဲ့ ကျေးဇူးဖြစ်ပါတယ်။ စစ်အာဏာရှင်တွေအောက်မှာ ဖုံးကွယ်ပြီး တန်ဆာဆင်ရေးသားတာထက် ပွင့်လင်းလွတ်လပ် အမှိအခိုကင်းတဲ့စာမျိုး ဖတ်ရတာ အလွန် အရသာ ရှိပါတယ်။ ကိုဖိုးသံလိုမျိုး ကြွယ်၀သူတဦးက ရေးတာမို့ ဖတ်ရှုရတာ အလွန် အရသာရှိတယ် ဆိုချင်ပါတယ်။
မြန်မာပြည်ပြင်ပမှာ စာပေရေးသားသူ အများအပြား ရောက်ရှိ ဖူးပွင့် ခြေဆန့်နေကြပါပြီ။ လက်ဝဲသန်သူတွေ လက်ယာ ဆန်သူတွေ အမျိုးဘာသာသာသနာ ထိန်းသိမ်းလိုသူတွေ၊ ခေတ်ရှေ့က ဆောင်မယ့်သူတွေ အများအပြား ပေါ်ထွန်းလျက်ရှိပါတယ်။ မြန်မာပြည်တွင်းကလည်း အမှောင်ရိပ်အောက်ကနေ ရုန်းထွက်ပြီး အလင်းရောင်အောက်မှာ ၎င်းတို့ စာပေအရေးအသားတွေ ဖူးပွင့်အောင် ပို့ဆောင် ပေးနေကြပါပြီ။ သည်တော့ မြန်မာစာပေနဲ့ နိုင်ငံရေးသမိုင်းဖြတ်သန်းမှုတွေထဲက လက်တွေ့ကော စာတွေ့ပါ ဖြတ်ကျော်ခဲ့ကြသူတွေ၏ စာတွေကိုလည်း ဆက်လက် ဖတ်ရှု အရသာခံကြည့်ကြဖို့လည်း မမေ့ဖို့ တိုက်တွန်းချင်ပါတယ်။
ရဲဘော်ဖိုးသံချောင်း သက်တော်ရာကျော် ရှည်ပါစေ။
(မောင်ရစ်)
(ဇူလိုင် ၂၃၊ ၂၀၂၅)
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar