Breaking News

လေးလေး - ထမင်းတနပ် လျှော့စား

လေးလေး - ထမင်းတနပ် လျှော့စား

မိုးမခ ၊ အောက်တိုဘာ ၂၁ ၊ ၂၀၂၅


ခေါင်းစဉ်ကြည့်ပြီး ဆဲဖို့ချည်း ပြင်မနေကြပါနဲ့။ 

“ကမ္ဘာတလွှား ထမင်းလျှော့စားရတော့မှာလား”ဆိုတဲ့ သတင်း ဆောင်းပါးဖတ်ပြီး ကျန်းမာရေးအတွက် ဆင်ခြင်မိတာလေးတွေ ရေးပြမှာပါ။

ကမ္ဘာတဝန်း ဆန်အဓိကစားတဲ့ လူဦးရေ သန်း ၄,၀၀၀ လောက်ရှိပြီး၊ကမ္ဘာ့စားနပ်ရိက္ခာမှာ ဗိုလ်စွဲထားတယ်လို့ ဆောင်းပါးမှာ ဖတ်ရတယ်။အခုတော့ ရာသီဥတု ပြောင်းလဲလာတာကြောင့် ဆန်လျှော့စားဖို့ တွေးလာ၊လုပ်လာ ကြတဲ့အကြောင်း၊ ဆန်စပါး စိုက်ပျိုးထုတ်လုပ်တာကနေ ရေအများကြီး သုံးရတာ၊ ရေပြည့်နေတဲ့ လယ်ကွင်းတွေ ကနေ မီသိန်းဓာတ်ငွေ့ထွက်လို့ ကမ္ဘာကြီးပူနွေးစေတာ တွေ ထောက်ပြ ရေးထားတာလည်း တွေ့ရတယ်။

စားနပ်ရိက္ခာအဖွဲ့ကြီးကလည်း မြန်မာပြည်သား ၁၆သန်းခွဲကျော်ဟာ စားနပ်ရိက္ခာ ဆာလောင်မွတ်သိပ်မှုတွေနဲ့ ရှင်သန်နေရတယ်လို့လည်း ဆိုတယ်။ မြန်မာပြည်သား ၃ ယောက်မှာ ၁ ယောက်ဟာ ထမင်းလျှော့စားနေရတယ် ဆိုတဲ့ အသံတွေလည်း တဆက်တည်း  ကြားရတယ်။ အိမ်ရှင်မတယောက်က အရင် မနက်၊ နေ့လယ်၊ ညနေ ဆိုပြီး ထမင်းသုံးနပ် စားနေရာကနေ အခုတော့ မနက်နဲ့ နေ့လယ် ပေါင်းပြီး တနပ်၊ ညနေ တနပ် ဆိုပြီး နှစ်နပ်ပဲ စားတော့တယ်လို့ ပြောသံလည်း ကြားရပါတယ်။

အကျပ်အတည်းဆိုက်တဲ့အခါ လူတွေဟာ ထွက်ပေါက်တော့ ရှာကြံကြရတာပေါ့။ ကိုယ့်အကြောင်းဘက် လှည့်ရရင် အသက် ၄၅နှစ်လောက်မှာ သွေးတိုးဆိုတာ ရှိလာပြီး ၅၀ လောက်ရောက်တော့  ဆီးချိုဆိုတာ ပါရောက် လာတယ်။ ဆေးကုပေးတဲ့ ဆရာဝန်က ခင်ဗျား ထမင်းလျှော့စားရမယ်၊ အငန်လျှော့စားရမယ်လို့ အကြံပေးတယ်။ တသက်လုံး စားလာခဲ့တဲ့ ထမင်းလျှော့စားရမယ်ဆိုတော့ စိတ်ထဲ ဝမ်းနည်းသလိုလို၊ဒါနဲ့ ထမင်းတနပ် လျှော့စားဖို့ ကြိုးစားကြည့်တယ်။

တကယ်ပဲ ထမင်းတနပ် လျှော့စားလိုက်တာဟာ ဆီးချိုကို ထိန်းထားလိုက်နိုင်တာ ကိုယ်တွေ့သိလာရတယ်။ တ ဘက်ကလည်း စားဆေးက မပြတ်တမ်း သောက်ရတာပေါ့လေ။ ထမင်းတနပ် လျှော့စားတယ်ဆိုတာ ထမင်းအစား တခြား အစားအစာတမျိုး အစားထိုး စားလိုက်တာပါ။ ဥပမာ-မနက်စာနဲ့ နေ့လယ်စာကို ထမင်း၊ ဟင်းနဲ့ စားလိုက်ပြီးပြီဆို ညနေစာကို ခေါက်ဆွဲကြော်၊ ကြာဆံကြော် တမျိုးမျိုး စားတယ်။

မနက်စာကို မုန့်ဟင်းခါး စားဖြစ်တဲ့နေ့ ဆိုရင်တော့ နေ့လယ်စာနဲ့ ညနေစာကို ထမင်းစားပါတယ်။ သဘောကတော့ တနေ့ကို ထမင်း နှစ်ခါပဲ စားပြီး တခါကိုတော့ တခြား အစားထိုးစားတာပါပဲ။ ဒီလိုနည်းနဲ့ သွေးတိုးနဲ့ ဆီးချိုကို ထိန်းထားနိုင်တာ ဆယ်နှစ်လောက် ရှိသွားပါပြီ။ ပြောရရင် ထမင်းတနပ် လျှော့စားခြင်းရဲ့ အကျိုးကျေးဇူးပါပဲ။ အစပိုင်းက ပြောထားတဲ့ ဆောင်းပါးလေးဆီ ပြန်ဆက်ရရင် တရုတ်နဲ့ ဘင်္ဂလားဒေ့ရှ်မှာ ထမင်းအစား အာလူးစားရေး လုပ်ကြည့်တာ မအောင်မြင်ပါဘူးတဲ့။

ဆင်းရဲလို့ အာလူးစားတာ ဆိုတဲ့လူ့အသိုက်အဝန်းက အမြင်လည်း ရှိနေပါသတဲ့။ (ဆီးချိုနဲ့ အာလူးကျ မတည့်ပြန် ဘူး)။

နှစ်စဥ် ကမ္ဘာတဝန်းမှာ ဆန်တန်ချိန် ခန့်မှန်းခြေ သန်း ၅၂၀ ကို စားသုံးနေကြပြီး၊ ထမင်းဟာ လူတွေရဲ့ နက်နက်နဲနဲ သည်းခြေကြိုက် ဖြစ်နေပါပြီ။ ဖိလစ်ပိုင်က အိမ်ရှင်မတယောက်က “ထမင်းကို လျှော့စားမယ်လို့ တွေးပေမယ့် လုံးဝတော့ မဖြတ်ချင်ပါဘူး။ ဘာကြောင့်လဲဆိုရင် ထမင်းနဲ့ ဘဝ ခွဲမရဘူးလေ” လို့ ဆိုတယ်။ ကိုယ်လည်း မခွဲနိုင်ပေမယ့် တနပ် လျှော့စား ကျေးဇူးရှိတာကြောင့် ထမင်းတနပ် လျှော့စားရပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar