မျိုးသန့်ထွန်း(စစ်ကိုင်း) - သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင် (၁၉၃၀-၂၀၁၄)
မျိုးသန့်ထွန်း(စစ်ကိုင်း) - သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင် (၁၉၃၀-၂၀၁၄)
မိုးမခ ၊ မတ် ၁၂ ၊ ၂၀၂၆
တစ်ချိန်က ပိတောက်ပွင့်သစ် စာပေအနုပညာမဂ္ဂဇင်းက “ပြည်သူချစ်လျှင် ကမ္ပည်းတင်မည်”၊ “မော်ကွန်းတင်မည်” ဆိုတဲ့ စာရေးဆရာ၊ အနုပညာရှင်၊ နိုင်ငံရေးသမား စတဲ့ သူတွေရဲ့ ရုပ်ပုံလွှာကို မျက်နှာဖုံးတင်ထုတ်ခဲ့ကြတယ်။
အခုတစ်ခါ သတင်းစာဆရာ၊ စာရေးဆရာ၊ နိုင်ငံရေးသမား ပြည်သူ့ပါတီ NLD ရဲ့ သဘာပတိအဖွဲ့ဝင် ဟံသာဝတီဦးဝင်းတင်ကို ပြည်သူအားလုံးက ဂါရဝထား မော်ကွန်းတင်ခဲ့ပါတယ်။ ကမ္ပည်းတင်ထိုက်တန်သူလည်း ဖြစ်ပါတယ်။ သူဟာ ကိုယ့်အကျိုးမဖက် နစ်နာခံကာ အများအတွက် ထောင်တန်းမကြောက်၊ လက်နက်မကြောက်၊ စစ်အာဏာရှင်မကြောက် အကြမ်းမဖက်ခြင်း (Nonviolence) ပြည်သူ့ဘက်တော်သား “သံမဏိကြယ်ပြာ” အဖြစ် ဦးညွတ်အလေးပြုအပ်ပါတယ်။
သူ့ကို ရန်ကင်းကျောက်ကုန်းထိပ်က နှစ်ဆောင်ပြိုင်အိမ်ကြီးရဲ့ဘေးက သံဆန်ခါကျိုးတိုးကျဲတဲ အပြာရောင်မွဲမွဲနဲ့ တထပ်သစ်သားအိမ်လေးမှာ တွေ့ရတတ်ပါတယ်။ စာဖတ်နေတတ်တယ်။ စာရေးနေတတ်တယ်။ စာသိပ်ဖတ်သူ ဖြစ်တယ်။ စာဖတ်နာတဲ့ ပုဂ္ဂိုလ်တစ်ဦးလို့ စာရေးဆရာတစ်ယောက် ပြောဖူးတယ်။ သူဟာ သူ့မိတ်ဆွေတစ်ယောက်အိမ်မှာ နေပါတယ်။ သူ့မှာ အိမ်မရှိ၊ ကားမရှိ၊ မိန်းမမရှိ၊ အသပြာနတ္ထိတဲ့။ ဒါပေမဲ့ သူ့မှာ ရိုးသားတယ်။ ဖြူစင်တယ်။ သတ္တိရှိတယ်၊ အမှန်တရားကို မြတ်နိုးတယ်။ တရားမျှတမှုက သူ့သွေးသားထဲမှာ စိမ့်ဝင်နေတယ်။ ဒါကြောင့် အမှန်တရားကို ရွှေတို့ ငွေတို့ထက် တန်ဖိုးထားတယ်။ ကိုယ်ကျင့်တရားနဲ့ပတ်သက်ရင် ဦးဝင်းတင်ဟာ ဘဝတစ်လျှောက် မှတ်ကျောက်တင်ခံရဲတယ်။ ကျွန်တော့် စာပေဘော်ဒါ စာရေးဆရာ မောင်ကိုကို(အမရပူရ) ရဲ့ “ပြာသောကြယ်ကို ဂုဏ်ပြုခြင်း” (၂၀၁၈ ထုတ်) စာအုပ်ဟာ ဦးဝင်းတင်အကြောင်း ရေးသမျှ စာအုပ်တွေထဲက အပြည့်စုံဆုံးနဲ့ အကောင်းဆုံးစာအုပ် ဖြစ်ပါတယ်။ ထိုစာအုပ်ဟာ ဦးဝင်းတင်ကို မော်ကွန်းတင် ကမ္ပည်းတင်သော စာအုပ်တစ်အုပ်အဖြစ် မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါတယ်။
ဦးဝင်းတင်ကို မကွယ်လွန်ခင်က ကျောက်ကုန်းအိမ်မှာ သွားတွေ့ဖူးတယ်။ စာအကြောင်း ပေအကြောင်း ပြောဖူးတယ်။ “ခင်ဗျားတို့ စစ်ကိုင်းက စာပေပညာရှင်၊ နိုင်ငံရေးသမားကောင်းတွေ သိပ်ထွက်တာပဲ” တဲ့။ စစ်ကိုင်းဦးဘိုးသင်း၊ မဟာဆွေ၊ ရွှေကိုင်းသား၊ ဒေါ်ခင်မျိုးချစ်၊ ရဲဘော်ဌေး၊ ဗိုလ်ကြင်မောင်တို့ကို ဆိုလိုပါတယ်။ သူ့ကို ရွှေဂုံတိုင်ရုံးချုပ်မှာ တွေ့နိုင်တယ်။ တစ်ခါတစ်ခါ အမှတ် (၅၄) က ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အိမ်မှာ တွေ့နိုင်ပါတယ်။
ထောင်ထဲက ရှပ်အပြာအင်္ကျီကို အမြဲဝတ်ထားလေ့ရှိတယ်။ အပြင်ထွက်တဲ့အခါ လွယ်အိတ်အနီရောင်၊ တစ်ခါတစ်ခါ အပြာရောင်ကို လွယ်ထွက်လေ့ရှိတယ်။ သတင်းထောက်တွေ မေးမြန်းတဲ့အခါ အားရပါးရ လေးလေးစားစား သေသေချာချာ ရှင်းပြတတ်တယ်။ သူဟာ သတင်းစာဆရာကြီးပီပီသသ ချက်ကျကျ ပြောတတ်ဆိုတတ်ပါတယ်။ ဟံသာဝတီဦးဝင်းတင်ဟာ လူထုအတွက် စာကောင်းပေကောင်းတွေ ချန်ထားရစ်ခဲ့တယ်။ နိုင်ငံကိုချစ်စိတ်၊ တိုင်းရင်းသားတွေ ချစ်စိတ်နဲ့ သူ နိုင်ငံရေးလုပ်ခဲ့တယ်။ မြန်မာပြည်ရဲ့ လူထုအားပေးထောက်ခံ အသိအမှတ်ပြုတဲ့ ပါတီဖြစ်တဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင် သတင်းစာဆရာကြီး ဦးဝင်းတင် ဖြစ်ပါတယ်။
ဗမာပြည်ရဲ့ နယ်ချဲ့ဆန့်ကျင်ရေး လွတ်လပ်ရေးတိုက်ပွဲဝင်တဲ့ သူရဲကောင်းဟာ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဖြစ်ခဲ့တယ်။ သူ့ကို သခင်တွေရဲ့ ခေါင်းဆောင်ဖြစ်လို့ အများက အထူးလေးစားကြည်ညိုလွန်းလို့ ဆရာကြီးလို့ ခေါ်ကြတယ်။ သခင်နု၊ သခင်အောင်ဆန်း၊ သခင်သန်းထွန်းနဲ့ သခင်စိုးတို့ရဲ့ ဆရာအရင်း၊ တပည့်အရင်း ဆရာကြီးသခင်ကိုယ်တော်မှိုင်းလို့ လူအသိများတယ်။ နယ်ချဲ့လွတ်လပ်ရေးတိုက်ပွဲပြီးနောက် စစ်အာဏာရှင် ပေါ်လာပြန်တယ်။ ဒီအခါ စစ်အာဏာရှင်ကို ဆန့်ကျင်ပြီး လွတ်လပ်ရေးတိုက်ပွဲ ဝင်ခဲ့ကြရတယ်။ ဒီမှာ လွတ်လပ်ရေးရပြီးနောက် စစ်အာဏာရှင်ဆန့်ကျင်ရေး တိုက်ပွဲဝင်ခဲ့တဲ့ သူရဲကောင်းများ အစဉ်အဆက် ပေါ်ထွန်းလာခဲ့တယ်။ ထိုအထဲက မြန်မာပြည်ရဲ့ စစ်အာဏာရှင်ကို တစ်စိုက်မတ်မတ် ထူးထူးခြားခြား တိုက်ပွဲဝင်သူရဲကောင်းဟာ သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင် ဖြစ်ပါတယ်။
ဦးဝင်းတင်ကို ၁၂ မတ်လ ၁၉၃၀ ပြည့်နှစ်၊ ပဲခူးတိုင်းက ကြို့ပင်ကောက်မှာ မွေးတယ်။ ရန်ကုန်မှာ ကြီးပြင်းတယ်။ ၁၉၃၈ ကျောင်းသားသပိတ်မှာ ခေါင်းဆောင် ဗိုလ်အောင်ကျော် ကျဆုံးတယ်။ သူ မြို့မကျောင်းမှာ ပညာသင်တယ်။ မြို့မ ကျောင်းအုပ်ကြီးက ဆရာကြီးဦးဘလွင် ဖြစ်တယ်။ မျိုးချစ်စိတ်ဓာတ်၊ နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေးမှာ ကိုယ်စားပြုကျော်ကြားတဲ့ မြို့မကျောင်း ဖြစ်ခဲ့တယ်။ မြို့မကျောင်းကနေ ကိုဝင်းတင် ၁၀ တန်း အောင်ခဲ့တယ်။ မြို့မကျောင်းကနေ ကိုယ့်တိုင်းပြည်ကို တိုင်းတပါးသားတွေ လွှမ်းမိုးမှုကင်းအောင်၊ ချစ်တတ်အောင်၊ လွတ်လပ်အောင် လုပ်ရမယ်ဆိုတာ မွေးဖွားပေးခဲ့တယ်။
သူဟာ ဂျပန်ခေတ်မှာ “အာရှလူငယ်အစည်းအရုံး” အဖွဲ့ဝင်ဖြစ်ခဲ့တယ်။ ကိုဝင်းတင်ဟာ ငယ်စဉ်ကတည်းက ဗိုလ်ချုပ်အောင်ဆန်းကို ကြည်ညိုတယ်။
၁၉၄၂-၄၅ ဂျပန်ခေတ်မှာ ကိုဝင်းတင် ကြို့ပင်ကောက် အနီးနားက ရှမ်းစုရွာ ပြန်တယ်။ ဗိုလ်ချုပ်အောင်ဆန်းတို့ ရှမ်းစုရွာကို ရောက်နေတဲ့သတင်းရတယ်။ ကိုဝင်းတင်ဟာ ဗိုလ်ချုပ်အောင်ဆန်း ရေချိုးဖို့ ရေခပ်ပေးခွင့် ရခဲ့တယ်။ ကိုဝင်းတင်က “ဗိုလ်ချုပ် ကျွန်တော် စစ်ထဲဝင်ချင်တယ်” လို့ ပြောလိုက်တယ်။
ဗိုလ်ချုပ်က “မင်း ကျောင်းနေလား”
“ဟုတ်ကဲ့။ ကျွန်တော် စာသင်နေပါတယ်။ ခုနစ်တန်း အောင်ပြီးပြီ” လို့ ပြောတယ်။
အဲဒီမှာ ဗိုလ်ချုပ်အောင်ဆန်းက “စာဆက်သင်။ စစ်တိုက်မယ့်လူတွေ ရှိတယ်။ စာတတ်တဲ့သူတွေ အများကြီး လိုတယ်။ မင်း စာဆက်သင်ဦး” လို့ ပြောလိုက်တယ်တဲ့။ “မင်း စာဆက်သင်ဦး” ဆိုတာကို ခေါင်းထဲ စွဲသွားတယ်။ ငယ်စဉ်က မြို့မကျောင်းထွက် ဦးဝင်းတင်ဟာ မျိုးချစ်စိတ်နဲ့ စည်းကမ်းကောင်းတွေ ရရှိခဲ့တယ်။
၁၉၅၀ ရန်ကုန်တက္ကသိုလ်မှာ ကိုဝင်းတင် ပညာဆက်သင်တယ်။ ဗိုလ်ချုပ်အောင်ဆန်းစကားက သူ့သွေးထဲသားထဲ ရောက်သွားပြီ။ စစ်ကိုင်းဆောင်မှာ မြသန်းတင့်၊ ဒဂုန်တာရာ၊ မင်းယုဝေ၊ ကျော်အောင်တို့နဲ့ ကိုဝင်းတင် တွေ့ပြီး စာပေ၊ ပြဇာတ်၊ ကဗျာအရေး လက်မနှေး တက်တက်ကြွကြွ ဆောင်ရွက်ခဲ့တယ်။
၁၉၅၁ မှာ ဦးဝင်းတင် စာပေဗိမာန်မှာ အလုပ်ရတယ်။ စာပေဗိမာန် အယ်ဒီတာချုပ်က တက္ကသိုလ်ထင်ကြီး ဖြစ်တယ်။ ဦးဝင်းတင်က နေ့ဘက်မှာ စာပေဗိမာန်မှာ အလုပ်လုပ်တယ်။ ညပိုင်းက AFP ခေါ် ပြင်သစ်သတင်းဌာနမှာ လုပ်တယ်။ ထိုအခါမှာ သတင်းစာအလုပ်က ဦးဝင်းတင်အတွက် သွေးသားထဲ စွဲမြဲသွားခဲ့တယ်။
ဦးဝင်းတင် ကံကောင်းတယ်။ ၁၉၅၄ မှာ သတင်းစာနဲ့ ပုံနှိပ်ပညာသင်ကြားဖို့ ဟော်လန်နိုင်ငံ အမ်စတာဒမ်မြို့ကို သွားခွင့်ရတယ်။ အမ်စတာဒမ်မြို့က ဂျမ်ဘာတန် (Djambatan Ltd) စာအုပ်ကုမ္ပဏီမှာ စာပေဗိမာန် စာအုပ်တွေကို ရိုက်နှိပ်တယ်။ ဒေါက်တာမောင်မောင်ရဲ့ “သက်ရှိရာဇဝင်” တို့၊ ဝန်းသိုစော်ဘွားစာအုပ်တို့ အစ “သမာမိတ္တ” အပြည်ပြည်ဆိုင်ရာ ပညာစာအုပ်ဖြန့်ချိရေးဌာန တည်ထောင်စေခဲ့တယ်။ ဦးနုခေတ်က သတင်းစာလွတ်လပ်ခွင့် ရှိတယ်။ ဦးဝင်းတင်က “ဦးနုခေတ်ကို ပြန်မျှော်နေတယ်” လို့ ပြောဖူးတယ်။ ထူးခြားတာက ဦးဝင်းတင်ဟာ အမ်စတာဒမ်မှာ သတင်းစာ ထုတ်ဖြစ်တယ်။ ထိုသတင်းစာအမည်ကို “တို့ပြည်သတင်း” လို့ ပေးခဲ့တယ်။
ဟော်လန်နိုင်ငံကနေ သတင်းစာပညာသင်ပြီး ပြန်လာတော့ ကြေးမုံသတင်းစာမှာ အလုပ်ရပါတယ်။ ထိုအချိန်က ကြေးမုံသတင်းစာ ဦးဆောင်သူက ကြေးမုံဦးသောင်း ခေါ် စာရေးဆရာ အောင်ဗလ ဖြစ်တယ်။ ဦးဝင်းတင်ဟာ ကြေးမုံမှာ ဆောင်းပါးတွေ ရေးတယ်။ ဦးဝင်းတင်ဟာ သတင်းစာတွေ ဖတ်တယ်၊ ရေးတယ်။ ကြေးမုံသတင်းစာထဲက ဒဂုန်တာရာရဲ့ “နာဆာ အိပ်မပျော်သောည” ကို ဦးဝင်းတင် သိပ်သဘောကျတယ်။
၁၉၅၈ စစ်တပ်အာဏာသိမ်းပြီး စစ်အာဏာရှင်စနစ် စတင်ပြီလို့ ဦးဝင်းတင် စပြောခဲ့တယ်။ ၁၉၆၂ မှာ စစ်တပ်က တစ်တိုင်းပြည်လုံးကို ရိုက်ချိုး ဖျက်ဆီးပစ်လိုက်ကြပြီ။ ကြေးမုံသတင်းစာကို ချိတ်ပိတ်လိုက်တယ်။ ဦးနုရဲ့ ဒီမိုကရေစီအစိုးရ ဖျက်ဆီးပစ်ပြီး ဖမ်းခံခဲ့ရတယ်။ ထိုအချိန်ကစပြီး “မြန်မာနိုင်ငံ ဒီမိုကရေစီ” ပျက်သုဉ်းသွားခဲ့တယ်။
၁၉၆၆ မှာ ဦးဝင်းတင်ဟာ တရုတ်ပြည်သွား ခရီးသွားမှတ်တမ်း “တရုတ်ပြည်သူ သိန်းသန်းကုဋေ” အမည်နဲ့ ရေးသားထုတ်ဝေခွင့် မရခဲ့ဘူးလို့ သိရတယ်။ ဒါပေမဲ့ ဦးဝင်းတင်ဟာ ရုရှားသွားစဉ်က အကြောင်းကို “ကမ္ဘာနီတွင် တဒင်္ဂ” စာအုပ်ကိုတော့ ရေးသားထုတ်ဝေခဲ့ဖူးပါတယ်။ သူ သိပ်ကြိုက်တဲ့ A.J Cronin ရဲ့ The Northern Light ကို “ဥတ္တရအလင်း” လို့ ဘာသာပြန်ရေးခဲ့တယ်။ စာရေးဆရာတစ်ဦးကတော့ သူအကြိုက်ဆုံး ဘာသာပြန်စာအုပ်ထဲမှာ ဒီစာအုပ်က ထိပ်ဆုံးကပဲလို့ ပြောပြဖူးတယ်။ နောက်ဆုံးတော့ သူလည်း မြောက်အရပ်မှာ တောခိုသွားခဲ့ပါတယ်။
အာဏာရှင်ဦးနေဝင်းက စာနဲ့ပေ ဝေးတယ်လို့ ပြောကြတယ်။ ဒါပေမဲ့ စာလုံးပေါင်းသတ်ပုံ ကိစ္စတွေမှာ ဆရာကြီး ဝင်လုပ်တယ်လို့ ဆိုပါတယ်။ အခုလည်း သတင်းစာလောကကို ဗိုလ်နေဝင်း ဆရာကြီးဝင်လုပ်၊ ဝင်ရှုပ်လို့ ဘဘဦးခင်မောင်လတ်နဲ့ ဒေါ်ခင်မျိုးချစ်တို့ စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရတယ်။
ကြေးမုံသတင်းစာဌာနကနေ ဦးဝင်းတင်ကို ဦးနေဝင်း (အာဏာရှင်ဟောင်း) က မန္တလေးမှာ သတင်းစာထုတ်ဖို့ စီစဉ်ခိုင်းပါတယ်။ သတင်းစာက ဟံသာဝတီသတင်းစာ အဖြစ်ပါ။ ဗိုလ်နေဝင်းက ညွှန်ကြားချက်တွေ ပါးလိုက်တယ်။ “ခင်ဗျားတို့ဗျာ! မန္တလေးမှာ ဟံသာဝတီသတင်းစာ ထုတ်ရင် ရွှေဥဒေါင်း၊ လူထုဦးလှ၊ လူထုဒေါ်အမာတို့ရဲ့ ဆောင်းပါးတွေ မထည့်ရ၊ စကားပြောသလို မရေးရ” တဲ့။ ထိုအချိန်က မဆလပါတီဥက္ကဋ္ဌကြီး ဗိုလ်နေဝင်းကို လူတိုင်း ကြောက်ကြရတယ်။ ဘာပဲဖြစ်ဖြစ် သူဟာ လောင်းကစားအာဏာရှင်ကြီး ဖြစ်ပါတယ်။ ဒါပေမဲ့ ဦးဝင်းတင် မကြောက်ပါ။ ဗိုလ်နေဝင်း စကား နားမထောင်ခဲ့ပါ။
ဘာပြောကောင်းမလဲ၊ ဦးဝင်းတင်က မန္တလေးမှာ ဟံသာဝတီသတင်းစာ စထုတ်တဲ့နေ့ကစပြီး သတင်းစာမှာ ရွှေကိုင်းသား ဦးသောဘိတ၊ လူထုဦးလှ၊ ဒေါ်အမာတို့ရဲ့ လက်ရာတွေ၊ ဆောင်းပါးတွေကို ဝေဝေဆာဆာ ထည့်ပစ်လိုက်ပါသတဲ့။ သတင်းစာကိုလည်း “စကားပြော” သလို ရေးလိုက်ပါသတဲ့။ ကဲ ဘာတတ်နိုင်သေးလဲ ဥက္ကဋ္ဌကြီးရယ်။ စစ်ဗိုလ်များက သူ့အဖေကြီး (ဦးနေဝင်း) ကို ကြောက်ရွံ့ချက်က ပြောဖွယ်မရှိ။ ဦးဝင်းတင်က သူ့စိတ်ကြိုက် သတင်းစာကို လုပ်ခဲ့တယ်။ နောက်ဆုံးတော့ ဘာမသိ ညာမသိတဲ့ စစ်ဗိုလ်တွေနဲ့ ဆက်ဆံရေး အဆင်မပြေ ဖြစ်ခဲ့ကြတယ်။
“ကိုဝင်းတင် ဒီဆောင်းပါးကို လုံးဝပယ်တယ်” လို့ ဗိုလ်မှူးဆိုလား၊ အတွင်းဝန်ဆိုလား၊ သူတို့က ပြောလာတယ်။ ဗိုလ်မှူးကြီးတို့ ဖြုတ်တာ ပယ်တာများတော့ နာရေးသတင်းနဲ့ ကြော်ငြာပဲ ကျန်တော့မယ်လို့ ဦးဝင်းတင်က ပြောလိုက်တယ်။
ဆိုရှယ်လစ်ခေတ်မှာ သတင်းစာလွတ်လပ်ခွင့် မရှိပါ။ ဒီအပြင် သတင်းစာဆရာတွေနဲ့ စစ်တပ်က ပုဂ္ဂိုလ်များ ဆက်ဆံရေး တင်းမာတယ်။ အချေအတင် စကားများကြခဲ့တယ်။
ထိုအချိန်က ဒေါ်ခင်မျိုးချစ်နဲ့ ဦးခင်မောင်လတ်တို့က လုပ်သားပြည်သူသတင်းစာမှာ အလုပ်လုပ်နေပါတယ်။ မဆလခေတ်မှာ Freedom of Press မရှိတာ ဆရာကြီးတို့လည်း သိပါတယ်။ သတင်းစာဆရာမကြီး ဒေါ်ခင်မျိုးချစ်ရဲ့အမည်မှာ မခင်မြ ဖြစ်ပါတယ်။ ဗိုလ်မှူးတစ်ယောက်က “ခင်ဗျားတို့က Freedom of Press ကိုတင်ပြီး ကျွန်တော်တို့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကို ဆန့်ကျင်နေကြတာပဲဗျာ!” လို့ ပြောလာတယ်။
ဒီမှာ ဆရာဦးဝင်းတင်က ပြောလိုက်တယ်။ “ခင်ဗျားတို့ တပ်ပြန်သွားလည်း သွားပေါ့၊ ကျွန်တော်တို့က သတင်းစာကို သတင်းစာလို မလုပ်ရရင် သတင်းစာတိုက်က ဆင်းသွားရုံပဲ… ပခုံးမှာ အပွင့်မရှိလို့ အပွင့်တင်စရာ မလိုဘူး၊ ကျွန်တော်တို့က လမ်းပေါ်ကို လွတ်လွတ်လပ်လပ် ဆင်းသွားရုံပါပဲ” လို့ ပြောလိုက်တယ်။
သတင်းစာပညာရှင်များနဲ့ စစ်ဗိုလ်များ ဆက်ဆံရေး အဆင်မပြေဖြစ်ခဲ့တာကို ဗိုလ်နေဝင်း သိပါတယ်။ ဗိုလ်နေဝင်းက ရောက်လာပြီး “ကိုလတ်ရေ၊ မခင်မြရေ နေကောင်းကြရဲ့လား” “ဟုတ်ကဲ့…. နေကောင်းပါတယ်” စတဲ့ စကားလုံးများနဲ့ အချိုးသွင်းပြီး သတင်းစာလောကကနေ ဦးခင်မောင်လတ်နဲ့ ဒေါ်ခင်မျိုးချစ်တို့ ထွက်ခဲ့ရပါတယ်။ ဦးခင်မောင်လတ်နဲ့ ဒေါ်ခင်မျိုးချစ်တို့က “ဗိုလ်ချုပ်ကြီး ခင်ဗျား အခုလို သတင်းစာလောကက ထွက်ခွင့်ပြုတာကို ကျွန်တော်တို့ဘက်က အထူးကျေးဇူးတင်ကြောင်း” ဆိုပြီး စာပေဇနီးမောင်နှံဟာ သတင်းစာလောကက ထွက်ခွာခဲ့ပါတယ်။ သူတို့ဟာ သူတို့ စာသင်ခန်းဆီကို ပြန်သွားခဲ့တယ်။
၁၉၆၉ မှာ ဟံသာဝတီသတင်းစာကို ဦးဝင်းတင် စထုတ်ခဲ့ပါတယ်။ ဦးဝင်းတင်ဟာ ဟံသာဝတီသတင်းစာ စထုတ်တဲ့နေ့မှာ လူထုဦးလှ၊ လူထုဒေါ်အမာ၊ ဆရာတော်ရွှေကိုင်းသားတို့ရဲ့ ဆောင်းပါးများကို ခမ်းခမ်းနားနား ထည့်သွင်းဖော်ပြခဲ့တယ်လို့ ဆိုပါတယ်။ ၁၉၇၈ မှာ ဟံသာဝတီသတင်းစာ ပိတ်ခံလိုက်ရတယ်။ ဦးဝင်းတင်လည်း ဟံသာဝတီသတင်းစာကို နှုတ်ဆက်လိုက်ရပြီ။
ဦးဝင်းတင်လည်း မန္တလေးရောက်မှ နိုင်ငံရေးစိတ်ဓာတ် ပြည့်ဝလာတယ်လို့ ဆိုပါတယ်။ ဘာပဲဖြစ်နေဖြစ်နေ ဗိုလ်နေဝင်းက မန္တလေးရောက်ရင် သူ့ကို ခေါ်တွေ့ပါတယ်။ တစ်ခါတစ်ခါ ဦးဝင်းတင်က ဗိုလ်နေဝင်း ဘာတွေလျှောက်လျှောက်ပြောသလဲမသိဘူး “အေဒီလမ်းကအိမ်က သူ့ကိုယ်ပိုင်ငွေနဲ့ဝယ်တယ်လို့ ပြောကြောင်း” ဦးဝင်းတင်က ပြောပြဖူးတယ်။
ဦးဝင်းတင်ဟာ တရုတ်၊ ရုရှား ကွန်မြူနစ်နိုင်ငံတွေ ရောက်ခဲ့ဖူးတယ်။ သူရေးတဲ့ “ကမ္ဘာနီတွင် တဒင်္ဂ” ဆိုတာ ရုရှားကွန်မြူနစ်နိုင်ငံသွား ခရီးသွားစာအုပ် ဖြစ်တယ်။
ဂျာနယ်ကျော်ဦးချစ်မောင်ကို သူလေးစားကြည်ညို အားကျခဲ့တယ်။ ဂျာနယ်ကျော်မမလေးရေးတဲ့ ဦးချစ်မောင်ရုပ်ပုံလွှာ “သူလိုလူ” ကို သူဟာ စွဲစွဲမြဲမြဲဖတ်တယ်။ ‘သူလိုလူ’ ကို အားကျခဲ့တယ်။ ဂျာနယ်ကျော်ဦးချစ်မောင်ရဲ့ ရိုးသားကြိုးစားတဲ့ သတင်းစာပညာကို လေ့လာလိုက်စားတဲ့ သတင်းစာဆရာတစ်ဦးအဖြစ် ဦးဝင်းတင် ကြိုးစားခဲ့တယ်။ သူ့ဘဝ၊ သူ့သတင်းစာ၊ သူ့နိုင်ငံရေး၊ သူ့ရိုးသားမှုတွေကို ဟံသာဝတီဦးဝင်းတင်က အမြဲတန်ဖိုးထားတယ်။
သတင်းစာသမားကနေ နိုင်ငံရေးလုပ်တယ်။ အာဏာရှင်ကို တော်လှန်တယ်။ တော်လှန်စာရေးတယ်။ တော်လှန်ကဗျာရေးတယ်၊ အာဏာရှင် မတရားကြောင်း ဟောတယ်။ ပြောတယ်။ သူ့ကို အာဏာရှင်စစ်တပ်က ဖမ်းခဲ့တယ်။ နှိပ်စက်တယ်။ ညစ်ပတ်တယ်။
ထောင်ကို အိမ်လို့ သတ်မှတ်ခဲ့တယ်။ အာဏာရှင်ရဲ့ မတရားဖမ်းဆီးမှု အမျိုးမျိုး ခံခဲ့ရတယ်။ အာဏာရှင်က သူ့ကို အနှစ်ရှည်လများ ထောင်ထဲပို့ခဲ့တယ်။ ထောင်ကို “လူ့ငရဲ” လို့ ကြွေးကြော်ခဲ့သူ။ ထောင်မကြောက်တမ်း တရားဟောခဲ့သူ။ ထောင်ငရဲကို ရဲရဲကြီးရင်ဆိုင်ခဲ့တဲ့ လူသားဟာ ဆရာဦးဝင်းတင် ဖြစ်ခဲ့ပါတယ်။
သူ့ကို ထောင်ကလွှတ်ခဲ့သော်လည်း ထောင်အဝတ်ကို မချွတ်ခဲ့။ စစ်အာဏာရှင် အသက်ရှင်နေ၍ တစ်တိုင်းပြည်လုံး ထောင်ကျနေသလိုပဲလို့ ပြောခဲ့သူ။ ဒါကြောင့် ထောင်ဝတ်စုံ အပြာရောင်ရှပ်အင်္ကျီကို စွဲစွဲမြဲမြဲဝတ်ခဲ့သူ။ ရာဇဝင်မှာ ထောင်အဝတ်အစုံနဲ့ စစ်အာဏာရှင်ကို တော်လှန်ချေမှုန်းခဲ့သူ ဖြစ်တယ်။
သူ့ကို စစ်တပ်က ထောင်ချတယ်။ တိုက်ပိတ်၊ နှိပ်စက်ပေမဲ့ သူ့ယုံကြည်ချက်၊ အမှန်တရား ပျောက်ပျက်မသွားခဲ့။ မတရားမှုကို တရားမှုနဲ့ တွန်းလှန်ခဲ့တယ်။ သူ့ကို ထောင်က လွတ်ငြိမ်းနဲ့ လွှတ်ပေမဲ့လည်း ထောင်ထဲက မထွက်။ ထောင်လွတ်အရေး သူ မလုပ်။ ထောင်လွတ်ဖို့ လက်မှတ်မထိုး။ ထောင်ထဲက သူ မထွက်။ သူဟာ ထောင်လွတ်ပြီလို့ မကြွေးကြော်ခဲ့သူ။ စစ်အာဏာရှင်ရှိနေသမျှ ကာလပတ်လုံး မြန်မာနိုင်ငံ တစ်တိုင်းပြည်လုံး ထောင်ကျနေတယ်ဟေ့လို့ ကြွေးကြော်ခဲ့သူ။ ဒါကြောင့် ထောင်အဝတ်အစုံကို သူ မချွတ်ခဲ့၊ သေတဲ့အထိ ဝတ်ခဲ့သူဟာ မြန်မာပြည်မှာ တစ်ဦးတည်း ရှိခဲ့တယ်။
သတင်းစာလောကမှာ ဟံသာဝတီသတင်းစာကို ဦးဆောင်ဦးရွက်ပြုသူဟာ သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင် ဖြစ်တယ်။ ဘယ်စစ်အာဏာရှင်ရဲ့ ကျေးဇူးမှ ပြည်သူလူထုမှာမရှိလို့ ရဲရဲတောက် ပြောခဲ့သူဖြစ်တယ်။ သူဟာ ဩဇာအာဏာ မက်သူမဟုတ်။ ငွေနောက် မလိုက်ခဲ့သူ။ ဝါဒဖြန့်ချိရေး ဘယ်သူရေးခိုင်းရေးခိုင်း မရေးခဲ့။ ဘယ်အရာရှိ အကောင်ကြီးကြီးကိုမှ သူ မကြောက်ခဲ့။ စစ်အာဏာရှင်ကို ဒူးမထောက်ခဲ့သူ။ အညံ့မခံခဲ့။ မကြောက်တရား ဟောခဲ့သူ။ မတရားတဲ့စစ်တပ်ကို ကျေးဇူးတင်ဖို့ မူးလို့ရှူစရာမရှိကြောင်း ဖော်ထုတ်တဲ့သူ။ အမှန်တရားဘက်က ရပ်တည်သူ။ မတရားတာမှန်သမျှ အကုန်ဆန့်ကျင်ခဲ့သူ။ မြန်မာပြည်ရဲ့ စစ်အာဏာရှင်ကို နောက်မဆုတ်ဘဲ နောက်ဆုံးအထိ တိုက်ပွဲဝင်ခဲ့သူ။ သူဟာ သတင်းစာတိုက်ပွဲဝင် သူရဲကောင်းတစ်ဦးဖြစ်ပြီး ဦးဝင်းတင်ကို ဂုဏ်ပြုချင်ပါတယ်။
၁၉၈၈ မှာ National League for Democracy ခေါ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို စတင်ဖွဲ့ခဲ့တယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အမည်ကို ရွေးပေးတာ ဦးဝင်းတင် ဖြစ်ပါတယ်။ အဲဒီနာမည်ကို ဒေါ်အောင်ဆန်းစုကြည်လည်း ကြိုက်တယ်။ ဦးအောင်ကြီးက NLD ဥက္ကဋ္ဌလုပ်တယ်။ အတွင်းရေးမှူးက ဒေါ်အောင်ဆန်းစုကြည်ပေါ့။
အစည်းအဝေးတစ်ခုမှာ ဦးအောင်ကြီးက ဦးဝင်းတင်တို့ကို ကွန်မြူနစ်တွေ၊ ယူဂျီတွေလို့ စွပ်စွဲတယ်။ ဦးတင်ရွှေနဲ့ ဒေါ်မြင့်မြင့်ခင်တို့လည်း ပါတယ်။ နောက်ဆုံးမှာ ဒီစွပ်စွဲချက်ကို အကြောင်းပြုပြီး ဦးအောင်ကြီးလည်း NLD ဥက္ကဋ္ဌအဖြစ်မှ နုတ်ထွက်ဆင်းပေးလိုက်ပါတယ်။
အမှန်တော့ ဦးဝင်းတင် ပြောပါတယ် “ကျွန်တော်ဟာ တသက်လုံး သတင်းစာသမားအလုပ်ပဲ လုပ်ခဲ့ပါတယ်။ သတင်းစာရဲ့ အယ်ဒီတာလုပ်ခဲ့ပါတယ်။ ဘာသာပြန်စာအုပ် အနည်းငယ်ရေးတယ်။ ပန်းချီအနုပညာအကြောင်း၊ မြန်မာအကအနုပညာအကြောင်း၊ သတင်းစာဆရာအဖြစ် ဥရောပကိုသွားရတုန်းက ခရီးသွားအတွေ့အကြုံအကြောင်း စာအုပ်တွေ ရေးခဲ့ပါတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ အဆက်အသွယ် မလုပ်ခဲ့ဖူးသလို၊ ကွန်မြူနစ်ပါတီဝင်လည်း မဟုတ်ပါဘူး။ ယူဂျီလည်း မဟုတ်ပါဘူး။ ဦးအောင်ကြီး စွဲချက်တင်သလို မဟုတ်ပါဘူး” လို့ ဦးဝင်းတင် ထရှင်းရကြောင်း သိခဲ့ရပါတယ်။ ဒီအရာတွေဟာ NLD သမိုင်းမှာ ရှိခဲ့၊ မှတ်တမ်းတင်ခဲ့ဖူးပါတယ်။ NLD အတွင်းမှာ ဦးဝင်းတင်ဟာ “မတရားသော အမိန့်အာဏာဟူသမျှ ဆန့်ကျင်ခဲ့ကြ” ဆိုတဲ့ အဆိုကို တင်ပါတယ်။
၁၉၈၉၊ ဇူလိုင် ၄ မှာ ဦးဝင်းတင် အင်းစိန်ထောင်ထဲ ရောက်ပါတယ်။ စစ်ခွေးတိုက်မှာ နေခဲ့ဖူးတယ်။ စစ်ကြောရေးမှာ ညှဉ်းပန်းနှိပ်စက်ခံရဖူးတယ်။ ဦးဝင်းတင် စိတ်ဓာတ် လုံးဝမကျ၊ စိတ်ဓာတ် မကျိုးပဲ့ခဲ့တယ်။ ထောင်ကို “လူ့ငရဲ” လို့ သတ်မှတ်ခဲ့တယ်။ ဒါမို့ ဟံသာဝတီဦးဝင်းတင်က “ဘာလဲဟဲ့ လူ့ငရဲ” ကို ရေးသားပြီး ၂၀၀၀ ပြည့်နှစ်မှာ ထုတ်ခဲ့တယ်။ သူဟာ ၂၃ စက်တင်ဘာလ ၂၀၀၈ မှာ ထောင်က လွတ်မြောက်လာတယ်။ ဒါပေမဲ့ သူဟာ ထောင်အဝတ်အပြာကို သေတဲ့အထိ ဝတ်သွားခဲ့တယ်။
ဦးဝင်းတင်ဟာ မောင်နေဇင်း၊ ပေါ်သစ်၊ ပြည်စိုး၊ ဝင်းတင်၊ သုတေသီ၊ ပုညနဲ့ ဝင်းဆွေ ကလောင်အမည်များနဲ့ စာရေးသားခဲ့တယ်။
ဂျာနယ်ကျော်ဦးချစ်မောင်ကို လေးစားကြည်ညိုသူ ဖြစ်တယ်။ ဂျာနယ်ကျော်မမလေးရဲ့ “သူလိုလူ” ကို အလွတ်နီးပါး ရတဲ့အထိ ဖတ်တယ်၊ မှတ်တယ်လို့ ကြားဖူးတယ်။ ဒါကြောင့် သတင်းစာသမားအကြောင်းရေးတဲ့ QUEED by Henry Sydnor Harrison ကို “ကွိ” လို့ ဦးဝင်းတင်က ၁၉၇၅ မှာ ဘာသာပြန်ခဲ့တယ်။
ဦးဝင်းတင်ဟာ “သတင်းစာသမိုင်း” ပြုစုတဲ့ မဟာဝိဇ္ဇာကျမ်းအတွက် သမိုင်းက မခင်ညိုကို သိပ်ကူညီခဲ့တယ်။ ဆရာက အထောက်အထားတွေ ရှာဖွေပေးခဲ့တယ်။ ဘယ်လိုစု ဘယ်လိုပြုလို့ ခရေစေ့တွင်းကျ ဆရာက ညွှန်ပြခဲ့တယ်လို့ ဆိုပါတယ်။ ဦးဝင်းတင်ဟာ သတင်းစာပညာနဲ့ပတ်သက်ရင် စိမ်းစိမ်းကျက်ကျက် အမြဲတမ်း တက်တက်ကြွကြွ ကူညီပံ့ပိုးလေ့ရှိပါတယ်။
ဆရာဦးဝင်းတင်ဟာ ကမ္ဘာနီလည်း ရောက်ခဲ့တယ်။ ကွိကိုလည်း လူထုရင်ဘတ်ထဲ ထည့်ပေးခဲ့တယ်။ “လူ့ငရဲ” ကိုလည်း “ဘာလဲဟဲ့” စိန်ခေါ်ခဲ့တယ်။ ခေတ်ဝန်ကို ထမ်းလည်း ထမ်းခဲ့ပြီးပြီ။ ဒီမိုကရေစီလှိုင်းအကြား ရွက်လွှင့်ဖြတ်သန်းခဲ့ပြီးပြီ။ ရာဇဝင်ထဲက ဒီလှိုင်းကို ဖြတ်သန်းရင်း “မတရားတဲ့ အမိန့်အာဏာဟူသမျှ ဒီနေ့အထိ ဖီဆန်နေကြ” ရပြီ။
ပြာသောကြယ်ကို ဦးဝင်းတင်က ပခုံးထက်မှ နောက်မျိုးဆက်သို့ ခိုင်မာသောစိတ်ဓာတ်နဲ့ လွှဲအပ်ခဲ့ပြီးပြီ။
“ဟံသာဝတီဦးဝင်းတင် စိတ်ဓာတ် အဓွန့်ရှည်ပါစေ”...
သတင်းစာဆရာကြီးဦးဝင်းတင်အား ဤဆောင်းပါးဖြင့် ဂါရဝပြုလိုက်ပါတယ်။
“ဟံသာဝတီဦးဝင်းတင် စိတ်ဓာတ် အဓွန့်ရှည်ပါစေ”
စာကိုး
၁။ မောင်ကိုကို(အမရပူရ)။ ပြာသောကြယ်ကို ဂုဏ်ပြုခြင်း။ လဝန်းရိပ်စာပေ၊ ၂၀၁၈။
၂။ ဝင်းမောင်(သမိုင်း)။ “ဆရာဦးဝင်းတင်နှင့် ကျွန်တော်”၊ ကျွန်တော့်ဆရာ ဒေါက်တာသန်းထွန်းအကြောင်း စာအုပ်မှ။ ဒု-ကြိမ်၊ ခေတ်ပြတိုက်၊ စာ ၁၉၁-၁၉၉၊ ၂၀၁၅။
မျိုးသန့်ထွန်း(စစ်ကိုင်း)
၁၀၊ ၃၊ ၂၀၂၆။
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar