Breaking News

ကောင်းဇေလူ - ကိုယ်ကျိုးရှာမှုတွေ မထိန်းချုပ်နိုင်ရင် တော်လှန်ရေး နှေးကွေးသွားနိုင်တယ်


ကောင်းဇေလူ - ကိုယ်ကျိုးရှာမှုတွေ မထိန်းချုပ်နိုင်ရင် တော်လှန်ရေး နှေးကွေးသွားနိုင်တယ်

အတုအယောင် ရွေးကောက်ပွဲကို လျှော့မတွက်ကြနဲ့

မိုးမခ ၊ ဇူလိုင် ၂၆ ၊ ၂၀၂၅


“ပြည်ထဲအရေး ပေါက်နံ့ကျေး” ဆိုတဲ့အတိုင်း လက်ရှိ မြန်မာ့နိုင်ငံရေးအခြေအနေဟာ ပြည်သူတွေ မှန်းထားချက်နဲ့ နည်းနည်း ကွာဟချက်တွေ ရှိနေတာ မြင်နေရတယ်။ နွေဦးတော်လှန်ရေးအရှိန်အဟုန် မြင့်တက်နေရာက လတ်တလောမှာ တန့်သွားသလို နှေးကွေးလေးလံနေတယ်လို့ ထင်နေကြတယ်။ တော်လှန်ရေး  ၂၀၂၁  ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ  စစ်တပ် အားကိုးနဲ့  အကြမ်းဖက် စစ်အုပ်စုက စစ်အာဏာ ထပ်မံ သိမ်းပြီး တိုင်းပြည်ကို ဆင်းရဲဒုက္ခနွံအိုင်ထဲ ဆွဲချခဲ့ပြန်တဲ့အတွက်  စစ်တပ်ရဲ့ ယုတ်ညံ့မှုကို ပြည်သူအများစုက သည်းခံနိုင်စွမ်း ကုန်ဆုံးသွားခဲ့တယ်။

အကျိုးဆက်ကတော့ စစ်အာဏာရှင်စနစ် ပျက်သုဉ်းရေးအတွက် တူမီးသေနတ်နဲ့ လက်နက်ကိုင် တော်လှန်ရေး စတင်လိုက် ကြတယ်။ လွပ်လပ်မှု၊ တရားမျှတမှုနဲ့ တန်းတူညီမျှမှု တွေ ဆုံးရှုံးခဲ့ရတာဖြစ်လို့ လက်နက်ကိုင်တော်လှန်ရေးနည်းမှတပါး အခြားရွေးချယ်စရာ မရှိ ဖြစ်ခဲ့ကြရတယ်။  ဖက်ဆစ် ဂျပန်တော်လှန်ရေး(၁၉၄၅) နောက်ပိုင်း နှစ်ပေါင်း ရှစ်ဆယ်ကျော် အတွင်း မြန်မာ့သမိုင်းမှာ  ပြည်သူတွေ ကိုယ်တိုင် ရွေးချယ်ခဲ့တဲ့ “နွေဦးတော်လှန်ရေး” ကို မရှောင်သာ မလွှဲသာ ဆင်နွှဲခဲ့ ကြရတယ်။

ဒီကနေ့ တော်လှန်ရေး ၄-နှစ်ခွဲကာလ ကျော်လွန်လာချိန်မှာ တော်လှန်ရေးမှာ ပါဝင်ဆင်နွှဲနေကြတဲ့ အဖွဲ့အစည်းတွေအပေါ် အားမလို အားမရဖြစ်လာကြတဲ့အတွက် ဝေဖန်သံတွေ ကျွက်ကျွက်ညံလာတာ ကြားသိနေရတယ်။ အများစုကတော့ အကောင်းမြင် အပြုသဘောနဲ့ ဝေဖန်ထောက်ပြကြတာဖြစ်ပါတယ်။ နိုင်ငံ့အရေးလုပ်ကြရာမှာ ဝေဖန်ရေးနဲ့ ကိုယ်ကိုယ်ကို ဝေဖန်ရေးဆိုတာကတော့ ရှင်သန်နေဖို့ လိုတာ အမှန်ပါပဲ။ တော်လှန်ရေးမှာ ထဲထဲဝင်ဝင် ပါနေပြီး တကယ်အလုပ်လုပ်နေ သူတွေအနေနဲ့  ရိုးသားဖြောင့်မတ်မှုအခြေခံပြီး ဝေဖန်စရာရှိရင် ပွင့်ပွင့်လင်းလင်း မထောက်မညှာ ဝေဖန်ရေး လုပ်သင့်ပါတယ်။ မျှမျှတတ ဘက်လိုက်မှုမလုပ်ဘဲ ပကတိ အချက်အလက်တွေအပေါ် အခြေခံပြီး ဝေဖန်ပါ။ ဂိုဏ်းဂဏစိတ်နဲ့ ဆန္ဒစွဲနဲ့ ဝေဖန်တာမျိုး မဖြစ်အောင် အထူးသတိပြုပြီး ဝေဖန်ရေးကျင့်သုံးရင် ကြိုဆိုရမှာပါပဲ။   

 လူ့သဘောသဘာဝအရ ကိုယ်လည်းဘာမှ မလုပ်နိုင်၊ သူများလုပ်တာလည်း စိတ်တိုင်းမကျတဲ့ သူတွေရဲ့ ပြစ်တင်ရှုတ်ချသံတွေ လည်း ကြားရပါတယ်။ တချို့ကျတော့လည်း နေရာနဲ့ အခွင့်အရေး လိုချင်သလောက် မရတဲ့အခါ မနာလို မရှုစိမ့်တဲ့ စိတ်မျိုးနဲ့ ရှာကြံပြီး အပုတ်ချဖို့လုပ်တာမျိုးလည်း လူ့သဘာဝ အရ ရှိလာမှာပါပဲ။ အလု ပ်မလုပ်ရင် ဝေဖန်ခွင့်မရှိ ဆိုတာက ရှေးပဝေသ ဏီ ကတည်းက ဝေဖန်ရေးစံဖြစ်ပါတယ်။ အခုများသောအားဖြင့် တွေ့နေရတာက တော်လှန်ရေးကို ဘောလုံးပွဲ ဝေဖန်သလို ပြစ်တင်ရှုတ်ချနေတာ တွေ့ရတယ်။ ဘောလုံးမကန်တတ်ဘဲ ဘောလုံးကစားနည်း စည်းမျဉ်း ဥပဒေသတွေမသိဘဲ ဝေဖန်နေတာမျိုး ဖြစ်ပါတယ်။

တခြား ကိုယ်ရေးကိုယ်တာ ကိစ္စတွေ အသုံးပြု အပုတ်ချတာ၊ သတင်းအချက်အလက် အမှားတွေနဲ့ အပုတ်ချ တာမျိုးတွေ ကတော့ စစ်အာဏာရှင်အုပ်စုဘက်သားတွေ လုပ်တဲ့ နည်းတွေဖြစ်ပါတယ်။ တော်လှန်ရေးသတိရှိရှိနဲ့ အနေအထိုင် အပြု အမူ အသွားအလာ ဆင်ခြင်ရမှာကတော့ တော်လှန်ရေးဘက်သားတိုင်းမှာ တာဝန်ရှိပါတယ်။ မလိုအပ်တဲ့ ဓါတ်ပုံတွေ သတင်းအချက်အလက်တွေ လိုင်းပေါ် မပေါက်ကြးဖို့၊ စပ်စုတဲ့ အလေ့အကျင့်တွေ မလုပ်ဖို့ကတော့ တော်လှန်ရေး ဘက် သားတိုင်း သတိချပ်ရမယ့် အလုပ်ပါပဲ။ အထူးသဖြင့် ရန်သူ့ဒလန်တွေ နေရာအနှံ့မှာ ရှိနေတာကို သတိပြုကြဖို့လိုတယ်။ သူ့လူကိုယ်ဘက်သား အဖြစ် တော်လှန်ရေးအဖွဲ့တွေထဲ့ လျှိုဝင်နေတဲ့ ထရိုဂျင်တွေ ရှိနေတာကိုလည်း သတိပြု ဖော်ထုတ်ဖို့ လိုပါတယ်။

ဒိနေ့ တော်လှန်ရေးဟာ မလွယ်ပါ။ နည်းပညာခေတ် ဖြစ်လို့ ပိုမိုခက်ခဲပါတယ်။ ဒါကြောင့် ကိုယ်တိုင် တော်လှန်ရေးအတွက် အလုပ်တာဝန် ထမ်းရွက်နေသူမဟုတ်ရင် အလုပ်လုပ်နေသူတွေကို အရမ်းကာရော မဝေဖန်သင့်ပါ။ အချက်အလက် အခိုင်အမာရှိရင် ယုံကြည်စိတ်ချလောက်သူတွေနဲ့ တိုင်ပင်အသိပေးတဲ့နည်းကို သုံးပါ။ မကောင်းသူ ပယ် ကောင်းသူကယ်ရမှာကတော့ အခြေခံကျင့်ဝတ် ဖြစ်ပါတယ်။ ကိုယ့်စိတ်ခံစားချက်ကို ရှေ့တန်းတင်ပြီး ဆိုရှယ်မီဒီယာပေါ်မှာ ဝေဖန်ရှုတ်ချတာမျိုးကတော့ တော်လှန်ရေးအရှိန်ကို နှေးကွေးအောင် လုပ်ရာကျပါတယ်။

၂၀၂၄ ခုနှစ် တနှစ်တာကာလအတွင်း တိုက်ပွဲတွေမှာ တော်လှန်ရေးအင်အားစုတွေဘက်က တပ်ဖွဲ့ဝင် ၁,၁၄၄ ဦး ကျဆုံးခဲ့ပြီး စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်က စပြီး လေးနှစ်တာကာလအတွင်း စုစုပေါင်း ၅,၀၀၅ ဦး ကျဆုံးခဲ့တယ်လို့ နွေဦး တော်လှန်ရေး သုတေသနအဖွဲ့ (Spring Revolution Database- SRD) ကထုတ်ပြန်ထားတာတွေ့ရတယ်။ (မဇ္ဈိမ)

၂၀၂၄ ခုနှစ်အတွင်း ကျဆုံးခဲ့တဲ့ ၁,၁၄၄ ဦးအနက် ပြည်သူ့ကာကွယ်ရေးတပ် (PDF) ၉၅၆ ဦး၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန (MOD) မှ ၇၃ ဦး၊ တိုင်းရင်းသားလက်နက်ကိုင်တပ်များမှ ၆၇ ဦး၊ ပကဖ ၄၃ ဦး၊ မြို့ပြပြောက်ကျားတပ်ဖွဲ့များမှ ၃ ဦး၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) မှ ၂ ဦး ပါဝင်ကြောင်း ဇန်နဝါရီလ (၁၈)ရက်က ထုတ်ပြန်ချက်မှာ ဖော်ပြထားတယ်။ ၂၀၂၄ ခုနှစ် တနှစ်တာကာလအတွင်း ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ ဖမ်းဆီးခံရတဲ့ ပြည်သူ စုစုပေါင်း ၁၁,၇၅၁ ဦး ရှိပြီး နေ့ခင်းအချိန်မှာ ဖမ်းဆီးခံရသူ ၁၀,၆၈၀ ဦး၊ ညအချိန်တွင် ဖမ်းဆီးခံရသူ ၁,၀၇၁ ဦး ရှိကြောင်း SRD က မှတ်တမ်းပြု တင်ပြထားတာ တွ့ရတယ်။ စစ်ကောင်စီအာဏာသိမ်းချိန် ၂၀၂၁ ခုနှစ်က စပြီး  ၂၀၂၄ခုနှစ်ကုန်အထိ တိုက်ပွဲတွေ အတွင်း စစ်ကောင်စီတပ်၊ ရဲတပ်ဖွဲ့နှင့်၊ နယ်ခြားစောင်ရဲတပ်ဖွဲ့ဝင်စုစုပေါင်း ၁၄,၀၉၃ဦး သေဆုံးခဲ့ပြီး၊ ၇၃၆၃ဦး ဒဏ်ရာရခဲ့ ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD)က ဇန်နဝါရီလ(၁၇)ရက် နေ့စွဲနဲ့ သတင်းထုတ်ပြန်ထားတာ တွေ့ရတယ်။

ဒီအပြင် စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေကို စတင်ကျင့်သုံးခဲ့ပြီးနောက် လူငယ် (၇၀,၀၀၀) ခန့်ကို စစ်မှုထမ်း တပ်သားသစ် စုဆောင်းခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ဇူလိုင် ၂၁ ရက်‌ ထုတ်ပြန်ချက်မှာ ပါရှိတယ်။ ဒီ အချက်က ဘာကိုပြနေသလဲ ဆိုရင် စကစအနေနဲ့ သူ့အာဏာမြဲရေးအတွက် နည်းလမ်းပေါင်းစုံ အသုံချပြီး “ဘယ်သူသေ သေ ငတေမာရင်ပြီးရော” လုပ်နေတာကို သတိပြုသင့်တယ်။ တော်လှန်ရေးအောင်မြင်ဖို့ ကိုယ်ဘက်က ရော့တိရော့ရဲ လုပ်လို့ မရဘူးဆိုတာ ပေါ်လွင်နေတယ်။ ဒါကြောင့် တိုင်းရင်းသားအဖွဲ့အားလုံးနဲ့ (PDF) တပ်ဖဲ့တွေအားလုံး ပေါင်းစည်း ညီညွတ်ရေးဟာ လက်ရှိအချိန်ရဲ့ ပဓါနကိစ္စဖြစ်နေတယ်။ ဖက်ဒရယ်မူအရ နိုင်ငံရေးတန်းတူခွင့်ရရေး ကိစ္စတွေကို စစ်အာဏာရှင်ကို ဖယ်ရှင်းပြီးချိန်မှာ ဆွေးနွေးညှိနှိုင်းကြရင်လည်း နောက်မကျနိုင်ပါဘူး။

စစ်ကောင်စီတပ်ဟာ အဓမ္မ စစ်မှုထမ်း အပတ်စဉ်တခုကို လူဦးရေ ၄,၀၀၀ အနည်းဆုံးရရှိဖို့ ကြိုးပမ်းနေပြီး အပတ်စဉ် တခုနဲ့တခု လူဦးရေ မပြည့်မီတဲ့အတွက် မြင်တွေ့သမျှ လူငယ်တွေကို အရှိန်အဟုန်မြှင့် ဖမ်းဆီးနေတယ်လို့လည်း သိရ တယ်။

ဖော်ပြပါအချက်အလက်တွေကို ကြည့်ရင် တော်လှန်ရေးဆိုတာ အသက်ပေါင်း မြောက်မြားစွာ ရင်းနှီးပြီး ဆင်နွှဲနေရတာ ဖြစ်တယ်။ တော်လှန်ရေးကို အချိန်တိုတို အရင်းအနှီးတော်ရုံသင့်ရုံနဲ့ အောင်မြင်နိုင်ရင် အားလုံးအတွက် အကောင်းဆုံး ဖြစ်ပါတယ်။ ဒါကြောင့် တော်လှန်ရေးကို နှေးကွေးအောင် အချိန်ကြာအောင် ဖြစ်စေမယ့်ကိစ္စမျိုးတွေ မလုပ်မိအောင် (အထူးသဖြင့် တော်လှန်ရေးဘက်သားတွေအနေနဲ့) ဆင်ခြင်ကြဖို့လိုပါတယ်။ ဒီ တော်လှန်ရေးက စစ်နိုင်ရုံနဲ့ မပြီးပြတ်သေးတဲ့ကိစ္စ ဖြစ်ပါတယ်။ အောင်ပွဲရပြီးရင်တောင် ဆယ်စုနှစ်ချီပြီး ပြုပြင်ပြောင်းလဲရေးတွေ လုပ်ရဦးမယ့်အရေးကို မမေ့ကြ ဖို့လိုပါတယ်။

“ဒီလိုအခြေအနေမှာ ခြောက်ပြစ်ကင်းသဲလဲစင် အုပ်ချုပ်ရေး၊ တရားစီရင်ရေးတွေ မရနိုင်သေးတာ အငြင်းပွားစရာ မရှိပေမယ့်လို့ နွေဦးတော်လှန်ရေးရဲ့ ရည်မှန်းချက် ပန်းတိုင်ကို ထိခိုက်စေမယ့် အရာတွေကို ကြားကာလတွေမှာပဲ ပြုပြင်ကြဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ အထူးသဖြင့် သယံဇာတ အလွန်အကျွံ ထုတ်ယူမှုတွေနဲ့ သယံဇာတ အလွန်အကျွံထုတ်ယူမှုတွေနဲ့ ဆက်စပ်ပြီး ဖြစ်ပွားနေတဲ့ ဖြစ်ပွားလာနိုင်တဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုတွေ နဲ့ ဆိုင်တာ၊ မတန်တဆ အခွန်နှုန်း ထားနဲ့ ကောက်ခံတာတွေ၊ နယ်မြေ တခုထဲတင် အဖွဲ့ပေါင်းများစွာ အခွန်ကောက်ခံတဲ့ ဂိတ်ဖွင့်လှစ်ကောက်ခံနေကြတာ၊ အခွန်ကောက်ခံရငွေ သို့မဟုတ် တော်လှန်ရေးအတွက် ပြည်သူလူထုထံက ထောက်ပံ့ငွေ အလွဲသုံးစားပြုမှုတွေလိုမျိုးက ကြားကာလမှာ ကျယ်ကျယ်ပြန့်ပြန့် ရင်ဆိုင်ကြုံတွေ့နေရတဲ့ အလျင်အမြန် ဖြေရှင်းကြရမယ့် ပြဿနာတွေ ဖြစ်နေတာပါ။” စသဖြင့် မြန်မာနွေဦးခရိုနီကယ်(မိုးမခ)ရဲ့ ဖော်ပြချက်တွေဟာ အမှန်တကယ် လက်ငင်း ဖြေရှင်းပေးသင့်တယ်။

စစ်အာဏာရှင်က သူ့အာဏာမြဲဖို့အတွက် ရွေးကောက်ပွဲအတုကို မဖြစ်မနေလုပ်မှာကို လျှော့မတွက်ပါနဲ့။ အာဆီယံ အပါအဝင် နိုင်ငံတကာကို ဘာမှ အားကိုးလို့ မရဘူးဆိုတာကလည်း လက်တွေ့ အခြေအနေပါပဲ။  တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ တော်လှန်ရေး တပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ မြို့နယ်တွေကလွဲပြီး ကျန်တဲ့ မြို့နယ်အားလုံးမှာ ရွေးကောက်ပွဲကျင်းပနိုင်ခြေရှိတယ်လို့  ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) ဥက္ကဋ္ဌက ပြောထားတာဟာ အနီးဆုံးသက်သေခံချက် ဖြစ်တယ်။ စစ်ကောင်စီက ဒီနှစ်အကုန်မှာ ကျင်းပမယ့် ရွေးကောက်ပွဲကို အပိုင်းလိုက် ကျင်းပသွားနိုင်သလို တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ မြို့နယ်တွေကလွဲပြီး ကျန်မြို့အားလုံးမှာ ရွေးကောက်ပွဲ ကျင်းပနိုင်ခြေရှိတယ်လို့ တနိုင်ငံလုံးအဆင့် ဝင်ပြိုင်မယ့် ကျားဖြူပါတီ ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက ပြောပါတယ်။

ရွေးကောက်ပွဲအတု အောင်မြင်ရေးအတွက် တရုတ်၊ ရုရှားနဲ့ ဘဲလားရပ်စ်နိုင်ငံတွေက သေချာပေါက် ပံ့ပိုးမှာဖြစ်တယ်။ တရုတ်အစိုးရအနေနဲ့ စစ်ကောင်စီဘက်က ရပ်တည်ကူညီနေတာဟာ စစ်အာဏာရှင်စနစ် အဓွန့်ရှည်ဖို့ ကူညီနေတာဖြစ်တယ်။ တရုတ်ဟာ မြန်မာပြည်တွင်းရေးကို ပြောင်ပြောင်တင်းတင်း ဝင်စွက်နေတာဖြစ်တယ်။ စစ်လက်နက်ထုတ်လုပ်ရေးနဲ့ ဒရုန်းနည်ပညာမြှင့်တင်ရေးတွေမှာ တရုတ်က ဗြောင်ကျကျ ဝင်ကူနေတာကိုလည်း မမေ့ပါနဲ့။

တရုတ်လုပ်ရပ်ဟာ မြန်မာပြည်သူတွေရဲ့ ဆန္ဒနဲ့ လုံးဝ ဆန့်ကျင်နေတယ်။ တရုတ်နယ်စပ် နဲ့ ရှမ်းမြောက်ဒေသမှာ တည်ငြိမ် အေးချမ်းရေး အကြောင်းပြချက်နဲ့ တရုတ်ကွန်မြူနစ်အစိုးရရဲ့  စွက်ဖက်မှုတွေဟာ မြန်မာ့အချုပ်အခြာအာဏာနဲ့ ပြည်တွင်း ရေးကို အရှက်မဲ့စွာ လက်ရဲဇက်ရဲ စွက်ဖက်လာတာဖြစ်တယ်။ လားရှိုးမြို့ လမ်းမပေါ်မှ တရုတ်အလံ ထူထားပြီး ပစ်ခတ်ရပ်စဲမှု စောင့်ကြည့်ရေးအဖွဲ့ ကားတန်းတွေ လှည့်လည်သွားလာနေတာက ထင်ရှားတဲ့ သက်သေ ဖြစ်တယ်။

တရုတ် စွက်ဖက်မှုကို ဆန့်ကျင် တားဆီးနိုင်ရေးအတွက် တိုင်းရင်းသားအဖွဲ့တွေနဲ့  အညာမြေပြန့် တော်လှန်ရေးအဖွဲ့တွေအကြား သွေးစည်းညီညွတ်ဖို့ အထူးလိုအပ်နေတယ်။  ခဏတာ လက်ငင်းအကျိုးစီးပွားထက် ရေရှည်တော်လှန်ရေး မျှော်မှန်းချက်ကို ဦးတည်ပြီး စစ်အာဏာရှင်စနစ် တိုက်ဖျက်‌ရေးအတွက် ပူးပေါင်းတိုက်ပွဲဆင်ရေးက  ပဓာနကျတာကို သတိချပ်သင့်တယ်။ ကိုးကန့်ခေါင်းဆောင်တွေ အနေနဲ့  မိမိကိုယ်ကျိုးစီးပွား တခုတည်းကို ရှေ့တန်းတင်ပြီး တော်လှန်ရေးအဖွဲ့အချင်းချင်း ညီညွတ်ရေးကို ပစ်ပယ်ခဲ့ရင် တချိန်မှာ နောင်တကြီးစွာ ရလိမ့်မယ်။ တရုတ်ပဲဖြစ်ဖြစ် စစ်ကောင်စီပဲဖြစ်ဖြစ် သူတို့ပေးတဲ့ ကတိကဝတ် ဆိုတာ ဘယ်တုံးကမှ ရေရှည် တည်တာမရှိခဲ့တဲ့ သမိုင်းသခန်းစာတွေကို မမေ့သင့်ဘူး။

လက်ရှိအချိန်မှာ စစ်တပ်ဟာ မြန်မာနိုင်ငံအနှံ့မှာ ရွေးကောက်ပွဲကို လုံလုံခြုံခြုံနဲ့ တရားမျှတအောင် ကျင်းပနိုင်တဲ့ အခြေအနေရှိမနေဘဲ စစ်တပ် ထောက်ခံသူတွေကတော့ ရွေးကောက်ပွဲ မဖြစ် ဖြစ်အောင် ကြိုးစားကြမှာဖြစ်တယ်လို့ ပအိုဝ်း အမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ပြောကြောင်း ဒီဗွီဘီသတင်းမှာ ဖော်ပြတယ်။ စစ်တပ်က လုပ်မယ့် ရွေးကောက်ပွဲဟာ အတုအယောင်ရွေးကောက်ပွဲ ဖြစ်တာကြောင့် နိုင်ငံတကာကရော လူထုကရော ထောက်ခံမှာ မဟုတ်ပေမဲ့ တော်လှန်ရေးအင်အားစုတွေအတွက် ထောင်ချောက်ဖြစ်တယ်လို့လည်း ဆိုပါတယ်။

နိုင်ငံအနှံ့မှာ တိုက်ပွဲတွေက လျော့နည်းသွားတာမရှိဘဲ အာဏာသိမ်းစစ်တပ်ဘက်ကရော တော်လှန်ရေးအင်အားစုတွေဘက်ကပါ နယ်မြေစိုးမိုးနိုင်ရေးအတွက် တိုက်ခိုက်နေကြတဲ့  လက်ရှိအချိန်မှာ လုပ်မယ့် ရွေးကောက်ပွဲဟာ လူထုအတွက် အန္တရာယ်ရှိတယ်။ ဒါကြောင့် ရွေးကောက်ပွဲ ကျင်းပနိုင်တဲ့ အခြေအနေ မရှိဘူးလို့ ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဦးသာထွန်းလှ ကလည်း သတိပေးထားကြောင်း ဒီဗွီဘီသတင်းမှာ ဖော်ပြထားတယ်။

အဲဒီအချက်ကို နိုင်ငံတကာဘက်ကလည်း စိုးရိမ်မှုရှိနေပြီး အာဆီယံနိုင်ငံတွေဘက်က ဒီနှစ်အကုန်မှာ အာဏာသိမ်း စစ်တပ်ဘက်က ကျင်းပဖို့ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲဟာ ပြည်သူလူထုအတွက် အန္တရာယ်ဖြစ်နိုင်တာကြောင့် ရွေးကောက်ပွဲထက် ငြိမ်းချမ်းရေးကို ဦးစားပေး လုပ်ဆောင်ဖို့ စစ်ကောင်စီဘက်ကို သတိပေးထားကြောင်း သိရတယ်။

လက်ရှိ မြန်မာ့အရေးကို မြေပြင်လက်တွေ့ ဖြစ်ရပ်တွေအရ ပြည်သူလူထုတရပ်လုံးဟာ စစ်အာဏာသိမ်းမှုကို တညီတညွတ်တည်း ဆန့်ကျင်နေတာ တွေ့နိုင်တယ်။ အာဏာသိမ်းစစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲကို လုံးဝ လက်မခံကြတာ ထင်ရှားတယ်။ စစ်ခေါင်းဆောင်က သူ့ရဲ့ နိုင်ငံရေးထွက်ပေါက်အတွက် ရွေးကောက်ပွဲ လုပ်ဖို့ ကြိုးပမ်းနေတာ ဖြစ်တယ်။

စစ်ကောင်စီရဲ့ စစ်ရာဇ၀တ်မှု အမြောက်အမြား ကျူးလွန်နေတာကို တရုတ်၊ ရုရှား နဲ့ အာဆီယံအဖွဲ့တို့က မသိကျိုးကျွန် လုပ်ပြီး မင်းအောင်လှိုင်ကို ကူညီနေတယ်။ တရုတ်နဲ့ အာဆီယံတို့ဟာ မြန်မာပြည်သူတွေ ရက်ရက်စက်စက် သတ်ဖြတ်ခံနေ ရတာကို မျက်ကွယ်ပြုနေကြတယ်။ အကြမ်းဖက် စစ်ကောင်စီ လုပ်မယ့် ၂၀၂၅-၂၆ ရွေးကောက်ပွဲအတုကို တရုတ်-အာဆီယံ တို့က အားပေးနေတာကို ဝိုင်းဝန်း ရှုတ်ချကြရမယ်။ 

ထိုင်းနိုင်ငံ အပါအ၀င် အာဆီယံနိုင်ငံတွေအနေနဲ့  မြန်မာပြည်သူတွေဘက်က မထောက်ခံဘဲ  စစ်အာဏာရှင်ဘက်ကပဲ ရပ်တည်နေကြရင် စစ်ရာဇဝတ်မှု ကျူးလွန်တဲ့ စစ်အုပ်စုနဲ့အတူ သမိုင်းတရားခံတွေအဖြစ် ပြစ်တင်ရှုတ်ချခံကြရမှာ ဖြစ်မယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar