Breaking News

ရှစ်လေးလုံး အရေးတော်ပုံ နဲ့ မြန်မာ့ဒီမိုကရေစီ ပန်းတိုင်

မြန်မာနွေဦးခရိုနီကယ် - ဩဂုတ် ၈ မြင်ကွင်း

မိုးမခ ၊ ဩဂုတ် ၉၊ ၂၀၂၅


ရှစ်လေးလုံး အရေးတော်ပုံ နဲ့ မြန်မာ့ဒီမိုကရေစီ ပန်းတိုင် 

ရှစ်လေးလုံး အရေးတော်ပုံစတင်ဖြစ်ပွားခဲ့တဲ့ ရက် ၁၉၈၈ ခုနှစ် ၈ လပိုင်း ၈ ရက်နေ့ကို နောက်ပြန်ငဲ့ကြည့်တဲ့အခါ ၃၇ နှစ် တိုင်ရှိခဲ့ပြီး ရှစ်လေးလုံးအရေးတော်ပုံရဲ့ ရည်မှန်းချက်ပန်းတိုင် ဖြစ်တဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ စနစ်ထူထောင်ရေး ပန်းတိုင်က အလှမ်းဝေးနေဆဲ ဖြစ်တာတွေ့ရမှာ ဖြစ်ပါတယ်။ ရှစ်လေးလုံးအရေးတော်ပုံ ဖြစ်ပွားခဲ့စဥ် ကာလက ပန်းတိုင်က ဒီမိုကရေစီစနစ်လို့သာ အားလုံးက နားလည်ထားခဲ့ကြပါတယ်။ ၂၀၂၁ စစ်အာဏာသိမ်းပြီး အခုကာလ လို ဖက်ဒရယ်ဒီမိုကရေစီ စနစ်ဆိုတဲ့ စကားလုံးက အဲဒီခေတ် အချိန်ကာလမှာ လူထုအကြား ရေပန်းမစားသေးပဲ ဒီမိုကရေစီစနစ်ကို ဝိသေသပြုတဲ့ စကားလုံးဆိုခဲ့ရင် ပါတီစုံ ဆိုတဲ့ ဝိသေသသာရှိပြီး ပါတီစုံဒီမိုကရေစီ စနစ်ကို ပန်းတိုင်ထားခဲ့ကြတာ ဖြစ်ပါတယ်။ အခုကာလလို ဘာကြောင့် ဖက်ဒရယ်စကားလုံး မပါရှိရတာလဲ မေးခဲ့ရင် မဆလ လို့အတိုကောက်ခေါ်တဲ့ မြန်မာ့ဆိုရှယ်လစ် လမ်းစဥ်ပါတီခေတ်မှာ နိုင်ငံရေးပါတီ အနေနဲ့ မဆလ ပါတီသာ တည်ရှိခွင့်ရှိပြီး အခြားဘယ်လို နိုင်ငံရေးပါတီမှ ဖွဲ့စည်းခွင့် မပြုထားတာကြောင့် တပါတီအာဏာရှင်စနစ်လို့ နိုင်ငံရေးသမားတွေက ခေါ်ဝေါ်ကြပြီး အဆိုပါစနစ်နဲ့ ကွဲပြားအောင် ထင်ရှားအောင် ပါတီစုံဒီမိုကရေစီစနစ် လို့ သတ်မှတ်ကြွေးကြော်ခဲ့ကြတာပါ။

ရှစ်လေးလုံးအရေးတော်ပုံရဲ့ အရှိန်အဟုန် ရေစီးက အခုကာလမှာ မကြာခဏ ဖြစ်ပွားလေ့ရှိတဲ့ ရုတ်တရက်ရေကြီးခြင်း flash flood နဲ့ အလားသဏ္ဍာန်တူပြီး လူထုရဲ့ မကျေနပ်မှု၊ အပြောင်းအလဲကို လိုလားမှုဆန္ဒဟာ မိုးသည်းထန်လို့ အမြင့်ကနေ အရှိန်နဲ့ စီးဆင်းလာတဲ့ရေထုထည်ပမာဏနဲ့ အလားသဏ္ဍာန်တူပါတယ်။ ရှေ့မှာ အတားအဆီးဖြစ်နေတဲ့ ကျောက်တုံး၊ သစ်ပင် မြေကြီး ဘယ်အရာမဆို တိုက်စားသယ်ဆောင်သွားမယ့် သဘောဖြစ်ပါတယ်။ မြစ်တွေစီးဆင်းတာနဲ့ မတူကွဲပြားပြီး လမ်းကြောင်း သတ်သတ်မှတ်မှတ် မရှိဘဲ မြင့်ရာကနေ နိမ့်ရာကို စီးဆင်းရာမှာ အတိုဆုံးလမ်း၊ အဖြောင့်ဆုံးလမ်းကို အင်နဲ့အားနဲ့ လိမ့်ဆင်းပြီးတော်ရုံတန်ရုံ ဝတ္တုပစ္စည်းတွေကို တိုက်စားသယ်ဆောင်သွားတဲ့ သဘောသဘာဝ မျိုး ရှစ်လေးလုံးအရေးတော်ပုံကာလမှာ တွေ့ခဲ့ရပါတယ်။ ရှစ်လေးလုံး စတင်မဖြစ်ပွားမီ ရက်ပိုင်း၊ ဖြစ်ပွားပြီး သီတင်းပတ်အတန်ကြာထိ ဦးဆောင်အဖွဲ့အစည်း၊ လူပုဂ္ဂိုလ် ရဲ့ ညွှန်ကြားချက်၊ လမ်းညွှန်မှုတွေထက်ကို လူစုလူဝေး၊ လူထုအများထဲက အသံ၊ ဆန္ဒတွေနဲ့ ရှေ့ကိုရောက်အောင် တိုးခဲ့ကြတာ ဖြစ်ပါတယ်။ 

အဲလို လှုပ်ရှားမှုက ရှေ့ကို တိုးရာမှာ ထိုစဥ်က သမ္မတတာဝန်ယူခဲ့တဲ့ စိန်လွင်ရဲ့ အမိန့်နဲ့ စစ်တပ်က ပစ်ခတ်ဖြိုခွဲမှုကြောင့် တိတိကျကျ ရေတွက်ခြင်း မပြုနိုင်တဲ့ ထောင်နဲ့ချီတဲ့ ဆန္ဒပြသူတွေ အသက်ဆုံးရှုံးခဲ့ကြရပါတယ်။ အထူးသဖြင့် ငယ်ရွယ်တဲ့ အလယ်တန်း၊ အထက်တန်းကျောင်းသားတွေ အများအပြား အသက်ဆုံးရှုံးခဲ့ကြရတာ ဖြစ်ပါတယ်။ 

၁၉၈၈ ခုနှစ် သြဂုတ်လ ၈ ရက်နေ့ညက စပြီးပစ်ခတ်ဖြိုခွဲမှုတွေ ဖြစ်ပွားခဲ့ရာမှာ သြဂုတ်လ ၂၄ ရက်နေ့ စစ်အုပ်ချုပ်ရေး (မာရှယ်လော) ရုပ်သိမ်းချိန်အကြား ဆန္ဒပြသူ ထောင်ဂဏန်း သေဆုံးခဲ့ပြီးဖြစ်ပါတယ်။ ဆန္ဒပြမှုတွေကို စစချင်း ဖြိုခွဲနှိမ်နှင်းရာမှာ စစ်မြေပြင်သုံး မောင်းပြန်ရိုင်ဖယ်တွေနဲ့ တိုက်ခိုက်ရေး ဘက်က စစ်တပ်တွေကို အသုံးပြုခဲ့တာပါ။ ရဲ၊ အဓိကရုဏ်း နှိမ်နှင်းရေး စံချိန်စံညွှန်း၊ လိုက်နာရမယ့် အဆင့်ဆင့်သော လုပ်ထုံးလုပ်နည်းတွေကို အသုံးပြုခဲ့တာမျိုး လုံးဝမရှိဘဲ လူစုလူဝေးတွေ၊ တန်းစီဆန္ဒပြချီတက်လာတဲ့သူတွေကို မောင်းပြန်သေနတ်တွေနဲ့ ပစ်၊ ပြီးနောက်မှာ အလောင်းတွေကို ထရပ်ကားလိုမျိုးနဲ့ သိမ်းကျုံးတင်ကာ မီးသတ်ပိုက်နဲ့ အခင်းဖြစ်ပွားရာကို ဆေးပြီး လက်ရာမကျန်အောင် ဖျောက်ဖျက်ခဲ့တာ ဖြစ်ပါတယ်။ ဘယ်၍ဘယ်မျှ သေဆုံးခဲ့ရသလဲဆိုတာကို ဆန္ဒပြုသူတွေဘက်ကလည်း မှတ်တမ်းမတင်နိုင်ခဲ့သလို ပစ်ခတ်ဖြိုခွဲမှု အမိန့်ပေးသူနဲ့ လက်တွေ့ လုပ်ဆောင်သူတွေ ဘက်မှာပါ မှတ်တမ်းတင်ထားတာ မကြားသိခဲ့ရပါဘူး။ သို့သော် ရှစ်လေးလုံးအရေးတော်ပုံ တလကျော်ကာလအတွင်း ပစ်ခတ်ဖြိုခွဲမှုကြောင့် အသက်ဆုံးရှုံးရသူ မြန်မာနိုင်ငံ တဝှမ်း ၃ ထောင်ကျော် ရှိလိမ့်မယ်ဆိုတဲ့ ခန့်မှန်းကိန်းဂဏန်းသာ ကျန်ရှိခဲ့ပါတယ်။ 

ရှစ်လေးလုံးအရေးတော်ပုံ တလကျော်ကြာ ဖြစ်ပွားပြီး စက်တင်ဘာ ၁၈ ရက်နေ့ ညနေမှာ စစ်အာဏာသိမ်းလိုက်ကြောင်း ကြေညာပြီးနောက် မြို့တွေမှာ ဆန္ဒပြမှုတွေ ရက်အနည်းငယ်အကြာ ဆက်လက်ဖြစ်ပွားခဲ့ပေမယ့်လည်း  စိတ်တက်ကြွတဲ့ လူငယ်တွေ၊ မခံမရပ်နိုင်ကြတဲ ကျောင်းသားလူငယ်တွေနဲ့ အရပ်သားတွေ လက်နက်ကိုင်တိုက်ခိုက်မယ့် လမ်းစဥ်ကို ရွေးချယ်ကြပြီး နယ်စပ်ဒေသတွေမှာ ရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေဆီ တိမ်းရှောင်ခိုလှုံခဲ့ကြတာ ဖြစ်ပါတယ်။ 

တိုင်းရင်းသား လက်နက်ကိုင်ဒေသတွေဆီ ရောက်သွားတဲ့ မြို့တွေက ရှစ်လေးလုံး ကျောင်းသားတွေက မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး All Burma Students’ Democratic Front ကို ဖွဲ့စည်းခဲ့ကြပါတယ်။ မြို့ပေါ်မှာ ကျန်ခဲ့တဲ့ ရှစ်လေးလုံးအရေးတော်ပုံကာလမှာ ပေါ်ထွက်လာတဲ့ နိုင်ငံရေး ခေါင်းဆောင်တွေဖြစ်ကြတဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးအောင်ကြီး၊ သူရဦးတင်ဦး၊ ဦးနု နဲ့ အချို့သော ဖဆပလ ခေတ် နိုင်ငံရေးသမားဟောင်းတွေက နိုင်ငံရေးပါတီ ဖွဲ့စည်းတည်ထောင်ကြပါတယ်။ အာဏာသိမ်းပြီးနောက် တောခိုခြင်း မရှိသေးပဲ မြို့တွေမှာ ဆက်လက်လှုပ်ရှားနေတဲ့ ကျောင်းသားခေါင်းဆောင်အချို့ကလည်း လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီကို တည်ထောင်ခဲ့ကြတာ ဖြစ်ပါတယ်။ 

အဲဒီကာလမှာ လူထုထောက်ခံမှုအများဆုံးရတဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးအောင်ကြီး နဲ့ သူရဦးတင်ဦးတို့က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အမည်နဲ့ နိုင်ငံရေးပါတီ ဖွဲ့စည်းကြောင်း စစ်အာဏာသိမ်းပြီးနောက် ၉ ရက်အကြာ စက်တင်ဘာ ၂၇ ရက်နေ့မှာ လူထုကို အသိပေးကြေညာခဲ့ပါတယ်။ အဲဒီနောက် ဦးနုက ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး ပါတီဖွဲ့စည်းခဲ့သလို ကျောင်းသားလူငယ်တွေက လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဖွဲ့စည်းခဲ့ကြတာ ဖြစ်ပါတယ်။ 

တိုင်းရင်းသား လက်နက်ကိုင် ဒေသတွေကို ရောက်ရှိသွားတဲ့ ကျောင်းသားတွေ အရပ်သားတွေ အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ လူမျိုးစုအလိုက် လွတ်မြောက်ရေးအတွက် ဆယ်စုနှစ်နဲ့ ချီရှိနေပြီဖြစ်တဲ့ လက်နက်ကိုင်တော်လှန်ရေးတွေအကြောင်း ပိုမိုသိရှိလာရသလို တိုင်းရင်းသား တန်းတူရေး၊ ကိုယ်ပိုင် ပြဌာန်းခွင့် ဖက်ဒရယ်ပြည်ထောင်စု စတဲ့ နိုင်ငံရေးအယူအဆ၊ ရပ်တည်ချက်တွေကို ပထမဆုံး ကြားသိခဲ့ကြပြီး မြန်မာနိုင်ငံ ပြည်တွင်းစစ် ပြဿနာရဲ့ အခြားသော မျက်နှာစာတွေကို စတင်တွေ့ရှိလာခဲ့တာ ဖြစ်ပါတယ်။ 

မြန်မာ့လွတ်လပ်ရေး သမိုင်းနဲ့ အတူ သက်တမ်းရှည်ကြာလာတဲ့ တိုင်းရင်းသားအရေး၊ လူမျိုးစုအရေး လူများစုနဲ့ လူနည်းစုတွေရဲ့ တန်းတူအခွင့်အရေး၊ ယဥ်ကျေးမှု စာပေ ဘာသာစကား ထိန်းသိမ်းစောင့်ရှောက်နိုင်ခွင့်၊ ဗမာလူမျိုးကြီးဝါဒ၊ ဖက်ဒရယ်စနစ်တွေက နယ်စပ်ကို ထွက်ခွာလာရခြင်း အကြောင်းရင်းဖြစ်တဲ့ စစ်အာဏာရှင် စနစ်အဆုံးသတ်ရေး ဒီမိုကရေစီ နိုင်ငံထူထောင်ရေးကို ပိုပြီးပြည့်စုံအောင် လုပ်ဆောင်ပေးခဲ့တယ်လို့ ဆိုရင် မှားမယ်မထင်ပါဘူး။ 

သို့ပေမယ့် လက်နက်နဲ့ ယှဥ်ပြိုင်တိုက်ခိုက်ပြီး အာဏာသိမ်းတဲ့ နည်းနဲ့ နိုင်ငံကို အုပ်ချုပ်နေတဲ့ စစ်အာဏာရှင်စနစ်ကို အပြီးတိုင် အနိုင်ယူရေးမှာ စိမ်ခေါ်မှုတွေအကန့်အသတ်တွေ အများအပြား ရှိနေတာကိုလည်း ABSDF ကျောင်းသားတပ်တွေ အနေနဲ့ နားလည်လာခဲ့ရပါတယ်။ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့တွေ အများအပြားရှိပေမယ့် တပြိုင်နက်ထည်း အမိန့်တခုထည်းအောက် စုစည်းတိုက်ခိုက်နိုင်ခြင်း မရှိတဲ့ အခြေအနေ၊ အစိုးရတပ်လို့ ခေါ်တဲ့ စစ်တပ်ရဲ့ ရန်သူလက်နက်ကိုင် အဖွဲ့အစည်းတွေကို ဖဲ့ထုတ်ပြီး စည်းရုံးတဲ့နည်းပရိယာယ်တွေ ၊ လက်နက်ကိုင် ငြိမ်းချမ်းရေး အဖြစ်နဲ့ ခွဲထုတ်စည်းရုံးမှုတွေက ၁၉၈၉ ခုနှစ် ဧပြီလ ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ) ပြိုကွဲမှုအပြီး ဆက်တိုက်ဆိုသလို ပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။ 

ထိုစဥ်က ပထမဆုံး အထူးဒေသ ၁ အဖြစ် ဗကပ ကနေ ပုန်ကန်ခွဲထွက်ခဲ့တဲ့ ကိုးကန့်လက်နက်ကိုင် အဖွဲ့က စစ်တပ်နဲ့ သဘောတူညီမှုရခဲ့သလို အဲဒီနောက် ဗကပ ကနေခွဲထွက်တဲ့ အဖွဲ့တွေ တခုပြီးတခု စစ်တပ်နဲ့ အပစ်ရပ် သဘောတူညီချက်တွေ ရယူပြီး အထူးဒေသအဖြစ် မိမိတို့ဒေသကို မိမိတို့ ဘာသာအုပ်ချုပ်ခွင့် ရန်ကုန်၊ မန္တလေးတို့လို မြို့ကြီးတွေမှာ သယံဇာတ ထွက်ရှိတဲ့ ဒေသတွေမှာ သယံဇာတထုတ်ယူတဲ့ လုပ်ပိုင်ခွင့်တွေ ပေးအပ်ခြင်း စသဖြင့် ၁၉၈၈ ခုနှစ် နောက်ပိုင်း လက်နက်ကိုင်တော်လှန်ရေး လှုပ်ရှားမှုတွေကို အင်အားလျော့ပါးသွားအောင် တပ်ပေါင်းစုတွေ အဖြစ် မစုစည်းမိနိုင်အောင် ကြိုးပမ်းခဲ့တာ သမိုင်းသင်ခန်းစာ အဖြစ် လေ့လာနိုင်ပါတယ်။ 

ချုံ့ပြီးပြန်လေ့လာသုံးသပ်ကြည့်ရင် ရှစ်လေးလုံးအရေးတော်ပုံ ရဲ့ ရည်မှန်းချက် ပန်းတိုင်ဖြစ်တဲ့ ဒီမိုကရေစီ စနစ်ထူထောင်ရေးက ဆယ်စုနှစ် ၃ ခုကျော် ၄ ခုနီးပါးရောက်လာချိန် အထိ အောင်ပွဲ မရသေးဘူးလို့ ဆိုရင် မှားမယ် မထင်ပါ။ သမိုင်းအဖြစ်အပျက်တွေမှာ သင်ခန်းစာတွေအများအပြားရှိနှင့်ပြီး သင်ခန်းစာတွေကို ပွင့်လင်းတဲ့ စိတ်နေစိတ်ထား၊ ရိုးသားတဲ့ ခံယူမှုနဲ့ လေ့လာသင်ခန်းစာယူပြီး ပြင်ဆင်နိုင်ဖို့ လိုအပ်နေတာလည်း ဖြစ်ပါတယ်။ စစ်အာဏာရှင် စနစ်ကို တိုက်ခိုက်နေကြတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေ အကြားမှာ ဘုံသဘောတူညီမှု၊ ဘုံလုပ်ငန်းစဥ်၊ ဘုံလမ်းစဥ် အထိ ရရှိအောင် ကြိုးပမ်းနိုင်ကြမှသာ စစ်အာဏာရှင်စနစ်ကို အကာအကွယ်ပေးထားတဲ့ စစ်တပ်ကို အပြီးအပြတ် အနိုင်ရနိုင်မှာလည်း ဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar