Breaking News

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်စစ်ပွဲနဲ့ မြန်မာနိုင်ငံအပေါ် သက်ရောက်မယ့် ဂယက်

မြန်မာနွေဦးခရိုနီကယ် - ဇူလိုင် ၂၄ မြင်ကွင်း

(မိုးမခ) ဇူလိုင် ၂၅၊ ၂၀၂၅


ထိုင်း-ကမ္ဘောဒီးယား နယ်စပ်စစ်ပွဲနဲ့ မြန်မာနိုင်ငံအပေါ် သက်ရောက်မယ့် ဂယက်

ထိုင်းနိုင်ငံနှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံအဖို့ နယ်စပ်ဒေသ နယ်မြေပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီး နှစ်နိုင်ငံ လက်နက်ကိုင်တပ်များ တပ်လှန့်ကာ စောင့်ကြည့်နေကြသည့် အခြေအနေဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အငြင်းအခုံဖြစ်နေသည့် နယ်မြေတွင် မြေမြှုပ်မိုင်းကွဲမှု ဖြစ်ပွားပြီးနောက် စတင်ပစ်ခတ်ကြသည့် အခြေအနေသို့ ဇူလိုင် ၂၄ ရက်နေ့ နံနက်ပိုင်းမှာ ရောက်ခဲ့တာ တွေ့ရပါတယ်။ 

ပြင်သစ်ရဲ့ ကိုလိုနီဖြစ်ခဲ့တဲ့ ကမ္ဘောဒီးယားနိုင်ငံရဲ့ နယ်နိမိတ်အတွင်း ဟိန္ဒူဘာသာဘုရားကျောင်း ပရိယာဝိဟာ နဲ့ ပတ်သက်တဲ့ အငြင်းပွားမှုတွေကနေ ဆယ်စုနှစ်တခုကျော်ကာလအတွင်း တကျော့ပြန် လက်နက်ကိုင် တိုက်ခိုက်မှုတွေ ဖြစ်ပွားလာခဲ့တာ ဖြစ်ပါတယ်။ အဆိုပါဘုရားကျောင်း နယ်မြေပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီး နှစ်နိုင်ငံ လက်နက်ကိုင်တပ်တွေအကြား အပြန်အလှန်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တာ ၂၀၁၁ ခုနှစ်ဆန်းပိုင်းက နောက်ဆုံး ဖြစ်ခဲ့တာကြောင့် အခု ၂၀၂၅ ခုနှစ် ဇူလိုင်လ အထိဆို ၁၄ နှစ်ကြာမြင့်ခဲ့တာ ဖြစ်ပါတယ်။ 

အဆိုပါ ဘုရားကျောင်းနဲ့ ပရဝုဏ်နယ်မြေတွေနဲ့ ပတ်သက်လို့ ပြင်သစ်ကိုလိုနီ လက်က လွတ်လပ်ရေး မရခင် နယ်နိမိတ် သတ်မှတ်ခဲ့ပေမယ့် နှစ်ကာလတခုမှာ မကျေနပ်မှုတွေ ပြန်လည်ပေါ်ထွက်လာကာ အငြင်းပွားမှုတွေ ဖြစ်ပွားခဲ့တဲ့ သမိုင်းကြောင်းတွေ ရှိခဲ့တာပါ။ ၁၉၆၂ မှာ ယူနက်စကိုက ဘုရားကျောင်းကို ကမ္ဘောဒီးယား ပိုင်ဆိုင်တယ်လို့ ဆုံးဖြတ်ပေးခဲ့ပေမယ့် အဲဒီဆုံးဖြတ်ချက် အပေါ် ထိုင်းနိုင်ဘက်က မကျေနပ်ခဲ့ပါဘူး။ ဘုရားကျောင်းကို ကမ္ဘောဒီးယားနိုင်ငံ အပိုင်လို့ ယူနက်စကိုက ဆုံးဖြတ်ခဲ့ပေမယ့် ဘုရားကျောင်းနဲ့ ဆက်စပ်နေတဲ့ ၄.၆ စတုရန်းကီလိုမီတာ ရှိတဲ့ နယ်မြေနဲ့ ပတ်သက်တဲ့ မကျေလည်မှုက ဆယ်စုနှစ်တွေ ကြာမြင့်သည့်တိုင် မပြေလည်ခဲ့ဘဲ ၂၀၀၈ ခုနကနေ ၂၀၁၁ ခုနှစ်အကြား ကာလတွေမှာ ပစ်ခတ်မှုတွေ ရှိခဲ့ရာက ၂၀၁၁ ခုနှစ်မှာတော့ ယခုတကြိမ် ဖြစ်ပွားတဲ့ နယ်စပ်တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ 

မကြာသေးခင် လပိုင်းမှာ အဆိုပါ နယ်မြေပိုင်ဆိုင်မှုနဲ့ ပတ်သက်လို့ အငြင်းပွားမှုကို ကမ္ဘောဒီးယားနိုင်ငံက နယ်သာလန်နိုင်ငံ နိုင်ငံကတာတရားခုံရုံး ICJ ကို ထပ်မံတိုင်ကြားခဲ့ပြီး အငြင်းပွားမှုက ပြန်လည်မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။ 

ဒီပြဿနာတွေ ပေါ်ပေါက်နေချိန်မှာ ထိုင်းနိုင်ငံမှာလည်း နယ်စပ်ကိစ္စနဲ့ ပတ်သက်ပြီး ကမ္ဘောဒီးယား ခေါင်းဆောင်နဲ့  ဖုန်းပြောဆိုတဲ့အသံဖိုင် ပေါက်ကြားစေခဲ့ရာက ဝန်ကြီးချုပ်ရာထူးမှ ဆိုင်းငံ့ထားပြီး ယာယီဝန်ကြီးချုပ်က တာဝန်ယူထားချိန် ဖြစ်ပါတယ်။ ပြောရရင် ထိုင်းနိုင်ငံရေးမှာ မတည်မငြိမ် ဖြစ်နေချိန်မှာ အခုလို နယ်စပ်မှာ တိုက်ခိုက်မှုတွေ စတင်ဖြစ်ပွားလာတာ ဖြစ်ပါတယ်။ 

ကမ္ဘောဒီးယား နိုင်ငံအနေနဲ့တော့ ဆယ်စုနှစ် ၂ ခုကျော် ၃ ခုနီးပါး အုပ်ချုပ်လာတဲ့ ဟွန်ဆန်မျိုးဆက်က အာဏာခိုင်မြဲနေတဲ့ အနေအထားဖြစ်ပြီး ထိုင်းလို ဘယ်အင်အားစုက ဆုံးဖြတ်နေသလဲဆိုတဲ့ အနေအထားမျိုး မဟုတ်ပါဘူး။ အခု နယ်စပ်ပြဿနာကို အကြောင်းပြုပြီး မိမိတို့ရဲ့ အာဏာ ပိုမိုခိုင်မြဲအောင်လုပ်ကြတာမျိုး တနည်းအားဖြင့် ပြောရရင် ပြည်ပရန် နဲ့ အမျိုးသားရေးဝါဒ ကို လှုံ့ဆော်ကာ အာဏာခိုင်မြဲအောင် လုပ်ကြတဲ့ အရှေ့အလယ်ပိုင်းက အစ္စရေးလ်နိုင်ငံလို သာဓကတွေလည်း ရှိနေတာဖြစ်ပါတယ်။ အစ္စရေးလ် က ဝန်ကြီးချုပ် နေတန်ယာဟု ဟာ ဟားမားစ်တွေ စတင်တိုက်ခိုက်မှု မလုပ်ခင်ကာလတွေမှာ ပြည်တွင်းမှာ ဆန္ဒပြမှုတွေကို လနဲ့ချီ ရင်ဆိုင်ကြုံတွေ့နေရတာ ဖြစ်ပြီး ဟားမားစ် တိုက်ခိုက်မှု ဖြစ်ပွားလာတဲ့နောက် အဆိုပါစစ်ပွဲ ပေါ် အခြေပြုပြီး ၄င်းရဲ့ ဝန်ကြီးချုပ်ရာထူး ဆက်လက်တည်မြဲရေးကို ဦးတည်စေမယ့် စစ်ပွဲရှည်ကြာအောင် အချိန်ဆွဲပြီး တိုက်ခိုက်တာ ဒေသတွင်းနိုင်ငံတွေနဲ့  ရန်စ ရန်ရှာတဲ့ နည်းလမ်းတွေနဲ့ အာဏာဆက်လက်ဆုပ်ကိုင် ဖို့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ 

ခု ထိုင်း-ကမ္ဘောဒီးယားစစ်ပွဲဟာ ယူကရိန်း-ရုရှားလို စစ်အင်အားအပြည့်သုံးပြီး နယ်သိမ်းမြေသိမ်း တိုက်ခိုက်ကြမယ့် စစ်ပွဲမျိုးမဟုတ်ပါဘူး။ အိန္ဒိယနဲ့ ပါကစ္စတန် တို့အကြား ဖြစ်ပွားတဲ့ စစ်ပွဲနဲ့ အလားသဏ္ဌာန်တူပြီး နှစ်ဖက်သော နိုင်ငံတွေက အကန့်အသတ်တခုနဲ့ တိုက်ခိုက်ကြတဲ့ စစ်ပွဲမျိုး ဖြစ်မယ်လို့ ယူဆနိုင်ပါတယ်။ 

နယ်စပ်ပြဿနာ အရေးကိစ္စ၊ နယ်မြေပိုင်ဆိုင်မှုနဲ့ ပတ်သက်လို့ အငြင်းပွားမှုကနေ ဖြစ်တဲ့ စစ်ပွဲသာဖြစ်ပြီး အိမ်နီးချင်း အခြားနိုင်ငံနဲ့ ဖြစ်တဲ့ စစ်ပွဲရဲ့ ရည်ရွယ်ချက်ထဲမှာ ပြည်တွင်းနိုင်ငံရေးမှာ အာဏာပါဝါ အင်အားကောင်းလာဖို့ အမျိုးသားရေးကိုကာကွယ်တဲ့ အဖွဲ့အစည်း၊ စစ်တပ်၊ အစိုးရအဖွဲ့ စတဲ့ ပုံရိပ်တွေကို ရယူလိုတဲ့ ရည်မှန်းချက်တွေလည်း ရှိနေတာကို မှန်းဆကြည့်ရင် သိနိုင်ပါတယ်။   

အခုလို ထိုင်း-ကမ္ဘောဒီးယား နယ်စပ် တိုက်ပွဲတွေက မြန်မာနိုင်ငံအပေါ် ဘယ်လို ရိုက်ခတ် သက်ရောက်နိုင်သလဲ ဆိုတဲ့ မေးခွန်းလည်း ပေါ်လာမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံသား အနည်းဆုံး ၄ သန်းကနေ ၆ သန်းအကြား ထိုင်းနိုင်ငံမှာ တရားဝင်ရော တရားမဝင်နည်းလမ်း ၂ သွယ်လုံးနဲ့ နေထိုင်နေကြတာ ဖြစ်ပါတယ်။ ကမ္ဘောဒီးယားနိုင်ငံမှာတော့ မြန်မာနိုင်ငံသားတွေ ထိုင်းနိုင်ငံမှာလို များများစားစား မရှိတဲ့ အနေအထားဖြစ်ပြီး ထိုင်းနိုင်ငံရဲ့ စီးပွားရေး နဲ့ နိုင်ငံရေး တည်ငြိမ်မှုက ထိုင်းနိုင်ငံမှာ နေထိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေ အတွက်အရေးကြီး တာဖြစ်ပါတယ်။ 

ထိုင်းနိုင်ငံက စက်ရုံ အလုပ်ရုံ၊ ပင်လယ်ငါးဖမ်းလုပ်ငန်း၊ စိုက်ပျိုးရေးနဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေမှာ အိမ်နီးချင်းနိုင်ငံ ၃ နိုင်ငံဖြစ်တဲ့ မြန်မာ၊ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတို့က အလုပ်သမား သန်းနဲ့ချီရှိပြီး မြန်မာက အများဆုံးလို့ဆိုနိုင်ပါတယ်။ ဒုတိယက ကမ္ဘောဒီးယားနိုင်ငံသားတွေ ဖြစ်ပါတယ်။ အခုလို နှစ်နိုင်ငံ နယ်စပ်တိုက်ပွဲတွေကြောင့် ကမ္ဘောဒီးယားက လာရောက်အလုပ်လုပ်ကိုင်တဲ့ ရွှေ့ပြောင်းလုပ်သားတွေ အပေါ် လူမျိုးရေး အမုန်းပွားမှုတွေလည်း ပေါ်ထွက်ကောင်း ပေါ်ထွက်နိုင်တဲ့ အန္တရာယ်တွေ ရှိနေတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံသားတွေ အနေနဲ့ ထိုင်း-ကမ္ဘောဒီးယား နှစ်နိုင်ငံအကြား ဖြစ်တဲ့ ပဋိပက္ခ ပိုမိုတင်းမာစေမယ့် ပြောဆိုရေးသားမှုတွေ လူမှုကွန်ရက်မှာလည်း ရေးသားတာ မျှဝေတာ မလုပ်ကြဖို့ အမျိုးသားညီညွတ်ရေး အစိုးရက ကြေညာချက် ထုတ်ပြန်ထားပါတယ်။ 

စစ်ကောင်စီကလည်း ထိုင်း-ကမ္ဘောဒီးယား လက်နက်ကိုင်ပဋိပက္ခနဲ့ပတ်သက်လို့ နှစ်ဖက် ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်မယ်လို့ ယုံကြည်ကြောင်း စစ်ကောင်စီ ပြောခွင့်ရသူက သတင်းမီဒီယာတချို့ရဲ့ မေးမြန်းမှုကို ဖြေကြားရာမှာ ပြောဆိုခဲ့ပါတယ်။ 

ပြည်တွင်းစစ် နွံထဲ တရစ်ပြီးတရစ် နစ်နေတဲ့ နိုင်ငံက ပဋိပက္ခမှာ အဓိကဇတ်ကောင်ဖြစ်တဲ့ အာဏာသိမ်းစစ်တပ်က အိမ်နီးချင်း နိုင်ငံနဲ့ ဒေသတွင်းနိုင်ငံ တခုအကြားဖြစ်တဲ့ ပဋိပက္ခကို အခုလို ငြိမ်းချမ်းစွာဖြေရှင်းမယ့် နည်းလမ်းကို ရည်ညွှန်းပြောဆိုတဲ့အပေါ်  မြန်မာပရိသတ်က သရော်လှောင်ပြောင်နေသလို ခံစားကြရပါတယ်။ 

မြန်မာစစ်ကောင်စီအဖို့တော့ အခု ထိုင်း-ကမ္ဘောဒီးယား စစ်ပွဲဖြစ်ပွားလာခြင်းကြောင့် အာဆီယံအဖွဲ့ကြီးအနေနဲ့ မြန်မာနိုင်ငံရဲ့ အရေးကို ဖြေရှင်းဖို့ စစ်ကောင်စီကို ဖိအားပေးမှုတွေ ကာလတခုတော့ လျော့ပါးသွားနိုင်တဲ့ အလားအလာ၊ မြန်မာအရေးကို အာရုံစိုက်မှု ကာလတခုထိ နည်းပါးသွားမယ့် အလားအလာကို လိုလားမှာ သေချာပါတယ်။ 

ထိုင်း-ကမ္ဘောဒီးယား နှစ်နိုင်ငံစစ်ပွဲအပေါ်  မြန်မာနိုင်ငံသားတွေရဲ့ ရှုမြင်မှု အမျိုးမျိုးကွဲပြားနေကြတာလည်း တွေ့ကြရပါတယ်။ ကမ္ဘောဒီးယားနိုင်ငံ ခေါင်းဆောင် ဟွန်ဆန်ကိုလည်း မနှစ်သက်ကြသလို ထိုင်း နိုင်ငံရေးမှာ သြဇာလွှမ်းမိုးနေတဲ့ ထိုင်းစစ်တပ်ကိုလည်း ထောက်ခံခြင်း မပြုတဲ့ သဘောထားတွေလည်း တွေ့ကြရသလို အချို့ကတော့ တဖက်ဖက် ထောက်ခံရမယ့် ရွေးချယ်မှုမျိုးဆို ထိုင်းကို ရွေးချယ်ရမယ်လို့ ပြောဆိုနေတာလည်း တွေ့ရပါတယ်။ 

လှုံ့ဆော်မှုတွေ၊ ဝါဒဖြန့်မှုတွေကို ကျော်လွန်ပြီး ရှုမြင်ကြည့်ရင် နှစ်နိုင်ငံ နယ်စပ်ပြဿနာနဲ့ ပတ်သက်လို့ ညှိနှိုင်းဆွေးနွေးခြင်း နိုင်ငံတကာ တရားရုံး၊ အဖွဲ့အစည်းတွေရဲ့ ဆုံးဖြတ်မှု ဖြေရှင်းမှုတွေကသာလျင် ရေရှည်တည်တံ့တဲ့ အဖြေ ရလဒ်ရရှိမှာဖြစ်ပါတယ်။ လက်နက်ကိုင် တိုက်ခိုက်မှုတွေနဲ့ လူထုကို မျိုးချစ်စိတ်ဓာတ် အမျိုးသားရေးဝါဒတွေနဲ့ စည်းရုံးလှုံ့ဆော်ကာ ပြည်တွင်းမှာ လူပုဂ္ဂိုလ်တဦးတယောက် သို့မဟုတ် အဖွဲ့အစည်းတခုရဲ့ အကျိုးစီးပွားအတွက် လုပ်ဆောင်ကြတာတွေကိုလည်း မြင်အောင် ကြည့်ကြဖို့ လိုအပ်တာ ဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar