Breaking News

အမုန်းတရား၊ စစ်ပွဲ နဲ့ စစ်ရာဇဝတ်မှု၊ လူမျိုးတုံးသတ်ဖြတ်မှု သံသရာ

မြန်မာနွေဦးခရိုနီကယ် - ဩဂုတ် ၁၂ မြင်ကွင်း

မိုးမခ ၊ ဩဂုတ် ၁၃၊၂၀၂၅

အမုန်းတရား၊ စစ်ပွဲ နဲ့  စစ်ရာဇဝတ်မှု၊ လူမျိုးတုံးသတ်ဖြတ်မှု သံသရာ 

မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ဖြစ်ပွားလာခဲ့တာ ဆယ်စုနှစ် ၇ ခုကျော် ၈ ခုနီးပါး ရှိခဲ့ပြီဖြစ်ပါတယ်။ အဆိုပါကာလတွေအတွင်း လုံးလုံးလျားလျား စစ်မီး မငြိမ်းခဲ့တဲံဒေသအချို့လည်းရှိကာ အချို့ဒေသတွေမှာတော့ ဆယ်စုနှစ်တချို့မှာ စစ်ပွဲတွေမဖြစ်ပွားခဲ့သော်လည်း ပြန်လည်အစပျိုးတောက်လောင် လာကာ အရှိန်ညီးညီးနဲ့ စစ်မီးလောင်ကျွမ်းနေတဲ့ ဒေသအချို့လည်း ရှိလာတာကို တွေ့ကြရမှာဖြစ်ပါတယ်။ ရှမ်းပြည်နယ်လိုဒေသမှာတော့ ၁၉၅၀ ခုနှစ်ကျော်ကာလတွေကတည်းက တရုတ်ပြည် ပြည်တွင်းစစ်မှာ ရှုံးနိမ့်ခဲ့တဲ့ ချန်ကေရှိတ်တပ် (တရုတ်ဖြူ) တွေ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ အရှေ့ပိုင်းတွေမှာ ဝင်ရောက်နေရာယူခဲ့ချိန်ကစလို့ နောက်ပိုင်း တိုင်းရင်းသားတွေနဲ့ ပြည်မက မြန်မာအစိုးရတပ်၊ ပြည်သူ့စစ်၊ ဘိန်းကုန်ကူးတဲ့ လက်နက်ကိုင်တပ်၊ ဗမာပြည်ကွန်မြူနစ်ပါတီ စသဖြင့် အမျိုးမျိုးသော လက်နက်ကိုင်တပ်တွေနဲ့ စစ်မီးတောက်လောင်ခဲ့ရာမှာ အခုချိန်ထိ ရှမ်းပြည်နယ်က စစ်မီးတောက်လောင်နေတဲ့ဒေသတခုဖြစ်နေဆဲ။ 

ကရင်ပြည်နယ်သည်လည်း ရှမ်းပြည်နယ်နဲ့ အလားသဏ္ဍာန်တူပြီး ၁၉၅၀ ခုနှစ် ဝန်းကျင်ကတည်းက ဖြစ်ပွားတဲ့ လက်နက်ကိုင်တိုက်ခိုက်မှုမှာ ယခုချိန်ထိ ဆက်လက်ရှိနေဆဲပဲဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ကတော့ ၁၉၆၀၊ ၇၀ ကျော် ခုနှစ်တွေနောက်ပိုင်း လက်နက်ကိုင်တိုက်ခိုက်မှု ကြီးကြီးမားမား မရှိတော့ပဲ ၂၀၀၉၊ ၂၀၁၀နောက်ပိုင်းတွင်မှ ရခိုင်ပြည်နယ်မှာ လက်နက်ကိုင် တော်လှန်ရေး ပြန်လည်ပေါ်ထွက်လာခဲ့တာကို တွေ့ရမှာဖြစ်ပါတယ်။ နယ်စပ်ဒေသတွေမှာ ရိုဟင်ဂျာ သွေစည်းညီညွတ်ရေးတပ် အမည်နဲ့ ရိုဟင်ဂျာလူမျိုးတွေနဲ့ စုဖွဲ့ထားတဲ့ RSO အဖွဲ့ ၂၀၁၂ နောက်ပိုင်း မှာ ARSA လက်နက် ကိုင်အဖွဲ့တို့ပေါ်ပေါက်လာပြီး ၂၀၁၂ ခုနှစ် မောင်တောမြို့၊ စစ်တွေ၊ တောင်ကုတ် စတဲ့မြို့တွေမှာ ဖြစ်ပွားတဲ့ လူမှုအသိုင်းအဝိုင်းများအကြား ပဋိပက္ခ၊ ရုန်းရင်းဆန်ခတ်ဖြစ်ပွားမှုနဲ့  အကြမ်းဖက်သတ်ဖြတ်မှုတွေက ရခိုင်ပြည်နယ်မှာ မတည်မငြိမ်မှုတွေ စတင်ဖြစ်ပွားလာစေခဲ့တာကို တွေ့ကြရမှာပါ။ 

၂၀၁၂ ခုနှစ် မေလ ရမ်းဗြဲမြို့နယ် ကျောက်နီမော် ကျေးရွာမှ မသီတာထွေး အသတ်ခံရသည့် အဖြစ်အပျက်က အစပြုတောက်လောင်ခဲ့တဲ့ မီးတောက်ရဲ့ အကျိုးသက်ရောက်မှုက အခုချိန်ထိ အဆုံးသတ်နိုင်ခြင်း မရှိတာကို တွေ့ရမှာဖြစ်ပါတယ်။ ၂၀၁၃/၁၄ တွင် လူမျိုးရေး ဘာသာရေး ပဋိပက္ခတွေ၊ ၂၀၁၇ ခုနှစ် သြဂုတ်လမှာ ရိုဟင်ဂျာ လက်နက်ကိုင်အဖွဲ့အချို့က ရဲကင်းတွေကို စတင်တိုက်ခိုက်မှုအပြီး သီတင်းပတ်အတွင်း စစ်တပ်ရဲ့ ဖြိုခွင်းမှုက ထောင်နဲ့ချီတဲ့ ရိုဟင်ဂျာတွေအရပ်သားတွေကို အသက်ဆုံးရှုံးစေခဲ့ပြီး လူမျိုးတုံး သတ်ဖြတ်အဖြစ် ကမ္ဘာသိ ဖြစ်ရပ်တခုဖြစ်စေခဲ့ကာ ဂမ်ဘီယာနိင်ငံက နိုင်ငံ တကာတရားရုံးမှာ တရားလိုအဖြစ်လျှောက်ထားခဲ့ပြီး ထိုစဥ်က အစိုးရဖြစ်တဲ့ NLD ပါတီဦးဆောင်တဲ့အစိုးရက နယ်သာလန်နိုင်ငံ သည်ဟေ့ဂ် မြို့ကိုသွားရောက် ဖြေရှင်းခဲ့ရတဲ့ကိစ္စအထိ ဖြစ်ပွားခဲ့ပါတယ်။

စစ်ပွဲတွေ စစ်အင်အား မတန်တဆသုံး ချေမှုန်းရှင်းလင်းရေး လုပ်ဆောင်သည့် စစ်ဆင်ရေးတွေအတွင်း စစ်ရာဇဝတ်မှု နဲ့ လူမျိုးတုံးသတ်ဖြတ်မှု တွေ ကျူးလွန်မှုဖြစ်စေခဲ့သည့် အကြောင်းရင်းခံမှာ ဆယ်စုနှစ် နဲ့ ချီ တည်ရှိနေခဲ့သည့် အမုန်းတရားနှင့် တရားမျှတမှု မရှိသည့် အုပ်ချုပ်မှုတို့ ဖြစ်သည်ဟု ကောက်ချက်ချလျှင် မှားမည် မထင်ပါ။ 

စစ်ရာဇဝတ်မှု War Crime ကို “နိုင်ငံတကာ ဥပဒေများက အဓိပ္ပာယ်ဖွင့်ဆိုရာတွင် နိုင်ငံတကာ ဥပဒေဖြစ်သည့် ဂျီနီဗာ သဘောတူညီချက်များကို ချိုးဖောက်ပြီး စစ်ပွဲအတွင်း အရပ်သားများကို ပစ်မှတ်ထား တိုက်ခိုက်ခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း သို့မဟုတ် တားမြစ်ထားသော လက်နက်များ အသုံးပြုခြင်း စသည့် လုပ်ရပ်များ ဖြစ်သည်” ဟု အဓိပ္ပါယ် ဖွင့်ဆိုထားပြီး လူမျိုးတုံး သတ်ဖြတ်မှု Genocide ကိုတော့ လူမျိုး၊ ဘာသာ သို့မဟုတ် လူတစုကို တမင်ရည်ရွယ်ပြီး ဖျက်ဆီးရန် ကြံစည်သည့် လုပ်ရပ်ဖြစ်ပြီး ၄င်းတွင် အဆိုပါ လူစု၏ အဖွဲ့ဝင်များကို သတ်ဖြတ်ခြင်း၊ ပြင်းထန်သော ရုပ်ပိုင်းဆိုင်ရာ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုဖြစ်ပွားစေခြင်း သို့မဟုတ် ၄င်းတို့၏ ရုပ်ပိုင်းဆိုင်ရာ ပျက်စီးမှုဖြစ်ပေါ်စေရန် အခြေအနေ ဖန်တီးခြင်းတို့ ဖြစ်သည်” ဟု ဖွင့်ဆိုထားတာ တွေ့ရပါတယ်။ 

မြန်မာနိုင်ငံ ပြည်တွင်းစစ်ပွဲတွေအတွင်းမှာ စစ်ရာဇဝတ်မှုတွေ ၊ လူမျိုးတုံးသတ်ဖြတ်မှုတွေ တကြိမ်မက ဖြစ်ပွားခဲ့ပြီး မဝေးတဲ့ ကာလတွေ သမိုင်းစာအုပ်ပြန်ကြည့်စရာမလိုပဲ ဦးနှောက်မှတ်ဥာဏ်ထဲ မှတ်မိနေဆဲအဖြစ်အပျက်တွေထဲမှာပင် ပါရှိနေကြတာ ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ် သြဂုတ်လ နဲ့ စက် တင်ဘာလဆန်းပိုင်းတွေ အတွင်း ရခိုင်ပြည်နယ် မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင် စတဲ့ ဒေသတွေမှာ အစိုးရစစ်တပ်က လက်နက်ကိုင် ရခိုင်မြောက်ပိုင်းမှာ လှုပ်ရှားနေတဲ့ အာဆာ အဖွဲ့တွေကို ရှင်းလင်းတဲ့ စစ်ဆင်ရေးအတွင်း ကလေးငယ်၊ အမျိုးသမီး၊ သက်ကြီးရွယ်အိုတွေ အပါအဝင် အရပ်သား အနည်းဆုံး ၆၀၀၀ ခန့်ကနေ အများဆုံး ၁၀၀၀၀ ခန့်အထိ ရက်စက်စွာ သတ် ဖြတ်ခံခဲ့ရတဲ့ဖြစ်ရပ်တွေ ဖြစ်ပွားခဲ့ပါတယ်။ ဒီဖြစ်ရပ်ဟာ ရခိုင်ပြည်နယ်မှာ ၁၉၇၈ ခုနှစ် နဂါးမင်းစစ်ဆင်ရေး အမည်နဲ့ အရပ်သားတွေသတ်ဖြတ်ခံရတဲ့ အဖြစ်အပျက်နောက်ပိုင်း အဆိုးရွားဆုံး အရေ အတွက်အများဆုံး အရပ်သား သတ်ဖြတ်ခံရမှု ဖြစ်ပါတယ်။ 

၂၀၁၇ ခုနှစ် အဖြစ်အပျက်ကို ICJ နိုင်ငံတကာ တရားရုံးက လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက် ဖြင့် စစ်ဆေးနေစဥ်မှာပင် ရခိုင်ပြည်နယ်မှာ အခြားသော စစ်ရာဇဝတ်မှု သို့မဟုတ် လူမျိုးတုံး သတ်ဖြတ်မှုတရပ် ထပ်မံဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ 

၂၀၂၃ ခုနှစ် နိုဝင်ဘာလမှာ အာဏာသိမ်း စစ်တပ်နဲ့ ရက္ခိုင့်တပ်တော်တို့အကြား အပစ်ရပ်ထားရာက တကျော့ပြန်တိုက်ပွဲပြန်ဖြစ်ပွားခဲ့ရာက ရခိုင်ပြည်နယ်မြောက်ပိုင်းကို ရက္ခိုင့်တပ်တော်က နယ်မြေသိမ်းစစ်ဆင်ရေးတွေ အတွင်း ၂၀၂၄ ခုနှစ် သြဂုတ်လဆန်းမှာ ဘူးသီးတောင်မြို့နယ်ထဲက ထန်း ရှောက်ခံကျေးရွာအဖြစ်အပျက်မှာ ရိုဟင်ဂျာအရပ်သား အနည်းဆုံး ၆၀၀ မှ အများဆုံး ၈၀၀ ဝန်း ကျင်အထိ ကျေးရွာတရွာထည်းမှာ သတ်ဖြတ်ခံရတဲ့အဖြစ်အပျက်ရဲ့ သက်သေခံဓါတ်ပုံတွေ၊ မျက်မြင်သက်သေ ထွက်ဆိုမှုတွေက ခုရက်ပိုင်းအတွင်း ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ 

အခု အဖြစ်အပျက်မှာ ကျူးလွန်တယ်လို့ စွပ်စွဲခံရတဲ့ လက်နက်ကိုင်အဖွဲ့ဟာ အာဏာသိမ်းစစ်ကောင်စီမဟုတ်ဘဲ ရက္ခိုင့်တပ်တော် ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာ စစ်ရေးအရ စတင်ရှုံးနိမ့်လာချိန်မှာ စစ်ကောင်စီက ရိုဟင်ဂျာတွေကို အတင်းအကြပ်ရော အခွင့်အရေးပေးမယ့် မက်လုံးတွေနဲ့ စစ်သားစု ဆောင်းပြီး ရက္ခိုင့်တပ်တော်နဲ့ ရင်ဆိုင်တိုက်ခိုက်ရာမှာ အသုံးချခဲ့တာဖြစ်ပါတယ်။ ဒီအခြေအနေတွေက ရက္ခိုင့်တပ်တော် AA အနေနဲ့ ရိုဟင်ဂျာလူမျိုးတွေအပေါ် သိမ်းကျုံးအညှိုးထားမှုတွေ ဖြစ်ပေါ်စေပြီး အခုလို ဘူးသီးတောင်မြို့နယ်ထဲက အရပ်သား ရာနဲ့ချီ သတ်ဖြတ်ခံရတဲ့ အဖြစ်အပျက် ဖြစ်ပွားခဲ့တာလား လို့ ယူဆစရာရှိနေပါတယ်။ 

ယခုရက်ပိုင်းအတွင်း ရက္ခိုင့်တပ်တော် AA က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ AA ရဲ့ ပြောခွင့်ရသူ ခိုင်သုခကတော့ သေဆုံးသူတွေဟာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေသာ ဖြစ်တယ်လို့ ပြန်လည်ဖြေရှင်းခဲ့ပါတယ်။ ရိုဟင်ဂျာ လူ့အခွင့်အရေး လှုပ်ရှားသူတွေဘက်ကတော့ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရသူတွေအထဲ ကလေးငယ်တွေ အများအပြား ပါဝင်နေတာ ဓာတ်ပုံ သက်သေအထောက်အထားတွေ ရှိသလို မျက်မြင်သက်သေတွေရဲ့ ထွက်ဆိုချက်တွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။ 

အခုလို စစ်ပွဲဖြစ်ပွားပြီး လက်နက်ကိုင်တပ်တွေက ထိန်းချုပ်ထားတဲ့အနေအထားမှာတော့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နိုင်ခြင်း မရှိတဲ့ အနေအထားဖြစ်ပါတယ်။ သို့ပေမယ့် ဖုန်းတွေ နဲ့ ဓါတ်ပုံရိုက်နိုင်ပြီး အင်တာနက် အဆက်အသွယ်ရတာနဲ့ တပြိုင်နက် ကမ္ဘာတဖက်ကို လှမ်းပို့နိုင်တဲ့ ခေတ်မျိုးမှာ အနည်းဆုံး လူ ၆၀၀ ဝန်းကျင်လောက်သတ်ဖြတ်ခံရတဲ့အဖြစ်အပျက်တွေက ဖုံးကွယ် ဖျောက်ဖျက်ဖို့ ခက်ခဲမှာ ဖြစ်ပါတယ်။ 

အမုန်းတရား နဲ့ စစ်ပွဲတွေက စစ်ရာဇဝတ်မှုတွေ၊ လူမျိုးတုန်းသတ်ဖြတ်မှုတွေ ဖြစ်ပွားဖို့ ဆက်လက်လှုံ့ဆော် အားပေးနေဦးမှာ ဖြစ်ပါတယ်။

-
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar