ကိုအောင်မှိုင်း - လူ့အဖွဲ့အစည်းအတွင်း ပိုမိုရိုင်းစိုင်းလာခြင်း
လူ့အဖွဲ့အစည်းအတွင်း ပိုမိုရိုင်းစိုင်းလာခြင်း
ကိုအောင်မှိုင်း
မိုးမခ ၊ ဩဂုတ် ၁၂ ၊ ၂၀၂၅
ကျနော်တို့ဟာ ၂၁ ရာစုမှာ နည်းပညာ တိုးတက်ဖွံ့ဖြိုးလာတာနဲ့အလျှောက် လူသားတွေအနေနဲ့ အလုပ်တွေမှာ သက်သာလာကြမယ်။ နည်းပညာအကူအညီနဲ့ ကုန်ထုတ်လုပ်မှုတွေ တိုးတက်ဖွံ့ ဖြိုး လာကြမယ်။ လူတွေဟာ စားဝတ်နေရေးတွေ ချောင်လည်လာကြမယ်။ လူ့အဖွဲ့အစည်းဟာ နည်းပညာဖွံ့ဖြိုးတိုးတက်မှုကြောင့် ပိုမိုယဥ်ကျေးလာကြမယ်လို့ မျှော်မှန်းချက်တွေ ရှိခဲ့ကြတာကတော့ သေချာပါတယ်။
ကနေ့အနေအထားကတော့ ပြောင်းပြန်အနေအထားလို့ ကျနော်တို့ သုံးသပ်ကြရတော့မယ် ထင်ပါတယ်။ လူအဖွဲ့အစည်းဟာ ပိုမိုယဥ်ကျေးမလာဘဲ ပိုမိုရိုင်းစိုင်းလာတာကို ကျနော် တို နေ့စဥ်လို မြင်တွေ့ကြားသိနေကြရတာ ဖြစ်ပါတယ်။ ဒါဟာ လူ့အဖွဲ့အစည်းအပေါ် ကျနော်တို့ မေးခွန်းထုတ်ရမယ့် ပြဿနာ ဖြစ်လာပါတယ်။ ကျနော်တို့ အမြင်ကတော့ ရှင်းရှင်းလင်းလင်း ရှိပါတယ်။
ဆိုလိုတာက နည်းပညာဖွံ့ဖြိုးတိုးတက်လာမှုရဲ့ အသီးအပွင့်တွေကို လူတစုကသာ စားသုံးခွင့်ရပြီး လူအများစုကြီးက ပစ်ပယ်ခံကြရတဲ့အတွက်လို့ ပြောရမှာ ဖြစ်ပါတယ်။
ဒိုင်ယာလက်တစ် ရုပ်ဝါဒ (Dialectical Materialism) အရ၊ လူ့သမိုင်းတိုးတက်မှုဟာ "ကုန်ထုတ် လုပ်မှုအင်အားစု" (Forces of Production) နှင့် "ကုန်ထုတ်ဆက်ဆံရေး" (Relations of Production) တို့ကြားက ပဋိပက္ခ (Contradiction) မှ ဖြစ်ပေါ်လာတယ်လို့ ကားမတ်စ်က ဆိုပါ တယ်။ ကုန်ထုတ်လုပ်မှု (Production) ဆိုတာက လူတွေအနေနဲ့ သဘာဝအရင်းအမြစ်တွေကို အလုပ်အကိုင်၊ ကိရိယာတွေနဲ့ ပြုပြင်ပြောင်းလဲပြီး အသုံးဝင်တဲ့ ကုန်ပစ္စည်း (Use-Value) များ အဖြစ် ဖန်တီးတဲ့ ဖြစ်စဉ်လို့ဆိုပါတယ်။ ကုန်ထုတ်ဆက်ဆံရေး (Relations of Production) ဆိုတာက ကုန်ထုတ်လုပ်မှုဖြစ်စဉ်မှာ လူတွေအချင်းချင်း ဖွဲ့တည်လာတဲ့ စီးပွားရေး၊ လူမှုရေးနဲ့ အာ ဏာ ဆက်ဆံရေး တွေကို "ကုန်ထုတ်ဆက်ဆံရေး" လို့ ယေဘူယျသတ်မှတ်ကြပါတယ်။ ဒီနေရာမှာ အများနားလည်အောင် ပြောရရင် ပိုင်ဆိုင်မှုတွေ အကျိုးအမြတ်တွေ ငွေကြေးစနစ်တွေ လုပ်ခခံစားခွင့်တွေ အာဏာနဲ့လုပ်ပိုင်ခွင့်တွေစတဲ့ ဆက်ဆံရေးတွေ တမျှော်တခေါ် ပါဝင်လာတာ ဖြစ်ပါတယ်။
ကျနော်တို့ ပြန်ချုပ်ကြည့်ရင် နည်းပညာတိုးတက်လာတာနဲ့အမျှ ကုန်ထုတ်လုပ်မှုအင်အားစုတွေ တိုးတက်ဖြစ်ထွန်းလာတယ်။ ဒါပေမဲ့ ကုန်ထုတ်ဆက်ဆံရေးဖြစ်တဲ့ အကျိုးအမြတ် ခံစားခွင့်တွေဟာ လူတစုလက်တည်းမှာသာ ရှိနေတဲ့အလျှောက် အများစုလူထုကြီးက ငတ်သထက် ငတ်လာကြပြီး လူနည်းစုကတော့ ချမ်းသာသထက် ချမ်းသာလာကြတယ်။ နည်းပညာတွေ ခုန်ပျံတိုးတက်လာတာနဲ့အမျှ ခုန ကျနော်တို့ ပြောတဲ့ လူနည်းစုက ခုန်ပျံ ရုတ်ခြည်း ချမ်းသာလာကြတယ်။ ဒါက ဘာကို ဖော်ပြ သလဲဆိုရင် လူ့အဖွဲ့အစည်းအတွင်း ပြင်းထန်တဲ့ လူမှုပဋိပက္ခတွေကို ကြုံတွေ့လာကြရာက စစ်ပွဲဆိုတာတွေဟာ လူ့အဖွဲ့အစည်းအတွက် ဘေးထွက်ဆိုးကျိုးတွေအဖြစ် တွေ့လာကြရပြန်ပါတယ်။ ဒီလူမှုပဋိပက္ခတွေကို ကျော်လွှားဘို့ များသောအားဖြင့် စစ်ပွဲတွေ ဖန်တီးကြလေ့ရှိတာကိုလည်း တွေ့ကြရပြန်ပါတယ်။
ကနေ့ ညီလေးတယောက်နဲ့ စကားပြောဖြစ်တယ်။ ညီလေးရေ “ဒီအတိုင်းဆိုရင် တတိယကမ္ဘာစစ် ဖြစ်တော့မယ် ထင်တယ်” လို့ ပြောဖြစ်တယ်။ သူ ပြောတာက အတော်ရှင်းပါတယ်။ “အစ်ကိုကြီးရေ ကမ္ဘာစစ်က ဖြစ်နေပြီလေဗျာတဲ့ “
ကျနော် အတော်ရှော့ရသွားတယ်။
“ကမ္ဘာစစ်ဖြစ်နေပြီ၊ ဟုတ်လား” ကျနော်ထပ်မေးမိတယ်။ “ရှင်းစမ်းပါဦးဗျာ” လို့ မေးမိတယ်။
သူတို့လူငယ်တွေက ရိုးရှင်းကြတယ်။ “အစ်ကိုကြီး ကနေ့ ရုရှားနဲ့ယူကရိန်းစစ်ဖြစ်နေတာ နိုင်ငံ ၂ ခု ကြား ဖြစ်နေတာလေ၊ ပါလက်စတိုင်းနဲ့ အစ္စရေးစစ်ဖြစ်နေတာ နိုင်ငံ၂ ခု စစ်ဖြစ်နေတာပါပဲ၊ အခု ထိုင်းနဲ့ ကမ္ဘောဒီးယား စစ်ဖြစ်နေတာလည်း နိုင်ငံ ၂ ခု ဖြစ်နေကြတာပါပဲ၊ အစ်ကိုကြီးတို့ ဆိုလိုချင်တာ အမေရိကန်နဲ့ တရုတ် စစ်ဖြစ်မှ ကမ္ဘာစစ် ဖြစ်တာလို့ ဆိုလိုတာလား”လို့ ကျနော့်ကို ပြန်မေးတယ်။
သေချာတာက ပထမကမ္ဘာစစ် ဘာကြောင့် ဘယ်လိုဖြစ်တာတို့၊ ဒုတိယကမ္ဘာစစ် ဘာကြောင့် ဘယ်လို ဖြစ်တာတို့ကို ပြန်လေ့လာဖို့ လိုပြီဆိုတာတော့ တော်တော်သေချာသွားပါတယ်။
ကျနော်တို့ သမိုင်းတချို့ကို ပြန်တူးဆွကြည့်ရအောင်ဗျာ။
ပထမကမ္ဘာစစ်မဖြစ်မီ ကာလဟာ စက်မှုတော်လှန်ရေးရဲ့ အောင်ပွဲ၊ ကိုလိုနီဝါဒရဲ့ အရှိန်အဟုန်နဲ့ နိုင်ငံတွေအကြား စီးပွားရေးပြိုင်ဆိုင်မှုတွေကြောင့် ကမ္ဘာ့စီးပွားရေးက အတော်လေး မညီမျှတဲ့ အခြေ အနေတွင်ရှိနေခဲ့တယ်လို့ ပညာရှင်အချို့က ထောက်ပြခဲ့တယ်။ ဒီအချက်တွေဟာ နောက်ပိုင်းမှာ စစ်ပွဲကြီးဖြစ်ပွားဖို့ မီးမွှေးလိုက်သလို ဖြစ်ခဲ့တယ်လို့ သုံးသပ်ခဲ့ကြပါတယ်။ ပြောရမယ်ဆိုရင် စက်မှုတော်လှန်ရေးရဲ့ နောက်ဆက်တွဲအကျိုးဆက်တွေဖြစ်တဲ့၊ ကိုလိုနီဝါဒနဲ့ စီးပွားရေးအရ တင်းမာမှုတွေဟာ ထူးခြားတဲ့ အခြေအနေတရပ်အဖြစ် တည်ရှိနေခဲ့တာ ဖြစ်ပါတယ်။ ပထမကမ္ဘာစစ်မဖြစ်မီကာလက နိုင်ငံရေးပြိုင်ဆိုင်မှု၊ စီးပွားရေး မညီမျှမှု၊ လက်နက်မြှင့်တင်ရေးနဲ့ အမျိုးသားရေးဝါဒတို့ဟာ စစ်ပွဲဖြစ်နိုင်ခြေကို အလွန်မြင့်မားနေခဲ့တာကလည်း အခိုင်အမာဖြစ်ပါတယ်။
ဆာရာယေဗိုအရေးအခင်းဟာ ဒီအခြေအနေတွေကို ပေါက်ကွဲစေခဲ့တဲ့ "နောက်ဆုံးမီးစာ" ဖြစ်ခဲ့ပြီး ကမ္ဘာ့သမိုင်းမှာ အကြီးမားဆုံးသော စစ်ပွဲတခုကို စတင်စေခဲ့တာ ဖြစ်ပါတယ်။
ဒုတိယကမ္ဘာစစ်ကတော့ ပထမကမ္ဘာစစ်အပြီး အပြန်အလှန်ချုပ်ဆိုခဲ့တဲ့ စာချုပ်စာတမ်းတွေ စက္ကူစုတ် ဖြစ်သွားခြင်း ( ဥပမာ ဗာဆေးစာချုပ်အပါအဝင် အခြားစီးပွါးရေးစာချုပ်စာတမ်းများ ) အာဏာရှင်စနစ်များပေါ်ထွန်းလာခြင်း (ဟစ်တလာ၊ မူဆိုလီနီ၊ ဂျပန်စစ်ဗိုလ်ချုပ်များ)၊ နိုင်ငံတကာ ပဋိပက္ခ များ (ဂျာမနီရဲ့ နယ်မြေချဲ့ထွင်မှု) နဲ့ ငြိမ်းချမ်းရေးအဖွဲ့များ ကျရှုံးမှု တို့ကြောင့် ဖြစ်ပွားခဲ့တာလို့ ယူဆခဲ့ကြပါတယ်။ ဒုတိယကမ္ဘာစစ် (1939–1945) ဟာ လူသားသမိုင်းမှာ အကြီးမားဆုံး၊ အဖျက်စွမ်းအားအများဆုံး စစ်ပွဲတခုဖြစ်ပြီး အကျိုးဆက်အဖြစ် လူပေါင်း ၈၅ သန်းခန့် သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။
စစ်ပွဲကြီး ၂ ခု မဖြစ်ပေါ်မီ အခင်းအကျင်းတွေမှာ တူညီတဲ့အချက်အလက်တွေ ရှိသလို မတူညီတဲ့ အချက်လည်း ရှိတာ တွေ့နိုင်ပါတယ်။ တူညီပြီး အရေးတကြီး အချက်အလက်တခုကတော့ အဲဒီကာလမှာ လူတွေဟာ ပိုမိုရိုင်းစိုင်းလာကြတဲ့ကိစ္စလို့ ကျနော်တော့ ကောက်ချက်တခုအနေနဲ့ ချချင်တယ်။
ကနေ့လည်း လူတွေဟာ အတွေးအခေါ် Ideology လုပ်ငန်းတွေကို ပစ်ပယ်ကြပြီး အကျိုးစီးပွားတွေ ရှေ့တန်းတင်လာကြတာဟာ လူ့အဖွဲ့အစည်းအတွက် ကြီးမားတဲ့အန္တရာယ်တခု ဖြစ်လာသလို လူ့အဖွဲ့အစည်းအတွင်း ပိုရိုင်းစိုင်းလာရခြင်း အကြောင်းတရားတခုလို့ သုံးသပ်မိပါကြောင်းဗျာ။
-
Join Us @ MoeMaKa Telegramt.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar