Breaking News

ကောင်းဇေလူ - ရွေးကောက်ပွဲနည်းလမ်းသည် အဖြေမှန် မဟုတ်၊ တရုတ်ရဲ့ နိုင်ငံရေး လုပ်ကြံမှု သတိပြု

ရွေးကောက်ပွဲနည်းလမ်းသည် အဖြေမှန်မဟုတ်၊ တရုတ်ရဲ့ နိုင်ငံရေးလုပ်ကြံမှုသတိပြု

ကောင်းဇေလူ

မိုးမခ ၊ ဇူလိုင် ၁၃ ၊ ၂၀၂၅

လာမယ့်ဒီဇင်ဘာ-ဇန်နဝါရီမှာ စစ်အုပ်စုကပြုလုပ်ဖို့စိုင်းပြင်နေတဲ့ ရွေးကောက်ပွဲဟာ လက်ရှိအခင်းအကျင်း နိုင်ငံရေး ရာသီဥတုအရ ‌ဦးစားပေးလုပ်ရမယ့် အလုပ် မဟုတ်ကြောင်း၊ ဘယ်လို ရွေးကောက်ပွဲမျိုးမဆို အားလုံးပါဝင် ယှဉ်ပြိုင်နိုင်ခွင့် ရှိရမှာ ဖြစ်ကြောင်း၊ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ကျင်းပတဲ့ ၅၈ ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအတွင်း မြန်မာ့အရေးနဲ့ပတ်သက်တဲ့ ဘုံရပ်တည်ချက် သဘောထားထုတ်ပြန်ပြီး ပယ်ချလိုက်တယ်လို့ သိရ တယ်။ မလေးရှား နိုင်ငံခြားရေးဝန်ကြီး ဒါတွတ် “ဆီရီ မိုဟာမက် ဟာဆန်”(Mohamad Hasan) က စံချိန်စံညွှန်း မပြည့်မီ တဲ့ ရွေးကောက်ပွဲမျိုးလုပ်ရုံနဲ့ လက်ငင်း ပြဿနာကို ဖြေရှင်း နိုင်မှာ မဟုတ်တဲ့အပြင် အခြေအနေ ပိုမို ဆိုးဝါးသွားစေနိုင် တယ်လို့ ထုတ်ဖေါ်ပြောဆိုခဲ့ကြောင်း သတင်းတွေအရ သိရတယ်။ ။ အာဆီယံ အစည်းအဝေး အပြီး နောက်ဆက်တွဲ ပြုလုပ် တဲ့ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ ပြောဆိုခဲ့တာဖြစ်တယ်လို့ သိရတယ်။ မြန်မာ့အရေးမှာ ရွေးကောက်ပွဲ နည်းလမ်းဟာ အဖြေမှန် မဟုတ်ကြောင်း “မိုဟာမက် ဟာဆန်” ရဲ့ ပွင့်ပွင့်လင်း လင်း ထုတ်ဖော်ပြောကြားလိုက်တဲ့ သဘောထားကို မြန်မာပြည်သူတို့ အနေနဲ့ ကြိုဆိုကြရမှာ ဖြစ်တယ်။

အာဆီယံရဲ့ နိုင်ငံတကာအရေးနဲ့ ပတ်သက်တဲ့ ကြေညာချက်မှာလည်း စစ်အုပ်စုက အရပ်သားပြည်သူများနဲ့ အများပိုင် အဆောက်အအုံတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်နေမှုတွေလည်း ရှုတ်ချကြောင်း ဖော်ပြထားတယ်။ ဒီလိုအခြေအနေမှာ ဟန်ပြ ရွေးကောက်ပွဲ လုပ်ပြီး၊ ဒီမိုကရေစီ အစိုးရ ဖြစ်လာပါပြီလို့ နိုင်ငံတကာကို ကြေညာနိုင်ရုံ သက်သက် လုပ်တာဟာ မှန်ကန်တဲ့ လုပ်ရပ်မဟုတ်ဘူးလို့လည်း Mohamad Hasan က ပြောကြောင်းသိရတယ်။

အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်က စစ်ခေါင်းဆောင်ကိုယ်တိုင် သဘောတူခဲ့တဲ့ အချက် ၅ ချက်ပါ အာဆီယံ သဘောတူညီချက်ထဲမှာ ရွေးကောက်ပွဲကိစ္စ မပါဝင်ထားဘူးလို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟာဆန်က ထောက်ပြထားတယ်။ ရွေးကောက်ပွဲက အချက် ၅ ချက် သဘောတူညီမှုထဲမှာ မပါပေမဲ့ စစ်ကောင်စီက ရွေးကောက်ပွဲ ကျင်းပဖို့ စိတ်အားထက်သန်နေတယ်၊ ရွေးကောက်ပွဲကို ဦးစားပေးကိစ္စ မလုပ်ကြဖို့ တိုက်တွန်းထားပြီး အကြမ်းဖက်မှုနဲ့ ရက်စက်မှုတွေ အားလုံး ရပ်တန့်ဖို့ ဦးစားပေး လုပ်ဆောင်သင့်ကြောင်း မိုဟာမက် ဟာဆန်က ပြောကြောင်း သိရတယ်။

အာဆီယံအဖွဲ့ အနေနဲ့ အချက် ၅ ချက်ပါ အာဆီယံ သဘောတူညီချက်ကို လိုက်နာခိုင်းနေပေမယ့် (အထူးသဖြင့် ရပ်ရွာတွေကို မီးရှို့ဗုံးကြဲ သတ်ဖြတ်နေတာတွေ ရှုတ်ချနေသော်လည်း) မြန်မာစစ်ကောင်စီက အလေးဂရုလုံးဝ မပြုဘဲ အကြမ်းဖက်မှုတွေ ဆက်လက်ကျူးလွန်နေတာတွေ့ရတယ်။ အခုရရက်ပိုင်းမှာပဲ စစ်ကိုင်း မြို့နယ် လင်တလူး ကျေးရွာရှိ စစ်ဘေးရှောင်ပြည်သူတွေ ခိုလှုံ နေထိုင်ရာ ဘုန်းကြီး ကျောင်းကို ပစ်မှတ်ထား ဗုံးကြဲ တိုက်ခိုက်ခဲ့တာတွေ့ရတယ်။ ကလေးသူငယ် ၄ ဦး အပါအဝင် ၂၃ ဦး သေဆုံးသွားခဲ့ကြောင်း သတင်းဟာ ချက်ချင်းဆိုသလို AP သတင်းဌာနက တဆင့် နိုင်ငံတကာ သတင်းစာမျက်နှာတွေပေါ်  ထင်ထင်ရှားရှား ဖော်ပြခဲ့ကြတယ်။

ဇူလိုင် ၆ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ ရွာကုန်းကြီးနားကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲ တိုက် ခိုက်လို့ ရေနံချက်ဖိုအဆောက်အအုံအားလုံးနဲ့ ဆီပေပါတွေ မီးလောင်သွားတယ်လို့ ဒီဗွီဘီသတင်းအရ သိရတယ်။ တံတားဦး လေတပ်က တက်လာတဲ့ ဂျက်တိုက်လေယာဉ် ၁ စင်းက မနက် ၆ နာရီခွဲလောက်မှာ ဗုံး ၂ လုံးကြဲပြီး ရေနံချက်ဖို ပေါ်ကို ကျ တယ်လို့ ဆိုတယ်။ ရေနံဆီစိမ်းပေပါတွေ၊ ရေနံချက်ပြီးသား ဒီဇယ်ပေပါတွေ၊ ပရီမီယမ်ပေပါ စုစုပေါင်း ပေပါ ၃၀၀ ကျော်နဲ့ အိမ်စီးကား ၂ စီး၊ အဆောက်ဦအားလုံး ပျက်စီးသွားတယ်လို့ ဆိုတယ်။ ကျွန်းလှမြို့နယ်မှာ စစ်ကောင်စီက လေကြောင်း တိုက်ခိုက်တာအပြင် မြေပြင်ကပါ စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံတွေ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့ လည်း သိရတယ်။ အလားတူ ဖြစ်ရပ်တွေက နေရာအတော်များများမှာ ဖြစ်နေတာဖြစ်တယ်။ ကျေးလက်နေပြည်သူတွေကို တော်လှန်ရေးဘက် ထောက်ခံတယ်လို့ တဖက်သတ်စွပ်စွဲပြီး စစ်ကောင်စီတပ်တွေက ပြည်သူတွေကို ပစ်မှတ်ထား ဗုံးကြဲနေရုံမက ရွာတွေကို လိုက်လံမီးရှို့နေတယ်။ ရေဘေး ငလျင်ဘေးသင့်ဒေသတွေဆီသို့ လူသားချင်းစာနာမှုအကူအညီတွေကို မရောက်အောင်လည်း စစ်တပ်က ပိတ်ဆို့ထားတာတွေ့ရတယ်။ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို ဖြတ်လေးဖြတ်လုပ်ထားတဲ့အတွက် ပြည်သူတွေမှာ စားဝတ်နေရေးခက်ခဲကျပ်တည်းပြီး ဆေးဝါးပြတ်လပ်မှုကြောင့် မသေဆုံးသင့်ဘဲ အသက်ဆုံးရှုံးနေကြရတယ်။

မြန်မာပြည်သူတွေ အထူးစိတ်ပျက်ကြရတဲ့ အချက်က ပြည်သူလူထုကို ပစ်မှတ်ထားပြီး စစ်တပ်က အကြမ်းဖက်တိုက်ခိုက် သတ်ဖြတ်နေမှုတွေ အပေါ်  တရုတ်နဲ့ အာဆီယ့နိုင်ငံတွေက လုံးဝကန့်ကွက်မှုမပြုဘဲ နှုတ်ပိတ်နေကြတဲ့ ကိစ္စဖြစ်တယ်။ ငလျင်လှုပ်ခတ်မှု ဖြစ်ခဲ့တဲ့ (မတ်လ ၂၈ ရက်မှစ၍ ဧပြီလ ၂၄ ရက်အထိ) စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အကြိမ် ၁၄၀၊ လက်နက်ကြီးပစ်ခတ်မှု  ၂၄ ကြိမ် အပါအဝင် တိုက်ခိုက်မှု အနည်းဆုံး ၂၀၇ ကြိမ် ရှိခဲ့တယ်လို့ ကုလသမဂ္ဂ လူ့အခွင့် ရေးရုံးက ထုတ်ပြန်ကြေညာထားတယ်။ အပစ်အခတ်ရပ်စဲကြောင်း စတင်ကြေညာတဲ့ ဧပြီ ၂ ရက်က စပြီး တိုက်ခိုက်မှု ၁၇၂ ကြိမ်ရှိခဲ့ကြောင်း၊  ၇၃ ကြိမ်က ငလျင်ဘေးသင့် ဒေသတွေမှာ ဖြစ်ပွားခဲ့ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက ထုတ်ပြန် ထားတယ်။

လက်ရှိ မြန်မာ့အရေးကို မြေပြင်လက်တွေ့ ဖြစ်ရပ် အချက်အလက်တွေနဲ့ ချိန်ထိုးကြည့်ရင် ပြည်သူလူထုတရပ်လုံးဟာ စစ်အာဏာသိမ်းမှုကို တညီတညွတ်ထဲ ဆန့်ကျင်ကြတာတွေ့နိုင်တယ်။ အာဏာသိမ်းစစ်တပ်ကလုပ်မယ့် အတုအယောင် ရွေးကောက်ပွဲ ကို လုံးဝ လက်မခံကြောင်း ထင်ရှားနေတယ်။ စစ်ကောင်စီခေါင်းဆောင်က သူ့ရဲ့ နိုင်ငံရေးထွက်ပေါက် ရရေးအတွက် ရွေးကောက်ပွဲ ကျင်းပဖို့ ကြိုးပမ်းနေတာဖြစ်တယ်။ 

တရုတ်နဲ့ အာဆီယံအဖွဲ့ဟာ စစ်ကောင်စီရဲ့ စစ်ရာဇ၀တ်မှု အမြောက်အမြား ကျူးလွန်နေတာကို မသိကျိုးကျွံလုပ်ပြီး မင်းအောင်လှိုင်ကို ပံ့ပိုးနေတယ်။ တရုတ်နဲ့ အာဆီယံတို့ဟာ မြန်မာပြည်သူတွေ ရက်ရက်စက်စက် သတ်ဖြတ်ခံနေရတာကို စာနာမှုမရှိဘဲ လက်ပိုက်ကြည့်နေကြတယ်။ အကြမ်းဖက် စစ်ကောင်စီရဲ့ ထွက်ပေါက်အဖြစ် လုပ်မယ့် ၂၀၂၅-၂၆ ရွေးကောက်ပွဲအတုကို တရုတ်-အာဆီယံတို့က အားပေးနေတာကို ရှုတ်ချကြရမယ်။

ထိုင်းနိုင်ငံ အပါအ၀င် အာဆီယံနိုင်ငံတွေဟာ မြန်မာ့အရေးအတွက် မြန်မာပြည်သူတွေဘက်က ထောက်ခံဖို့ သင့်တယ်။  အာဏာရှင် စစ်အစိုးရဘက်ကပဲ အမြဲရပ်တည်နေကြမယ်ဆိုရင် စစ်ရာဇဝတ်မှု ကျူးလွန်တဲ့ မင်းအောင်လှိုင်ကို အားပေး ကူညီသူတွေအဖြစ် သမိုင်းမှာ တရားခံတွေ ဖြစ်လာပေလိမ့်မယ်။ 

အခုအချိန်အထိ တရုတ်-အာဆီယံနိုင်ငံတွေက မြန်မာ စစ်ဘေးသင့်သူတွေအတွက် လူသားချင်းစာနာမှု အကူအညီ ထိထိရောက်ရောက် ပေးဝေနိုင်အောင် ကြိုးပမ်းတာမျိုး မတွေ့ရသေးဘူး။ တရုတ်နဲ့ အာဆီယံအဖွဲ့ဟာ မြန်မာ့အရေးမှာ မြန်မာပြည်သူတွေဘက်က မရပ်တည်ဘဲ၊ အာဏာသိမ်း စစ်ကောင်စီ ဘက်က ရပ်တည်နေခြင်းဟာ အလွန်စိတ်ပျက်ဖွယ် “နိုင်ငံရေး ကိုယ်ကျိုးရှာမှု” ဖြစ်တယ်။ သူတို့အနေနဲ့ ကိုယ်ကျိုးစီးပွားကိုသာ ပဓါနထားခဲ့ကြတဲ့အတွက် သူတို့ရဲ့ မြန်မာ့အရေး မူဝါဒတွေဟာ အညံ့စားမူဝါဒတွေ ဖြစ်နေတာ တွေ့ရတယ်။

မြန်မာတော်လှန်ရေးအင်အားစုတွေကတော့ တရုတ်-အာဆီယံနိုင်ငံတွေအနေနဲ့ မြန်မာ့အရေးကို မကူညီချင်ရင်နေပါ မတရားတဲ့ဘက်ကို မယိမ်းပါနဲ့လို့ သတိပေးကြဖို့လိုပါတယ်။ အိမ်နီးချင်းကောင်းတွေအဖြစ်နဲ့ နေချင်ရင် စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ အကြမ်းဖက်စစ်အုပ်စုကို အားပေးအားမြှောက် မလုပ်ဖို့ သတိပေးသင့်ပါတယ်။ တော်လှန်ရေးအဖွဲ့တွေ အနေနဲ့လည်း သွေးစည်းညီညွတ်ရေးသည် ပထမဦးစားပေးဖြစ်ကြောင်း အလေးအနက် သတိပြုရမှာ ဖြစ်ပါတယ်။ သွေးကွဲစေမယ့် အပြုအမူ အပြောအဆို မှန်သမျှ မပြုလုပ်မိအောင် အထူးဆင်ခြင်ကြဖို့လိုပါတယ်။ ပြည်သူတွေရဲ့ ထောက်ခံမှု ပြည့်ပြည့်ဝဝ ရရှိထားတဲ့အတွက် နွေဦးတော်လှန်ရေး အောင်ပွဲကို မြန်မြန်ဆန်ဆန် မြင်ရအောင် အားထုတ်ကြ လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဖက်ဆစ်စစ်အာဏာရှင်စနစ်ကို အပြီးအပြတ် ချေမှုန်းနိုင်မှသာ တိုင်းရင်းသားပြည်သူ အားလုံး လူမှုဘ၀ ဆိုးသွမ်းသံသရာက လွတ်မြောက်နိုင်မှာ ဖြစ်တယ်။  ဖက်ဆစ်စစ်အာဏာရှင်စနစ်ကို မသေမရှင် ထားခဲ့မိရင် တချိန်မှာ အကြီးအကျယ် နောင်တရစရာ ဖြစ်ပါလိမ့်မယ်။

ဧပြီလ ၂ ရက်မှ ၁၈ ရက်အတွင်း စစ်ကောင်စီက တရက်မှာ ပျမ်းမျှ လေယာဉ် သို့မဟုတ် ဒရုန်းတိုက်ခိုက်မှု ၉.၇ ကြိမ် ပြု လပ်ခဲ့တဲ့အတွက် နေ့စဉ် လူ ၆ ဦးထက်မက သေဆုံးခဲ့ကြောင်း၊ ထိုကာလအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၁၀၅ ဦး ရှိကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားတယ်။ အပစ်အခတ်ရပ်စဲရေးမှာ စစ်ရေးလှုပ်ရှားမှုအားလုံးကို ရပ်တန့်ပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တုံ့ပြန်မှုများ  ပံ့ပိုးပေးဖို့ ဖြစ်တယ်။ ဒါပေမယ့် အဆိုပါ ပံ့ပိုးမှုများ ဖြစ်မလာခဲ့ပါလို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရုံး လူ့အခွင့်အရေးကိုယ်စားလှယ် James Rodehaver က ဆိုတယ်။

ဒီလိုအခြေအနေတွေအောက်မှာ စစ်ကောင်စီဟာ ရွေးကောက်ပွဲကို မဖြစ်ဖြစ်အောင်လုပ်နိုင်ဖို့ မသမာတဲ့ နည်းလမ်းတွေကို အသုံးပြုနေပြီး အကြမ်းဖက်မှုတွေ ဖန်တီးနေတယ်လို့  အရပ်ဘက်အဖွဲ့တွေက ထောက်ပြ ဝေဖန်နေကြတယ်။ လာမယ့် ဒီဇင်ဘာလနဲ့ ဇန်နဝါရီလမှာ ရွေးကောက်ပွဲလုပ်မယ်လို့ ကြေညာထားတဲ့ စစ်ကောင်စီက ရွေးကောက်ပွဲကို မဖြစ်ဖြစ်အောင် ကျင်းပပြုလုပ်ဖို့ မသမာတဲ့ နည်းလမ်းတွေ အသုံးပြုနေပြီး နယ်မြေဒေသတွေကို မသမာတဲ့နည်းနဲ့ ပြောင်းလဲနေ တာတွေ့ရှိ ရတယ်လို့ အရပ်ဘက်အဖွဲ့တွေက ထောက်ပြနေကြောင်း ဒီဗွီဘီသတင်းအရ သိရတယ်၊။

၂၀၂၅ ခုနှစ် ဇွန် ၇ ရက်မှာ စစ်ကောင်စီဩဇာခံ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) က ရွေးကောက်ပွဲပြုလုပ်မယ့် မြို့နယ်ပေါင်းက ၂၆၇ မြို့နယ်ရှိတယ်လို့ ထုတ်ပြန်ကြေညာခဲ့တဲ့အတွက် စစ်ကောင်စီက တရားမဝင် အပြောင်းအလဲတွေ လုပ်နေကြောင်း ရှေ့ပြေးအသံ (Progressive Voice) တည်ထောင်သူ  ဒေါ်ခင်ဥမ္မာက ဝေဖန်ထောက်ပြထားတယ်။

“ရွေးကောက်ပွဲ လုပ်မယ့်နယ်မြေတွေကို သူသေသေချာချာ တွက်ချက်ပြီးတော့ အပြောင်းအလဲ လုပ်နေတယ်လို့ ကျမတို့ မြင်တယ်၊ ဥပမာဆို အခုနောက်ဆုံး UEC က ‌ကြေညာသွားတဲ့ နေရာတွေဆို ၂၆၇ မြို့နယ်လား သူတို့ပြောသွားတာရှိတယ်။ ဒါဆို ဒီနံပါတ်က ဘယ်ကနေထွက်လာတာလဲ၊  ဒီတော့ကျမတို့ ကြည့်လိုက်ရင် သူသည် တိုင်းဒေသကြီးနဲ့ ပြည်နယ်ဆိုပြီး တော့ ၂၀၁၀ နောက်ပိုင်းမှာ ရှိလာတဲ့ ဒီမိုဂရပ်ဖစ်နယ်မြေဧရိယာတွေကို သူလိုချင်တဲ့ တနည်းမဟုတ် တနည်းနဲ့ သူလုပ်လို့ ရမယ့် နေရာတွေကို တရားမဝင် ထပ်ပြီး ခွဲထုတ်ထားတယ်။ ခွဲထုတ်ပြီးတော့မှ နယ်မြေများအောင် လုပ်ထားတယ် ဆိုတာကို ကျမတို့ မြေပြင်မှာ သုတေသနပြုလုပ်နေသူတွေဆီက တိုက်ရိုက်ကြားနေရတာ ရှိတယ်။ သူတို့ကိုယ်တိုင် ကြေညာတဲ့ဟာနဲ့ ကြည့်လိုက်တဲ့အခါ အဲဒါကို တွေ့ရတယ်။ ဒါဟာ ကျမတို့ ပြည်သူတွေအနေနဲ့ နိုင်ငံရေး သတိအများကြီး ရှိရမယ့်ကိစ္စဖြစ်တယ်။”

၂၀၂၄ ခုနှစ် အောက်တိုဘာကနေ ဒီဇင်ဘာလအတွင်းကောက်ယူခဲ့တဲ့ သန်းခေါင်းစာရင်းရဲ့ ‌ရှေ့ပြေးလူဦးရေစာရင်းမှာဆိုရင် မြန်မာနိုင်ငံရဲ့ လူဦးရေဟာ ၅၁ ဒသမ ၃ သန်းသာ ရှိပြီး မြို့နယ်ပေါင်း ၃၃၀ ရှိတဲ့အထဲ ၁၄၅ ခုမှာသာ အပြည့်အဝ ကောက်ယူ နိုင်ခဲ့တယ်လို့ ဆိုတယ်။ ၅၈ မြို့နယ်မှာတော့ လုံးဝ ကောက်ယူနိုင်ခဲ့တာမရှိဘဲ တချို့သောမြို့နယ်တွေမှာ တစိတ်ပိုင်း ကောက် ယူခဲ့တာကြောင့် လူဦးရေ ၁၉ သန်းလောက်က ခန့်မှန်းတွက်ချက်ထားတဲ့ လူဦးရေစာရင်းတွေသာဖြစ်တယ်လို့ စောင့်ကြည့် တဲ့ အရပ်ဖက်အဖွဲ့တွေကထောက်ပြပါတယ်။ တခြားသော အရပ်ဖက်အဖွဲ့တခုရဲ့ နိုင်ငံရေးစောင့်ကြည့် လေ့လာသူ တဦး ကတော့ အဲဒီ နယ်မြေအရေအတွက် ကိန်းဂဏန်းတွေဟာ စစ်ကောင်စီရဲ့ ထောက်ချောက်ဖြစ်နိုင်တယ်လို့ ဆိုတယ်။

နိုင်ငံရေး စောင့်ကြည့်လေ့လာသူတယောက်က “ရွေးကောက်ပွဲ ဥပဒေတွေကိုဖတ်ကြည့်ရင် စုစုပေါင်းပျမ်းမျှ သူ လိုတဲ့ seat က အများကြီး မရှိဘူး။ လွှတ်တော် ၂ ရပ်ပေါင်း ၆၀၀ ကျော်မှာ ၃ ပုံ ၂ ပုံရရင်ကို သူ့အတွက်အဆင်ပြေတယ်လို့ ကျနော်တို့ ယူဆလို့ရတယ်။ အဲဒါ ၂၀၀ ကျော်ထဲမှာမှ ၁၀၀ ကျော်နီးပါးက စစ်တပ်က appoint လုပ်တာဆိုတော့ သူလိုတာ ၅၀ ကျော် လောက်ပဲ လိုတော့မယ်လို့ ကျနော်တို့နားလည်တယ်။ သူဘာလို့ အဲဒီလောက်အများကြီး ပြောနေတာလဲပေါ့၊ ကျနော်မြင် တာကတော့ သူတမင်ကို ဂဏန်းတွေ အများကြီးပြောနေတာကို သုံးသပ်လို့ ရတယ်၊ ဘာလို့လဲဆိုတော့ သူမြေပြင်မှာ အဲဒီလောက်မထိန်းချုပ်နိုင်တာ အားလုံးသိနေတဲ့ ကိစ္စပေါ့။ open secret ဖြစ်နေတာကို ကျနော်ထင်တယ် သူတို့ကတော့ ရွေးကောက်ပွဲကို ဒီနေရာမှာ လုပ်ဖို့ကြိုးစားပါတယ်၊ ဒါပေမဲ့ ရွေးကောက်ပွဲကို ဖျက်လိုဖျက်ဆီး လုပ်မယ့်သူတွေလည်း ရှိပါတယ်ဆိုတဲ့ဟာမျိုးနဲ့  အကြမ်းဖက်မှုဖြစ်နိုင်တဲ့ဟာမျိုး  ရွေးကောက်ပွဲဆိုင်ရာ အကြမ်းဖက်မှု ဖြစ်နိုင်တဲ့ဟာမျိုးကို ဖိတ်ခေါ်တဲ့ ဟာလိုမျိုး ဒါကထောင်ချောက်လိုမျိုးဖြစ်နိုင်တယ်” လို့ ဆိုတယ်။

ပါတီဆက်လက်တည်‌ထောင်ခွင့်နဲ့ မှတ်ပုံတင်ခွင့် လျှောက်ထားတဲ့ ပါတီပေါင်းက  စုစုပေါင်း  ၇၇ ပါတီရှိပြီး ၅၆ ပါတီကို တော့ မှတ်ပုံတင်ခွင့်ပြုခဲ့ပါတယ်။ ဒါပေမဲ့ မြိုတိုင်းရင်းသားပါတီနဲ့ ရှမ်းပြည်ကိုးကန့် ဒီမိုကရက်တစ်ပါတီတို့က ပြန်လည်ဖျက်သိမ်းခဲ့တာကြောင့် လက်ရှိ ရွေးကောက်ပွဲ ဝင်ပြိုင်နိုင်ခြေရှိတဲ့ တည်ဆဲပါတီပေါင်း  ၅၄ ပါတီ ရှိနေကြောင်းသိရတယ်။

တရုတ်၊ အိန္ဒိယ၊ ထိုင်း အပါအ၀င် အိမ်နီးချင်း အာဆီယံ နိုင်ငံအချို့ဟာ မြန်မာပြည်သူတို့ ရဲ့ တရားမျှတတဲ့ ဒီမိုကရေစီ တော်လှန်ရေးစစ်ပွဲ ဆင်နွှဲ ရုန်းကန်နေမှုကို မကူညီတဲ့အပြင် တော်လှန်ရေးလမ်း‌ကြောင်း လွဲချော်ရေးအတွက်  ကြားဝင်စွက်ဖက် ဖိအားပေးနေကြပုံကလည်း သိသာထင်ရှားပါတယ်။ နွေဦးတော်လှန်ရေး လမ်းမလွဲစေဖို့ နွေဦးတော်လှန်ရေး ဘက်တော်သားတွေအနေနဲ့ သတိကြီးစွာထားကြရမယ့် အခြေအနေဖြစ်တယ်။

၂၀၂၅ မှာ နွေဦးတော်လှန်ရေး ပိုမို အရှိန်မြင့်လာနေတာနဲ့အမျှ တော်လှန်ရေးကို ဆန့်ကျင်သူတွေကလည်း နည်းအမျိုးမျိုးနဲ့ အဖျက်အမှောင့်လုပ်လာတာကို သတိပြုကြဖို့လိုတယ်။ စစ်ကောင်စီ ကြံစည်နေတဲ့ အတုအယောင်ရွေးကောက်ပွဲကလည်း ပြည်သူကို ဆန့်ကျင်တဲ့ အဖျက်လုပ်ရပ်ပါပဲ။

မြန်မာ့အရေးမှာ အိမ်နီးချင်း အင်အားကြီး တရုတ်နိုင်ငံက မြန်မာ ပြည်သူများရဲ့ ဆန္ဒကို လျစ်လျူရှုပြီး စစ်ကောင်စီကို အားပေးထောက်ခံနေတာ တနေ့တခြား ထင်ရှားလာတယ်။ မြန်မာပြည်သူတွေကို သတ်ဖြတ် နှိပ်စက်နေတဲ့ စစ်ကောင်စီကို ပြောင်ပြောင်တင်းတင်း ထောက်ခံနေခြင်းဟာ တရုတ်က မြန်မာ့အရေးမှာ တိုက်ရိုက် ဝင်ရောက်စွက်ဖက်နေတာဖြစ်တယ်။ အထူးသဖြင့် လက်နက်ခဲယမ်း၊ တိုက်လေယာဉ်တွေ ဗုံးသီးတွေ၊ ဒုန်းလက်နက်တွေ၊ ဒရုန်းတွေနဲ့ လေယာဉ်ဆီအပါအဝင် စစ်ရေးလိုအပ်ချက်အမျိုးမျိုးကို စစ်ကောင်စီထံ တရုတ်က ရောင်းချနေတာဖြစ်တယ်။ မြန်မာနိုင်ငံ ပြဿနာ အဆုံးမသတ်နိုင်ခြင်းဟာ တရုတ်က အကြမ်းဖက်စစ်တပ်ကို စစ်ရေး/နိုင်ငံရေးအရ တက်တက်ကြွကြွ ထောက်ပံ့နေလို့ ဖြစ်တယ်။ ပိုဆိုးတာက အတုအယောင် ရွေးကောက်ပွဲလုပ်ဖို့ လမ်းကြောင်ချပေးတာဟာ တရုတ်ဖြစ်နေခြင်းပါပဲ။

တရုတ်၊ အိန္ဒိယ၊ ထိုင်း နှင့် အာဆီယံနိုင်ငံတွေအနေနဲ့ စစ်ကောင်စီ သက်ဆိုးရှည်စေမယ့် ထောက်ပံ့မှုတွေ လုပ်နေမယ့်အစား မြန်မာပြည်သူတို့ရဲ့  သဘောထားအမှန်ကို နားလည်အောင် လုပ်သင့်ပြီ ဖြစ်တယ်။ မြန်မာလူထုရဲ့  "ဖက်ဒရယ် ဒီမိုကရေစီ" လိုလားချက်ကို လေးစားသင့်ကြောင်း တိုက်တွန်းလိုတယ်။ တရုတ်ထောက်ခံမှုနဲ့ စစ်ကောင်စီက ကျင်းပဖို့ လုပ်နေတဲ့ အတု အ‌ယောင် ရွေးကောက်ပွဲမှာ ပါ၀င်ဖို့ ပြင်ဆင်နေကြတဲ့ နိုငံရေးပါတီတွေ အနေနဲ့လည်း အချိန်မနှောင်းမီ ပြည်သူ့ အကျိုးပြု ရေးဘက်သို့ ကူးပြောင်းသင့်ပြီဖြစ်တယ်။ အရပ်ဘက်အဖွဲ့အစည်းများအနေနဲ့လည်း တရုတ်က ချမှတ်ပေးတဲ့ မည်ကာမတ္တ  ရွေးကောက်ပွဲလမ်းစဉ်ကို ဆန့်ကျင် ကန့်ကွက်သွားကြဖို့ လိုတယ်။ နယ်မြေစိုးမိုးမှု ၂၅ ရာခိုင်နှုန်းမျှပင် မရှိတော့တဲ့ စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့ လိုတယ်။

တိုင်းရင်းသားပေါင်းစုံ ပါဝင်တဲ့ တော်လှန်ရေး အင်အားစုတွေအနေနဲ့ တရုတ်ရဲ့ ကျောထောက်နောက်ခံနဲ့ လုပ်မယ့်  အတုအယောင်ရွေးကောက်ပွဲကို ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း စုပေါင်းတုံ့ပြန်ချက်မျိုး ထုတ်ပြန်ရမယ့် အချိန်ရောက်ပြီလို့ နှိုးဆော်လိုပါတယ်။

လူထုက ရွေးချယ်ပြီး လူထုကိုယ်စားပြု ဒီမိုကရေစီ အစိုးရ တက်လာမှာကို တရုတ်ကွန်မြူနစ်နိုင်ငံက မမြင်လိုတဲ့ အချက်ကို အထူသိထားသင့်တယ်။ မြန်မာနိုင်ငံမှာ ဖက်ဆစ်မင်းအောင်လှိုင်လို ခပ်ညံ့ညံ့ ခေါင်းဆောင်မျိုး ရှိမှသာ တရုတ် ကြိုးကိုင်လို့ ရမယ့် "ရုပ်သေးအစိုးရ" လုပ်ဖို့ ပိုပြီးကောင်းမယ်လို့ ယူဆထားပုံရတယ်။ ဒါကြောင့် လက်ရှိအချိန်အထိ နွေဦးတော်လှန်ရေးဘက် မြန်မာပြည်သူလူထုဘက်ကို ထောက်ခံမှု မပြုဘဲ တရုတ်နိုင်ငံအတွက် အမြတ်ထွက်မယ့် ရွေးကောက်ပွဲအတု ဇာတ်ညွှန်းရေး ချပေးနေတာဖြစ်တယ်။

တရုတ်ရဲ့ ကိုယ်ကျိုးစီးပွားကာကွယ်ရေး မူဝါဒအရ မြန်မာ အကြမ်းဖက်စစ်တပ်ကို မြန်မာ့နိုင်ငံရေးစည်းဝိုင်းအတွင်း ဆက်ရှိနေစေလိုတာ ထင်ရှားနေတယ်။ ဒီအချက်ဟာ မြန်မာ့တော်လှန်ရေးကို ဆန့်ကျင်နေတာ ထင်ရှားတယ်။ စစ်အာဏာရှင်စနစ် ရှိနေသမျှ မြန်မာပြည် မငြိမ်းချမ်းနိုင်ဆိုတဲ့ သဘောထားက မျိုးဆက်သစ်တို့ရဲ့ ယုံကြည်ချက် ဖြစ်တယ်။ 

တရုတ်ကွန်မြူနစ် အစိုးရက နွေဦးတော်လှန်ရေး လူငယ်တွေရဲ့ ယုံကြည်ချက်ကို ရိုက်ချိုးဖို့ ကြိုးပမ်းနေပုံရတယ်။ နွေဦးတော်လှန်ရေးရဲ့ အရှိန်အဟုန်ကို ဟန့်တားပြီး မြန်မာနိုင်ငံကို ၂၀၀၈ စစ်တပ် ဖွဲ့စည်းပုံအောက် ပြန်ပို့လိုခြင်းဟာ တရုတ်ရဲ့ မြန်မာ့အရေးဆိုင်ရာ မူဝါဒ ဖြစ်နေတယ်။ အာဆီယံအဖွဲ့အတွင်း တရုတ်သြဇာမကင်းတဲ့ အဖွဲ့ဝင်နိုင်ငံအချို့ ရဲ့ အကူအညီနဲ့  စစ်ကောင်စီကို လူရာဝင်စေဖို့အတွက် အာဆီယံ အစည်းအဝေးတွေမှာ ဆက်ပြီး ပါဝင်နိုင်ရေး ကြိုးပမ်းနေခြင်းဟာ တရုတ်ရဲ့ နိုင်ငံရေး လုပ်ကြံမှုဖြစ်ကြောင်း သတိပြုကြရမယ်။   



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar