Breaking News

မောင်လူမွှေး - နံရံကြားက မျက်နှာများ

မောင်လူမွှေး - နံရံကြားက မျက်နှာများ

မိုးမခ ၊ ဩဂုတ် ၁၃ ၊ ၂၀၂၅


ထောင်ကျနေတဲ့ မောင်လူမွှေးရဲ့ မိတ်ဆွေ ညီငယ်တစ်ယောက် ထောင်ထဲမှာ နေမကောင်းဖြစ်နေတဲ့ သတင်းတွေ ကြားရတယ်။ သူဟာ ဂီတ၊ ကဗျာမှာ ဝါသနာထုံပြီး အပြင်မှာ လွတ်လွတ်လပ်လပ်နေခဲ့တဲ့ လူငယ်တစ်ယောက်။ စက်ဘီးတစ်စီးနဲ့ မိုင် သုံးလေးဆယ်ကို နေ့တိုင်းစီးဖို့ တက်ကြွခဲ့တဲ့ လူငယ်တစ်ယောက်။ ထောင်ထဲမှာ ဘယ်လို နေတတ်အောင် နေရှာမှာပါလိမ့်လို့ မောင်လူမွှေး တွေးမိတယ်။

ပြီးခဲ့တဲ့အပတ်ထဲမှာပဲ နောက်ထပ် မောင်လူမွှေးရဲ့ မိတ်ဆွေတစ်ယောက်ကို စစ်ကောင်စီက ဖမ်းဆီးပြီး ထောင်ဒဏ် ဆယ်နှစ် ချလိုက်တယ်လို့ ကြားရပြန်ပါတယ်။ လက်ထပ်ပြီးခါစ လူငယ်တစ်ယောက်။ ဘဝကို စမတ်ကျကျ ဖြတ်သန်းပြီး အများအကျိုး ဆောင်ရွက်တတ်တဲ့ လူငယ်တစ်ယောက်။ မိသားစုတာဝန် ကျေပွန်တဲ့ လူငယ်တစ်ယောက်။ ဒီလို လူငယ်တစ်ယောက်ဟာ အကြမ်းဖက်စစ်ကောင်စီရဲ့ လူမဆန်တဲ့ အပြုအမှုတွေကို အနီးကပ် အကျဥ်းအကျပ်ထဲမှာ ရင်ဆိုင်ရတော့မှာဖြစ်တယ်။

ကဗျာကို ဝါသနာကြီးလှတဲ့ မောင်လူမွှေး မိတ်ဆွေ ညီငယ်တစ်ယောက်ဟာလည်း စစ်အာဏာသိမ်းပြီးခါစမှာပဲ ဖမ်းဆီးခံခဲ့ရရှာတယ်။ သူ့မိသားစုဟာ မစုံလင်၊ မပြည့်စုံတဲ့ မိသားစုမို့ ထောင်ထဲမှာ သူများ မျှဝေပေးတာနဲ့ပဲ နေထိုင်စားသောက်နေရတယ်ဆိုတဲ့ သတင်းတွေဟာ မောင်လူမွှေးကို စိတ်ထိခိုက်စေခဲ့ပါတယ်။ မောင်လူမွှေးတို့အနေနဲ့လည်း ထောင်ထဲကို ထောင်ဝင်စာပို့ဖို့ ဆိုတာက စိတ်ရှိတိုင်း ဆောင်ရွက်နိုင်ကြတာ မဟုတ်ပါဘူး။

ကျန်းမာရေးအခံ မကောင်းတဲ့ မောင်လူမွှေး မိတ်ဆွေတစ်ယောက်ကတော့ ထောင်ထဲမှာ ဆေးဝါးစောင့်ရှောက်မှုတွေမရလို့ အသက်ဆုံးရှုံးခဲ့ရတယ်။ သေခါနီးမှ ဆေးရုံကို ခေါ်လာတာတောင် အိပ်ရာထဲမှာ လက်ထိတ်နဲ့။ ဒီမြင်ကွင်းဟာ မိသားစုကို စိတ်နာကျင်စေခဲ့တယ်။ 

တကယ်တော့ စစ်ကောင်စီက မတရား ဖမ်းဆီး ထောင်ချခံထားရတဲ့ မောင်လူမွှေး မိတ်ဆွေသူငယ်ချင်းတွေ၊ တပည့်တွေ တော်တော်များများကို ရှိပါတယ်။ သူတို့အားလုံးဟာ စစ်တပ်ရဲ့ အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး တော်လှန်ရေးမှာ နည်းမျိုးစုံနဲ့ ပါဝင်ခဲ့ကြတာကြောင့် စစ်ကောင်စီရဲ့ ဖမ်းဆီးထောင်ချခြင်းကို ခံနေကြရတယ်။

စိတ်ဓာတ်အင်မတန်မာကျောတဲ့၊ ခေါင်းမငုံ့တတ်တဲ့ မောင်လူမွှေးတပည့် CDM ကျောင်းဆရာမလေးဟာလည်း စစ်ကောင်စီရဲ့ ထောင်ထဲမှာ။ သူ အဖမ်းခံရစဥ်က လက်ထိတ်ခတ်ခံထားရတဲ့ သူ့ပုံကို စစ်ကောင်စီ ဝါဒဖြန့် page တွေမှာ မောင်လူမွှေး မြင်လိုက်ရပါတယ်။ အာဂတပည့်၊ အာဂအမျိုးသမီးပါပဲ။ ခေါင်းကို မော့လို့။ မျက်နှာမှာ  မဟုတ်မခံတတ်တဲ့ သူ့မာနက အထင်းသားပေါ်နေတာကို တွေ့လိုက်ရပါတယ်။

ပညာလည်း ထူးချွန်ပြီး တော်လှန်ရေးနှင့်ပတ်သက်ရင် ကြောက်စိတ် လုံးဝကင်းမဲ့တဲ့ မောင်လူမွှေးတပည့်လူငယ်တစ်ယောက်ဟာ လည်း စစ်ကောင်စီရဲ့ ဖမ်းဆီးမှုကို ခံရပြီး ထောင်အနှစ် လေးဆယ်ချထားခြင်းကို ခံနေရတယ်။ သပိတ်တွေ မှောက်ကြချိန် စစ်တပ်က ကျည်အစစ်တွေနဲ့ပစ်နေတဲ့ကြားက နောက်မဆုတ်ဘဲ လက်သီးလက်မောင်း တန်းပြီးအော်နေတဲ့ သူနှင့် သူ့သူငယ်ချင်းလူငယ်တစ်စုကို ကိုယ်တွေ့မြင်လိုက်ရကတည်းက တော်လှန်ရေးဟာ  အောင်မြင်မယ်လို့ မောင်လူမွှေး ယုံကြည်ခဲ့ပါတယ်။မောင်လူမွှေး မြေပြင်မှာ အခက်အခဲ ဆင်းရဲပင်ပန်းမှုတွေ တွေ့ကြုံရတိုင်း သူတို့အကြောင်းကိုတွေး၊ သူတို့မျက်နှာတွေကို မြင်ယောင်လိုက်ရင် အားအင်တွေပြည့်လာသလို ခံစားရစမြဲပါ။  မောင်လူမွှေးတို့ ပင်ပန်းဆင်းရဲတာဟာ သူတို့တွေရဲ့ တော်လှန်ရေးအတွက် ပေးဆပ်မှုနှင့် ယှဥ်ရင် ဘာမှမဟုတ်သေးတာကို ကိုယ့်ကိုယ်ကိုယ် သတိဖော်ပေးရပါတယ်။

"ကျည်ဆန်ကြား၊ ဗုံးဆန်ကြားမှာ အသက်လု ပြေးလွှားနေရတယ်ဆိုတာ အကျဥ်းထောင်ထဲမှာ နှိပ်စက်ခံနေရတဲ့ ဒုက္ခနဲ့စာရင် ဘာမှ မဟုတ်သေးဘူး" လို့ စစ်သားဟောင်းကြီးတစ်ဦး ပြောခဲ့တာကို အမှတ်ရမိပါတယ်။ 

တော်လှန်ရေးမှာ ၊ လွတ်မြောက်နယ်မြေမှာ ပင်ပန်းဆင်းရဲဒုက္ခတွေ ကြုံရလို့ စိတ်ညစ်တယ်၊ စိတ်ပျက်ချင်နေတယ် ဆိုရင် မျက်စိခဏမှိတ်ထားပြီး နံရံကြားက မျက်နှာတွေကို မြင်ယောင်ကြည့်ကြပါ။ မောင်လူမွှေးတို့ ပြည်သူတရပ်လုံး အလုပ်လုပ်ကြမှသာ သူတို့တွေဟာ စစ်ကောင်စီ ထောင်ထဲကနေ လွတ်မြောက်မှာ ဖြစ်ပါတယ်။  နံရံကြားက မျက်နှာများစွာဟာ ပြည်သူတွေရဲ့  တော်လှန်ရေး အောင်မြင်မှုကို မျှောလင့်နေကြမှာ သေချာပါတယ်။ မောင်လူမွှေးတို့ ပြည်သူတရပ်လုံး ဆက်ကြိုးစားကြပါစို့။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar