Breaking News

လေကြောင်းတိုက်ခိုက်မှုတွေနဲ့ သေဆုံးရသူ နေ့စဥ် ရှိနေ၊ စစ်ကော်မရှင်က ဝ ပြည်နဲ့ ဆက်ဆံရေး ပိုကောင်းအောင် ကြိုးစားလာနေ

မြန်မာနွေဦးခရိုနီကယ် - ဩဂုတ် ၁၀ မြင်ကွင်း

မိုးမခ ၊ ဩဂုတ် ၁၁၊ ၂၀၂၅


လေကြောင်းတိုက်ခိုက်မှုတွေနဲ့ သေဆုံးရသူ နေ့စဥ် ရှိနေ၊ စစ်ကော်မရှင်က ဝ ပြည်နဲ့ ဆက်ဆံရေး ပိုကောင်းအောင် ကြိုးစားလာနေ

သြဂုတ်လ ၁၀ ရက်နေ့ ညမှာ ကရင်ပြည်နယ် KNU/KNLA အုပ်ချုပ်ရေးအရ တပ်မဟာ ၇ နယ်မြေထဲက နေရာ ၂ နေရာကို အာဏာသိမ်းစစ်တပ်က လေယာဥ်နဲ့ ဗုံးကြဲခဲ့ရာမှာ ထိခိုက်ဒဏ်ရာရမှုနဲ့ နေအိမ်၊ စျေးဆိုင်တွေ ပျက်စီးခဲ့တယ်လို့ ကနဦးသတင်းတွေ ပေါ်ထွက်လာခဲ့ပါတယ်။ 

မြဝတီခရိုင်ထဲမှာ တည်ရှိပြီး KNU ရဲ့ နယ်မြေ သတ်မှတ်မှုအရ တပ်မဟာ ၇ နယ်မြေလို့ ခေါ်ဆိုတဲ့ ဒေသထဲက မော်ပယ်ခို နဲ့ သေ့ဘေထ ကျေးရွာတွေကို စစ်ကောင်စီက Y-12 စစ်လေယာဥ်နဲ့ ဗုံးအလုံးရေ ၂၀ ဝန်းကျင် သြဂုတ်လ ၁၀ ရက်နေ့ ညမှာ ကြဲချခဲ့တာဖြစ်ပါတယ်။ သြဂုတ်လ ၁၂ ရက်နေ့ဟာ ကရင့်လက်နက်ကိုင် တော်လှန်ရေးစတင်ခဲ့သူ စောဘဦးကြီး ကျဆုံးခဲ့တဲ့နေ့ကို ကရင့်အာဇာနည်နေ့ အဖြစ်သတ်မှတ်ကာ နှစ်စဥ် အခမ်းအနားကျင်းပလေ့ရှိတဲ့ နေ့မတိုင်ခင် ၂ ရက်အလိုမှာ အခုလို စစ်ကော်မရှင်ဘက်က KNU ရဲ့ ဗဟိုဌာနချုပ် နယ်မြေက နေရာတွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။ 

KNU အဖွဲ့ရဲ့ ဌာနချုပ် အဖြစ် သိရှိထားကြတဲ့ ဒေသတွေကို စစ်ကော်မရှင်ဘက်ကလည်း သိရှိထားပြီးဖြစ်ကာ KNU အဖွဲ့က အလေးထားတဲ့ ကရင့်အာဇာနည်နေ့ မတိုင်ခင်ခြိမ်းခြောက် တိုက်ခိုက်မှုတရပ် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ 

ခု လပိုင်းတွေမှာ ကရင်ပြည်နယ်နဲ့ ထိုင်းနယ်စပ်မျဥ်း တလျှောက်က စစ်တပ်ရဲ့ ကျန်ရှိနေသေးတဲ့ ကင်းစခန်းတွေကို KNU/KNLA တပ်တွေက တခုပြီးတခု တိုက်ခိုက်ခြွေယူနေတဲ့ အပေါ် ခုလေကြောင်းတိုက်ခိုက်မှုနဲ့ လက်စားခြေတာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ နောက်တချက်က ကေအန်ယူအနေနဲ့ နှစ်စဥ် ကျင်းပလေ့ရှိတဲ့ အခမ်းအနားတချို့ကို အခမ်းအနားကျင်းပတဲ့နေ့ရက်နဲ့ အချိန်တွေကျမှ ချိန်ကိုက် တိုက်ခိုက်ဖူးတဲ့ သာဓကလည်း ရှိခဲ့ဖူးတာ ဖြစ်ပါတယ်။ စစ်ကော်မရှင်ဘက်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ပြီး KNU က ၄င်းတို့ရဲ့ စစ်စခန်းတွေကို ခြွေယူသိမ်းပိုက်နေတာကို သတိပေး တားဆီးဖို့ ရည်ရွယ်တဲ့ သဘောလည်း ဖြစ်ကောင်းဖြစ်ပါလိမ့််မယ်။ KNU/KNLA အဖွဲ့က လှုပ်ရှားတဲ့ ဒေသတွေဖြစ်တဲ့ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းတို့မှာ မြို့တွေသိမ်းယူထိန်းချုပ် ထားတာထက် စစ်ရေးအရ အရေးပါတဲ့ စခန်းတွေ၊ နယ်မြေတွေကို KNU က စိုးမိုးထားနိုင်တာ ဖြစ်ပါတယ်။ တဖက်မှာလည်း အခြားသော ကရင်လက်နက်ကိုင် အဖွဲ့တွေ ဖြစ်တဲ့ စောနယ်လ်ဒါးမြ ဦးဆောင်တဲ့ KTLA၊ DKBA (ကလိုထူးဘော)၊ KNU/KNLA (PC)၊ Kawthoolei Army (ယခင် BGF) စသဖြင့် ရည်မှန်းချက် နဲ့ လမ်းစဥ် မတူကွဲပြားတဲ့ လက်နက်ကိုင် အဖွဲ့တွေ တဖွဲ့မက လှုပ်ရှားနေကြတာ ဖြစ်ပါတယ်။ 

ခေတ်အဆက်ဆက်မှာ မြန်မာစစ်တပ် အနေနဲ့ ကရင်လက်နက်ကိုင် အဖွဲ့အစည်းတွေကို မိမိဘက်ပါအောင် စည်းရုံးနိုင်တာ စည်းရုံး၊ ကြားနေဖို့ စည်းရုံးတန်စည်းရုံးပြီး ကျန်တဲ့ အဖွဲ့နဲ့ တိုက်ခိုက်တဲ့ နည်းနဲ့ အခြေအနေကို ကိုင်တယ် ဖြေရှင်းလာခဲ့တာ ဖြစ်ပါတယ်။ 

အခုလို နာမည်အရ နေရာအရ သိရှိပြီးသား KNU ရဲ့ ဌာနချုပ်လို နေရာမျိုးတွေကို တိုက်ခိုက်လာခြင်းဟာ စေ့စပ်ဆွေးနွေးမှု၊ ရွေးကောက်ပွဲကျင်းပတဲ့ အခါ အနှောင့်အယှက် မပေးနိုင်အောင် စတဲ့ ရည်ရွယ်ချက်တွေထဲက တခုမဟုတ် တခုကို ရည်ရွယ် လုပ်ဆောင်တာလို့ မှန်းဆရပါတယ်။ 

စစ်ကော်မရှင် အနေနဲ့ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် မြောက်ပိုင်းတွေမှာ ထိုးစစ်ဆင်နေချိန်မှာ ရှမ်းအရှေ့မှာ အခြေစိုက်တဲ့ ဝ ပြည်သွေးစည်းညီညွတ်ရေး တပ်ဖွဲ့  UWSA ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ ရှမ်းပြည်နယ် ဝန်ကြီးချုပ်နဲ့ တြိဂံဒေသ စစ်တိုင်းမှူးတို့ကို စေလွှတ်ခဲ့တာ တွေ့ရပါတယ်။ ၁၉၈၉ ခုနှစ် ဗကပ ပြိုကွဲပြီးကတည်းက အထူးဒေသဖွဲ့စည်းမှု ဆိုတဲ့ အစီအစဥ်အောက်မှာ ထိုစဥ်က စစ်အစိုးရနဲ့ သဘောတူညီမှု ယူကာ မိမိတို့ ဒေသကိုမိမိတို့ အုပ်ချုပ်နေခဲ့တဲ့ UWSA အဖွဲ့ ထံ စစ်ကော်မရှင်ဘက်က ကိုယ်စားလှယ် အဖွဲ့တဖွဲ့ ခုရက်ပိုင်းအတွင်း သွားရောက်ခဲ့ပါတယ်။ မကြာသေးခင်က အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆင်ရေးအထူးအဖွဲ့မှူး တာဝန်ယူခဲ့ရာက တပ်အငြိမ်းစားဖြစ်ပြီး ရှမ်းပြည်နယ် ဝန်ကြီးချုပ် တာဝန်ပေးအပ်ခံရသူ ဦးအောင်အောင်၊ တြိဂံစစ်ဒေသစစ်တိုင်းမှူး နဲ့ ရှမ်းပြည်နယ် ရဲမှူးတို့ပါဝင်တဲ့  အဖွဲ့ဟာ ဝ ပြည် ပန်းဆန်းကို သွားရောက်ခဲ့ပြီး ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်ဆောင်နိုင်ရေး အတွက် အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ ရဲ့ ပန်ကြားချက် အရ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင်၊ စစ်တိုင်းမှူတွေက ဝ ပြည်ကို လာရောက်ရတာလို့ လည်းဆိုပါတယ်။ 

တိုင်းရင်းသား နယ်မြေတွေ အနက် ဝ ပြည်ဟာ ဖွံ့ဖြိုးမှု အရှိဆုံး ဒေသဖြစ်ပြီး နေပြည်တော် အစိုးရထံမှ အကူအညီ နဲ့ အုပ်ချုပ်မှု ၂ မျိုးစလုံး လက်ခံရယူခြင်း မရှိဘဲ ၄င်းတို့ဘာသာ ၄င်းတို့ အုပ်ချုပ်နေတဲ့ ဒေသတခု ဖြစ်ပါတယ်။ 

နှစ်ပေါင်း ၃၀ ကျော်  ၄၀ နီးပါးအတွင်း ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်နဲ့ မြန်မာစစ်တပ်အကြား ကြီးကြီးမားမား စစ်ဖြစ်ပွားခြင်း မရှိခဲ့သလို မြန်မာစစ်အစိုးရ၊ ၂၀၁၀ ရွေးကောက်ပွဲပြီးနောက်တက်လာတဲ့ အစိုးရ လက်ထက်တွေမှာလည်း ဝ ဒေသရဲ့ အများစုသောနယ်မြေတွေကို မြန်မာအစိုးရရဲ့ အုပ်ချုပ်ရေး သက်ရောက်မှု မရှိခဲ့ပေ။ ယမန်နှစ်က စစ်ကောင်စီ တပ်တွေထိန်းချုပ်ထားတဲ့ ဟိုပန် နဲ့ ပန်လုံကို MNDAA က တိုက်ခိုက်သိမ်းယူပြီး ရက်ပိုင်းအတွင်း ဝ ပြည်သွေးစည်းညီညွတ်ရေးတပ် လက်အောက်ကို လွှဲအပ်ပေးခဲ့ပါတယ်။ စစ်ကောင်စီ/စစ်ကော်မရှင် အနေနဲ့ ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်ကို ရန်မူခြင်း မရှိဘဲ အချို့သော အခြေအနေတွေမှာ ကိုးကန့် လက်နက်ကိုင် အဖွဲ့ နဲ့ ဖြစ်ပွားတဲ့ ကိစ္စရပ်တွေမှာ ကြားဆက်သွယ်သူ အဖြစ် အသုံးပြုခဲ့တဲ့ သာဓကတွေ ခုနှစ်ပိုင်းအတွင်း အများအပြားရှိခဲ့တာ ဖြစ်ပါတယ်။ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း စစ်ကောင်စီတပ်က ဗိုလ်မှူးချုပ်တွေ အပါအဝင် စစ်အရာရှိတွေ လက်နက်ချခဲ့တဲ့ ဖြစ်ရပ်တွေအပြီး ပြန်လည်လွှဲအပ်တဲ့ ကိစ္စလိုမျိုးမှာ ဝ အဖွဲ့အနေနဲ့ ကြားဝင် ဆောင်ရွက်ပေးခဲ့တာ တွေ့ရပါတယ်။ 

၁၀၂၇ စစ်ဆင်ရေး နှောင်းပိုင်း အခုလို ကာလတွေမှာလည်း ဝ တပ်ဖွဲ့နဲ့ စစ်ကောင်စီ/ စစ်ကော်မရှင်တပ်တွေအကြား ထိတွေ့တိုက်ခိုက်မှု ဖြစ်ပွားခြင်း မရှိတဲ့ အနေအထားဖြစ်ပြီး ရှမ်းပြည်ဝန်ကြီးချုပ် တာဝန်ယူထားသူ ယခင် ရှမ်းမြောက်ဒေသရဲ့ စစ်ဆင်ရေးအထူးအဖွဲ့မှူး အဖြစ်တာဝန်ယူခဲ့သူကို စစ်ကော်မရှင် ခေါင်းဆောင်က ကိုယ်စားလှယ်အဖွဲ့အဖြစ် စေလွှတ်ခြင်းဟာ ရှမ်းအရှေ့၊ ရှမ်းမြောက်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်း ဒေသတွေက တော်လှန်ရေး လက်နက်ကိုင် တပ်တွေနဲ့အကြားမှာ ကြားဝင်ညှိနှိုင်းသူ အဖြစ် အင်အားထိန်းညှိသူအဖြစ် အသုံးပြုဖို့ ရည်ရွယ်ချက်များ နောက်ကွယ်မှာ ရှိနေသလားဆိုတဲ့ သံသယတွေ ဖြစ်ပေါ်လာစေတာ ဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar