ပြည်သူလူထုတွေရဲ့ ခံစားနေရတဲ့ ဒုက္ခတွေ လျော့ပါးအောင် ဘယ်သူတွေက လုပ်ဆောင်ပေးကြမှာလဲ
မြန်မာနွေဦးခရိုနီကယ် - ဇန်နဝါရီ ၂၀ မြင်ကွင်း
မိုးမခ ၊ ဇန်နဝါရီ ၁၉၊ ၂၀၂၆
ပြည်သူလူထုတွေရဲ့ ခံစားနေရတဲ့ ဒုက္ခတွေ လျော့ပါးအောင် ဘယ်သူတွေက လုပ်ဆောင်ပေးကြမှာလဲ
ပြည်တွင်းစစ်မီး ကျယ်ပြန့်စွာ တောက်လောင်လာတဲ့နောက်မှာ အဆိုးဆုံး ဒုက္ခကို ခံစားကြရသူတွေက အာဏာ၊ လက်နက်၊ ငွေကြေးနဲ့ အခွင့်အလမ်းတွေကို ဆုပ်ကိုင်ထားနိုင်ခြင်း မရှိကြတဲ့ ပြည်သူလူထု တနည်းအားဖြင့် လူဦးရေရဲ့ ၉၀ ရာနှုန်းကျော်သော သာမန်ပြည်သူလူထု ဖြစ်ပါတယ်။
စစ်ပွဲတွေအတွင်း ပစ်ခတ်တိုက်ခိုက်မှုအကြား ထိခိုက်သေဆုံးရတာ၊ လေကြောင်းဗုံးကြဲမှုတွေကြောင့် ထိခိုက်သေဆုံးရတာ၊ စစ်ဘေးတိမ်းရှောင်ရင်း စားဝတ်နေရေး၊ ရာသီဥတုဒဏ်နဲ့ ကျန်းမာရေး မကောင်းသူတွေ၊ အသက်ကြီးသူတွေ ဆောလျင်စွာ အသက်ဆုံးရှုံးကြရတာ၊ လက်နက်ကိုင်အဖွဲ့ တဖက်ဖက်က စွပ်စွဲသတ်ဖြတ်တာ၊ ဖမ်းဆီးညှဉ်းဆဲခြင်းခံရတာ၊ မြို့တွေ၊ ရွာတွေကနေ စွန့်ခွာထွက်ပြေးကြရတဲ့အခါ နေအိမ်၊ အသုံးအဆောင်၊ ပိုင်ဆိုင်မှု၊ ရိက္ခာက အစ ပျက်စီးဆုံးရှုံးကြရတာတွေက သန်းနဲ့ချီတဲ့ မြန်မာနိုင်ငံက ပြည်သူတွေ အနေနဲ့ ရင်ဆိုင်ခံစားနေကြရတာ ဖြစ်ပါတယ်။ စစ်ပွဲတွေနဲ့အတူ အုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေး ပျက်စီးပြီး မုဒိမ်းကျင့် သတ်ဖြတ်မှု၊ လုယက်သတ်ဖြတ်မှု၊ ကလေးငယ်တွေပါမကျန် မိသားစုတစုလုံး သတ်ဖြတ်အလောင်းဖျောက်ဖျက်တာတွေက မြို့ရော ကျေးရွာတွေပါမကျန် ဖြစ်ပွားမှုတွေကို ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။
ဒုတိယကမ္ဘာစစ်ကာလတုန်းက မြန်မာနိုင်ငံမှာ ကြုံတွေ့ခဲ့ကြရတဲ့ တိုင်းပြည်ပျက်တယ် ဆိုတဲ့ အနေအထားမျိုး တနိုင်ငံလုံး မကြုံတွေ့ကြရသေးသည့်တိုင် တချို့သော မြို့တွေ၊ ကျေးရွာတွေမှာ ကြုံတွေ့နေကြရတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်တွေ အတွင်းက ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း မြို့သိမ်းတိုက်ပွဲတွေ ဖြစ်ပွားစဥ် လားရှိုးမြို့ နဲ့ အခြားသော မြို့တွေမှာ နေအိမ်ဖောက်ထွင်းတာ၊ လုယက်သတ်ဖြတ်တာတွေ ဖြစ်ပွားခဲ့သလို အခု လတ်တလော မြို့သိမ်းတိုက်ပွဲ ဖြစ်ပွားနေတဲ့ မြို့တွေမှာလည်း ရင်ဆိုင်ကြုံတွေ့နေကြရတာ ဖြစ်ပါတယ်။
အရပ်စကားနဲ့ အခေါ်နဲ့ တောကြောင်လို့ ခေါ်တဲ့ အုပ်ချုပ်ရေး ပျက်ပြားချိန် ဖောက်ထွင်း လုယက်ဖို့ အခွင့်အလမ်းကို စောင့်ဆိုင်းနေကြသူတွေ မြို့တွေ နယ်တွေမှာ ရှိနေကြတာ ဖြစ်ပါတယ်။ လက်နက်ကိုင် အဖွဲ့အစည်းတွေ အနေနဲ့စစ်ရေး အောင်နိုင်ဖို့ ကြိုးပမ်းလုပ်ဆောင်နေကြချိန်မှာ ရပ်ရွာလူထုရဲ့ လုံခြုံရေး၊ စည်းစိမ်ဥစ္စာတွေကို ကာကွယ်စောင့်ရှောက်ဖို့ ဦးစားမပေးကြတာတွေ့ရသလို အချို့သော အခြေအနေတွေမှာ လက်နက်ကိုင် အဖွဲ့ဝင်တွေကိုယ်တိုင် ဖောက်ထွင်းမှု ယူဆောင်မှုတွေမှာ ပါဝင်နေကြတာမျိုးအထိ တွေ့မြင်နေကြရတာ ဖြစ်ပါတယ်။ အုပ်ချုပ်ရေးပျက်စီးနေချိန်မှာ သူခိုး၊ ဓါးပြ၊ ဖောက်ထွင်းလုယက်သူတွေသာမက လက်နက်ကိုင် အဖွဲ့ဝင်အချို့လည်း အဆိုပါ ပြစ်မှုမျိုး ကျူးလွန်ကြတဲ့ သဘောလည်း ဖြစ်ပါတယ်။
အခုလို ပြည်သူလူထုအနေနဲ့ အသက်အန္တရာယ်ရင်ဆိုင်ရခြင်း၊ ပိုင်ဆိုင်မှုပျက်စီးဆုံးရှုံးခြင်း နဲ့အခြားသော ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာ နှိပ်စက်ညှဉ်းပန်းခံရတဲ့ အခြေအနေတွေကို အကာအကွယ်ပေးဖို့ ပြောဆိုကြတဲ့အခါ အချို့ကလည်း တော်လှန်ရေး၊ စစ်ရေး အောင်မြင်မှုက အားလုံးထက် အရေးကြီးတာကြောင့် ဒီလိုအခြေအနေမျိုးတွေက မရှောင်မလွှဲသာ ကြုံကြရမှာပဲဆိုတဲ့ ဆင်ခြေနဲ့ ကာကွယ်ပြောဆိုတာ၊ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး လုပ်ဆောင်နေကြတဲ့အချိန်မှာ လူထုအနေနဲ့ သည်းညည်းခံ ကျော်ဖြတ်ကြရမှာပဲ ဆိုတဲ့ ပြောဆိုမှုလည်း ရှိနေကြတာပါ။ စစ်အာဏာရှင်စနစ် ကျဆုံးရေးအတွက် လက်နက်ကိုင် တော်လှန်ရေးလုပ်ဆောင်နေကြစဥ်မှာ အသက်ပေးပြီး တိုက်ပွဲဝင်နေသူတွေ အများအပြား ရှိတာကြောင့် လူထုအနေနဲ့ အခုလို အခြေအနေမျိုးကို နားလည်ပေးဖို့ ဆိုတဲ့ သဘောမျိုးလည်း ပြောဆိုကြတာ တွေ့ရပါတယ်။
ပြည်တွင်းစစ်မီး တောက်လောင်နေတဲ့ အခြေအနေမျိုးမှာ လက်နက်ကိုင်အဖွဲ့ဝင်တွေနဲ့ ပြည်သူလူထုတို့ နှိုင်းယှဥ်ကြည့်ရင် လက်နက်မဲ့တဲ့ ပြည်သူလူထု အနေအထားက ပိုပြီးအကာအကွယ်မဲ့ပြီး အန္တရာယ် ကျရောက်နိုင်ခြေ များသလို အသက်ရှင်သန် နေထိုင်ဖို့ ပိုမိုခက်ခဲတဲ့ အနေအထား ဖြစ်ပါတယ်။
လက်နက်ကိုင် အဖွဲ့ဝင်တွေ အနေနဲ့ လက်နက်နဲ့ ထိန်းချုပ်နယ်မြေတွေ ရှိရင် ရိက္ခာ၊ ငွေကြေးရရှိဖို့ အဆိုပါ နယ်မြေထဲမှာ သယံဇာတ ထုတ်ယူခွင့်ရောင်းချတာဖြစ်စေ၊ အခွန်အကောက် ကောက်ခံတာဖြစ်စေ တနည်းနည်းနဲ့ ရိက္ခာနဲ့ ငွေကြေးရရှိဖို့ လုပ်ဆောင်နိုင်ခွင့် ရှိပေမယ့် စစ်ပွဲတွေ ဖြစ်နေတဲ့ ဒေသတွေမှာ နေထိုင် တိမ်းရှောင်နေကြရတဲ့ ပြည်သူလူထု အနေနဲ့ကတော့ စစ်ပွဲတွေကြောင့် အသက်မွေးဝမ်းကျောင်း အလုပ် မလုပ်နိုင်တော့တဲ့ အခါ ဝင်ငွေမရှိတော့တဲ့ အနေအထား၊ မိမိအိမ်၊ နေထိုင်ရာဒေသက ထွက်ပြေးတိမ်းရှောင်ကြရတဲ့ အနေအထားမှာ စိုက်ပျိုး မွေးမြူတဲ့ လုပ်ငန်းတွေ မလုပ်ကိုင်နိုင်တော့လို့ စားရေး ပြဿနာကို စတင်ရင်ဆိုင်ကြရပြီး အကူအညီ အထောက်အပံ့ကို မလွှဲမရှောင်သာ မျှော်လင့် စားသောက်ကြရတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်ကြရတာလည်း ဖြစ်ပါတယ်။
ငွေကြေး နောက်ခံရှိသူ၊ စစ်ဘေးက တိမ်းရှောင်တဲ့ မြို့ရွာမှာ စုဆောင်းထားတာနဲ့ စားသောက်နေထိုင်နိုင်သူက တရာမှာ တယောက်တောင် မရှိပါဘူး။ တသောင်း တသိန်းမှာမှ ရာခိုင်နှုန်း အနည်းငယ်မျှသော မိသားစုတွေသာ ရှိကြတာ ဖြစ်ပါတယ်။
ဒီလို ပြည်သူလူထုရဲ့ ရှင်သန် အသက်ရှင်ရေး ဒုက္ခတွေ အခက်အခဲတွေကို ဘယ်လို အဖွဲ့အစည်းတွေက ထည့်သွင်းစဥ်းစားပေးနေကြလဲ ဆိုတဲ့ မေးခွန်းလည်း ထွက်ပေါ်လာပါတယ်။ လက်နက်ကိုင် အဖွဲ့အစည်းတွေလား၊ တိုင်းရင်းသား နိုင်ငံရေးပါတီ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေလား သို့မဟုတ် ကုလသမဂ္ဂအေဂျင်စီတွေလို လူသားချင်းစာနာမှု အကူအညီပေးရေး အဖွဲ့တွေလဲ ဆိုတာ မေးခွန်းထုတ် ဆန်းစစ်ကြည့်ကြပါမယ်။ အာဏာရှင်စစ်တပ်ဘက်က အစိုးရလို့ ၄င်းတို့ကိုယ်တိုင် ဆိုပေမယ့် အစိုးရ တရပ်ရဲ့ အင်္ဂါရပ်တွေ မရှိသလို၊ ရိက္ခာ၊ ဆေးဝါး၊ အကူအညီ ဖြတ်တောက်ပိတ်ဆို့ရေးကို လက်နက်တရပ်သဖွယ် အသုံးပြုနေတာကြောင့် အာဏာသိမ်းစစ်တပ်ရဲ့ အကူအညီကို မျှော်လင့်စရာ မရှိသလို တိုင်းရင်းသားနဲ့ မြန်မာ လက်နက်ကိုင် အဖွဲ့အစည်းတွေ အနေနဲ့လည်း စစ်ဆင်ရေး၊ ထိုးစစ်၊ ကာကွယ်ခုခံစစ်တွေ အတွက် လက်နက်ခဲယမ်း ကုန်ကျစရိတ်တွေ ထောင်းနေတာကြောင့် ပြည်သူလူထုကို အကူအညီပေးတာမျိုး ဘယ်အဖွဲ့အစည်းကမှ လုပ်ဆောင်နိုင်ခြင်း မရှိကြပါဘူး။ လူသားချင်းစာနာမှု အကူအညီပေးရေး နိုင်ငံတကာ အဖွဲ့အစည်းတွေကလည်း အကူအညီပေးဖို့ ရန်ပုံငွေ အကန့်အသတ်နဲ့ ပေးအပ်ခွင့် အကန့်အသတ်တွေ ရှိနေကြတာဖြစ်လို့ ကျယ်ပြန့်တဲ့ အတိုင်းအတာနဲ့ မကူညီနိုင်ကြပါဘူး။
ပုံမှန်အခြေအနေကာလတွေမှာလို ပြည်သူအချင်းချင်း အကူအညီပေးအပ်တာတွေလည်း ပြည်တွင်းစစ်က ၄/၅ နှစ်ထဲ ရောက်ရှိလာချိန်မှာ မရှိသလောက် နည်းပါးလာနေပြီ ဖြစ်ပါတယ်။ စစ်ဖြစ်ပွားတဲ့ နယ်မြေတွေ ပိုမိုကျယ်ပြန့်လာသလို စစ်ဖြစ်ပွားပြီး ပျက်စီးသွားတဲ့မြို့တချို့လည်း အခုလို လက်နက်ကိုင်ပဋိပက္ခ အနိုင် အရှုံး အဖြေမပေါ်သေးတဲ့ အနေအထား၊ စစ်ပွဲကာလအတွင်း ပြန်လည် ထူထောင်ရေး မလုပ်နိုင်ကြတဲ့ အခြေအနေ ဖြစ်ပါတယ်။ ချင်းပြည်နယ်မှာ ထန်တလန်မြို့လိုမျိုး ၂၀၂၁ ခုနှစ်ကတည်းက ပျက်စီးပြီး ၄ နှစ်လောက် ကြာမြင့်လာတဲ့တိုင် မြို့ပျက် အနေအထားနဲ့ ဆက်လက်ရှိနေဆဲ ဖြစ်ပါတယ်။
မြိုသိမ်းတိုက်ပွဲ ၂ ကြိမ် ခံရတဲ့ အချို့သော မြို့တွေမှာလည်း ဆုံးရှုံးမှုတွေကနေ နာလန်ပြန်မထူနိုင်ကြသေးတာတွေ့ရပါတယ်။ ဥပမာ အနေနဲ့ ဆိုရရင် ထီးချိုင့်၊ ကောလင်း၊ နောင်ချို၊ ကော့ကရိတ်၊ လွိုင်ကော် စတဲ့မြို့တွေ ဖြစ်ပါတယ်။
မြို့ခံ လူထုအနေနဲ့ မြို့သိမ်းတိုက်ပွဲတွေကို လွယ်လွယ်ဆုံးဖြတ်ပြီး မလုပ်ဆောင်စေချင်ကြပေမယ့် ၄င်းတို့ရဲ့ အမြင်ကို ပွင့်ပွင့်လင်းလင်းလည်း ထုတ်ဖော်ပြောဆိုရဲကြတာတော့ မဟုတ်ပါဘူး။ အာဏာသိမ်းစစ်တပ်က နဂိုကတည်းက ဆိုးရွား ယုတ်မာတဲ့ ရည်ရွယ်ချက်၊ အာဏာရဖို့ ဘာမဆို လုပ်ဆောင်မယ့် လက်နက်ကိုင်တပ်အဖြစ် သတ်မှတ်ထားပြီးမို့လို့ ထည့်သွင်း မပြောဆိုလိုပေမယ့် တော်လှန်ရေးအင်အားစုတွေ အနေနဲ့တော့ တပြန်ပြီး တပြန် လဲထရာက ပြန်ထူဖို့ မလွယ်တဲ့ လူထုရဲ့ ခံစားချက် အမြင်တွေကို ထည့်သွင်းစဥ်းစားဖို့ တိုက်တွန်းလိုတာ ဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar