Breaking News

လင်းငယ် - အေအိုင်ခေတ်တွင် စာရေးခြင်း၊ စာဖတ်ခြင်း

Image- Google 
အေအိုင်ခေတ်တွင် စာရေးခြင်း၊ စာဖတ်ခြင်း
လင်းငယ်
(မိုးမခ) ဩဂုတ်လ ၁၂၊ ၂၀၂၅

 နိုင်ငံတကာအက်ဆေးတပုဒ်ဖတ်ရတယ်။ အေအိုင်ကိုဆင်ခြင်တဲ့စာ။ သူ့စာခေါင်းစဉ်ကိုလည်း “စာကိုလက်ရေးနဲ့ရေးရင် အေအိုင်က ဂျင်း မထည့်နိုင်” ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးတယ်။ အဲဒီအက်ဆေးကိုလည်း ဘာသာပြန်ပါဦးမယ်။ အခုလောလောဆယ်တော့ ဆင့်ပွားတွေးမိတာလေးတွေ ကိုယ်တိုင် စဉ်းစားခဲ့ဖူးတာလေးတွေအရင်ရေးပါဦးမယ်။
ဒီအက်ဆေးထဲမှာတော့ အက်ဆေးဆရာမက သူ့စာရေးစွမ်းရည်အပေါ် နည်းပညာတွေက လွှမ်းမိုးပြီး လှိုက်စားလာစေတာကို စိုးရိမ်ပူပန်မိတဲ့အတွက်၊ ပြီးတော့ ခေတ်ဟောင်းနည်းလမ်းတွေအတိုင်း စာပြန်ရေးကြည့်ရင် ဘယ်လိုရှိမလဲ ဆိုတာ သိချင်စိတ်နဲ့ ဒီအက်ဆေးတပုဒ်လုံးကို လက်ရေးနဲ့ ချရေးခဲ့ပါသတဲ့။
 “နည်းပညာတွေကြောင့် ကျမတို့လူသားတွေရဲ့ကျွမ်းကျင်မှုတွေ အလုပ်အကိုင်တွေ ပျောက်ဆုံးသွားတာက မထူးဆန်းလှပါဘူး။ ဒီခေတ် ဒီကာလမှာ ဘယ်သူမှ မြင်းစီးပြီး ခရီးမသွားတော့ဘူးလေ။ ဒါပေမဲ့ အခုလို ဒစ်ဂျစ်တယ်ခေတ်မှာတော့ အပြောင်းလဲတွေဟာ မြန်ဆန်လွန်းလှပါတယ်။ ပြောင်းလဲတာက မထူးဆန်းဘူးဆိုရင် တောင်မှ တချို့ကိစ္စတွေဟာ ကျမတို့ ကိုယ်တိုင်ရဲ့ သဘောဆန္ဒ မပါဘဲ ပြောင်းလဲသွားကြတာတွေပါ။ ကျမ ကွန်ပျူတာထဲမှာ စာရေးရာမှာ အထောက်အကူပြုတဲ့ Microsoft က ထုတ်တဲ့ Copilot  ဆိုတဲ့ အေအိုင်ဆော့ဝဲ တခု ကျမကိုယ်တိုင်မသိလိုက်ဘဲ (ခွင့်ပြုချက် မပေးထားဘဲ) ရောက်လာခဲ့တယ်။ ပြီးတော့ စာရေးသမျှ နေရာမှာ ဟိုလိုလေးလုပ်ပါလား ဒီလိုလေးလုပ်ပါလား ဝင်ရှုပ်တော့တယ်။ ဒီလိုရှုပ်တာပျောက်သွားဖို့ အချိန်တော် တော်ပေးလိုက်ရတယ်။ ဒီကစလို့ လက်နဲ့ စာရေးကြည့်မယ်ဆိုတဲ့ စိတ်ကူးရပါတယ်” လို့ ဆရာမက ဆိုပါတယ်။
ပြီးတော့ အက်ဆေးဆရာမ ဆိုပါတယ်။ သူ့အနေနဲ့ နည်းပညာတိုးတက်တာတွေကို သဘောကျပါတယ်။ ကျေလဲ ကျေနပ်ခဲ့ပါတယ်တဲ့။ ဟိုးအရင်တုန်းက စာတပုဒ် ရေးလိုက် ပြင်လိုက် လုပ်ရတဲ့ဒုက္ခဟာ အလွန်မှကို ကြီးပါတယ်။ ကွန်ပျူတာတွေ ပေါ်လာတဲ့ နောက်မှာတော့ စာစီရတာ အလွန်ကို လွယ်ကူသွားပါတယ်။ စာရွက်တွေ ကုန်ကျတာ သက်သာသွားပါတယ်။ အချိန်တွေ သက်သာသွားပါတယ်။ ဒါပေမယ့်လည်း တဖြည်းဖြည်းနဲ့ နည်းပညာတွေက လူသားတွေ ဝန်ထုပ်ဝန်ပိုးသက်သာအောင် လွတ်မြောက်အောင် လုပ်ပေးရာကနေ တဖြည်းဖြည်းနဲ့ လူသားတွေကို သေးသိမ်ပျောက်ကွယ်သွားအောင် လုပ်လာသလို ပိုလို့ပိုလို့ ခံစားလာရတယ် လို့ ဆိုပါတယ်။ 
သူဒီစာကိုရေးရင်း ဟိုးအရင်တုန်းက စာတပုဒ်ရေးခဲ့တဲ့အခါ မရေးခင် ဘယ်လောက် အချိန်ယူရကြောင်း၊ ဘယ် လောက် ပြင်ဆင်ရကြောင်း၊ ပြီးမှ စာရွက်ပေါ်ချရေးကြောင်း၊ ရေးပြီးတဲ့စာကိုလည်း အဆင့်ဆင့် ဘယ်လို ပြင်ဆင်ရကြောင်း သူ့အတွေ့အကြုံတွေကို မျှဝေရင်းနဲ့ အခုလို အဆိုပြု မေးခွန်းထုတ်ပါတယ်။
“လက်နဲ့ စာရေးရခြင်းဟာ အတွေး အိုင်ဒီယာပေါင်းများစွာ စီးဆင်းစေရတဲ့ အာရုံနောက်တဲ့ အလုပ်တခုပဲ။ စာရေးခြင်းအမှုဆိုတာ အသစ်အဆန်းတွေ ရှာဖွေခြင်းနဲ့ လေ့လာသင်ယူခြင်း လုပ်ငန်းစဉ်တရပ် ဖြစ်တယ်။ ဒီလုပ်ငန်းစဉ်ကို အလျင်စလို ပြီးအောင် လုပ်လိုက်တာနဲ့ ကျမတို့ ဘာတွေဆုံးရှုံးသွားလိုက်ရလဲ”
အရာရာမြန်ဆန်လွန်းတဲ့ခေတ်မှာ အားလုံးတက်သုတ်ရိုက်လုပ်နေရတဲ့အချိန် စာရေးတာကိုလည်း ကတိုက် ကရိုက်လုပ်တာ၊ ပြီးတော့ နည်းပညာအကူအညီနဲ့ အမြန်ပြီးအောင်လုပ်နိုင်တာတွေရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို ဆရာမကတွေးဆကြည့်ပါတယ်။ “အရာရာမြန်ဆန်လွန်းတဲ့ခေတ်မှာ လူတွေက အေးအေးလူလူစားသောက်ရခြင်း (slow food)၊ မိသားစုနဲ့ အေးအေးလူလူအချိန်ဖြုန်းရခြင်း (slow families) ဆိုတဲ့ လှုပ်ရှားမှုတွေ ရှိလာနေသလို ဖြည်းဖြည်းဆေးဆေး စာရေးခြင်း (slow writing) လည်း ရှိသင့်ပါတယ်” လို့ ဆရာမက အဆိုပြုပါတယ်။
ဒါတွေကတော့ မြန်ဆန်တဲ့ အပြောင်းအလဲ ခေါင်းစဉ်အောက်ကနေ အရာရာ ကပြောင်းကပြန် ဆန်လာတဲ့ ဒစ်ဂျစ်တယ်ခေတ်ကို အက်ဆေးဆရာမတယောက်က ပူပန်ပြလိုက်တာပါ။
တကယ်တော့ ကျနော်က ဆရာမနဲ့ ပြောင်းပြန်လို့တောင် ဆိုနိုင်ပါတယ်။ 
ဒီဆရာမရဲ့ အက်ဆေး မဖတ်ဖြစ်ခင် တပတ်လောက်ကပဲ သူပြောတဲ့ Copilot ကို အသုံးပြုပြီး အက်ဆေးတပုဒ် စမ်းသပ်ရေးကြည့်ခဲ့ပါတယ်။
အထူးသဖြင့် ကိုယ့်မိခင်ဘာသာစကား မဟုတ်တဲ့ အင်္ဂလိပ်စာနဲ့ စာပေတွေရေးတဲ့အခါမှာ စိတ်သွားသလောက် ကိုယ်မပါနိုင်တဲ့ စကားလုံးရွေးချယ်မှု၊ စာကြောင်းဝါကျ တည်ဆောက်မှုတွေမှာ ခက်ခဲမြဲ ခက်ခဲဆဲ ဖြစ်ပါတယ်။ ဘုန်းကြီးကျောင်းမှာ စာသင်ခဲ့တဲ့ လူတယောက်အဖို့ ဗြစ်တစ် စာရေးရတာ မချောမွေ့တာ မဆန်း။ ဒါပေမယ့် မနိုင်တဲ့ ခြေလှမ်းကိုမှ လှမ်းကြည့်ချင် နေသေးတာ။ Copilot နဲ့ ကျတော့ ကိုယ်ရေးချင်တဲ့ အိုင်ဒီယာအကြမ်းကို စာကြောင်းတိုလေးတွေရေး၊ ပြီးရင် အမြင်လေးတွေထည့်၊ ဒီလိုနဲ့ သင့်တင့်တဲ့ စာတပုဒ်တော့ ဖြစ်လာတာကို တွေ့ပါတယ်။ တခါတခါ ဒင်းက မဆိုင်တာတွေ ထည့်ပြီး ဖြီးဖြန်းထားတတ်တယ်။ တခါတခါ ဒင်းက စကားလုံးတွေ ပြောင်မြောက်တယ်။ အချက်အလက်တွေ လိုချင်ရင်တော့ အားသာတယ်။ သူက ပိုလွယ်တယ်။ ဒါပေမယ့် ရသစာပေသဘောမျိုးဆိုရင်တော့ ကြိုက်လှချည်ရဲ့တော့ မဟုတ်သေး။ ဗြစ်တစ်စာကို မိခင်ဘာသာ စကားအဖြစ် ပြောဆိုသူအဖိုတော့ ဒီလို ဖြီးဖြန်းတာတွေကို သည်းခံနိုင်မယ်မထင်။
နောက်ထပ် ကိုယ့်ပြဿနာ တခုက စခရင်ကြည့်ချိန် များလွန်းတာ။
ကွန်ပျူတာ စခရင်ရှေ့ ထိုင်ပြီး စာရေးရတာဟာ တနေကုန် ကွန်ပျူတာနဲ့ အလုပ်လုပ်ရသူ တယောက်အတွက် အချိန်ပို အလုပ်လုပ်ရသလိုပါပဲ။ တနေကုန် ကွန်ပျူတာရှေ့မှာ စာရင်းဇယားတွေနဲ့ ရှုပ်ထွေးပြီး အိမ်ပြန်ရောက်လို့ ညဘက် အေးအေးလူလူ စာရေးချင်တဲ့အခါ မျက်စိတွေက ပူစပ်ကာ မျက်ရည်တွေ ကျလာ၊ မျက်ရိုးတွေက ကိုက်ပြီး အာရုံမစိုက်နိုင်တော့။ ဒီလိုနဲ့ မရေးဖြစ်ခဲ့တဲ့စာတွေ များလာသပေါ့။
ဒီဒုက္ခကို ကျော်လွန်နိုင်ဖို့ အကြံအဖန် အမျိုးမျိုး လုပ်ကြည့်တယ်။
ပထမတနည်းက ကိုယ်ရေးချင်တာကို ဖုန်းနဲ့ အသံသွင်းထားပြီးတော့ ကိုယ် ယုံကြည် အားကိုးရတဲ့ တယောက်ယောက်၊ နည်းပညာကျွမ်းကျင်တဲ့ တယောက်ယောက်ကို စာပြန်ရိုက်ခိုင်းကြည့်တယ်။ အင်္ဂလိပ်စကား ဆိုရင်တော့ ဒီနည်းက သိပ်လွယ်တယ်။ ကိုယ်သာအသံထွက်ကောင်းရင် အသံကနေ စာသားအဖြစ် တယောက်ယောက်ကို စာရိုက်ခိုင်းစရာမလိုဘဲ နည်းပညာအကူအညီနဲ့ အလွယ်ပဲ ပြောင်းလို့ရတယ်။ မြန်မာဘာသာစကားကတော့ ဒီလို ဖြစ်လာဖို့ အချိန်တခု ယူရဦးမယ်။ ဒီမှာလည်း ကိုယ်က စကားကို တဆက်တည်း ပြောပြီး စာတပုဒ်မရေးနိုင်တာရော၊ အချိန်အကန့်အသတ်နဲ့ရောမို့ ဆရာမ ပြောခဲ့တဲ့ ဖြည်းဖြည်းအေးအေး စာတပုဒ် ဖြစ်မလာတာ အမှန်ပဲ။
နောက်ထပ်တနည်းကတော့ အခု ဒီစာကို ဒီရေးပုံရေးနည်းနဲ့ စမ်းကြည့်ထားပါတယ်။ ဒါကတော့ ဖုန်းမှာ အသံနဲ့စာရိုက်လို့ရတဲ့ ကီးဘုတ်လေးတခုထည့်လိုက်တယ်။ ဒါလည်း နည်းပညာကျွမ်းကျင်တဲ့မိတ်ဆွေတချို့က လမ်း ညွှန်ပေးတာ။ ပြီးပြည့်စုံတဲ့ နည်းလမ်းတခု မဟုတ်သေးပြန်ဘူး။ ဒါလည်း အင်တာနက်လိုင်း ရဖို့တော့ လိုသေးတယ်။ ကီးဘုတ်က မြန်မာစကားကို ကွန့်လို့မရ။ သူသိတဲ့ စကားလုံးတွေနဲ့ အစားထိုးပစ်တယ်။ စားလုံးပေါင်းတွေလည်း အမှားများတယ်။ ဒါပေမယ့် အနည်းဆုံး စာကြမ်း တခုတော့ ထွက်လာတယ်။ ပြီးရင်တော့ စာပြန်ချော ပြန်ပြင်ပေါ့။ ပြန်ပြင်တဲ့အခါမှာလည်း ကွန်ပျူတာပေါ်မှာ ပြန်ပြင်ဆင်ရတာပဲ။ ကောင်းတာ တခုက အခု ဒီစာကို ပြင်ရင်းနဲ့ နောက်ထပ်တခေါက် ပြန်ဖတ်ဖြစ် ပြန်တွေးဖြစ်တယ်။ နည်းနည်းတော့ slow writing ဖြစ်တယ်လို့ ဆိုချင် ဆိုနိုင်မယ်။
နောက်ထပ်တနည်းတော့ ရှိသေးတယ်။ ကျနော့်အတွက်တော့ အသုံးမဝင်ဘူး။ အသုံးမဝင်ရတဲ့ အကြောင်းရင်းက မြန်မာစာကို ပီပီပြင်ပြင် လှတပတ မရေးတတ်တော့တဲ့ ပြဿနာ။ အဲဒါဘာလဲဆိုတော့ စာရွက်ပေါ်မှာ မြန်မာလို ရေးထားပြီးရင် ဖုန်းကနေ စကင်ဖတ်ပြီး digital version ပြန်ပြောင်းလို့ရတယ်။ အကယ်၍ စာရိုက်ထားတဲ့ မြန်မာစာဆိုရင်တော့ မှားယွင်းမှု လုံးဝမရှိအောင် ပြောင်းလို့ရတယ်။ ကိုယ့်လက်ရေးကတော့ ရေးတာကြာသွားရင် တခါတလေ ကိုယ့်ဘာသာတောင် ပြန်မဖတ်တတ်အောင် လှပလေတော့ နည်းပညာ တော်တော်လေးမြင့်မှပဲ ကိုယ့်လက်ရေးကို စကင်ဖတ်လို့ ရမယ်ထင်ပါရဲ့။ ဒါပေမယ့်လည်း ဒီနည်းကို အသုံပြုဖို့အတွက် လက်ရေးနဲ့ စာစမ်းရေးကြည့်ဖူးတယ်။ အိုး ဟိုးဟိုး . . . ကွန်ပြူတာမှာ စာဆယ်မျက်နှာတထိုင်တည်း ရိုက်နိုင်ပေမယ့် စာရွက်ပေါ်မှာ စာတမျက်နှာပြည့်အောင်မရေးနိုင်တော့။ လက်တွေက အညောင်းမခံနိုင်။ အမှန်တကယ် ရေးချင်ရင်တောင်မှ တော်တော်လေး ပြန်လေ့ကျင့်ရမယ့် သဘော။
ဒါနဲ့ ဆက်စပ်ပြီး ဟိုတလောက digital magazine တစောင် ထုတ်နေတဲ့ လူမှုကွန်ရက် စာမျက်နှာတွေထဲက ကွန်မန့်တခုမှာ တွေ့လိုက်မိတယ်။ လက်ရေးတဲ့ ရေးထားတဲ့ စာတွေကို စာစီစာရိုက် ဝန်ဆောင်မှု ပေးသလားဆိုပြီး မေးထားတဲ့ စာပေရေးသားရတာ ဝါသနာပါသူ တယောက်ရဲ့ မှတ်ချက်။ အင်း လက်ရေးနဲ့ ရေးတဲ့ စာရေးသူတွေ ရှိပါသေးလားပေါ့။ လွန်ခဲ့တဲ့ နှစ်၂ဝလောက်က မြန်မာပြည်မှာ စာစီစာရိုက်ဆိုင်တွေ ထွန်းကားလာတော့ ကိုယ်တွေတောင် ကျောင်းသားဘဝက ကဗျာတွေရေး အဲ့သည် စာစီစာရိုက်ဆိုင်တွေမှာ ပန်းဖလက်လေးတွေ သွားစာစီကာ လိုက်ဝေခဲ့ဖူးတာကို အမှတ်ရတယ်။ ကျောင်းသားဘဝ အမှတ်တရတွေ။  
အခုအချိန်မှာတော့ စာရေးပြီးတဲ့ စာတွေကို ပရင့်ထုတ်ထားတဲ့ စာမျက်နှာပေါ်၊ စာရွက်/စာအုပ် အဖြစ် စာရွက်သားတွေပေါ်မှာ မမြင်ရတာ ကြာလွန်းမက ကြာလှပေါ့။ မှတ်မှတ်ရရ ပြောရရင် အာဏာမသိမ်းခင် ထုတ်ခဲ့တဲ့ မိုးမခမဂ္ဂဇင်းမှာပါတဲ့ အက်ဆေးဟာ ကိုယ့်လက်ထဲ ရောက်လာတဲ့ ပုံနှိပ်စာလုံးတွေပေါ်က ကိုယ့်ရဲ့နောက်ဆုံးစာ။ လွမ်းလိုက်တာ။
တချို့ အရေးကြီးတဲ့ စာမျိုး ရေးဖြစ်တဲ့အခါ ဒါလည်း ရုံးအလုပ်နဲ့ ဆိုင်တာမျိုး များပါတယ် အဲလိုမျိုးဆိုရင်တော့ စာကြမ်းကို ပရင့်ထုတ် သေချာစစ်ဆေးကြည့်တဲ့ အကျင့်တော့ ရှိတယ်။ ဒါပေမဲ့ မဂ္ဂဇင်းပေါ်မှာ၊ အများသူငါဖတ်တဲ့ တနေရာရာမှာ ကိုယ့်စာကို ပုံနှိပ်စကားလုံးနဲ့ မြင်ရတာနဲ့တော့ အရသာချင်း တခြားစီပေါ့။
ဆရာမရဲ့အက်ဆေးထဲမှာတော့ slow writing ကိုပဲ ပြောသွားပေမယ့် နောက်ထပ် စဉ်းစားမိတာကတော့ slow reading ပဲ။ ကျနော်တို့ စာတွေကို ဖြည်းဖြည်းအေးအေး ဖတ်ဖြစ်ကြသေးရဲ့လား။ ဖတ်ပြီးတဲ့ အခါမှာလည်း တွေးတွေးငေးငေး စမြုံ့ ပြန်ဖြစ်ကြသေးရဲ့လား။
လက်တဝါးစာ စခရင်ပြားလေးပေါ်မှာ လက်ညှိုးလေးတွေ၊ လက်မလေးတွေနဲ့ ပွတ်ပြီး ရွှေ့လိုက်တိုင်း၊ ရွှေ့လိုက်တိုင်း အသစ်အသစ် ပေါ်လာတဲ့ စကားလုံးတွေကို ကဗျာကယာ လိုက်ဖတ်ရင်း၊  စာစစ်စစ်တွေ ဖတ်ဖို့အချိန်တွေ ပါသွားလေသလား။ လူမှုကွန်ရက်ပေါ်က စာတွေဟာ စကားလုံးအနေနဲ့ ရေးထားလို့ စားလို့ဆိုနိုင်ပေမယ့် အေးအေးဆေးဆေး ဖက်ထိုက်တဲ့ စာတွေမှ ဟုတ်ရဲ့လား။ သတင်း အချက်အလက်တွေနဲ့ ဝန်ပိနေလို့ ဖတ်စရာ စာပေတွေကို မမြင်ဘဲ မျက်စိလျှမ်းမိနေကြသလား။
ရန်ကုန်က မိတ်ဆွေတယောက်ကတော့ ပြောတယ်။ နေ့စဉ်နဲ့အမျှ စိတ်ရှုပ်ထွေးပူပန်ရတာတွေနဲ့မို့ စာရှည်ရှည်တွေ မဖတ်ဖြစ်တော့ပါဘူးဗျာ၊ ဖတ်ကြည့်ဖို့ ကြိုးစားရင်လည်း အာရုံမရတော့ အဆုံးထိ မရောက်တာ များတယ်တဲ့။ တော်တော်စာဖတ်တယ်လို့ ဆိုနိုင်တဲ့ မိတ်ဆွေတယောက်ဆီက မှတ်ချက်စကား။ အနေကြပ်လှတဲ့ ခေတ်ပျက်တခုမှာ စာတွေမဖတ်နိုင်တာကိုတော့ အပြစ်ဆိုစရာမရှိ။ ဒီမိတ်ဆွေကပဲ ဆက်ပြီးပြောတယ်။ အခုနောက်ပိုင်းတော့ အရင်တုန်းက ဖတ်ခဲ့တဲ့ ရုပ်ပြကာတွန်းတွေ ပြန်ဖတ်တယ်တဲ့။ တော်တော်လေး စိတ်ပေါ့ပါးစေတယ်တဲ့။ ဒါလည်းကောင်းတာပဲ။ ကျနော်တို့စိတ်အတွက် လိုက်လျောညီထွေရှိတဲ့ စာတွေက အသွင် သဏ္ဍာန် အမျိုးမျိုးနဲ့ လိုအပ်တယ်မလား။
ဒီမှာတင် စာပေဆိုရင် စာအုပ်တွေချည့် စွဲမနေဖို့ သတိချပ်ရတယ်။ နည်းပညာတွေ အပြောင်းအလဲနဲ့ အတူ အသွင် သဏ္ဍာန်တွေ ပြောင်းလာတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း နောက်ထပ် ကျနော်အမြဲ စာဖတ်ဖြစ်တဲ့ စာဖတ်နည်းတခုကတော့ သူများစာဖတ်ပြတာကို နားထောင်တာပါပဲ။ သူများနိုင်ငံမှာတော့ အသံထွက် ဖတ်ပြတဲ့ Audiobook တွေက တွင်ကျယ်နေပြီ။ ကျနော်တို့ဆီမှာတော့ မြေစမ်းခရမ်းပျိုးဆဲ အဆင့်။
ကိုဗစ်ကာလတုန်းက ကျနော်ကိုယ်တိုင် တပတ်တခါ အက်ဆေးတပုဒ်၊ ကဗျာတပုဒ်ဖတ်ပြီး လိုင်းပေါ်ကနေ လိုက်ဖ်လွှင့်ခဲ့ဖူးတယ်။ ၂၀၂၁ နောက်ပိုင်းမှာတော့ YouTube ပေါ်မှာ Facebook ပေါ်မှာ စာဖတ်ပြတာတွေက တော် တော်လေးကို တွင်ကျယ်လာတယ်။ စာအုပ်စာပေ လက်လှမ်းမီဖို့ခက်တဲ့သူတွေ၊  နိုင်ငံရပ်ခြားအဝေးမှာ ရောက်နေတဲ့သူတွေ၊ ပြီးတော့ တနိုင်တပိုင် ဝင်ငွေရှာလိုသူတွေ၊ ရန်ပုံငွေ ရှာဖွေလိုတဲ့ အသင်းအဖွဲ့တွေ စသည်စသည် တို့အတွက် လိုင်းပေါ်မှာ စာဖတ်ခြင်းက ခေတ်စားလာတယ်။ ကျနော်ကိုယ်တိုင်လည်း ညအိပ်ရာဝင်ခါနီး စာဖတ်ချင်လာတဲ့အခါ စိတ်အာသာပြေဖို့အတွက် ကျနော်အားပေးတဲ့ ချန်နယ်တွေကနေ စာဖတ်ပြတာကို နားထောင်တတ်တဲ့ အလေ့အကျင့်က အခုဆို တော်တော်တောင် စွဲနေပြီ။
အခက်အခဲတွေတော့ ရှိသေးတာပေါ့။ ကိုယ်ဖတ်ချင်တဲ့ စာအမျိုးအစားက ရှာမရတာမျိုး၊ ဖတ်ပြတဲ့သူရဲ့ လေးယူလေသိမ်း အားနည်းတာမျိုး၊ ကောင်းခန်းရောက်နေမှ ကြော်ငြာဝင်လာတာမျိုး စသည်စသည်။ ကျနော်တို့ မြန်မာစာပေ အတွက်တော့ အသံစာအုပ် audiobook တွေက ဒီထက်ခေတ်စားဖို့ လိုဦးမယ်။ နည်းပညာပိုင်းအနေနဲ့လည်း အများကြီး လုပ်ရဦးမယ်။ နောက်တချိန် ဖြစ်လာမယ်လို့တော့ မျှော်လင့်တာပဲ။
အခုနေခါများဖြင့်တော့ “ခေတ်ကောင်းရင်” လုပ်ကြဖို့လို့သာ တေးထားရင်းပေါ့။ အေအိုင်ခေတ်မှာ တွေပူစရာတွေ များသလို လုပ်စရာတွေလည်း တပုံကြီးကိုး။
အင်း ခေတ်ကောင်းရင် . .. ခေတ်ကောင်းရင် .  . 

လင်းငယ်
၁၀ ဩဂုတ် ၂၀၂၅
-

Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar