Breaking News

စစ်ပွဲရဲ့ ဝန်ကို ဘယ်သူတွေ ထမ်းကြရသလဲ

မြန်မာနွေဦးခရိုနီကယ် - အောက်တိုဘာ ၂၀ မြင်ကွင်း

(မိုးမခ) အောက်တိုဘာ ၂၁၊ ၂၀၂၅


စစ်ပွဲရဲ့ ဝန်ကို ဘယ်သူတွေ ထမ်းကြရသလဲ 

စစ်ပွဲတွေ ဖြစ်ပွားလာကြတဲ့အခါ စစ်ပွဲအတွက် လိုအပ်တဲ့အရာတွေကို စာရင်းချတွက်ကြည့်မယ်ဆိုရင် တိုက်ခိုက်မယ့် စစ်သည်အင်အား၊ လက်နက်ခဲယမ်း၊ ရိက္ခာနဲ့ စစ်ပွဲမှာ ဝင်ရောက်တိုက်ခိုက်ဖို့ ယုံကြည်မှု၊ ထောက်ခံမှု သို့မဟုတ် ငွေကြေးအားဖြင့် ဆွဲဆောင်မှုတွေ လိုအပ်တယ်လို့ ဆိုရပါလိမ့်မယ်။ 

နိုင်ငံတကာက ပြည်တွင်းစစ်ပွဲတွေ၊ တနိုင်ငံနဲ့ တနိုင်ငံ ကျူးကျော်မှု၊ နယ်မြေအငြင်းပွားမှု တချိန်က ပိုင်နက်ဖြစ်ခဲ့ဖူးတဲ့ သမိုင်းကြောင်းတွေအရ အငြင်းပွားပြီး တိုက်ခိုက်မှုတွေ၊ ဒေသခံအင်အားစုတွေက ၄င်းတို့ ပါဝင်လိုတဲ့ နိုင်ငံရဲ့ နယ်နိမိတ်ထဲ အုပ်ချုပ်မှုထဲ မပါဝင်နေဘဲ အိမ်နီးချင်းအခြားနိုင်ငံရဲ့ နယ်နိမိတ်ထဲ ပါဝင်နေခြင်းကြောင့် လက်နက်ကိုင် ပုန်ကန်မှုတွေ တိုက်ခိုက်မှုတွေကြောင့် ဖြစ်ပွားတဲ့ စစ်ပွဲတွေက အများစု ဖြစ်ပါတယ်။ 

ဒီနေရာမှာ နိုင်ငံတကာက စစ်ပွဲတွေထက် မြန်မာနိုင်ငံက ပြည်တွင်းစစ် အကြောင်းကို အဓိက ရည်ရွယ်ပြောဆိုလိုတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ပြည်တွင်းစစ် ဖြစ်ပွားလာတာ နှစ်ပေါင်း ၇၀ ကျော် ၈၀ နီးပါး ရှိလာပြီး ကမ္ဘာမှာ အရှည်ကြာဆုံး ပြည်တွင်းစစ်လို့လည်း နိုင်ငံတကာ သတင်းမီဒီယာတွေက ဝိသေသပြု ပြောဆိုကြပါတယ်။ လွတ်လပ်ရေးရပြီးကတည်းက ပြည်တွင်းစစ်မီးလျှံထဲ ကျရောက်ခဲ့ရတာ ဖြစ်ပြီး ပြည်တွင်းစစ်စတင်ဖြစ်ပွားခါစ ကာလတွေက အရှိန်အဟုန် အမြင့်ဆုံးနဲ့ တောက်လောင်ခဲ့ ပျက်စီးခဲ့ပြီး နောက် ဆယ်စုနှစ် ၆ ခု၊ ၇ ခု ကာလတွေက တငွေ့ငွေ့နဲ့ ဟိုနားသည်နား တောက်လောင်နေခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ အလယ်ပိုင်း ပဲခူးရိုးမလို ဒေသမှာ ၁၉၅၀ ခုနှစ်တွေကနေ ၁၉၇၀ ဝန်းကျင်ထိ ပြည်တွင်းစစ်ပွဲတွေ ရှိခဲ့သလို ၁၉၉၀ ကျော်ခုနှစ်တွေမှာလည်း မြစ်ဝကျွန်းပေါ် ဒေသတွေမှာ ဖြစ်ပွားခဲ့တာပါ။ နယ်စပ်ဒေသတွေအများစုကတော့ ပြည်တွင်းစစ် နှစ် ၇၀ ကျော်ကာလတွေအတွင်း ပြင်းပြင်းထန်ထန် ဖြစ်ပွားတဲ့ ကာလနဲ့ မပြင်းထန်တဲ့ ကာလတွေလို့သာ ခွဲခြား ပြောဆိုရမလို အစဥ်အဆက် စစ်ပွဲတွေက ရှိနေခဲ့တာ ဖြစ်ပါတယ်။ 

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု နောက်ပိုင်းမှာ ပြန်လည်တောက်လောင်လာတဲ့ ပြည်တွင်းစစ်မီးက ဆယ်စုနှစ် ၇ ခုကျော် ကာလအတွင်း အကျယ်ပြန့်ဆုံး နဲ့ အပြင်းထန်ဆုံး စစ်မီးတောက်တခု ဖြစ်လာပါတယ်။ လွတ်လပ်ရေး ရပြီးနောက် ကွန်မြူနစ်ဝါဒကို ကိုင်စွဲတဲ့ ပစ္စည်းမဲ့ အာဏာရှင်စနစ်နဲ့ နိုင်ငံကို တည်ထောင်လိုတဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ၊ လူမျိုးစုအလိုက် ကိုယ်ပိုင်ပြဌာန်းခွင့် ဖက်ဒရယ်စနစ်နဲ့ သွားလိုတဲ့ လူမျိုးစု လွတ်မြောက်ရေး လက်နက်ကိုင် အဖွဲ့အသီးသီးက လွတ်လပ်ရေးရပြီးခါစ ကောင်းစွာအခြေမကျသေးတဲ့ ဖဆပလ အစိုးရနဲ့ ဗမာ့တပ်မတော်တို့ကို ဆန့်ကျင် တိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။ 

၁၉၄၉ ကနေ ၁၉၅၂ ထိ ၄ နှစ်နီးပါး ကြာမြင့်တယ်ဆိုတဲ့ ပထမ ပြည်တွင်းစစ်ကြီးကာလရဲ့ သင်ခန်းစာတွေက နေက် ဆယ်စုနှစ်အတန်ကြာကာလတွေ အတွက် ပြန်လည်သုံးသပ်စရာ ပြင်ဆင်စရာ ပြောင်းလဲစရာတွေ ဖြစ်ခဲ့ပါလိမ့်မယ်။ တဖန် မဲမသမာမှုတွေ ရှိခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲ အပြီး ရွေးကောက်ခံ အစိုးရလို့ ခေါ်ဆိုတဲ့ ဦးသိန်းစိန်အစိုးရ တက်လာပြီးနောက် အပစ်အခတ်ရပ်စဲရေးနဲ့ နိုင်ငံရေးဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့ပြီး ၈ နှစ်ခန့်အကြာမှာ မြန်မာ့ခေတ်သစ်သမိုင်းမှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ ဖြစ်ပွားတဲ့ ဒုတိယမြောက်ပြည်တွင်းစစ် ဖြစ်ပွားလာခဲ့တာ ဖြစ်ပါတယ်။ 

စစ်ပွဲတွေ ဖြစ်ပွားလာတဲ့အခါ ပြည်သူလူထုအဖို့ စုဆောင်းထားတဲ့ ရှိစုမဲ့စု ငွေကြေးထုတ်ပြီးသုံးစွဲကြရသလို နိုင်ငံအနေနဲ့လည်း သယံဇာတတွေ ထုတ်နိုင်သမျှ အစွမ်းကုန်ထုတ်ယူကြ၊ သာမန်ကာလမှာ ပြောရင် မဆီလျော်တဲ့ ပမာဏ တွေအထိ အခွန်အကောက်တွေကို ဒီဒေသ၊ နယ်မြေ၊ လမ်းပိုင်းကို စိုးမိုးထိန်းချုပ်ထားတဲ့ လက်နက်ကိုင် အဖွဲ့တွေက သတ်မှတ်ကောက်ယူကြတာ ဖြစ်ပါတယ်။ 

အာဏာသိမ်းစစ်တပ်က အဝင်အထွက် ကူးသန်းရောင်းဝယ်မှု ပိတ်ဆို့ထားတဲ့ စစ်တွေမြို့မှာ နေထိုင်နေသူတချို့ မိမိတို့ နေအိမ်က တံခါး၊ အကာအရံ အဖီတွေကို ဖြိုဖျက်ပြီး ထင်းမီးအဖြစ် အသုံးပြုနေကြရတဲ့ သတင်းက ပိတ်ဆို့ခံထားရတဲ့ စစ်တွေမြို့ခံတွေရဲ့ အခြေအနေ ကြပ်တည်းဆိုးရွားမှုကို ပေါ်လွင်စေပါတယ်။ 

ခုနှစ်ပိုင်းတွေမှာ ဒေသတခုနဲ့တခု မြန်မာနိင်ငံတောင်ပိုင်းနဲ့ အလယ်ပိုင်း၊ မြောက်ပိုင်းနဲ့ အလယ်ပိုင်း၊ အလယ်ပိုင်းနဲ့ အရှေ့ပိုင်းစသဖြင့် ဒေသတခုနဲ့တခုကို ဆက်သွယ်ထားတဲ့ ကုန်စည်ရော လူတွေပါ ဖြတ်သန်းသွားလာနေကြတဲ့ လမ်းတွေမှာ  မတူတဲ့ လက်နက်ကိုင် အဖွဲ့တွေရဲ့ အခွန်အကောက် ကောက်ခံကြတာကို လူမှုကွန်ရက်တွေမှာ တို့တိတို့တိ ဖေါ်ပြထားကြတာ တွေ့ရပါတယ်။ 

သယံဇာတထွက်ရှိတဲ့ ဒေသတွေမှာ သယံဇာတထုတ်ယူမှုအပေါ် အခွန်အကောက် ကောက်ခံကြတာလည်း ပြည်တွင်းစစ်ကာလရဲ့  တွေ့နေကျ ရုပ်ပုံလွှာ၊ ဖြစ်စဥ်တွေ ဖြစ်နေသလိုပဲ ကုန်စည်သယ်ဆောင်ရာလမ်းတွေမှာ ကောက်ခံကြတဲ့ အခွန်အခ နှုန်းထားတွေကလည်း သာမန်ကာလလိုမျိုးမှာ ကြားသိရရင် မယုံကြည် နိုင်လောက်တဲ့ ပမာဏတွေ ဖြစ်နေတာပါ။ 

မကြာသေးခင် သီတင်းပတ်ကမှ ဖွင့်လိုက်တဲ့ လားရှိုး၊ သီပေါ၊ ကျောက်မဲ ကနေ မန္တလေးထိ လမ်းပိုင်းမှာ ကောက်ခံတဲ့ ဂိတ်ကြေးနှုန်းထားနဲ့ ပတ်သက်လို့ သတင်းတပုဒ်ထဲ ဖေါ်ပြထားရာမှာ သာမန် ကားလေး တစီးကို မန္တလေးကနေ လားရှိုးထိ ဂိတ်ပေါင်း ၃၀ လောက်ရှိပြီး ဂိတ်ကြေး ၄ သိန်း ကျသင့်တယ်လို့ ဖေါ်ပြထားပါတယ်။ ဒီ ဂိတ်ပေါင်း ၃၀ ဝန်းကျင်မှာ လက်နက်ကိုင် အဖွဲ့စုံပါရှိပါတယ်။ လက်ရှိ အနေအထားအရ ထိုးစစ်ဆင်အောင်နိုင်ထားတဲ့ အာဏာသိမ်းစစ်ကောင်စီတပ်၊ ၄င်းတို့နဲ့ အပစ်ရပ်ထားတဲ့ MNDAA တို့လည်း ပါဝင်တယ်လို့ ဆိုပါတယ်။ 

ဒါက ရှမ်းမြောက်ဒေသက လမ်းပိုင်း အခြေအနေဖြစ်ပြီး စစ်ကိုင်းတိုင်း နဲ့ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်း အကြားက လမ်းပိုင်းတွေမှာလည်း ဂိတ်ပေါင်း ဒါဇင်နဲ့ ချီရှိသလို ပေးရတဲ့ ငွေပမာဏကလည်း မကြားဖူး မကြုံဖူးတဲ့ ပမာဏ အရေအတွက်တွေ ဖြစ်နေတာပါ။ လောင်စာဆီတင်တဲ့ ကားတစီး မန္တလေးကနေ ကချင်ပြည်နယ်ရောက်ဖို့ သိန်းရာဂဏန်းနဲ့ချီ ဂိတ်ကြေးကုန်ကျတယ်လို့ ရေးသားထားကြတာတွေ့ရပါတယ်။ 

အလားတူ ကရင်ပြည်နယ်ကို ဖြတ်ပြီး ထိုင်းနယ်စပ်နဲ့ ဖားအံ၊ သထုံ၊ ရန်ကုန် ကုန်သွယ်ရေး လမ်းကြောင်းမှာလည်း ဖားအံ-မြဝတီအကြား ဂိတ်ပေါင်း ၄၀/၅၀ ရှိပြီး ပေးဆောင်ရတဲ့ ငွေပမာဏက သာမန်ကားလေးတစီး ပင်လျင် သိန်းဂဏန်းနဲ့ ချီပေးဆောင်ကြရတာ ဖြစ်ပါတယ်။ 

ဒီလို ပေးဆောင်ကြရတဲ့ ဂိတ်ကြေးတွေက လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ ရပ်တည်ရေး၊ ဒီဂိတ်တွေကို ကြီးကြပ်တဲ့ လက်နက်ကိုင် အဖွဲ့ဝင်တွေရဲ့ တဦးချင်းသော်လည်းကောင်း အစုအဖွဲ့လိုက်သော်လည်းကောင်း ရရှိခံစားကြရတဲ့ ဝင်ငွေတွေ အဖြစ် နားလည် မှတ်ယူရပါတယ်။ 

အခုလို နယ်စပ်ကို ဖြတ်ပြီးသယ်ဆောင်လာတဲ့ ကုန်စည်တွေ ရန်ကုန်ကတဆင့် နယ်စပ်ဒေသ နဲ့ အလယ်ပိုင်း အထက်ပိုင်း ဒေသအသီးသီးကို သယ်ဆောင်ကြတဲ့ ကုန်စည်တွေအပေါ် ကြီးလေးတဲ့ အခွန်အခ တွေ ကောက်ခံနေတာကြောင့် နိုင်ငံအနှံ့အပြားမှာနေထိုင်ကြတဲ့ သူတွေအဖို့ ရိက္ခာ၊ ဆေးဝါး၊ လူသုံးကုန်၊ လောင်စာဆီ အစစအရာရာကို စျေးနှုန်းမြင့်မားစွာ ဝယ်ယူသုံးစွဲနေကြရတာ ဖြစ်ပါတယ်။ 

ဒါတွေက ကုန်စည်တွေနဲ့ ဖြတ်သန်းသွားလာတဲ့ ခရီးသည်တင်ယာဥ်၊ ဖြတ်သန်းသွားလာသူ တဦးချင်းက ပေးဆောင်ရတဲ့ အခွန်အခတွေ ဖြစ်ပြီး စစ်ပွဲတွေ အတွက် စရိတ်အဖြစ် အသုံးပြုနေကြတဲ့ နောက်ဝင်ငွေလမ်းကြောင်း တခုကတော့ သယံဇာတ ထုတ်ယူမှုတွေ ဖြစ်ပါတယ်။ အာဏာသိမ်းစစ်ကောင်စီ အနေနဲ့ သဘာဝဓါတ်ငွေ့၊ ရေနံပိုက်လိုင်း ဖြတ်သန်းခ၊  ရွှေ ၊ ကျောက်မျက်ရတနာ၊ သတ္တု စတာတွေက နေ ရရှိတဲ့ ဝင်ငွေအများစုကို စစ်ပွဲတွေမှာ လိုအပ်တဲ့ လက်နက်ခဲယမ်း၊ ရိက္ခာ၊ လောင်စာဆီတွေ အတွက်သုံးနေသလို တော်လှန်ရေး လက်နက်ကိုင် အင်အားစုတွေ ဘက်ကလည် ကျောက်စိမ်း၊ ရွှေ၊ ပတ္တမြား၊ ရေနံစိမ်း၊ သတ္တု၊ မြေရှား၊ သစ် စတဲ့ သယံဇာတ အားလုံးကို ကိုယ်တိုင်ထုတ်ယူတာ သို့မဟုတ် ထုတ်ယူခွင့်ပေးပြီး အခွန်အကောက် ကောက်ခံတာတွေ လုပ်နေကြရတာ ဖြစ်ပါတယ်။ 

သယံဇာတ အလွန်အကျွံထုတ်ယူမှုကြောင့် လတ်တလော အကျိုးဆက် ရော ရေရှည်အကျိုးသက်ရောက်မှုတွေပါ ခံစားကြရမယ့် သဘောဖြစ်ပေမယ့် လက်ရှိ အနေအထားမှာ စစ်ပွဲအနိုင်ရရေးအတွက် အခြားဘာကိုမှ ဦးစားမပေးနိုင်တဲ့ အခြေအနေမျိုး ဖြစ်နေတာပါ။ ရွှေထုတ်ယူလို့ စိုက်ခင်းတွေ ပျက်စီးမယ့်အရေး ၊ ရေညစ်ညမ်းပြီး သန့်ရှင်းတဲ့ရေ မရရှိတော့တဲ့ ပြဿနာ စတာတွေကိုလည်း ရင်ဆိုင်ကြရသလို မြေရှားလို သတ္တုထုတ်ယူမှု၊ ရွှေထုတ်ယူရာက စွန့်ပစ်တဲ့ ပြဒါးလို အရာတွေကြောင့် အဆိပ်သင့်တဲ့အထိ ကြုံတွေ့နေကြရတာလည်း ဖြစ်ပါတယ်။ 

ဒီလို ပြဿနာတွေရဲ့ အကြောင်းရင်းခံက စစ်အာဏာသိမ်းမှုနဲ့ နောက်ဆက်တွဲ ဖြစ်ပွားလာတဲ့ စစ်ပွဲတွေပဲ ဖြစ်ပြီး ဘယ်ကနေ စ အဖြေရှာရမလဲဆိုတာတော့ ပါဝင်ပတ်သက်တဲ့ နိုင်ငံရေး အဖွဲ့အစည်းတွေ လက်နက်ကိုင်အဖွဲ့တွေ အပေါ်သာမူတည်နေတာလည်း ဖြစ်ပါတော့တယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar