မောင်လူမွှေး - အသက်တွေ၊ ဘဝတွေ သေဆုံးနေဆဲ
အသက်တွေ၊ ဘဝတွေ သေဆုံးနေဆဲ
မောင်လူမွှေး
မိုးမခ ၊ ဩဂုတ် ၁၂ ၊ ၂၀၂၅
ပြီးခဲ့တဲ့တစ်ပတ်ကတော့ မောင်လူမွှေး နေတဲ့နေရာမှာ ဝမ်းနည်းဖွယ်ကိစ္စတွေ ရက်ဆက် ဖြစ်ပွားခဲ့တယ်။ ပထမဆုံး ဆယ်ကျော်သက်အရွယ် ကလေးငယ်တစ်ဦး အမောဖောက်ပြီး ဆုံးရှာတယ်။ အင်မတန် လူချစ်လူခင်များတဲ့ ကလေးမို့ နာရေးက စည်ကားတာကို သတိထားမိတယ်။
အဲ့ဒီနာရေးပြီးလို့ နောက်တစ်နေ့မှာ သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး သွေးတိုးပြီး ကွယ်လွန်တယ်။ သွေးတိုး သတိမေ့နေတာကို သွားစရာ ဆေးရုံ၊ ဆေးခန်းမရှိတဲ့အတွက် အသက်ထွက်တဲ့အထိ အိမ်မှာပဲ စောင့်နေကြရတာဖြစ်ပါတယ်။
တတိယအဖြစ်အပျက်ကတော့ မောင်လူမွှေးတို့နဲ့ ရင်းနှီးတဲ့ မိန်းကလေးငယ်တစ်ဦး ညကြီး ကလေး မွေးတယ်။ သူ့မွေးရက်မရောက်ခင် ရက်အနည်းငယ် ကြိုစောပြီး မွေးဖွားတာဖြစ်တယ်။ မွေးဖွားပြီးလို့ နာရီပိုင်းအကြာမှာ လူ့လောက ရောက်ခါစ ကလေးငယ်ဟာ တိမ်းပါးခဲ့ပါတယ်။ ဒီအဖြစ်အပျက်တွေဟာ တစ်ပတ်အတွင်း ရက်ဆက်ဖြစ်ပွားခဲ့တာပါ။
မောင်လူမွှေး နေတဲ့ နေရာအပါအဝင် လွတ်မြောက်နယ်မြေ တော်တော်များများမှာ ဆေးဝါးကုသဖို့ အင်မတန်ခက်တယ်။ ဆေးရုံ၊ ဆေးခန်း ဆောက်ပြီး ဆေးကုရင်လည်း လူမဆန်တဲ့ စစ်တပ်က ဗုံးကြဲဖို့ အသင့်ပဲ။ ဒီတော့ ဆေးရုံ၊ ဆေးခန်းတွေ မရှိ၊ ဆရာဝန် မရှိနဲ့ ရုတ်တရက် ဖြစ်ပွားလာတဲ့ သေရေး ရှင်ရေးဆို ပြည်သူတွေ သေနေကြရတာ ဖြစ်တယ်။
စစ်ကောင်စီဟာ ပြည်သူတွေရဲ့ ကျန်းမာရေးအတွက် ဆေးဝါးတွေ မရောက်နိုင်အောင် တင်းတင်းကျပ်ကျပ် ပိတ်ပင်တားဆီးပါတယ်။ ဂိတ်တွေမှာ စစ်ရင် တွေ့သမျှဆေး အကုန်သိမ်းပါတယ်။ " ခုဟာက မိန်းကလေးတွေ ဓမ္မတာလာရင် သုံးတဲ့ ဟာကစ သယ်ခွင့်မပေးတော့ဘူး။ သိမ်းတော့တာ" လို့ ဈေးသည်အမျိုးသမီးတစ်ဦးက မောင်လူမွှေးကို ပြောပါတယ်။
နောက်တစ်ခု စစ်ကောင်စီ တင်းတင်းကျပ်ကျပ် တားမြစ်ထားတာက စာအုပ်တွေ သယ်ယူခွင့်ဖြစ်တယ်။ မောင်လူမွှေး စစ်ရှောင်ကျောင်းက ကလေးတွေအတွက် ပုံနိုပ်စာအုပ် ခြောက်စုံလောက် ရှာရတာ တစ်လလောက်ကြာပြီဖြစ်ပေမယ့် မရနိုင်သေးဘူး။ မိုင် ငါးဆယ်လောက် ဆိုင်ကယ်နဲ့ စာအုပ်ရှာပုံတော်ဖွင့်ပြီးနောက် မောင်လူမွှေးလည်း လက်လျှော့ပြီး ရောက်ချင်တဲ့အချိန်မှရောက်ပါ။ ရောက်တဲ့အချိန်ယူပါ့မယ်ဆိုတဲ့ကတိစကားနဲ့ စာအုပ်ရောင်းသူကို မှာခိုင်းရပါတော့တယ်။ " ခုဟာက မလွယ်ဘူးဗျ။ ပုံနိုပ်စာအုပ်မပြောနဲ့ ဗလာစာအုပ်တောင် ဖမ်းတော့တာ" လို့ဆိုင်ရှင်ဖြစ်သူ အမျိုးသားက မောင်လူမွှေးကို ပြောပြတယ်။
အာဏာသိမ်းစစ်တပ်ဟာ လွတ်မြောက်နယ်မြေက ဆေးရုံ၊ ဆေးခန်းတွေကို ဗုံးကြဲ၊ ပြည်သူတွေကျန်းမာရေးအတွက် လိုအပ်တဲ့ ဆေးဝါးကို ပိတ်ပင်တာဟာ ပြည်သူတွေရဲ့ အသက်ကို သတ်ဖြတ်နေတာ ဖြစ်တယ်။
ကလေးတွေရဲ့ပညာရေးအတွက် သင်ရိုးပုံနိုပ်စာအုပ်နဲ့ ဗာလာစာအုပ်ကစ ပိတ်ပင်နေတာဟာ ကလေးငယ်တွေရဲ့ အနာဂတ်၊ ကလေးငယ်တွေရဲ့ ဘဝကို သတ်နေတာ ဖြစ်တယ်။
စစ်တပ်ဟာ သူတို့ အာဏာသိမ်းထားတဲ့ လေးနှစ်ကျော်ကာလအတွင်း ပြည်သူတွေရဲ့အသက်၊ ကလေးငယ်တွေရဲ့ ဘဝကို သတ်ခဲ့တယ်။ သူတို့မှာ လူသားချင်းစာနာမှုတို့၊ လူသားဆန်မှုတို့ဆိုတာ မရှိဘူး။ လူ့အဖြစ်ကနေ လျော့ကျနေတဲ့ အာဏာရူးတွေ ဆိုတော့ ပြည်သူတွေရဲ့ အသက်၊ ဘဝတွေ သေအောင် ပိုမိုလုပ်ဆောင်လာနေတာကို တွေ့ရတယ်။
ပြည်သူတွေရဲ့ အသက်ဘဝတွေကို ကယ်တင်ဖို့ တစ်ခုတည်းသော နည်းလမ်းကတော့ အာဏာသိမ်းစစ်တပ် အမြစ်ဖြတ်ရေးပဲ ဖြစ်တယ်။ စစ်တပ်ကို အမြစ်ဖြတ်နိုင်မှ မြန်မာနိုင်ငံမှာ လူသားဆန်မှု ထွန်းကားနိုင်မှာ ဖြစ်တယ်။
ပြည်သူတွေရဲ့အသက်ဘဝတွေကိုကယ်တင်ဖို့ တော်လှန်ရေးမှာ စစ်အာဏာရှင်ပြုတ်ကျရေးကို နံပါတ်တစ်ထားပြီး အားလုံးလုပ်ဆောင်ကြပါ။ လူ့အဖြစ်ကနေ လျော့ကျနေတဲ့စစ်တပ်ကို အမြစ်မဖြတ်နိုင်သေးသ၍တော့ မောင်လူမွှေးတို့ ပြည်သူတွေရဲ့ အသက်တွေ၊ ဘဝတွေ သေဆုံးနေကြရဦးမှာ ဖြစ်ပါတယ်ခင်ဗျာ။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar