Breaking News

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - မင်ဟက်တန်မှာ မာဒူရို၊ မော်စကိုမှာ အာဆတ်၊ မအလက ဘယ်တပ်စီရင်တာ ခံမလဲ


ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - မင်ဟက်တန်မှာ မာဒူရို၊ မော်စကိုမှာ အာဆတ်၊ မအလက ဘယ်တပ်စီရင်တာ ခံမလဲ

မိုးမခ ၊ ဇန်နဝါရီ ၂၀ ၊ ၂၀၂၆



သရေကြိုးနဲ့ ခေါဘဏီ စိတ်ကူးယဉ်ထားတာက မော်စကို၊ ခုတော့ နယူးယောက်မှာ အရူးပျောက်ဆေးထိုးခံရတော့မယ်။

ကျားဖြန့်နဲ့ ဆေးဖြန့် နှစ်ဖြန့်ရှင် လင်မယားတော့ နားကားဖို့သာ ပြင်ပေတော့။ ထရန့်က ရွှေနဲ့ဂက်စ်သိပ်ကြိုက်တာ ဆိုတော့ နေပူတော် အလှည့်ကျဖို့ သိပ်မလိုတော့ဘူးလေ။ ဒီမှာက ရွှေနဲ့ ဂက်စ်အပြင် မြေရှားပါ တသွင်သွင်ဆိုတော့ စပိပိုမြှင့်ဖို့များနေပြီ။ 

တရုတ်ကြီးက စစ်အုပ်စုကို ကျားဖြန့်နဲ့ အမြန်အုပ်ချင်အုပ်၊ ဖြုတ်ချင်ဖြုတ် မဟုတ်လို့ကတော့ မေဒိကန်က လာတော့မှာ။ ဖျင်ယားပြီး ဇယားတွေ လျှောက်ရွှေ့မနေနဲ့။ စစ်အုပ်စုကို ထောက်ခံပြီး တိုင်းပြည်ကို ဆက်မှောက်လှန်နေလို့ကတော့ နင်တို့ကို ဘယ်မြန်မာကမှ ကြည့်ရမှာ မဟုတ်တော့ဘူး။ စာချုပ်ကလေးတွေ မျှမျှတတချုပ်၊ နှစ်ဦးအကျိုးရှိတာတွေ အေးအေးဆေးဆေးလုပ်ရုံဘဲလေ။ ပြည်သူ လက်မခံတဲ့ စီမံကိန်း မလုပ်နဲ့ပေါ့။ အတိုးကြီး ချေးငွေထုတ် စီမံကိန်းလုပ်ပြီး စီမံကိန်းက ထွက်သမျှ ကောင်းကျိုးအကုန်နဲ့ အတိုးငွေယူ လူလည်ကျတဲ့ စောက်ကျင့်တွေ ပြင်ပေါ့။ တရုတ်ပေါက်စီလို ရှင်းရှင်းလေးဘဲဟာ။ နင်တို့လည်း အချိန်မီစဉ်းစားပေါ့။ ဒီသရဲတွေကို ဆက်မွေးမလား။ ဒီငနဲတွေကို ဆက်ကျွေးမလား။ မကောင်းဆိုးဝါးဆိုတာ မကောင်းဆိုးဝါးဘဲလာမပေါ့။ ဘာကောင်းကျိုးများစရာရှိမလဲ။ 

ပြည်သူ တကယ် မထောက်ခံဘဲ အလိမ်အညာ ရွေးကောက်ပွဲနဲ့ တက်လာတာမျိုးကတော့ မာဒူရိုသာ ကြည့်လေ။ ဘယ်သူမဆို ဝင်ဖမ်းခွင့်ရှိတာဘဲ။ ငါ့နိုင်ငံ ငါ့ရွေးကောက်ပွဲ ဆိုပြီး ခပ်တည်တည် ဖိန့်လို့ရတဲ့ခေတ် လစ်သွားပြီ။ ပြည်သူ မထောက်ခံရင် ဘယ်သူ ဝင်ဖမ်းဖမ်း ပြည်သူက အဟမ်း အဟမ်းတောင် လုပ်မှာမဟုတ်၊ လက်ခုပ်သာ တီးပေးကြမှာ။ ဒါထဲက မူးယစ်ဆေးပါ ဖြန့်နေတော့ နိုင်ငံတကာရာဇဝတ်ကောင် ဖြစ်နေပြီ မဟုတ်လား။ ဘယ်ချိန်ဝင်အုပ်အုပ် ဖုတ်ကျည်းမီးတင်ရမယ့်‌ကောင်။ 

မာဒူရိုဟာ မင်ဟက်တန်တရားရုံးမှာ မူးယစ်မှုနဲ့ ထုခံရပြီ။ မင်းအောင်လှိုင်ကရော ဘာသားနဲ့ထုထားတာမို့လဲ။ နိုင်ငံတကာ ဖြန့်ချိနေတဲ့ မူးယစ်မှုရော၊ နိုင်ငံတကာ ပတ်လိမ်နေတဲ့ အွန်လိုင်းငွေလိမ်မှုရော၊ နိုင်ငံတကာကလူတွေကို လူကုန်ကူးပြီး ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်မှု၊ ငွေလိမ်ရာမှာ မတရားခိုင်းစေမှုရော၊ ပြည်သူ့မဲအစစ်နဲ့ တက်လာတဲ့ အစိုးရကို ဖမ်းဆီး ဖြုတ်ချ အာဏာသိမ်းမှုရော၊ လူမျိုးတုံး သတ်ဖြတ်မှုရော၊ ကိုယ့်ပြည်သူကို စစ်ပြုပြီး နေ့စဉ် ဗုံးကြဲ သတ်ဖြတ်နေမှုရော အမှုဗရပွနဲ့ မရဏကောင် မဟုတ်လား။ ဒီသေမင်းတမန်ကို ဘယ်သူက ဝင်အုပ်အုပ် လက်ခုပ်သံပဲ ရမယ့်ကောင်စားမျိုးလေ။ ဒီမူးယစ်ရော မင်းယစ်ရော မဲယစ်ရော ယစ်ချင်တာ ယစ်နေတဲ့ ယစ်မျိုး ရှစ်ဆယ် စစ်ဆိုးညစ်ကျယ်ကောင်က လောကမှာရှိရမယ့်အမျိုးမှ မဟုတ်တာ။ မြန်မာနဲ့ ကမ္ဘာတင်မဟုတ်၊ ဘယ်ဂြိုဟ်မှာမှ မရှိရမယ့် မျိုးစိတ်လေ။

နိုင်ငံ့အကျပ်အတည်းများကို တပ်မတော်က ဖြေရှင်းပေးခဲ့တယ်လို့ လွတ်လပ်ရေးနေ့မှာ ကြင်စိုးပြောတော့ တပ်ထဲက အချုပ်ကျသလို ဖြစ်နေတဲ့ မုဆိုးမတွေက သူ ပွတ်မယ် ငါပွတ်မယ် ဆိုပြီး ကပ်ထားတဲ့ ဒစ်ပုံကြီး အဲ ဒါ့ပုံကြီး တက်ဖြုတ်ကြသတဲ့။ တပ်ပြင်ထုတ်ခံရတဲ့ မုဆိုးမတွေဆို မြင်ယောင်သာကြည့်။ အာ့ကြောင့် ဘယ်ဂြိုဟ်မှ မရှိရမယ့်မျိုးစိတ်လို့ ပြောတာ။ ဖတဆိုးတွေ ဆိုတာလည်း တပ်ပြင်တပ်ထဲ တဖွဲဖွဲ။ မိုးသဲတာကမှ ရပ်ချိန်ရှိအုံးမယ်။ ခုက ရခိုင်ဆိုလည်း တထွေးကြီး၊ ကချင်ဆိုလည်း အုပ်လိုက်၊ ကရင်မှာလည်း တပြုံတခေါင်း၊ ချင်းမှာလည်း သရဲဂိုဏ်းထောင်၊ အညာမှာလည်း တကောင်ပြီး တကောင်။ ဖတဆိုးနဲ့ မုဆိုးမ ဒုက္ခိတဆိုတာ ကပစ ထုတ်လား မေးယူရတဲ့ အဆင့်။

ဘယ်လောက် ဘယ်ဂြိုဟ်မှာမှ မရှိသင့်တဲ့ မျိုးစိတ်လဲဆို စစ်ကြောင်းထိုးရင် အမျိုးသမီးတွေရအောင်ဖမ်း၊ အုပ်စုလိုက် မုဒိမ်းကျင့်၊ စစ်ကြောင်းထွက်ရင် တားဆေးထိုးပေးခဲ့၊ ဆိုတော့ မုဒိမ်းကျင့်ဖို့ကိုက တပ်မတော်ရဲ့ ဦးတည်ချက်အနေနဲ့ကို ပါပြီးသားလေ။ ဒါ့ကြောင့် ဘယ်သူမှ တပ်မတော်လို့ လက်မခံဘူး၊ စစ်ရာဇဝတ်ဂိုဏ်းလို့ပဲ လက်ခံထားတာ။ လေယာဥ်ဗုံးကြဲလို့ ကလေးတွေ မသေတဲ့ရက်ကို မရှိတော့တာ အတော်ကြာပြီ။ ဒီအဂ္ဂမဟာတို့ရဲ့ ဗျဂ္ဃရာဇာ-ကျားမင်းကြီးကို အမြန်ဖြတ်ထုတ်သုတ်ဖို့ အမေရိကန်သံရုံးကို ဝိုင်းပြောကြဖို့တော့ လိုပြီ။ ဒယ်တာဖို့နဲ့ စထရိုက်ဖို့ ဘယ်ဖို့ ဘယ်လောက်စွမ်းလဲ အမြန်ဆုံး သိချင်လှပြီ။

မဝေးလှတော့တဲ့အချိန်မှာ ဂိန်ဖို့ အသင့်ဖြစ်နေပါပြီ။ ကိုယ့်ရှူး ကိုယ်ပတ် ဆိုသလို အခု သူ မွေးထားတဲ့ BGF က KNA လိုက်တာနဲ့ ချထားတဲ့ စစ်တပ်တွေ တန်းရုပ်ရပြီလေ။ တကယ်က ပအိုဝ်းတွေက စ ဘယ် BGF မဆို ကိုယ့်အာဂျင်ဒါနဲ့ ကိုယ်ချည်း။ NUG နဲ့ ERO တွေ၊ တပ်ပေါင်းစုတွေ၊ တပ်မပေါင်းစုတွေ အကုန်လုံး တွေ့ရာဝင်ကြုံးနေတာကလဲ တမုန်းဆိုတော့ အဆုံးသတ်ဖို့ ကပ်နေပြီပေါ့။ 

စစ်ဗိုလ် စစ်သားတိုင်း ပြည်ဖျက်ရင်း အလကား အသေခံနေရတာ၊ စစ်ဗိုလ် စစ်သား မယားတိုင်း ပြည်သူ သတ်ရင်း အခမဲ့မုဆိုးမ ဖြစ်ခံနေရတာ၊ စစ်ဗိုလ် စစ်သား သားသမီးတိုင်း မီးတိုက်ရင်း ဖရီးအဖမဲ့ ဖြစ်‌ခံနေရတာတွေ သိနားလည်ပြီး ထွက်ပြေးခိုလှုံဖို့ မဟုတ်ဘဲ ပြောင်းလှည့်ချိန်ရွယ် ပစ်ခတ်ဖို့အချိန် ရောက်နေကြပြီလေ။ မင်းအောင်လှိုင်နဲ့ စစ်ဗိုလ်ချုပ်တွေကို ဖမ်းပြီး ပြည်သူ့လက်အပ်၊ ပြည်သူနဲ့ ပူးပေါင်းရပ်တည်ရင်း နောင်ရေး စိတ်အေး သားစဉ်မြေးဆက် သမိုင်းမကွေးရအောင် လျှောက်လှမ်းရမယ့်အချိန်ရောက်ပလေ။

ပြည်သူနဲ့ ဝေး၊ ထွက်ပေါက်မဲ့၊ ရပ်တည်ရာမဲ့၊ အနာဂတ်မဲ့၊ ဂုဏ်မဲ့၊ အရည်အရောင်မရှိ၊ လူစာရင်းပျောက် ခွေးစာရင်းပေါက်၊ လစာပျောက် ပင်စင်ပျောက်၊ အိုးပျောက် အိမ်ပျောက်၊ လင်ပျောက် သားပျောက်၊ ဆွေပစ် မျိုးပစ်၊ သူခိုးဖြစ် ဂျပိုးဖြစ်၊ လူ့အဖွဲ့အစည်းတခုလုံးက ဖယ်ကြဉ်၊ လူမှုရေးမဲ့သတ္တဝါ၊ သမိုင်းတရားခံ၊ ပြည်ဖျက်၊ မုဒိမ်းသမားမိသားစု၊ မုဒိမ်းကောင်သား၊ မုဒိမ်းကောင်မယား အဖြစ်ခံကြတော့မလား။




Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar