Breaking News

မောင်လူမွှေး - တော်လှန်ရေးထဲက မိသားစုဇာတ်လမ်းတစ်ပုဒ်


မောင်လူမွှေး - တော်လှန်ရေးထဲက မိသားစုဇာတ်လမ်းတစ်ပုဒ်

မိုးမခ ၊ ဇန်နဝါရီ ၁၉ ၊ ၂၀၂၆


မောင်လူမွှေးတစ်ယောက် လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ စစ်ရှောင်စခန်းတစ်ခုကို ရောက်ခဲ့တယ်။ အဲဒီ စစ်ရှောင်စခန်းလေးအကြောင်းကို မောင်လူမွှေးနဲ့ နီးစပ်သူတွေက ပြောပြကြလို့ သိနေပေမဲ့ လူကိုယ်တိုင် အခုမှ ရောက်ဖူးတာဖြစ်တယ်။ သွားရတဲ့လမ်းခရီးက ကြမ်းတမ်းသလောက် စစ်ရှောင်စခန်းရောက်တော့ စခန်းလေးက သာယာပြီး စနစ်ကျတာကို တွေ့ရတယ်။ အဆိုးထဲမှာလည်း အကောင်းဆိုတာ ရှိစမြဲလို့ ဆိုကြပေတာကိုး။

"တဲတန်းရှည်၍ 

ချောင်းနံဘေးဂေဟာ၊ အေးရိပ်သာသို့

ငါရောက်ခဲ့သည်၊ အတန်ကြာပြီ။

စစ်ပွဲမီးလျှံ၊ ခံခဲ့သည်ကား

ရင်မှာငယ်သွေး၊ မှတ်မိသေးစ

ဝေးကမ္ဘာနှယ်၊ ထင်တော့သည်"

စစ်ရှောင်ကျောင်းမှာ ကျောင်းဆရာ လုပ်နေတဲ့ လူငယ်တစ်ဦးက မောင်လူမွှေးကို သူ ရေးထားတဲ့ ကဗျာလေး နှစ်ပုဒ် သုံးပုဒ်ကို လာပြပါတယ်။ အထက်မှာ ဖော်ပြခဲ့တဲ့ ကဗျာဟာ သူ ရေးထားတဲ့ ကဗျာလေးတွေထဲက တစ်ပုဒ် ဖြစ်တယ်။ အဲဒီလူငယ်ဟာ ရန်ကုန်ဇာတိဖြစ်ပြီး နယ်ဘက်က အမျိုးသမီးနှင့် အိမ်ထောင်ကျတယ်။ အိမ်ထောင်ကျခါစ ရန်ကုန်မှာပဲ နေကြတယ်။ စစ်တပ်က အာဏာသိမ်းတော့ သူလည်း ရန်ကုန်လမ်းမတွေပေါ် ဆန္ဒထွက်ပြတယ်။ ဆန္ဒပြသူတွေကို စစ်တပ်က လိုက်လံဖမ်းဆီးတော့ သူတို့မိသားစုဟာ  ဇနီးဖြစ်သူရဲ့ ရွာလေးကို ပြောင်းပြေးခဲ့ကြတယ်။

"အမျိုးသမီး ရွာကို ပြေးခဲ့မှ ပိုဆိုးတော့တာပဲ ဆရာရေ" လို့ သူက သူ့အကြောင်းကို ဆက်ပြောပြပါတယ်။ သူ့အမျိုးသမီးရွာက ဒေသတွင်းမှာ နာမည်ကြီးတဲ့ ပျူစောထီးကျေးရွာ ဖြစ်သွားတယ်။ လွန်ခဲ့တဲ့ သုံးနှစ်ဝန်းကျင်က တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ သူတို့ရွာက ပျူစောထီးတွေ တိုက်ပွဲဖြစ်တယ်။ တော်လှန်ရေးတပ်ဖွဲ့တွေက ပျူရွာထဲက ပြည်သူတွေကို တော်လှန်နယ်မြေထဲ ကယ်ထုတ်ကြတယ်။ ဖြစ်ချင်တော့ သူတို့ရဲ့ နှစ်နှစ်အရွယ် သားကလေးကို အဲဒီညမှာ ရွာမြောက်ပိုင်းက သူတို့အဒေါ်တွေက သူတို့နဲ့အတူ အိပ်ဖို့ခေါ်သွားတယ်။ ရွာတောင်ပိုင်းမှာ တော်လှန်ရေးတပ်ဖွဲ့၊ ရွာမြောက်ပိုင်းမှာ စစ်တပ်နဲ့ပျူစောထီး၊ အပြန်အလှန်ပစ်ခတ်ကြတယ်။

"ကျနော့်သားကို ခေါ်ဖို့ သွားသေးတယ်။ ကျည်ဆefတွေက တဝီဝီနဲ့ ၊ မီးတွေလည်း လောင်နေပြီ။ ကျနော် ပြန်လှည့်ခဲ့ရတယ်" လို့ သူက ပြောပြတယ်။

အခု သူတို့ လင်မယားနှစ်ယောက်လုံးဟာ စစ်ရှောင်စခန်းမှာ ကျောင်းဆရာ၊ ဆရာမ လုပ်နေကြတယ်။ သားကို ထားခဲ့ရတဲ့ စိတ်နဲ့ သူတို့ နောက်ထပ် ကလေး မယူဘူးလို့ ဆုံးဖြတ်ခဲ့ကြတယ်။ နောက်တော့ ပတ်ဝန်းကျင်က တိုက်တွန်းလွန်းလို့ သူတို့ နောက်ထပ် ကလေးယူဖို့ ပြန်လည် ဆုံးဖြတ်ခဲ့ကြတယ်။ မောင်လူမွှေးနဲ့ တွေ့တဲ့ အချိန်မှာ သူ့အမျိုးသမီးဟာ နေ့စေ့လစေ့ ကိုယ်ဝန်နဲ့ဖြစ်နေပါပြီ။

"ခုဆို သားက ခြောက်နှစ်ထဲ ရောက်ပြီ။ နောက်ထပ် ဆယ်နှစ် နေလို့မှ ဒီလို အခြေအနေအတိုင်းဆို ကျနော့်သား လက်နက်ကိုင် ပျူစောထီး ဖြစ်ပြီ။ ကျနော်နဲ့ တွေ့ရင်တောင် သူ့အဖေမှန်း သိမှာမဟုတ်ဘူး။ ကျနော့်ကို ပစ်မှာ" လို့ သူတွေးမိတာတွေကို မောင်လူမွှေးကို ပြောပြတယ်။

တကယ်တော့ သူဟာ ရန်ကုန်မြို့ကြီးက ကုမ္ပဏီတစ်ခုမှာ ဝန်ထမ်းလုပ်ဖူးသူမို့ လူရည်လည်တဲ့ လူငယ်တစ်ယောက် ဖြစ်ပါတယ်။ သူသာ ဆန္ဒရှိမယ်ဆို ဒီလိုတောထဲက စစ်ရှောင်စခန်းထက် ပိုအဆင်ပြေတဲ့ နေရာတစ်ခုကို သူ ရွေးချယ်နိုင်မှာပါ။ အခုလောလောဆယ်တော့ ကလေးတွေရဲ့ ပညာရေးအတွက် ဘဝတူတွေနဲ့ပဲ ဒီမှာနေနေတယ် လို့ သူက ဆိုပါတယ်။

"ကျန်ခဲ့တဲ့ သားက အသက်ရှိနေသေးတယ် ဆိုတာ သိရတာကလွဲပြီး ကျန်တာ ဘာအဆက်အသွယ်မှ မရဘူး။ အခု ကျနော် နောက်ထပ် ကလေးရတော့မယ်။ အခုရတဲ့ ကလေးကြီးတဲ့အထိ တော်လှန်ရေးမပြီးသေးရင် ညီအစ်ကိုနှစ်ယောက် တိုက်ပွဲမှာ အပြန်အလှန်ပစ်ကြမှာပဲ " လို့ သူက ပြောပြန်ပါတယ်။  ကျန်ရစ်ခဲ့တဲ့ သူ့သားဟာ သူ့တို့လင်မယားနှစ်ယောက်လုံးရဲ့ အတွေးတွေကို လွှမ်းမိုးထားတာပါ။

သူဟာ စာပေဝါသနာပါတဲ့ လူငယ်တစ်ယောက် ဖြစ်ပေမယ့် သူတို့စခန်းမှာ ဖတ်စရာစာအုပ်တွေ မရှိပါဘူး။ အင်တာနက်ရော၊ ဖုန်းလိုင်းရော သူတို့ စခန်းမှာ မရှိပါဘူး။ ပြီးတော့ သူတို့စခန်းမှာ ဆိုင်ကယ်လည်း တစ်စီးမှမရှိပါဘူး။ သူတို့စခန်းလေးဟာ ကမ္ဘာကြီးရဲ့ ဆက်သွယ်ရေးကွန်ရက်ကနေ အဆက်ပြတ်နေတဲ့ အထီးကျန်နယ်မြေလေးတစ်ခု။ အဲဒီ အထီးကျန်နယ်မြေလေးမှာ စစ်ရှောင်ကျောင်းဆရာလေးနှင့် ဆရာမလေး လင်မယားဟာ ရွာမှာ ကျန်ခဲ့တဲ့ သူတို့သားလေးကို လွမ်းစိတ်နဲ့ ရှင်သန်နေကြတယ်။

"စစ်ပွဲမီးလျှံ၊ ခံခဲ့သည်ကား

ရင်မှာငယ်သွေး၊ မှတ်မိသေးစ

ဝေးကမ္ဘာနှယ်၊ ထင်တော့သည်" တဲ့။

သူတို့ လင်မယားနှစ်ယောက်အတွက် နှစ်သိမ့်ဖို့ စကားလုံးတွေ မောင်လူမွှေး ရှာမတွေ့ခဲ့ပါဘူး။ ဆရာလေးတို့ မိသားစု ကျန်ရစ်ခဲ့တဲ့ သားနဲ့ ကောင်းကောင်းမွန်မွန် ပြန်ဆုံနိုင်ကြပါစေလို့ မောင်လူမွှေး စိတ်ထဲကနေပဲ ဆုတောင်းမိခဲ့ပါတယ် ခင်ဗျာ။


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar