ကိုသန်းလွင် - မိတ်ဆွေကောင်း
ကိုသန်းလွင် - မိတ်ဆွေကောင်း
မိုးမခ ၊ ဖေဖော်ဝါရီ ၄ ၊ ၂၀၂၆
(၁)
အရစ္စတိုတယ်သည် သိပ္ပံနည်းကျအောင် စကားလုံးများကို စီစဉ်ခြင်းကို သဘောကျသူ ဖြစ်သည်။ သူ၏ လူ့ကျင့်ဝတ်စာအုပ်တွင် မိတ်ဆွေဖြစ်ရခြင်း အကြောင်းကို သရုပ်သဏ္ဌာန်မှန်ကန်အောင် သုံးမျိုး ခွဲ၍ ပြသခဲ့သည်။ သူက မိတ်ဆွေအမျိုးအစားကို (၁) အသုံးချနိုင်ခြင်း၊ (၂) ပျော်ရွှင်ချမ်းမြေ့ခြင်းနှင့် (၃) ကောင်းမွန်ခြင်းဟူ၍ ခွဲပြခဲ့ပါသည်။
အသုံးချရန်ရည်ရွယ်၍ ဖြစ်ပေါ်လာသော ခင်မင်မှုတွင် တစ်ဦးနှင့်တစ်ဦး ဆက်ဆံကြရာဝယ် နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းကြသည်။ အသုံးချဖို့ ချစ်ခင်ခြင်းဖြစ်သောကြောင့် တစ်ဦးနှင့်တစ်ဦး ရင်းရင်းနှီးနှီး နှစ်နှစ်ကာကာ ချစ်ခင်ခြင်း မဟုတ်ပေ။ သို့သော် သူတို့သည် ဤခင်မင်မှုကြောင့် အကျိုးဖြစ်ထွန်းနေကြသည်။
တစ်ယောက်နှင့် တစ်ယောက် ပျော်ရွှင်မှုကြောင့်ဖြစ်ရသော ခင်မင်မှုသည် အသုံးကျ၍ခင်မင်ရသည်ထက် အဆင့်နိမ့်ကျပါသည်။ ဤခင်မင်မှုမျိုးမှာ တစ်ဖက်လူက ပျော်ရွှင်မှုကို မပေးစွမ်းနိုင်တော့လျှင် ပျက်ပြားသွားသည်။
အရစ္စတိုတယ်၏ တတိယနှင့် အကောင်းဆုံးမိတ်ဆွေမှာ ကောင်းမွန်မှု (Goodness) ပေါ်တွင်အခြေခံသော ခင်မင်မှုမျိုး ဖြစ်သည်။ ချစ်ခြင်း၊ အချစ်ခံရခြင်းတို့ထက် ပို၍ကောင်းမွန်မှုကို အခြေခံရမည်။ တစ်ဖက်လူကို ချစ်ခြင်းအပြင် ကောင်းစေလိုသော စေတနာမျိုး ရှိရမည်။ ထိုခင်မင်မှုသည် ခိုင်မြဲတည်တံ့သည်။
(၂)
မိတ်ဆွေချင်း ခင်မင်မှုသည် အရစ္စတိုတယ်အဖို့ လူပုဂ္ဂိုလ်ရေးဆိုင်ရာကိစ္စအတွက် သက်သက်မဟုတ်ပါ။ လူသားတို့၏ တစ်ဦးကိုတစ်ဦး ချစ်ခင်မှုသည် လူနေမှုပုံစံ နှစ်ခုစလုံးကို ဆွဲကပ်ထားသော “ကော်” သဖွယ် ဖြစ်သည်။ လူတို့၏ ထိုခင်မင်မှုတွင် တရားမျှတခြင်းလည်း ပါဝင်ပါသည်။ မိတ်ဆွေများအချင်းချင်းကြား တရားမျှတခြင်းဆိုသည်မှာ မလိုအပ်ပါ။ သို့သော် မိတ်ဆွေတို့၏ ဂုဏ်ကို ထိန်းသိမ်းလိုသူများတွင် တရားမျှတခြင်းပါလျှင် အကောင်းဆုံးဖြစ်ပါသည်။
ပိုင်သဂိုရပ်က “ မိတ်ဆွေဆိုသည်မှာ လမ်းခရီးကို အတူတကွ သွားကြရာတွင် တစ်ဦးကိုတစ်ဦး ဖေးမကူညီခြင်းဖြင့် ဘဝကို ပိုမိုကောင်းမွန်သောဘဝကို ဆောက်တည်ရန် ဖြစ်သည်” ဟု ဆိုသည်။ ဇီနို (Zeno Of Elea) က ရိုးရိုးကလေး ပြောခဲ့ပါသည်။
“မိတ်ဆွေသည် ကျွန်တော်တို့၏ ပြင်ပမှ စိတ်တစ်ခု(Alter ego) သဖွယ်” ဖြစ်သည်။
ယူရီပိုက် (Euripides) ကမူ “ မိတ်ဆွေတို့သည်သူတို့၏ခင်မင်မှုကို ဒုက္ခရောက်ချိန်မှာ ပြသသည်” ဟု ဆိုသည်။
အက်ပီကျူးရပ် (Epicurus) က “ မိတ်ဆွေတို့က ကူညီခြင်းသည် ကူညီရုံသက်သက်မဟုတ်၊ သူတို့၏ခင်မင်မှုကို ယုံကြည်မှု (Confidence) ရှိခြင်းပင်ဖြစ်သည်” ဟု ပြောခဲ့ပြန်သည်။ ဘီစီတစ်ရာစုနှစ်က လူခရီးတပ်(Lucretius) သည် “လူတို့သည် တောင်ပံတစ်ဖက်ထဲသာရှိသော ငှက်များနှင့်တူသည် ပျံသန်းနိုင်ရန် မိတ်ဆွေတို့၏တောင်ပံ တစ်ဖက်လိုသည်” ဟု ပြောခဲ့သည်။
ဆီနီကာ (Senaca) က သူ့မိတ်ဆွေ လူစီးလီးယပ် ထံ မှန်ကန်သော မိတ်ဆွေရင်းတို့အကြောင်းစာရေးခဲ့သည်။
“မင်း ရေးတဲ့စာကို မင်းမိတ်ဆွေတစ်ယောက်က ယူလာခဲ့တယ်၊ စာထဲမှာ မင်း ရေးထားတာက သူနဲ့ ငါတို့အကြောင်းတွေကို မဆွေးနွေးပါနဲ့လို့ ဆိုတယ်၊ မင်းနဲ့ သူနဲ့ဟာ မိတ်ဆွေရင်းတွေ မဟုတ်ကြဘူးလို့ ဆိုတယ်” သူက လူစီးလီးယပ်ကို ရှုတ်ချခဲ့သည်။
“မင်းကိုယ်မင်း ယုံသလို သူ့ကို မယုံဘူး ဆိုရင် မင်းဟာ မှားနေပြီး မင်းက မိတ်ဆွေစစ်တွေဟာဘယ်လိုဆိုတာကို နားမလည်လို့ဘဲ”ဟု ပြောခဲ့သည်။
ဆီနီကာအတွက်ကတော့ မိတ်ဆွေစစ် ဆိုသည်မှာ အကြောင်းအရာမှန်သမျှကို ပြောရမည်၊ မိတ်ဆွေဖြစ်လာပြီဆိုရင် သူ့ကို ယုံကြည်ရမည်၊ ဒီလို မယုံကြည်ခင်မှာတော့ စမ်းသပ်ပါ။ သူဟာမိတ်ဆွေဖြစ်ထိုက်၊ မဖြစ်ထိုက် စမ်းသပ်ပြီးပြီ၊ လက်ခံပြီးပြီဆိုရင်တော့ မင်းဟာ သူ့ကို လုံးဝဥသုံယုံကြည်ရမည်ဟု ပြောခဲ့သည်။
မိုက်ကယ်မွန်တိန်း (Michel De Montainge) မှာ ၁၆ ရာစုနှစ်က ကျော်ကြားခဲ့သော ပြင်သစ်ဖီလိုဆိုဖာ စာရေးဆရာဖြစ်သည်။ သူက မိတ်ဆွေဆိုသည်မှာ မကြာခဏဖြစ်စေ၊ ဖြစ်တောင့်ဖြစ်ခဲဖြစ်စေ၊ ယုံကြည်ရသော ခင်မင်ရင်းနှီးရသူဟု ဆိုသည်။ သူက မိတ်ဆွေတို့ကို ယုံကြည်ရခြင်းကို အဆင့်နှိမ့်ချခဲ့ခြင်း မဟုတ်ပါ။ တကယ့်ရင်းနှီးသော မိတ်ဆွေ၏ အဓိပ္ပာယ်အစစ်အမှန်ကို သိစေလိုခဲ့ခြင်းသာဖြစ်သည်။ မိတ်ဆွေဆိုသည်မှာ မိမိနှင့် ရောထွေးသွားအောင် နေနိုင်ရမည်၊ တသားတည်းဖြစ်အောင် အလုပ်လုပ်နိုင်ရမည်၊ ဆက်စပ်ရာအကြောင်းပင် မရှိတော့အောင် ပေါင်းစပ်ရမည်။
ယနေ့ခေတ်တွင် ရင်းနှီးသောမိတ်ဆွေ ဘယ်နှယောက် ရှိသင့်သလဲ ဆိုသောမေးခွန်းမှာ သဘောထား ကွဲလွဲမှုများ ရှိနိုင်ပါသည်။ တစုံတစ်ယောက်က သူ၏အလှကို ခုံမင်တာဖြစ်ရမယ် သို့မဟုတ် ပျော်ရွှင်စွာ ရယ်မောနေတတ်တဲ့အကျင့်ကို ခင်မင်တယ်၊ မျှမျှတတ နေတတ်တာကိုချစ်ခင်တယ်၊ မိဘတစ်ယောက်၊ ဖခင်တစ်ယောက်ကို ချစ်တာမျိုး ဖြစ်သင့်တယ်၊ တစ်ခုမဟုတ်တစ်ခု အရည်အချင်းတစ်ခုခုကို ချစ်ခင်ရတာမျိုး ဖြစ်သင့်တယ်ဟု ပြောခဲ့သည်။ သို့သော် လုံးဝယုံကြည်ရသော မိတ်ဆွေစစ်သည် ဝိညာဉ်တစ်ခုလုံးကို ပိုင်ဆိုင်တာမျိုးဖြစ်သင့်ပါသည်။
မိတ်ဆွေဟာ တစ်ယောက်မဟုတ်ဘဲ နှစ်ယောက်ဖြစ်နေရင်ကော ဆိုသောမေးခွန်းကို “ကျွန်တော်ကတော့ ပြောစရာရှိတာ ပြောရမှာပဲ၊ သူဟာ တခြားသူမဟုတ်ဘဲ ကျွန်တော် ဖြစ်နေပြီလေ” ဟုရှင်းပြခဲ့သည်။
အီမာဆန် (Relph waldo Emerson) က မိတ်ဆွေတို့သည် အကျိုးကျေးဇူး ၃ မျိုးကို ပေးနိုင်သည်ဟု ပြောခဲ့သည်။
(၁) မွေ့ပျော်စေခြင်း၊ (၂) ရင်းနှီးကျွမ်းဝင်ခြင်းနှင့် (၃) မတူကွဲပြားခြင်းတို့ ဖြစ်သည်။
နှစ်ယောက်သား စကားပြောဆိုဆွေးနွေးခြင်းဖြင့် စိတ်ပျော်ရွှင်စေသည်၊ အသိဉာဏ်ရှိသော စိတ်ကူးစိတ်သန်းများကို ဖလှယ်ခြင်းဖြင့် စိတ်ကျေနပ်မှုရနိုင်မည်။ ဥပမာပေးရသော် မြစ်ကြီးတစ်စင်းသည် လူကို သောက်ရေ သုံးရေ ပေးခြင်း၊ စိုက်ပျိုးရေးကို ဖြစ်စေခြင်းဖြင့် အကျိုးပေးသလို ၄င်းငြိမ်သက်စွာ စီးဆင်းနေသည်ကို ကြည့်၍ စိတ်ကိုချမ်းမြေ့စေနိုင်သည်။
ဒုတိယအကျိုးကျေးဇူးမှာ တစ်ဦးနှင့်တစ်ဦး ရင်းနှီးကျွမ်းဝင်မှုကို ခံစားနိုင်ပါသည်။ ကျွန်တော်တို့သည် မိမိတွေးချင်ရာကို ကျယ်ကျယ်လောင်လောင်ပြောဆို၍ ပွင့်လင်းစွာ တွေးတောနိုင်သည်။ နှလုံးသားရေးရာခံစားချက် လုံခြုံမှုကိုပေးသည်ဟု ဆိုလိုသည်။ ဥပမာပေးရလျှင် နေဝင်သွားပုံကိုကြည့်ပါ။ နေဝင်သွားပုံ၏ ပုံရိပ်တွင် စိတ်အေးချမ်း၍ တည်ငြိမ်မှုကို ရသည်။ စိတ်ကြည်နူးဖွယ်ခံစားချက်ကို မိတ်ဆွေတွေက ပေးနိုင်သည်။ နွေးထွေးမှု၊ သနားကြင်နာမှုနှင့် စိတ်နှလုံးခံစားချက်ပွင့်လင်းမှုကို ပြသည်။
မိတ်ဆွေ ဆိုသည်မှာ မိမိဘာသာ ဆောင်ရွက်နိုင်ခြင်း၊ တစ်ဦးနှင့်တစ်ဦး အကူအမယူဘဲ လွတ်လပ်စွာ အလုပ်လုပ်နိုင်ရမည်။ ဤနည်းဖြင့် မိမိ၏ ဂုဏ်သိက္ခာနှင့် လေးစားမှုကို ပြရမည်။ မိတ်ဆွေဆိုသည်မှာ သင်၏ ပုံတူ မဟုတ်၊ ကွဲပြားရပါမည်။ ထိုကွဲပြားမှုကို အသိအမှတ် ပြုခြင်းကိုက ခင်မင်မှုကို ပို၍ခိုင်မာစေပါသည်။
လူတိုင်းသည် ဘဝတသက်တာတွင် မိမိခင်မင်ရင်းနှီးသူကို ရှာဖွေခြင်းဖြင့် အချိန်ကုန်ကြရပါသည်။ မိတ် ဆွေကိုတောင့်တခြင်းမှာ လူတိုင်း၏ အခြေခံ ခံစားမှုဖြစ်သည်။ သို့သော် ထိုဆန္ဒသည် တခါတရံမှသာ ပြည့်ဝနိုင် သည်။ ကျွန်တော်တို့သည် မိမိဘဝကို တစ်ယောက်တည်းသာ လျှောက်လှမ်းကြရသည်။ မိတ်ဆွေရှိသည်ဆိုစေ တခါတရံ တစ်ယောက်တည်း ဖြစ်နေတတ်သည်။
မိတ်ဆွေမရှိဘူးဟု ဆိုခြင်းမှာ ဘဝ၏ ခါးသီးသော အတွေ့အကြုံ ဖြစ်သည်။ လောကတွင် လက်တွေ့ကျသော မိတ်ဆွေရင်းဆိုသည်မှာ အလွန်မှ ရှားပါးပါသည်။ မိတ်ဆွေဖြစ်ပြီ ဆိုခြင်းမှာ လုံးဝဥဿုံ ခြေစုံပစ်၍ဝင်လိုက်ခြင်း မဟုတ်ချေ။ မိတ်ဆွေဖြစ်ကြပြီဟု ဆိုသော်လည်း သင်၏ ပုဂ္ဂိုလ်ရေးရာပုံစံသည် ထင်ရှားစွာရှိနေဆဲ ဖြစ်ပါသည်။ မျက်စိမှိတ်၍ အရာရာကို လက်ခံလိုက်ခြင်း မဟုတ်ပါ။ လူတစ်ယောက်ကို ၁၀၀ ရာခိုင်နှုန်း ယုံကြည်မှုရှိရမည် ဆိုသော ဆီနီကာ ၏ယုံကြည်မှုမျိုးမှာ လောကတွင် ရှားပါးပါသည်။ ထို့ထက်ပို၍ မိတ်ဆွေစစ်ဆိုသည်မှာ သူ့အကူ အညီမပါဘဲ မိမိဘာသာလုပ်နိုင်ရန်မှာ အရည်အချင်းရှိရပါမည်။ မိမိဘာသာ ယုံကြည်မှု အပြည့်ရှိရမည်။ သင်ကိုယ်တိုင်က ပြည့်စုံနေမှသာ မိမိနှင့်ထိုက်တန်သော မိတ်ဆွေကို တွေ့ရပါလိမ့်မည်။
မိတ်ဆွေစစ် ဆိုသည်မှာ နူးနူးညံ့ညံ့ကိုင်တွယ်ရမည် မဆိုလိုပါ။ ဘဝတွင် အခက်အခဲ ကြမ်းတမ်းမှုများ ကို ရင်ဆိုင်ရင်း စဉ်းစားရမှု အရှုပ်အထွေးများအကြားမှ မိတ်ဆွေအဖြစ်သို့ ရောက်ရခြင်းဖြစ်သည်။ ထို့ကြောင့် မိတ်ဆွေဖြစ်ရခြင်း ဆိုသည်မှာ အကြမ်းခံရမည်၊ ထို့ပြင် ရိုးသားမှုရှိမှသာ တာရှည်ခံပါလိမ့်မည်။
(၃)
သံယုတ်နီကယ်တွင် ရှင်အာန္ဒာက ဘုရားကိုလျှောက်သည်။
“ အရှင်ဘုရား မိတ်ဆွေကောင်းရှိသည်၏ အဖြစ်၊ အပေါင်းအသင်းကောင်းရှိသည်၏ အဖြစ်၊ မိတ်ဆွေကောင်းတို့၌ ကိုင်းရှိုင်းသည်၏အဖြစ်သည် အကျင့်မြတ်ကို တဝက်ပြီးစေနိုင်ပါ၏”။
ဤနေရာတွင် အကျင့်မြတ်ဆိုသည်မှာ မဂ္ဂင်ရှစ်ပါးမြတ်တရားကို ဆိုလိုသည်။ ဤသို့ ဆိုသည်ကို မြတ်စွာဘုရားက “အာနန္ဒာ ဤသို့မဆိုလင့်၊ မိတ်ဆွေကောင်းရှိခြင်း၏ အဖြစ်သည် အကျင့်မြတ်ကို အလုံးစုံပင် ပြီးစီးစေနိုင်၏”ဟု ပြန်၍ပြောသည်။
မိတ်ဆွေကောင်း ဆိုသည်မှာ လုပ်စရာရှိသော အလုပ်အားလုံးကို ပြီးစေသည်ဟု ဆိုလိုပါသည်။
ကိုသန်းလွင်
Ref: Wise Word, Steven Tombley
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar