Breaking News

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - နိုင်ဂံရှော်ဈာပန

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - နိုင်ဂံရှော်ဈာပန

မိုးမခ ၊ ဩဂုတ် ၁၃ ၊ ၂၀၂၅


နိုင်ဂံရှော် ဆီပုံး ဆုံးပြီ။ ဆုံးပြီ ဆိုတာက ဆန့်သွားခြင်းပင်။ အမှန်က ဆုံးပြီဆိုရင် တန့်သွား ရပ်သွားရမည်၊ ဆက်လက်ဆန့်ထွက်ခြင်း မရှိရတော့။ ဒီအဆုံးကတော့ ဆန့်သောအဆုံး။ မသာတန်း ဆွဲဆန့်သောအဆုံး။

မသာတန်း ဆွဲဆန့်ချင်လို့ နေပူပူမှာ ပဝါမကူ ရေမရှူတမ်း ရပ်နေရတာကတော့ မြေသိမ်းရေသိမ်းခံရရုံတင်မရ မသာယိမ်းပါ ဖရီးလိုက်ရတဲ့ပြည်သူတွေ။ ဘောတင် ဘောချ အုပ်စုက ဘောသ ဘောမနဲ့တင် လူမလောက်လို့ လမ်းတလျှောက် ကျဲတောက်တောက် ရပ်ပေးရေး ထမင်းကျွေးမယ်ဆိုပြီး လိမ်ခေါ်ခံထားရသူတွေ။ ထမင်းဖိုးက ဖြောင်သွားတယ်လို့လဲ ပြောကြ။ မသာမှာ ထမင်းဖိုးဖြောင်တာက မသာဟာ အတင်းခိုးကောင်ဆိုတာကို ဖော်ကျူးချင်လို့ဆိုပြီးလဲ ပြောကြတယ်။ မသာရံတို့ခမျာ သေးပေါက်ချင်လို့ တချောင်းထောင်ပြလဲ သွားမပေါက်ရ၊ ခြုံတိုးချင်လို့ နှစ်ချောင်းထောင်ပြလဲ ခွင့်မပြု၊ မသာက မလာနိုင် ချီးမနိုင်သေးမနိုင်ဖြစ်တော့မည့်ကိန်း။

ဟော ဗိုက်က အင်းပါချင်သည့်အသံတွေရော ထမင်းဆာနေသည့်အသံတွေရော နှောနေသည့် ဂွီဂွီဂွီဂွီအသံတွေကြား ဝီဝီဝီဝီအသံလေး နားထဲတိုးလာသည်။ အင်း မသာလာပြီထင်ရဲ့၊ သောက်ချီးစားမသာကလဲ ကြာ ကြာနိုင်လွန်းလို့ ကြူကြူလှ ရေရွတ်လိုက်ချိန် ဓမြစကြာအသံတွေပါ ကြားရပြီ။


"ဓမြခေါင်သီး ဗိုလ်ကြီးစုတ်ချာ

တိုင်းပြည်ဘတ်ဂျက် နှပ်လျက်အုပ်တာ

ဘုန်းကြီးခေါင်းရိုက် သောင်းတိုက်သိတာ

မြေကိုရှိုး ဒိုးတော့အပါယ်ရွာ။"


ဗိုလ်ကတော်တွေရဲ့ ဓမြစကြာအသံလေး ကြားရမှ မသာငနဲ ငရဲသွားတာ သေချာပြီမို့ ပျော်ရတော့သည်။ ကနေ့သေနိုးနိုး မနက်ဖြန် သေနိုးနိုးကနေ ခုလာနိုးနိုး တော်ကြာလာနိုးနိုးနဲ့ ထမင်းဆာ အင်းပါချင်တာက ဆက်ထိန်းချုပ်ဖို့ ခက်နေပြီလေ။ ထိန်းတာက ဗိုလ်ချုပ်မှူးကြီးနဲ့ သူ့ဒပဲ့တွေဘဲ တတ်ကြတာမဟုတ်လား။ သူတို့ကို ထိန်းခိုင်းဖို့ မလှမ်းမကမ်းက စောင့်ကြည့်နေတဲ့ မသာလုံတယောက်ကို လှမ်းခေါ်တုန်း ဓမြစကြာကားတစီးဝင်လာပြန်ပြီ။ ဘယ်တပ်ကလဲ မသိ။ ပဒိုင်းပန်းတွေနဲ့ကွယ်နေတော့ စာသေချာ မမြင်လိုက်။


"ခွာနာဂျိုကုတ် ဗိုလ်ချုပ်မြင့်ဆွေ

အညစ်သမတ လဒငတေ

ရှူနာရှိုက်လဲ မိုက်မဆုံးလေ

နားရွက်ပဲ့ တကဲ့နွားချီးပေ။"


အင်းအင်းထိန်းကောင်က သူ့ကိုလှမ်းခေါ်တာ ကြားပုံမရ၊ ကောင်းကင် ခဏခဏ မော့ကြည့်နေသည်။ ဟိုက်စကီးပေါ်ကနေ တသောင်းတန် ကြဲချမယ်များ ထင်နေလားမသိ။ ကြဲလဲ အတုဘဲဖြစ်မှာများ သူမို့မက်မက်စက်စက်။ ဘေးက ဘယ်ဌာနက ယူနီဖောင်းဝတ်ထားမှန်း မသိသူတယောက်ကို ပြောလိုက်တော့ သူက ပိုက်ဆံမျှော်တာ မဟုတ်ဘူး၊ ဒရုန်းကြောက်လို့ ယောက်ယက်ခတ်နေတာလို့ ပြန်ပြောမှ ကိုယ်ပါ ကျောစိမ့်ပြီး အင်းအင်းက ပိုထွက်ချင်လာသည်။ ဓမြစကြာယဉ်တန်းက မပြတ်သေး၊ ရပ်ကွက်ထဲကဟာတွေရော ဆွမ်းလောင်းအသင်းတွေရော ပိတ်ဖြူဝတ်လူမိုက်တွေရဲ့မယားငယ်အဖွဲ့တွေရော လမင်းတို့ ကြယ်စင်တို့ရော တွေ့သမျှ ရွတ်ခိုင်းထားပုံရသည်။ သူတို့ကလဲ စိတ်ပါလက်ပါကို ရွတ်ကြသည်။ ဒီမသာမှာ တက်ကြွတာဆိုလို့ သူတို့ဘဲရှိသည်။ KTVတခုကဖြစ်မည်၊ ငယ်ငယ်ချောချောတဖွဲ့က ဓမြတေး သီကျွေးသွားပြန်သည်။


"ပြည်ဖျက်တပ်မင်း ငတ်ဖျင်းနုတ်ချာ

တသက်လုံးခိုး ညစ်ဆိုးဂုစ္ဆာ

မြေသိမ်းယာသိမ်း မုဒိမ်းယုတ်မာ

လူပုံပြုတ် ခွေးရုပ်ထွက်ပေါ်လာ။"


မသာပို့တွေကလဲ ပုံမလာ၊ သူခိုးဂျပိုးရုပ် သီးသန့်အသုဘလား အောက်မေ့ရသည်။ ဒရက်ကူလာတွေလိုလို မှင်စာတွေလိုလို။ လွတ်ထွက်လာတဲ့ ကမ္ဘာဖျက်ပိုးတွေလိုလို၊ အသားအရောင်တွေကလဲ ဖွတ်ရောင်မွဲပြာ၊ သင်္ချိုင်းကုန်းနံ့တွေက ဟောင်လို့။ ခွေးချေးနဲ့ အန်ဖတ် ရောထားတဲ့အနံ့ဆိုးကြီးမျိုးကလဲ တချက်တချက် ထိုးထိုးဝင်လာသေး။ ခွေးသေကောင်ပုပ် လည်ပင်းဆွဲထားရတဲ့ ရှင်ဥပဂုတ်ဇာတ်လမ်းထဲက တယောက်ကို စာနာမိတော့သည်။ မသာလမ်းတလျှောက် ပုပ်အဲ့အဲ့ အနံ့ကြီးတွေ မင်းမူနေသည်။


"မသေလဲပုတ် သေလဲပုတ်သူ

မသေလဲယုတ် သေလဲယုတ်သူ

မသေလဲညစ် သေလဲညစ်သူ

သားမြေးမြစ် ခွေးဖြစ်စေတဲ့သူ။"


ဒါကတော့ ပိတ်ဖြူဝတ် လူမိုက်ဂိုဏ်း မယားငယ်ဝတ်အသင်းလို့ ရေးထားတဲ့ ကားပေါ်က ခပ်ရွဲ့ရွဲ့ရွတ်ဖတ်သံ ဖြစ်သည်။

လမ်းဘေးနေပူထဲက မကျေမနပ် တီးတိုးရွတ်ဖတ်သံများလဲ တချက် တချက် ထွက်ထွက်လာသည်။ နားစွန်နားဖျား ကြားလိုက်သမျှကတော့ သူတို့ပေါင်ကြားထဲကဟာနဲ့ ကိုင်တုတ်ကြတာချည်းဖြစ်သည်။ တခါတရံ သူများပေါင်ကြားထဲကဟာပါ ငှားသုံးလိုက်သေးသည်။ ထမင်းထုတ်ဖိုးဖြောင်သွားတဲ့ကောင်တွေကိုလဲ ကျိန်ဆဲနေကြသည်။ နေ့တွက်တသောင်းမရသေးလို့ ဟိုကြည့်ဒီကြည့်လုပ်နေသူတွေကလဲ အသုဘအပုပ်ကောင်ကို မရှုနိုင်အား။ အများဆုံး ကြားရတာကတော့ မသာကောင်တွေဆိုတာချည်း။ လမ်းဘေးရပ်နေတဲ့ မသာလုံတွေလဲ မသာကောင်တွေလို့ ကြားတိုင်း အပေါ်မော့မော့ကြည့်နေကြပြန်သည်။ မသာ‌ပို့ရင်း မသာပေါ်မှာတော့ ကြောက်ကြတာချည်းဘဲလေ။ ဒီမသေမချင်း သေအံ့မူးမူးထိ ဘီလူးနဲ့ အရူးပေါင်းထားတဲ့ စိတ်ဓာတ်တွေနဲ့ သတ်ချင်တိုင်းသတ်နေတဲ့မသာ သွားရင်း မသာဖြစ်လို့ကတော့ သေတာတောင် နည်းနည်းသေးလို့ အပြောခံရမှာချည်း။ ကိုယ့်ကျ လိုက်ပို့သူတောင်ရှိမှာ မဟုတ်တော့။ ဒီမသာတောင် အတင်းခေါ်လို့ မဆီမဆိုင်လာရတာသာ ကြည့်လေ။ ဒါတောင် သမ္မတမသာနော်။ အင်းလေ သမ္မတမသာ သာ ပြောတယ်၊ ရွာကအရူး ဖိုးသာထူး သေတုန်းကတောင် ဒီ့ထက်လူများသေး။ သာထူးက ရူးသာရူးတာ မယုတ်မာ၊ ဟုတ်တာဘဲ ပြောတတ်တော့ လိုက်ပို့ကြတာပေါ့။ မြင့်ဆွေလို ဗရမ်းဗတာ မုသာဝါဒဝန်ကြီးချုပ် မဟုတ်မဟပ် ဘယ်သူမှ မခန့်အပ်သမတ မင်းအောင်လှိုင် သေးသောက် လဒမှ မဟုတ်တာကိုး။ 

"အဇာတသတ် ဒေဝဒတ်မမှီ

အင်္ဂုလိလဲ ဟောဟဲလိုက်သည်

ဟစ်တလာထက် ကျော်တက်လေပြီ

ပြည်သူသတ် စစ်တပ်ဘာမထီ။"


"လူငယ်အများ နိုင်ငံခြားဆီ

ပြည်တွင်းမှာနေ သေကြရသည်

မသေပြန်က သတ်ရပေမည်

ပြည်မပျက် ဘယ်တွက်ခံနိုင်မည်။"


"ဗိုလ်ချုပ်အပေါင်း အလောင်းကိုယ်စီ

မဖြစ်သမျှ ဒုက္ခစစ်သည်

အသေဆိုးနဲ့ ကျိုးပြတ်တလီ

မုဆိုးမ ပေါလှဒီတိုင်းပြည်။"

ဓမြစကြာကားများ ဖြတ်သွားနေတုန်းပင်။




Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar