ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ဓာတ်သဘောနဲ့ သတ်ကြောဖြတ်ယတြာ

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ဓာတ်သဘောနဲ့ သတ်ကြောဖြတ်ယတြာ
(မိုးမခ) ဖေဖော်ဝါရီ ၁၇၊ ၂၀၀၂၆ပြည်သူ့သွေးဖြာ စီမံခန့်ခွဲမှု ပါရဂူဘွဲ့ကို ရန်ကုန်တက္ကသိုလ်ကပေးတာ။ ဘာ့လို့ပေးတုန်းဆိုတော့ ဓာတ်သဘောနဲ့ သတ်ကြောဖြတ်တာတဲ့။
ရှုပ်မသွားနဲ့၊ သလို သလို …
ရန်ကုန်= ရန်-ကုန်ပါစေတော့ဆိုပြီး တက္ကသိုလ်= ကြံစည်လုပ်ဆောင်တာ။
အဲတော့ ရန်ကုန်ဆိုတာက ပြည်သူ ရန် - ကုန်ပြီလို့ အနက်ရပြီး တက္ကသိုလ်ဆိုတာ ကြံစည်လုပ်ဆောင်မှုပေါ့လေ။ ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ်နဲ့ ဆရာသမားတွေရဲ့အမျှော်အမြင်ပေါ့။ သူတို့လဲ ပြည်သူလူထုအမြဲရန်ရှာခံနေရတာကို ပြည်သူထဲကပြည်သူဆိုတော့ ဘယ်နေစိမ့်မလဲ။ သူတို့ကျောင်းသားတွေပါ စစ်မှုထမ်းဥပဒေဒဏ် ကော့နေအောင်ခံနေရတာကလား။ ဆုံးပါးသွားတဲ့ကျောင်းသားပေါင်းနည်းမှတ်လို့။ သေသွားတဲ့တပည့်အပေါင်း သူတော်ကောင်းတွေဆိုတာ ရေတောင်မရေနိုင်။ တက္ကသိုလ်တက်လုတက်ဆဲ လူငယ်လေးတွေတင်မက မူကြိုနဲ့မူလတန်းအရွယ်ကလေးပေါင်းတောင် ထောင်ကျော်အသတ်ခံလိုက်ရပြီလေ။ ဒါတွေအကုန်လုံးကလဲ တချိန်မှာ တက္ကသိုလ် ကျောင်းသားကျောင်းသူတွေချည်းဖြစ်လာမှာ၊ အနာဂတ်တိုင်းပြည့်ဘုန်းလက်ရုံးတွေဖြစ်လာမှာမဟုတ်လား။ အခု တော်လှန်ပုန်ကန်နေတဲ့ ပီဒက်တွေဆိုတာလဲ တက္ကသိုလ်ထွက်တပည့်ကျော်တွေချည်းဆိုတော့ စိတ်ပူရှာမှာပေါ့။ အဲဒါကြောင့် တတ်နိုင်တဲ့နည်းနဲ့ စီရင်တဲ့သဘောပါဘဲ။
ဘယ်လိုစီရင်သလဲဆိုတော့ ဟိုအဝါကြားအဝတ် ခွေးရေကြီး ခြုံပေးလိုက်တာလို့ တိုးတိုးတိတ်တိတ်ဆိုတယ်။ အဲဒါကြီးက "ခွေးရူးဘဝ မကျွတ်မကျွတ်၊ သံကြိုးကြီးနဲ့ ဒရွတ်ဒရွတ်" ဆိုတဲ့မန္တာန်မှုတ်ပြီး လုပ်ထားတာတဲ့။ အဲဒီမန္တာန်က ကလေးအရွယ် လွတ်လပ်ပျော်ပါး ဆော့ကစားတုန်း ကလေးတွေသံပြိုင်ရွတ်တဲ့မန္တာန်တဲ့။ ဘာ့လို့ဆို ကလေးဆိုတာ အပြစ်မဲ့တယ်။ အဲဒီ အပြစ်မဲ့ကလေးငယ်လေးတွေကို သတ်တာမို့ ကလေးငယ်တွေရဲ့ သန့်ရှင်းတဲ့စိတ်သန္တာန်နဲ့ ရွတ်ထားတဲ့မန္တာန်ကို သုံးသတဲ့။
အဲဒီနေ့ကဆို ခွေးရေပုတ်နံ့ကြီး ပြန့်နေတာများ ကြင်စိုးရိပ်မိသွားမစိုးလို့သာ မနည်းအောင့်အီးထားရတာတဲ့။ ညစာစားပွဲဆို ပိုဆိုးပေါ့။ ရေအိမ်မှာ အံတဲ့သူတွေတောင် တိုးကြိတ်နေကြသတဲ့။ အဲဒါ သူပြုတ်မှဘဲ ဘွဲ့နှင်းသဘင်ခန်းမတခုလုံး တရော်ကင်ပွန်းသုံးရတော့မှာဘဲတဲ့။ ပြီးရင် နို့တထပ် နံ့သာရည်တထပ်နဲ့ တလလောက် မရပ်တန်း သန့်စင်ရေးလုပ်မယ်ဆိုဘဲ။ မဟုတ်ရင် နောင် တကယ့် ဘွဲ့ဝတ်ရုံတွေပါ ခွေးသားရေနံ့ စွဲနေရင် ဘယ်ကျောင်းသားမှ ခြုံချင်ကြမယ်မဟုတ်လို့တဲ့။ ခုတောင် ဖြတ်သွားဖြတ်လာတွေ အနံ့ရနေသတဲ့။ လှည်းတန်းဈေးဘက်ကတောင် ညပိုင်းဆို ခွေးသေကောင်ပုတ်နံ့ထွက်လာပြီး တလမ်းလုံးက ခွေးတွေအူကြလို့ ပရိတ်ပဌာန်းရွတ်နေကြရဆိုကိုး။ အဲဒီညက တချို့ပါမောက္ခတွေ ဝန်ထမ်းတွေဆို သမဂ္ဂအဆောက်အအုံဖြိုချခံရတုန်းက ကျောင်းသားဝိညာဉ်တွေ၊ ဦးသန့်အရေးအခင်းတုန်းက ကျောင်းသားဝိညာဉ်တွေ၊ ၈၈အရေးအခင်းတုန်းက ကျောင်းသားဝိညာဉ်တွေ မြင်ရတယ်၊ သူ့တိုက်ပွဲနဲ့သူ ကြွေးကြော်သံတွေကြားရတယ်ဆိုဘဲ။
တဖက်ကကြည့်ရင် အစီရင်တခု ကျန်သေးသတဲ့။ အဖက်ဖက်က ဒေါင့်စေ့အောင် လုပ်တဲ့သဘော။ လူဆိုတာ သေမျိုးဘဲ။ ဒါပေမယ့် မသေနိုင်သူတွေရှိတယ်။ အဲဒါမျိုးကျ သေပန်းပွင့်ပေးရတယ်တဲ့။ အဲဒီတော့ မအလရဲ့သေပန်းလေးပွင့်လာအောင် ဖွင့်ပေးတဲ့သဘောနဲ့ သေပန်းဆင်ပေးတာတဲ့။ ဘာပြောချင်တာလဲဆိုတော့ ဒီလို မတန်မရာဘွဲ့မျိုးပေးလိုက်ရင် ဘွဲ့ပိသေတတ်သတဲ့။ ဘွဲ့စီးတယ်ပေါ့လေ။ နေ့တိုင်း မူကြိုကလေးကနေ ဘွဲ့လွန်ကျောင်းသားထိ ငါးနှစ်ကျော်သတ်နေတဲ့ကောင်ကို တက္ကသိုလ်ထဲခေါ်ပြီး ဒေါက်တာဘွဲ့ပေးလိုက်တာဟာ တကယ့်သေပန်းကြီးကို ဆင်ပေးလိုက်တာဘဲတဲ့။
သမိုင်းတလျှောက်လုံးစစ်တပ်သတ်ခံရတဲ့ကျောင်းသားဝိညာဉ်တွေအကုန်ရောက်လာပြီး မအလသေပန်းပွင့်ရေး ဝန်းရံကြလိမ့်မတဲ့။ သလိုဆိုတော့ စစ်တပ်ဘက်ယိမ်းတဲ့ ဆရာဆရာမတွေသဘော မပါဘဲ စွမ်းပါ့မလားဆိုတော့ သူတို့က ပိုပါသေးသတဲ့။ သူတို့သားသမီး တူ တူမတွေကို ဂွင်ကောင်းထိုင်ရအောင်ဆိုပြီး စစ်တပ်ထဲပို့လိုက်တာ ခုတော့ အလောင်းမပါဘဲ သင်္ဂြိုဟ်နေရ၊ ရက်လည်ခိုးကြောင်ခိုးဝှက်လုပ်ရ၊ ကျယ်ကျယ်မငိုရ၊ သေသူမကြားတကြား အမျှဝေရ၊ အမှတ်တရတောင် လိုင်းပေါ်တင်လို့မရ၊ ကိုယ့်လင်ကိုယ့်သားလို့လဲ သဘောမထားရ၊ သတင်းစာထဲလဲ မထည့်ရ၊ အသုဘလဲ လူချမချရ၊ ခြုံထဲဆွဲပစ်ခံရ၊ ခွေးသေကောင်ပုတ်မြုပ်သလိုအမြုပ်ခံရ၊ လမ်းဘေးပစ် ခွေးစာကျွေးခံရ၊ ဆရာမမုဆိုးမတွေဆို အများကြီးလေ။ ဘယ်ကျေမလဲ၊ တပ်ပြုတ်ရင် သူတို့ကတောင် အရင်တရားစွဲလိမ့်အုံးမယ်တဲ့။ ကိုယ့်အလှည့်မရောက်ခင်တောင် မအလ ဂန့်သွားနိုင်သတဲ့။
ဒီဟာကြီးကို နွားသေကြိုးတုပ်ရိုက်ယတြာလို့လဲဆိုသေးရဲ့။ သမတလုပ်ရင် ကာချုပ်ပြုတ်။ အတိုင်ပင်ခံ လုပ်ရင် နိုင်ငံတကာက သမတဘဲအသိအမှတ်ပြုမယ်၊ ကာချုပ်အဆင့်တွေ့စရာမရှိ၊ တရုတ်ကိုယ်တိုင်က ခွေးနဲ့ တော်ပြီ၊ ကြံ့ဖွတ်နဲ့ဘဲ သွားတော့မယ်တဲ့၊ ပြောနေပြီ။
ခုဆို အက်စတိန်းဖိုင်တွေတက်လာတော့ အဲဒီကောင်နဲ့ပတ်သက်မိတဲ့အတွက် တောင်းပန်နေကြရသလို တိုးလျိုးနေကြရသလို သရေကြိုး ကြင်စိုးနဲ့ပတ်သက်မိသူတွေလဲ မကြာခင် တောင်းပန်ကြ တိုးလျှိုးကြရတော့မှာ။ ဒီကောင်က အက်စတိန်း ဟစ်တလာ ဒေဝဒတ် အဇာတသတ် မာရ်နတ်တွေ စေတန်တွေ ပေါင်းကျထားတဲ့ကောင်လေ။
သူ့ကိုအပ်လိုက်ရင် တပ်ထွက်ပေါက်က ပွင့်ပြီ။ တပ်က လေကစား ကြွားတလူလူဝေလို့ရပြီ။
ကြံ့ဖွတ်ကလဲ ပါတီအလံလွှင့်လို့ရပြီဆိုပြီး ပျော်နေမှာ။ အမှန်က တပ်အနေနဲ့ သပ်သပ်ရပ်ရပ်ထွက်ပေါက်တခုမှာ အလံတလူလူလွှင့်ဖိုဆိုတာ ကြံ့ဖွတ်ကိုထားခဲ့မှ ဝင့်ကြွားမှာ၊ ပြောင်လက်မှာ။ ကြံ့ပါလို့ မဖြစ်မှန်းအကုန်သိ။ ကြံ့ဖွတ်ဆိုတာ တပ်ကို ပြည်သူသတ်ပြီး ထွက်လမ်းမရှိအောင်လုပ်လိုက်တဲ့ အဓိကတရားခံ။ သူတို့စစ်သားတသက် တတိုင်းပြည်လုံး ပြုတ်ပြုတ်ပြုန်းအောင် စားထားပြီးသား။ တိုင်းပြည်ကိုပါ ရုရှားနဲ့တရုတ်လက် သူခိုးဈေးနဲ့ ဝကွက်အပ်ပြီးသား။ ဒါထဲက မတော်လောဘမသတ်၊ ဝိသမလောဘမရပ်၊ သူတို့ကဘဲနှိပ်စက်ညှင်းပန်းသတ်ဖြတ်ပြီး သူတို့ကဘဲ အာဃာတထား၊ တိုင်းပြည်ရှေ့ရေးကိုမစဉ်းစား၊ မောဟအလွန်တရာကြီးမား၊ ကိုယ်နဲ့နှိုင်း ရိုင်းကြသူများ၊ မတန်မရာ မနာလို ဝန်တိုစိတ်ကြီးမားသူများ၊ စစ်မှုထမ်းဥပဒေလုပ်ခိုင်းပြီး သူတို့သားသမီးတူတူမ ဆွေးမျိုးသားချင်း သေစာရင်းသွင်းမပေးသူများ၊ သေဆုံးဘယ်စစ်သားအတွက်မှ ဘယ်မုဆိုးမအတွက်မှ ဘယ်အဖမဲ့အတွက်မှ တကျပ်တပြားအကုန်မခံချင်သူများ၊ ဂျီနိုဆိုက်တရားခံများသာဘဲလေ။
ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar