မောင်လူမွှေး - နာကျင်မှုကိုသာ လှုံနေရဆဲ
မောင်လူမွှေး - နာကျင်မှုကိုသာ လှုံနေရဆဲ
မိုးမခ ၊ ဒီဇင်ဘာ ၂၀ ၊ ၂၀၂၅
မောင်လူမွှေးတို့ တော်လှန်နယ်မြေမှာ အလုပ်တွေ လုပ်ကြရတော့ ပုဂ္ဂိုလ်ရေးဆိုင်ရာ အခက်အခဲ၊ မူဝါဒပိုင်းဆိုင်ရာ အခက်အခဲ၊ ငွေကြေးဆိုင်ရာအခက်ခဲ၊ လူအရင်းအမြစ် ရှားပါးမှု စသဖြင့် ကြုံကြရတယ်။ အခက်အခဲတွေ ကြုံရတိုင်း မောင်လူမွှေး စိတ်မှာ ဆုံးဖြတ်ထားတာက အခက်အခဲတွေကို အညင်သာ အသိမ်မွေ့ဆုံးနည်းနဲ့ ကျော်လွှားနိုင်ဖို့ပါပဲ။ အလုပ်တွေ ပိနေတဲ့အချိန် စိတ်ထိခိုက်စရာတွေပါ ထပ်ကြုံလာရတဲ့ အခါမျိုးမှာတော့ မောင်လူမွှေးတို့ဟာ ကိုယ့်ကိုယ်ကိုယ် သိပ်သတိထားပြီး နေကြရပါတယ်။
ခုဒီဇင်ဘာ ပထမအပတ်နဲ့ ဒုတိယ အပတ်အတွင်း မောင်လူမွှေး အသုဘ လေးခုကို သွားခဲ့ရတယ်။ စနေ၊ တနင်္ဂနွေတွေမှာ စစ်ရှောင်ကျောင်းတွေကို သွားပြီး လုပ်စရာရှိတာတွေ လုပ်ဆောင်ခဲ့တယ်။ ကျန်ရက်တွေမှာ တစ်နေကုန်နီးပါး စာသင်တယ်။ ပြောရ၊ ဆိုရ ၊ လုပ်ရကိုင်ရတာတွေ ဆက်တိုက်ဆိုတော့ လူရော၊ စိတ်ရော ပန်းကျလာတဲ့အတွက် ညနေအချိန်ပိုသင်တဲ့ စာသင်ချိန်ကို နားပြီး အိပ်ရာထဲမှာ နေနေရတယ်။
အိပ်ရာထဲမှာ နေပေမယ့် အေးအေးဆေးဆေး နားနေတယ်လို့တော့ မဟုတ်ရပါဘူး။ အသုဘက ဓာတ်စက်နဲ့ ဖွင့်နေတဲ့ အလွမ်းသီချင်း၊ အဆွေးသီချင်း၊ တရားခွေ စတာတွေကို နားထောင်ချင်ချင်၊ မထောင်ချင်ချင် ကြားနေရတာ ဖြစ်တယ်။ ပြီးခဲ့တဲ့ ညပိုင်းကလည်း အလှူမှာတီးကြ၊ ဆိုကြတာတွေကို အိပ်ရာထဲကနေ ကြားနေရတယ်။ မောင်လူမွှေးတို့ မြန်မာ့လူ့အဖွဲ့အစည်းဟာ သာရေး၊နာရေးလုပ်တာနဲ့ ဆောင်းဘောက်၊ ဓာတ်စက်တို့ကို ဘယ်လောက်ကျယ်ကျယ်ဖွင့်ဖွင့် ဖွင့်လို့ ရတယ်ဆိုတဲ့ ဓလေ့ကို ဘယ်တုန်းကစခဲ့သလဲမသိပါ။
စိတ်တွေ ပင်ပန်းနေချိန်မှာ အလွမ်းအဆွေးသီချင်းတွေက လွမ်းစရာမကောင်းသလို အလှူက ဖွင့်တဲ့ ပျော်ရွှင်ဖွယ်၊ ကြည်နူးဖွယ် ဂီတသီချင်းတွေဟာလည်း မောင်လူမွှေးအဖို့တော့ ဆူညံသံသက်သက်သာ ဖြစ်နေပါတော့တယ်။ နေ့လယ် စာသင်နားတဲ့အချိန်လေး အိပ်ရာထဲမှာ ဆူညံသံတွေကို တတ်နိုင်သမျှ ဥပေက္ခာပြုပြီး စာဖတ်တယ်။ ကဗျာဖတ်တယ်။
ဆေးမရှိတဲ့ ရောဂါနဲ့တူတဲ့
လမ်းက မှားနေတယ်
ဆောင်းဝင်တော့မယ်
အချစ်ထက်ပိုပြီး
ဘယ်မီးဖိုက နွေးပါ့မလဲ
နာကျင်မှုကိုသာ
လှုံကြ။
မောင်လူမွှေးတို့ လေးစားခဲ့ရတဲ့ ကဗျာဆရာ ဆရာကြည်ဇော်အေးရဲ့ "လာမယ့်ဆောင်းရာသီ" ကဗျာကို အိပ်ရာထဲမှာ ဖတ်နေမိတယ်။ ဒီကဗျာဟာ ကိုကြည်ဇော်အေး နောက်ဆုံးရေးခဲ့တဲ့ ကဗျာဖြစ်တယ်။
"ဆေးမရှိတဲ့ ရောဂါနဲ့တူတဲ့ လမ်းက မှားနေတယ်" တဲ့။
ဘာသာရေးနဲ့ပတ်သက်တဲ့ အလှူတွေမှာ သိန်းရာဂဏန်းကုန်အောင် လှူကြပေမယ့် အခြားရွာကနေ စစ်ရှောင်ကျောင်းကို ဆိုင်ကယ်နဲ့ နေ့တိုင်း ပညာလာသင်ပေးနေတဲ့ ဆရာမလေးအတွက် တစ်လဓာတ်ဆီ တစ်ဂါလံလောက် လှူမယ့် အလှူရှင်ကို မောင်လူမွှေးတစ်ယောက် တွေ့အောင် မရှာနိုင်ခဲ့ပါဘူး။
လူတစ်ယောက် သေတိုင်း အသုဘမှာ ဝက်သားနဲ့ထမင်းကျွေးတဲ့ ဓလေ့ ရှိကြတယ်။ ဝက်သားတစ်ပိသာ နှစ်သောင်းကျော် ရှိတယ်။ အသုဘမှာ ဝက်သားမှမကျွေးနိုင်ရင် ဂုဏ်သိက္ခာပိုင်းအရ ထိခိုက်နိုင်တယ်လို့ ယုံကြည်သူတွေကြားမှာ မောင်လူမွှေးတစ်ယောက် စစ်ရှောင်တွေအတွက် ဆေးအလှူရှင် ရှာဖို့ စိတ်မကူးဝံ့အောင် ဖြစ်ရတယ်။
လူ့ဖွဲ့အစည်းရဲ့ အခြေခံလိုအပ်ချက်က ကျန်းမာရေးနဲ့ ပညာရေး။ "ငါတို့တွေဟာ ဓလေ့ထုံးစံရဲ့ ကျေးကျွန်တွေလား"။ မောင်လူမွှေး စဥ်းစားတယ်။ "ကိုယ်သေရင် လူစည်ကားဖို့အရေး ပိုရမိုရှင်း (promotion) ဆင်းရတာလောက်နဲ့ ဘဝရဲ့အချိန်တွေ အကုန်မခံနိုင်ဘူး" ဆိုတဲ့ မောင်လူမွှေး နောင်တော် ပညာတတ်ပုဂ္ဂိုလ်တစ်ဦးရဲ့ စကားကိုလည်း သတိရမိတယ်။ အဲဒီစကားကိုပြောခဲ့တဲ့သူဟာ အခုတော်လှန်ရေးမှာ ကြံ့ကြံ့ခံပြီး ရာချီတဲ့ မျိုးဆက်သစ်တွေရဲ့ ပညာရေးကို သူ့မျက်စိအောက်မှာတင် ပျိုးထောင်နိုင်စွမ်းရှိနေတဲ့သူ ဖြစ်တယ်။ သူလည်း နာကျင်ရတာတွေ သေချာပေါက်ရှိတယ်။ မောင်လူမွှေးမှာလည်း နာကျင်ရတာတွေ ရှိတယ်။ "ဆေးမရှိတဲ့ ရောဂါနဲ့တူတဲ့ လမ်းက မှားနေတယ်" တဲ့။ မောင်လူမွှေးတို့တတွေ နာကျင်မှုကိုသာ လှုံပြီး ခရီးဆက်နေကြရဆဲ ဖြစ်ပါတယ် ခင်ဗျာ။
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar