ဖလော်ဒါဟန် - ဆရာမကြီးနဲ့ ယူကျူဘ်ပညာ
ဖလော်ဒါဟန် - ဆရာမကြီးနဲ့ ယူကျူဘ်ပညာ
မိုးမခ ၊ မတ် ၁၂ ၊ ၂၀၂၆
မမိုးရင်တစ်ယောက် အခုတလော မအားပါ။ အသိမိတ်ဆွေတစ်ယောက်ရဲ့ သမီးလေးကို နွေရာသီမှာ အထက်တန်းပညာ အခြေခံအတွက် အခြေခိုင်ဖို့ ပညာရေးအကြောင်း စုံစမ်းလျက်ရှိသည်။
တလောက အသက် ၅၀ ကျော် အထက်တန်းပြ ဆရာမကြီးနဲ့ ဆုံဖို့ သွားခဲ့သေးသည်။
ဆရာမကြီးက ကလေးတွေလည်း စာသင်၊ တစ်ဖက်က ချည်ချသည့် အလုပ်လည်း လုပ်သေးသည်။
၂၀၂၁ ခုနှစ်ကစလို့ ဆရာမကြီး အခုလို ရုန်းကန်ခဲ့ရတာပါ။
မနေ့ညနေကတော့ မမိုးရင် ဆရာမကြီး အလုပ်သိမ်းချိန် သွားခဲ့သည်။ ဆရာမကြီး ပြန်လာဖို့ ခဏတော့ စောင့်လိုက်ရသည်။ မမိုးရင်လည်း နှစ်ထပ်အသားအိမ်လေးမှာ မယ်မယ်ရရ ပရိဘောဂလည်းမရှိ၊ စာသင်ခုံလို့ ပြောလို့ရသည့် အသားတိုအသားစများနဲ့ ရိုက်ထားသည့် စားပွဲခုံများသာ ရှိသည်။
အထက်တန်းပြ ဆရာမကြီးဘဝသည် အနေအေးသလို ဂုဏ်ပကာသနမရှိသည်က ထင်ရှားနေသည်။ သို့သော် ဆရာမကြီးတို့ မိသားစုက တောအရပ်မှာ စာကြိုးစား စာတော်သူဟု အရီးတို့က ပြောပြသည်ကို မမိုးရင် မှတ်သားဖူးသည်။
မမိုးရင်လည်း ခေတ်မမီတော့သည့် တီဗွီကြီးကို ငေးကြည့်နေစဉ် ဆရာမကြီး ရောက်လာသည်။ အပြုံးများဝေဆာလို့ မမိုးရင်ကို နှုတ်ဆက်ချိန် တစ်ချိန်က အထက်တန်းပြ ဆရာမကြီးဘဝကို ပြန်လည်အောက်မေ့မိသည်။
ဆရာမကြီးနဲ့ မမိုးရင်တို့ စကားလက်ဆုံကျ ပညာရေးအကြောင်းတွေ ပြောနေချိန် မိဘတစ်ယောက်က လာပြီး "အိမ်ကသားပေါ့၊ သင်္ချာကို အပေါင်းတော့ ပေါင်းတတ်တယ် ဆရာမရယ်၊ အနုတ်က မရဘူး။ အင်္ဂလိပ်စာလည်း ကူပေးပါဦး" ဟု ဆိုကာ အခုနွေရာသီမှာ အခြေခံပြန်လုပ်ချင်တဲ့အကြောင်း ပြောနေလေရဲ့။
မမိုးရင်လည်း နားထောင်ပြီး ပညာရေးရဲ့ အခြေခံအုတ်မြစ်ကို အခုလို ဆရာသမားကောင်းတွေဆီမှာ မိဘတွေက ပြန်လည်အပ်နှံကြပြီး ကျောင်းဖွင့်ချိန် စကစ ပညာရေးစနစ်ကို သင်ကြားနေကြရဦးမည်ကို မမိုးရင် သိပါသည်။
ဆရာမကြီးကတော့ တစ်နေ့တာ သွေးတောင့်အောင် မတ်တတ်ရပ်ပြီး ချည်ချတယ်။ အားချိန်မှာ ကလေးတွေ ပညာရေးအတွက် လမ်းညွှန်ပေးတယ်။
မနှစ်ကလည်း ဆရာမကြီးရဲ့ညီမ ကျောင်းဆရာမလေးပါပဲ၊ ရုတ်တရက် ဆုံးသွားရှာတယ်။
မမိုးရင်လည်း သတင်းကြားကြားချင်း စိတ်မကောင်းဖြစ်ရပါတယ်။ မမိုးရင် ကူညီနိုင်သည့် အနေအထားကနေ ကူညီပေးခဲ့သေးသည်။
၅ နှစ်ကျော် ၆ နှစ်ဆိုသည်မှာ ဆရာမကြီးတို့လို ပြည်သူတွေအတွက် စိတ်ဓာတ်ကသာ အာဟာရလို့ မမိုးရင် ထင်မိပါသည်။ ဆရာမကြီးရဲ့ အပြုံးနဲ့ ခံယူချက်က မမိုးရင်တို့အတွက် တကယ်ကို အတုယူစရာပါ။
ဆရာမကြီးက "မိုးရင်ရယ်... စီးပွားအားလုံးကို ဖင်ခုထိုင်ထားတဲ့သူကို တွန်းလှန်ရတာ ဘယ်လွယ်မလဲ" ဆိုသည့်စကားကိုလည်း ပြောသည်မှာ အဓိပ္ပာယ်များစွာ ရှိသည်။
အချိန်ကာလတစ်ခုကို အပြစ်မဆိုသည့်အပြင် မိမိလျှောက်နေသည့် ဘဝကို အရိုးသားဆုံးနဲ့ ပညာဖြန့်ကြက်နေသူဆို မှားအံ့မထင်။
မမိုးရင်လည်း ဆရာမကြီးနဲ့ ပြောလက်စစကားတွေ အဆုံးသတ်လို့ အိမ်ပြန်ဖို့ နှုတ်ဆက်ချိန်မှာတော့ ဆရာမကြီးရဲ့ တူမလေးက "အိမ်မှာ စာအကြိုးစားဆုံးက အန်တီကြီးပဲ၊ ယူကျူဘ်ကနေ စာတွေ လေ့လာနေတာ" ဟူသည့်စကားကြောင့် မမိုးရင်လည်း အားကျဂုဏ်ယူစရာတွေ ရင်ဝယ်ပိုက်ပြီး ပီတိများစွာဖြင့် နေဝင်လမ်းလေးအတိုင်း ပြန်လာခဲ့သည်။
ဖလော်ဒါဟန်
၁၀.၃.၂၀၂၆
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar